← Chapters

လေ့လာခြင်း

Vol. 1 Ch. 15

လေ့လာခြင်း

Vol. 1 Ch. 15

အခန်း(၁၅) - လေ့လာခြင်း

"ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်"။ သူသည် ထိုစာအုပ်ကို အကြိမ်များစွာ ဖတ်ဖူးပြီး ရှန်းနုန် စိတ်စွမ်းအင် ပါရမီ +1 နှင့် သက်ဆိုင်နေမှန်း သူသိသည်။

ကံမကောင်းစွာဖြင့် စာအုပ်ထဲတွင် စိတ်စွမ်းအင်တိုးတက်စေရန် ကျင့်ကြံရမည့် နည်းစနစ် တိတိကျကျဟူ၍ မရှိပေ။ မဟုတ်လျှင် နှင်းပန်းများ၏ အသိစိတ်နှင့် ဆက်သွယ်ဖို့ ပိုမိုလွယ်ကူပြီး နှင်းပန်းများ မပွင့်ရသည့် အကြောင်းအရင်းကို သိနိုင်သည်။

လက်ရှိတွင် ဆက်သွယ်ခြင်း အာရုံက မထင်ရှားပေ။ သူသည် အကြံမျိုးစုံဖြင့် ကြိုးစားကြည့်ပြီး အကြောင်းအရင်းမှန်ကို သိဖို့ ဆန်းစစ်ကြည့်ရပေမည်။

ယခင်ကဆိုလျှင် မဖြစ်နိုင်သော်လည်း ယခု သူ့တွင် ရှန်းနုန်စနစ် ရှိနေပြီဖြစ်သဖြင့် သူ၏ ပြိုင်ဘက်ကင်း ရှန်းနုန်ပါရမီ နိုးထလာပြီးနောက် အပင်များနှင့် ပတ်သက်၍ အာရုံခံနိုင်စွမ်း မြင့်မားလာပြီး ထိုးထွင်းသိမြင်နိုင်စွမ်းလည်း တိုးမြင့်လာသည်။

နှင်းပန်းနှစ်ပင်၏ ရှုပ်ထွေးသော အသိစိတ်ကို သူ ဆက်သွယ်လိုက်သည်။ အလွန်ထူးခြားသော လှိုင်းတစ်ခုကို သူ တွေ့သွား၏။ နှင်းပန်းများ မပွင့်ရသည့် အကြောင်းအရင်းက ထိုထူးခြားသော အခြေအနေတစ်ခုကြောင့် ဖြစ်လိမ့်မည်ဟု သူ ခံစားချက် ကြီးကြီးမားမား ရှိနေသည်။

ကျန်းခဲ့ချင်း ပြောစကားအရဆိုလျှင် ထိုနှင်းပန်းများက စွမ်းရည်ကျဆင်းသည့် အချိန်ကာလကို ရောက်လာပြီဖြစ်ပြီး ပန်းများ ပွင့်တော့မည် မဟုတ်ပါ။

သူကတော့ ထိုကဲ့သို့ မခံစားရချေ။ စွမ်းရည်ကျဆင်းသည့် အချိန်ကာလကို ရောက်တာမှန်သော်လည်း ထိုနှင်းပန်းပင်များတွင် အလွန်သန်မာသော အသက်စွမ်းအင် ရှိနေကြသည်။

"ဒီထူးဆန်းတဲ့ လှိုင်းက ဘာပါလိမ့်။"

ယဲ့ရှောင်ချန်းသည် ဂရုတစိုက် ခံစားကြည့်လိုက်သည်။ သို့သော် သူ ဘာမှမသိရပါ။ သူ့တွင် ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် အတွေ့အကြုံလည်း နည်းပါးသည်။ ပါရမီတစ်ခုရှိနေလျှင်ပင် အကန့်အသတ်တော့ရှိပါသည်။

ထိုအချိန်တွင် ကျန်းခဲ့ချင်းက ဝမ်ရွှေရှန့်နှင့် စကားပြောပြီးပြီဖြစ်သည်။

ဝမ်ရွှေရှန့်လည်း မတတ်နိုင်တော့ဘဲ သူ့ညီမကို အဖြေအား ပြောပြရတော့သည်။

ဝမ်ရှင်းယီ၏ မျက်နှာက စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားသည်။ သနားစရာကောင်းလှပါသည်။

နှင်းပန်းများက မပွင့်တော့ဘဲ စွမ်းရည်ကျဆင်းသည့် အချိန်ကာလကိုလည်း ရောက်လာလေပြီ။ ဆိုလိုသည်က နှင်းပန်းနှစ်ခိုင် နှစ်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် ညှိုးနွမ်းသွားကြတော့မည် ဖြစ်သည်။

ယဲ့ရှောင်ချန်း၊ ကျန်းခဲ့ချင်းနှင့် အခြားသူများ ခြံဝန်းထဲမှ ထွက်သွားကြသည်။ ထိုထူးခြားသော လှိုင်းအတက်အကျက ဘာလဲဆိုတာ သူ ဆန်းစစ်၍ မရသေးတာကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။ အထူးသဖြင့် ဝမ်ရှင်းယီ စိတ်အားငယ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူသည် ထိုအကြောင်းရင်းကို သိနိုင်ဖို့ မစောင့်နိုင်တော့ပါ။

"မဟုတ်ဘူး၊ အကြောင်းပြချက်ကို ငါ သေချာပေါက် ရှာနိုင်ပါလိမ့်မယ်။”

ယဲ့ရှောင်ချန်းက တွေးလိုက်သည်။

ခြံအပြင်ဘက်မှ နှင်းပန်းများဘေးတွင် မတ်တပ်ရပ်နေသော ဝမ်ရှင်းယီ၏ အားနည်းနေသော ပုံသဏ္ဌာန်အား မြင်လိုက်ရသောအခါ ဖော်မပြနိုင်သော ဝမ်းနည်းမှုအား ခံစားလိုက်ရသည်။

ကျန်းခဲ့ချင်းက ထွက်မသွားသေးသဖြင့် ယဲ့ရှောင်ချန်း ဆက်မနေတော့ပါ။ သူသည် ဝမ်ရွှေရှန့်ကို တိုက်ရိုက်နှုတ်ဆက်လိုက်သည်။

ဝမ်ရွှေရှန့်လည်း သူ့ကို ဆွဲမထားတော့ပါ။ သူသည် ကျန်းခဲ့ချင်းကိုလည်း ဧည့်ခံဖို့လိုသေးသဖြင့် ဝမ်ယွမ်တုန်းကို ချက်ချင်းပြောလိုက်သည်။

"ယွမ်တုန်း ငါ့ကိုယ်စား ယဲ့ရှောင်ချန်းကို လိုက်ပို့ပေးလိုက်။"

ဝမ်ယွမ်တုန်းက မပျော်သော်လည်း သူ့ဦးလေးက ပြောနေသဖြင့် သူငြင်းဆန်၍မရပါ။ သူ့ဦးလေးကို သူအလွန်ကြောက်သည်။

ယဲ့ရှောင်ချန်းနှင့် ဝမ်ယွမ်တုန်းတို့ အိမ်တံခါးအပြင်ဘက်သို့ လျှောက်ကာ ထွက်လာကြသည်။

သူတို့နှစ်ယောက်စလုံး ဘာစကားမှမပြောကြပါ။

ယဲ့ရှောင်ချန်းက ဝမ်ယွမ်တုန်း သူ့ကို ဥပေက္ခာပြုနေမှန်း သတိထားမိပြီးဖြစ်ပါသည်။ တက္ကသိုလ်တုန်းကလည်း ထိုနည်းတူစွာပင်။ ဧကန္တ ဝမ်ယွမ်တုန်း၏ မျက်လုံးထဲတွင် သူက ရှီပေါင်းလေးကို ကယ်တင်ခဲ့ခြင်းအား အခွင့်ကောင်းယူကာ ဝမ်ရွှေရှန့်အား ကပ်တွယ်နေသည်ဟု မြင်နေလောက်သည်။

သူ ဂရုမစိုက်ပါ။ သူ့တွင် ယခုအခါ ရွှေလက်ချောင်းနှင့် ရှန်းနုန်စနစ်ရှိနေပြီဖြစ်သည်။ သူ့အနာဂတ်ချမ်းသာကြွယ်ဝမှုက တဆစ်ချိုးမှာ ရှိနေလေပြီ။ သူသည် ဝမ်ရွှေရှန့်ကိုပင် ကျော်လွန်သွားနိုင်သည်။ ထိုအချိန်တွင် ထိုသို့ကျော်လွန်ရန် မခက်ခဲလောက်ပါ။ ဝမ်ယွမ်တုန်းကို ဘာအရေးစိုက်ရမည်နည်း။

ထို့အပြင် အခု သူ့အာရုံက နှင်းပန်းများ၏ အသိစိတ်မှ ထူးခြားသောလှိုင်းထံသို့ ရောက်နေခဲ့သည်။

ထိုလှိုင်းက ဘာကို ကိုယ်စားပြုသလဲဆိုတာ သူရှာဖွေရမည်။

"အဲ့တာ မင်းထရပ်ကားလား။ မင်းအခု ပို့ဆောင်ရေး လုပ်နေပြီလား။"

ယဲ့ရှောင်ချန်းတစ်ယောက် ဗန်ကားရှေ့ကို လျှောက်သွားသည်ကို ဝမ်ယွမ်တုန်းမြင်ကာ ရယ်မောနေသည်။

ခုနက သူဝင်လာစဥ် သူသိချင်နေခဲ့သည်။ ဘယ်လိုဖြစ်လို့ ထရပ်ကားတစ်စီးက သူ့ဦးလေးက ဗီလာထဲတွင် ရပ်ထားတာလဲဟု သိချင်နေခဲ့သည်။ သို့သော် ယခုတော့ ယဲ့ရှောင်ချန်း၏ ကားမှန်း သိလိုက်ရလေပြီ။

ယဲ့ရှောင်ချန်းက ပြုံးသာပြုံးကာ ဘာမှမရှင်းပြနေတော့ပါ။

ယဲ့ရှောင်ချန်းသည် ထရပ်ကားထဲ ဝင်လိုက်ပြီး ဝမ်ယွမ်တုန်းကို နှုတ်ဆက်လိုက်သည်။ "ငါသွားတော့မယ်"

ယဲ့ရှောင်ချန်းသည် ထရပ်ကားကို စက်နှိုးလိုက်ပြီး ပါကင်ဝန်းထဲမှ လှည့်ကာ ထွက်ပေါက်ဆီသို့ မောင်းထွက်သွားတော့သည်။

ဝမ်ယွမ်တုန်းက ထရပ်ကားထွက်သွားသည်ကို မြင်ကာ နှာခေါင်းရှုံ့လိုက်ပြီး ဗီလာထဲသို့ ပြန်ဝင်သွားတော့သည်။

သူ့အမြင်တွင် ယဲ့ရှောင်ချန်းနှင့် ဆုံတွေ့နိုင်ချေက အလွန်နည်းပါးသည်။

အိမ်သို့ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ထရပ်ကားကို အိမ်အပြင်ဘက်တွင် ရပ်လိုက်သည်။ မိဘနှစ်ပါးနှင့် အခြားသူများက သူ့ကိုဝိုင်းကြည့်နေကြ၏။

"ရှောင်ချန်း၊ ကောင်လေး နင်အခြားနေရာတွေကိုပါ သွားရှာဖို့ မလိုအပ်တော့ဘူးလား။ ဘာဖြစ်လို့ မလေ့လာဘဲ ထရပ်ကားကို အလောတကြီး ဝယ်လိုက်ရတာတုန်း။"

ယဲ့ရှောင်ချန်းအမေက သိပ်သဘောမတွေ့ပါ။

သူမရဲ့သားလေး အလိမ်ခံရမည်ကို ကြောက်နေသည်။ ထရပ်ကားဆိုသည်မှာ နေ့စဥ်အသုံးအဆောင်များ ဝယ်ရသည်နှင့်မတူပါ။ ဂရုမစိုက်ပါက ယွမ်သောင်းချီပြီး ဆုံးရှုံးသွားနိုင်သည်။

"အမေ အရှုံးမရှိဘူးဆိုတာ စိတ်ချစမ်းပါ။ ဒီထရပ်ကားဝယ်တာ ဘယ်လောက်ကျလဲ အမေခန့်မှန်းကြည့်လိုက်လေ။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။

ဝမ်ရွှေရှန့်သာ ထိုနေရာတွင် ရှိမနေခဲ့လျှင် သူ သေချာပေါက် ရှုံးမည်ဖြစ်သည်။

"ကားက အသစ်အတိုင်းပဲ။ ယွမ် ၅၀,၀၀၀ - ၆၀,၀၀၀ လောက်တော့ ကုန်မယ်မလား။"

သူ့အမေက ခန့်မှန်းကြည့်လိုက်သည်။

"ယွမ် ၅၀,၀၀၀ ထက် မကျော်ဘူး။"

ယဲ့ရှောင်ချန်းအဖေက ထရပ်ကားကို ပတ်ကာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျူးစစ်ယာနဲ့ ကျူးကျောင်းတို့လည်း တစ်ပတ်ရစ်ထရပ်ကား ဝယ်ဖူးတယ်။ သူတို့ပြောတာတော့ ၄၈,၀၀၀ ယွမ် သုံးလိုက်ရတယ်တဲ့။ ငါလည်း သွားကြည့်သေးတယ်၊ ဒီထရပ်ကားနဲ့ အတူတူလိုပဲ။"

"ကားတွေမှာ အရေးကြီးတာက တံဆိပ်ပေါ် မူတည်တယ်။ ကျူးစစ်ယာရဲ့ ထရပ်ကားပုံစံက ဒီထရပ်ကားနဲ့ နည်းနည်းခြားနားပါတယ်။"

လင်းစောင်က ပြုံးလိုက်သည်။ "ပြီးတော့ အရေးအကြီးဆုံးကတော့ ကားရဲ့ စွမ်းဆောင်ရည်ပဲ။"

အခြားလူများလည်း ခေါင်းငြိမ့်လိုက်ကြသည်။ ကားရဲ့ ပုံသဏ္ဌာန်က ပြန်ပြုပြင်နိုင်ပြီး ပျက်စီးနေသော အပိုင်းများကို အစိတ်အပိုင်းအသစ်များနှင့်ပင် လဲလှယ််နိုင်သည်။ ကျွမ်းကျင်သူမဟုတ်လျှင် သာမန်လူများက ဘာအပြစ်အနာအဆာမှ တွေ့နိုင်မည် မဟုတ်ပါ။

တစ်ယောက်ယောက်က ကားအသစ်တစ်စီးဝယ်ပြီး ပြုပြင်ရင်း ငွေပိုကုန်သွားသည်ဟူသော သတင်းများလည်းရှိသည်။

ကားအသစ်များတောင် အတုဖြစ်နေတတ်လျှင် ကားအဟောင်းများဆိုရင်တော့ ပြောစရာပင် မလိုတော့။ ပြဿနာ ကြီးကြီးမားမားတတ်နိုင်သည်။

"မရီးလင်း ပြောတာမှန်တယ်၊ ပုံစံက အရေးမကြီးဘူး၊ အရေးအကြီးဆုံးက စွမ်းဆောင်ရည်ပဲ။ ဒီထရပ်ကားက ကျန်းလင်ဘရန်းလေ။ အတော်လေး နာမည်ကြီးတဲ့ ထရပ်ကားဘရန်းပဲ။ အသစ်ဆိုရင် ယွမ် ၁၀၀,၀၀၀ ကျော် ကုန်ကျလိမ့်မယ်။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။

"ရှောင်ချန်း ဒါဖြင့် ဘယ်လောက် ကုန်သွားသလဲ။"

အမေက မေးလိုက်သည်။

"ယွမ် ၃၀,၀၀၀"

ယဲ့ရှောင်ချန်းက လက်သုံးချောင်းထောင်က ပြောလိုက်သည်။

"ယွမ် ၃၀,၀၀၀ ဟုတ်လား။”

ယဲ့ရှောင်ချန်းရဲ့ အမေ့မျက်လုံးတွေ ပြူးကျယ်လာပြီး အလန့်တကြား မေးလိုက်သည်။

ယွမ် ၄၀,၀၀၀ - ၅၀,၀၀၀ လောက်ရှိမည်ဟု သူမ ထင်ခဲ့သော်လည်း ယခုမူ ယွမ် ၁၀,၀၀၀ - ၂၀,၀၀၀ လောက် စျေးသက်သာနေမှန်း ကြားလိုက်ရသော အခါ သူမ ပျော်ရွှင်သွားခဲ့သည်။

အဖေက ပြောလိုက်သည်။ "ရှောင်ချန်း ဒီကားမှာ ဘာအနာအဆာရှိလို့လဲ။ ကားက အရမ်းကြည့်ကောင်းပြီး ဘယ်လိုလုပ်ပြီး ယွမ် ၃၀,၀၀၀ နဲ့ ရနိုင်မှာလဲ။"

"ဟုတ်တယ်။ ရှောင်ချန်း ခိုးရာပါကားတော့ မဟုတ်ဘူးမလား။"

အမေက စိုးရိမ်တကြီးမေးလိုက်သည်။

ခိုးရာပါ ပစ္စည်းများက တရားမဝင်ပါ။

မကြာခဏဆိုသလို ဆိုင်ကယ်အသစ် တစ်စီးက ယွမ် ၁၀၀၀ - ၂၀၀၀ ကြားရှိနေပါက ခိုးရာပါ ပစ္စည်းဟု ဆိုနိုင်သည်။

"အမေ လာနောက်နေတာလား။ တစ်ပတ်ရစ်အရောင်းစျေးကွက်က တရားဝင်ပါတယ်။ ဘယ်လိုလုပ်ပြီး ခိုးရာပါပစ္စည်းဖြစ်မှာလဲ။ အမည်ပေါက် လွှဲပြောင်းမှု လုပ်ရိုးလုပ်စဥ်တွေလည်း လုပ်ပြီးသွားပြီ။"

ယဲ့ရှောင်ချန်းတစ်ယောက် ရယ်ရမလား ငိုရမလား မသိပါ။

နံပါတ်ပြားမပါသည့် ကားများအား လမ်းမပေါ်တွင် မောင်းခွင့် ပြုမထားပါ။

"သြော် ဟုတ်သားပဲ။"

အမေက တွေးကာ ပြောလိုက်သည်။ "ကားရဲ့ စွမ်းဆောင်ရည်က ညံ့လို့လား။"

"အမေ စိတ်ချပါဗျာ။ ကျွန်တော်ကားဝယ်တုန်းက ကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်က ကားကို စမ်းကြည့်ပြီးသွားပြီ၊ ပြဿနာမရှိပါဘူး။ အစက ကုမ္ပဏီသူဌေးက ယွမ် ၆၅,၀၀၀ နဲ့ရောင်းနေတာ။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေ ကားကို စမ်းပေးပြီးသွားတော့ သူက ချက်ချင်း စျေးကို ပြောင်းပြစ်လိုက်တယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"အဲ့လိုဖြစ်သွားတော့ ကျွန်တော်စိတ်အေးသွားတာပေါ့။”

အမေက စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။

သူမအတွေးက ရိုးလွန်းပါသည်။ ယွမ် ၃၀,၀၀၀ ပဲရှိသဖြင့် အရှုံးပေါ်ပါက ဘယ်ကို သွားနိုင်ဦးမည်နည်း။

ကားအကြောင်း ပြောလို့ပြီးသွားကြပြီး ယဲ့ရှောင်ချန်းကားကို စိုက်ပျိုးရေးခြံထဲသို့ မောင်းသွားလိုက်သည်။

စိုက်ပျိုးရေးခြံထဲတွင် ပတ်လျှောက်ပြီးသွားသောအခါ သူ့တဲအိမ်လေးထံသို့ပြန်လာခဲ့ပြီး "ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်” စာအုပ်ကို ထုတ်လိုက်သည်။ သူ့စိတ်ထဲတွင် နှင်းပန်းပြဿနာ အကြောင်း စဥ်းစားနေဆဲပင်။

"ဒီစာအုပ်ထဲမှာ အပင်တစ်ပင်ရဲ့ အသိစိတ်နဲ့ ဆက်သွယ်နိုင်တဲ့ စိတ်စွမ်းအင် ပါရမီ အသုံးပြုပုံအကြောင်း အသေးစိတ်ရေးထားတာ ရှိရမယ်။"

ယဲ့ရှောင်ချန်း တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်မိတော့သည်။

All Chapters