← Chapters

ဧည့်သည်

Vol. 1 Ch. 13

ဧည့်သည်

Vol. 1 Ch. 13

အခန်း(၁၃) - ဧည့်သည်

မိနစ် အနည်းငယ်ကြာသောအခါ သူ ပြန်ရောက်လာသည်။

ထရပ်ကားပေါ်မှ ဆင်းလာပြီး ကောင်လေးက ပြောလိုက်သည်။ "ဒီထရပ်ကားကို ၂နှစ် ၃နှစ်လောက် သုံးပြီးပြီထင်တယ်၊ အင်ဂျင်က ပြင်ထားတယ်၊ အဲ့တာကလွဲလို့ အခြားအပိုင်းတွေမှာတော့ ပြဿနာမရှိပါဘူး။"

လူဝကြီး ဇောချွေးပြန်သွားသည်။

သူသည် ယဲ့ရှောင်ချန်းကို ဒီကားကို အရင်က တစ်ခါမှ မပြုပြင်ရသေးဟု ပြောထားခဲ့သည်။ သူ ယခု မျက်နှာပျက်ရပြီ မဟုတ်ပါလား။

ယဲ့ရှောင်ချန်းသည် ထိုကောင်လေးကို ကြည့်ကာ အံ့အားသင့်သွားသည်။ တစ်ခါလောက် စမ်းမောင်းကြည့်လိုက်ရုံနှင့် အင်ဂျင်၏ အခြေအနေကို သတ်မှတ်နိုင်သည်။ သူ မတော်လွန်းပေဘူးလား။

"အစ်ကိုကြီး ပြုပြင်ထားတဲ့ အင်ဂျင်က ယာဥ်ရဲ့ လုပ်ဆောင်ချက်အပေါ် သက်ရောက်မှု ရှိလို့လား။"

ယဲ့ရှောင်ချန်းသည် သူကျွမ်းကျင်သူ တစ်ယောက်နှင့် တွေ့လိုက်ရပြီကို သိကာ အလွန်စိတ်လှုပ်ရှားနေမိသည်။

ကားအဟောင်းတစ်စီးကို ဝယ်ယူပါက အကြောက်ရဆုံးက ကား၏ ပြဿနာပင်ဖြစ်သည်။ အထူးသဖြင့် ယခင်က အက်ဆီးဒင့်ဖြစ်ဖူးလျှင် ပိုဆိုးသည်။

"ကြမ်းကြမ်းတမ်းတမ်း မသုံးဘူးဆိုရင်တော့ ၃၅ နှစ်အတွင်း ဘာပြဿနာမှ မရှိလောက်ပါဘူး။ အဲ့တာကို ထိန်းသိမ်းဖို့အတွက်တော့ ပိုအာရုံစိုက်ရမှာပေါ့။"

ကောင်လေးက ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက သူ့စကားများကြောင့် စိတ်အေးသွားသည်။ "အစ်ကိုကြီး ကျေးဇူးတကယ်တင်ပါတယ်။"

ကျွမ်းကျင်သူတစ်ယောက်ရှိထားသဖြင့် အလိမ်ခံရတော့မည်ကို မကြောက်တော့ပါ။

ယဲ့ရှောင်ချန်းသည် ဒီအခွင့်အရေးကို အသုံးချကာ ယာဥ်ကို ယခုချက်ချင်းဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

"ညီလေးယဲ့ မင်း ဒီယာဥ်ကို ဝယ်ချင်လို့လား။"

ဝမ်ရွှေရှန့်က မေးလိုက်သည်။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။ အနည်းငယ် စျေးကြီးသော်လည်း သူဝယ်ကို ဝယ်မည်ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ချမ်းသာလာသောအခါ သေချာပေါက် ကားပြောင်းရမည်ဟု ယုံကြည်ထားသည်။ ထိုအချိန်ကျလျှင် ပိုကောင်းသော ယာဥ်နှင့် လဲလိုက်မည်ဖြစ်သည်။

"မင်းရဲ့ မျိုးရိုးနာမည်က ကျန်း ဟုတ်တယ်မလား၊ မစ္စတာကျန်း ဒီထရပ်ကားစျေးက ဘယ်လောက်လဲ။"

ဝမ်ရွှေရှန့်က ထိုလူဝကြီးကို ကြည့်ကာ မေးလိုက်သည်။

ထိုလူဝကြီးက မျက်နှာချိုသွေးသော မျက်နှာနှင့် ဦးညွှတ်ကာ ပြောလိုက်သည်။ "မစ္စတာဝမ်ရဲ့ မိတ်ဆွေအတွက်ဆိုတော့ သေချာပေါက် ကျွန်တော်အချိုသာဆုံးစျေး ၃၀,၀၀၀ ယွမ်နဲ့ ပေးပါ့မယ်၊ ဒါက ကျွန်တော်ပေးနိုင်တဲ့ အချိုသာဆုံးစျေးပါ။"

ဘေးနားတွင်ရှိနေသော ယဲ့ရှောင်ချန်းရဲ့ မျက်လုံးများသည် ဒီဖက်တီးဘော့စ်ကိုကြည့်ရင်း ကျွတ်ကျလုနီးပါးဖြစ်သွားသည်။ ဒီလူဝကြီးက ရက်စက်လွန်းလှသည်။ ခုနက ရောင်းစျေးက ယွမ် ၆၅,၀၀၀ ဖြစ်သည်။ မယုံနိုင်စရာ ကောင်းလောက်အောင် ယွမ် ၃၅,၀၀၀ ပင်ပိုများနေလေသည်။

သူ့နှလုံးသားထဲတွင်တော့ မထိန်းနိုင်ဘဲ နာနာကျဥ်းကျဥ်း ပြုံးလိုက်မိ၏။ စီးပွားရေးလုပ်ရသည်က ရိုးရှင်းသော ကိစ္စမဟုတ်ပါ။ သူ့နောက်ကျော ဓားနှင့် အထိုးခံရလုနီးပါးဖြစ်သွားပြီး ကာကွယ်ဖို့ကလည်း ခက်ခဲလှသည်။

စျေးနှုန်း ညှိနှိုင်းပြီးသွားသောအခါ နောက်ဆက်တွဲအဆင့်များက ရိုးရှင်းပါသည်။

"ညီလေးယဲ့ မင်းဒီနေ့အချိန်ရရင် ငါ့မိသားစုနဲ့ ညစာအတူတူစားကြရအောင်လား။"

ဝမ်ရွှေရှန့်သည် ယဲ့ရှောင်ချန်းတစ်ယောက် ထရပ်ကား မရမချင်း ထွက်မသွားသေးပါ။

ဒါက ဝမ်ရွှေရှန့်သည် ယဲ့ရှောင်ချန်းကို လာလည်ရန် ပထမဆုံးဖိတ်ခေါ်ခြင်းဖြစ်သည်။ ယဲ့ရှောင်ချန်းက သေချာပေါက် ငြင်းဆိုမည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဒီထရပ်ကားကို ဝမ်ရွှေရှန့်၏ ကျေးဇူးကြောင့် ဝယ်နိုင်ခဲ့သည် မဟုတ်ပါလား။ သူ့ဒရိုင်ဘာကြောင့်သာ မဟုတ်လျှင် သူအကြီးအကျယ် ရှုံးသွားမည် ဖြစ်သည်။

ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်းသည် ခုနကမှ ဝယ်ခဲ့သော ထရပ်ကားကို မောင်းကာ ဝမ်ရွှေရှန့်၏ ကားနှင့်အတူတူ တစ်ပတ်ရစ်ထရပ်ကားအရောင်းစျေးကွက်မှ ထွက်လာတော့သည်။

ယန်ရှစ်မြို့တော်တွင် အချမ်းသာဆုံးလူဖြစ်သဖြင့် ဝမ်ရွှေရှန့်နေထိုင်သော နေရာမှာ သာမန်တော့ မဖြစ်နိုင်ပါ။ ဗီလာကြီးက လှပသော နေရာတွင် တည်ရှိနေပြီး ဒေသရှုခင်းမျိုးစုံကလည်း နေရာတိုင်းတွင် ရှိနေသည်။ စီစဥ်ထားသော ပုံစံကွက်များကတော့ အနည်းငယ် သာမန်ဆန်ပါသည်။

ဗီလာနယ်မြေ အပြင်ဘက်တွင် တင်းကြပ်သော လုံခြုံရေးရုံးရှိပါသည်။

ဝမ်ရွှေရှန့်နှင့် အတူတူပါလာခြင်း ဖြစ်သောကြောင့် ယဲ့ရှောင်ချန်းသည် သူ့ထရပ်ကားနှင့် အထဲသို့ အလွယ်တကူ ဝင်နိုင်သွားခဲ့သည်။

မကြာမီ ဝမ်ရွှေရှန့် နေထိုင်သော ဗီလာကြီးဟာ ယဲ့ရှောင်ချန်း၏ အမြင်မှာ ပေါ်လာလေသည်။

အလွန်တန်ဖိုးကြီးမားလှပါသည်။

ဗီလာ၏စတိုင်က တော်တော်လေး ထူးခြားသည်။ အနောက်တိုင်းစတိုင် အထပ်များစွာရှိသော အဆောက်အဦးဖြစ်ပြီး အရှေ့တိုင်းစတိုင် ဥယျာဥ်လည်းရှိသည်။ နှစ်ခုပေါင်းလျှင် ကြည့်ရတာ ခွမကျဘဲ လိုက်ဖက်ကာ ကြည့်လို့ကောင်းပါသည်။

ဒီဗီလာကြီးအား ကျွမ်းကျင်သူများကာ ဂရုတစိုက် ဒီဇိုင်းဆွဲခဲ့မှန်း သိသာပါသည်။

ယဲ့ရှောင်ချန်းသည် ရုပ်ရှင်များထဲတွင်သာ မြင်ဖူးသော ဇိမ်ခံဗီလာကြီး တစ်ခုအတွင်းသို့ သူ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်းဖြစ်သည်။

သူ့နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိသည်။ သူဌေးတစ်ယောက်၏ ဘဝကို သာမန်လူသားတစ်ယောက်က စိတ်ကူးကြည့်၍ပင် မရပါလား။

ရုတ်တရက် သူ့နှလုံးသားထဲတွင် သန်မာသော အာဏာတစ်ခုကို ဆာလောင်လာမိသည်။ အနာဂတ်တွင် ငါလည်း ဒီလိုအိမ်မျိုးနဲ့ နေချင်တယ် ဟူသော အတွေးမျိုးဝင်လာသည်။

ဒီကမ္ဘာကြီးက ငွေကမ္ဘာကြီးဖြစ်သည်။ ပိုက်ဆံဟူသော အသိတရားက ကျေးလက်နေလူများ၏ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေခဲ့ပြီဖြစ်သည်။ နေရာတိုင်းတွင် နှိုင်းယှဥ်မှုများ ရှိနေခဲ့သည်။

ယဲ့ရှောင်ချန်းသည်လည်း မလွတ်ကင်းပါ။ ဒီလိုပတ်ဝန်းကျင်မျိုးက သူ့အပေါ်သက်ရောက်မှု ကြီးကြီးမားမားရှိခဲ့သည်။ ပိုက်ဆံရှာဖို့က သူ့ဘဝတွင် ပထမဆုံးပန်းတိုင်ဖြစ်သည်။

"ဦးလေးယဲ့"

ယဲ့ရှောင်ချန်း တံခါးမှ ဝင်လာသောအခါ နူးညံ့သော အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် သုံးနှစ်သားကလေးလေး သူ့ထံသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။

ထိုကောင်လေးက ဝမ်ရွှေရှန့်၏ သား ရှီပေါင်းဖြစ်သည်။

နောက်ဆုံးတစ်ခေါက် သူ့ကိုမြင်ခဲ့ရသည်က ဆေးရုံတွင်ဖြစ်ပြီး တစ်ပတ်လောက် ဆေးရုံတက်ခဲ့ရသည်။ ယခုတော့ သူ လုံးဝပြန်ကောင်းသွားပြီဖြစ်ပြီး ဆေးရုံမှ ဆင်းလာခဲ့သည်။

အရင်က ယဲ့ရှောင်ချန်းနှင့် ရှီပေါင်းတို့ ဆေးရုံတွင်သာ တွေ့ဖူးကြသော်လည်း ဒီကောင်လေးက ယဲ့ရှောင်ချန်းကို အလွန်သံယောဇဥ်ဖြစ်နေသည်။ သူစိမ်းများကိုလည်း မကြောက်ပေ။ ယဲ့ရှောင်ချန်း၏အနားက အရှိန်အဝါကို သဘောကျသည်ထင်သည်။

ယဲ့ရှောင်ချန်းက ရှီပေါင်းကို ချီကာ မျက်နှာဖောင်းဖောင်းလေးကို နမ်းလိုက်သည်။

"ရှောင်ချန်း"

ဝမ်ရွှေရှန့်၏မိန်းမ ကျူးချင်းချင်းက ပြုံးကာ ရောက်လာသည်။

"မရီး"

ယဲ့ရှောင်ချန်းသည် ရှက်ပြုံးပြုံးကာ နှုတ်ဆက်လိုက်သည်။ သူ့စရိုက်က အနည်းငယ် လူကြောက်တတ်သည်။ မိန်းကလေးများကို နှုတ်ဆက်ရလျှင် အနည်းငယ် နေရခက်သည်။ အထူးသဖြင့် လှပသော ကောင်မလေးများဖြစ်သည်။ ကျူးချင်းချင်းသည် မိန်းမငယ်လေး မဟုတ်တော့သော်လည်း အလွန်လှပပြီး ရင့်ကျက်သော စွဲဆောင်မှုတစ်ခု ရှိကာ သူမကို ကြည့်ခြင်းဖြင့် သူ ပျာယာခတ်သွားရသည်။

"ရှောင်ချန်း ထိုင်ဦး၊ ငါဟင်းချက်လိုက်ဦးမယ်။"

ကျူးချင်းချင်းက ခါးစည်းဝတ်ထားသည်။

"ညီလေး မင်းကံကောင်းတာပဲ။ မင်းမရီးရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာ၊ ဒါပေမယ့် သူက အလွယ်တကူ ဟင်းမချက်တတ်ဘူး၊ ငါ သူ့လက်ရာကို မစားရတာများတယ်။"

ဝမ်ရွှေရှန့်က ရယ်မောကာ ပြောလိုက်သည်။

သူတို့နှစ်ယောက် စကားအနည်းငယ် ပြောပြီးသွားသောအခါ ဝမ်ရွှေရှန့်၏ ဖုန်းမြည်လာသဖြင့် သူထသွားပြီး ဖုန်းပြောလေသည်။

ယဲ့ရှောင်ချန်းက ရှီပေါင်းနှင့် ကစားနေလေသည်။ ထိုကောင်လေးက ကလေးပုံပြင်စာအုပ် ယူကာ သူ့ကို ပုံပြင်ဖတ်ပြနေသည်။

ကောင်လေးက ငယ်သေးသော်လည်း ပုံပြင်ပြောပြသောအခါ မျက်နှာအနေအထားက ကောင်းမွန်ပြီး လက်များကလည်း ဘယ်တော့မှ ရပ်တန့်မသွားပါ။

ယဲ့ရှောင်ချန်းက ဤကောင်လေးကို ကြည့်ကာ သဘောကျနေမိသည်။

"သြော် ဦးလေးယဲ့ ပုံပြင်နားထောင်ရင် မပြုံးနဲ့လေ၊ ငြိမ်ငြိမ်လေးနားထောင်။"

ကောင်လေး စိတ်ဆိုးသွား၏။

"ဟုတ်ပါပြီ၊ သေချာဂရုစိုက် နားထောင်ပါ့မယ်။"

ယဲ့ရှောင်ချန်းက ရှီပေါင်း၏ အတည်ပေါက် မျက်နှာကို မြင်ကာ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

ကောင်လေးက ဆက်ပြောသည်။

ဝမ်ရွှေရှန့် ပြန်ဝင်လာသောအခါ သူ့သားက ပုံပြင်ကို စိတ်ပါလက်ပါ ပြောနေပြီး ယဲ့ရှောင်ချန်းကလည်း စိတ်ပါလက်ပါ နားထောင်နေသဖြင့် သူပြုံးမိသည်။

ကောင်လေးက ပုံပြင်ပြောရတာကို နှစ်သက်သည်။ သူက အဖေဖြစ်ပြီး အိမ်တွင် ရှိနေပါက အမြဲတမ်း နားငြီးရသော်လည်း သူက အတည်ပေါက် နားထောင်ချင်ယောင်ဆောင်ရသည်။

နောက်ဆုံးတော့ စားသောက်ရမည့် အချိန်ရောက်လာသဖြင့် ယဲ့ရှောင်ချန်းတစ်ယောက် လွတ်မြောက်သွားပြီ ဖြစ်သည်။

ဟင်းနံ့များ ရသောအခါ ယဲ့ရှောင်ချန်း၏ဗိုက်က အချက်ပြလာသည်။ ဟင်းပွဲများ၏ ရနံ့နှင့်ပင် အလွန်အရသာ ရှိလှလေပြီ။ ကျူးချင်းချင်း၏ ဟင်းချက်လက်ရာက အံ့သြစရာကောင်းလောက်အောင် မြင့်လွန်းလှသည်။

"ရှီပေါင်း သားဒေါ်လေးကို ညစာစားဖို့ သွားခေါ်လိုက်ဦး။"

ဝမ်ရွှေရှန့်က စားသောက်ပြီးခါမှ ပုံပြင်ဆက်ပြောရမည်ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့"

ကောင်လေးက တက်ကြွစွာဖြင့် ညစာစားခန်းထဲမှ ထွက်သွားသည်။

ခဏကြာသောအခါ ရှီပေါင်း၏ လက်ကိုကိုင်ကာ ဆံပင်ရှည်ရှည်နှင့် မိန်းကလေးတစ်ယောက် ဝင်လာသည်။

ထိုမိန်းကလေးကို ကြည့်မိသောအခါ ထိုမိန်းကလေးက ရေနှင့် ပြုလုပ်ထားသလားဟုပင် ယဲ့ရှောင်ချန်းခံစားမိသည်။ စိုပြေသော အသားအရည်၊ နူးညံ့သိမ်မွေ့သော သွင်ပြင် အထူးသဖြင့် သူမမျက်လုံးများက အလွန်နူးညံ့ပြီး လူများကို ကြင်နာသွားချင်အောင် ညှို့ယူနိုင်စွမ်း ရှိသည်။

ယဲ့ရှောင်ချန်းက မထိန်းနိုင်ဘဲ သူမကို ကြည့်နေမိသည်။ မိန်းကလေး၏ မျက်လုံးက သူ့မျက်လုံးနှင့် ဆုံမိသောအခါ ရင်ခုန်သံတစ်ချက် ပေါ်ထွက်လာသည်။ ယဲ့ရှောင်ချန်းသည် မနေနိုင်ဘဲ မျက်လုံးလွှဲလိုက်ရသည်။ သူ ထပ်မကြည့်ရဲတော့ပါ။ သူ့ပါးပြင်များ ပူနွေးလာသည်ဟု ခံစားလိုက်ရသည်။

All Chapters