ဆန်းကြယ်မှု
Vol. 2 Ch. 16
အခန်း(၁၆) - ဆန်းကြယ်မှု
ပုံမှန်မဟုတ်သော ပြဿနာ ၇ မျိုးမှာ ပိုးမွှား၊ ကပ်ရောဂါ၊ အလင်းရောင်၊ အပူချိန်၊ ရေ၊ အာဟာရနှင့် မျိုးကွဲခြင်းတို့ အသီးသီးဖြစ်ကြသည်။
အမျိုးအစား တစ်ခုစီကို အကန့်ငယ်များစွာအဖြစ် ထပ်မံ ခွဲထားသည်။ ရှင်းလင်းချက်များကလည်း အသေးစိတ်ကျလှသည်။
အမျိုးအစားပေါင်းစုံက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး ပေါင်းစပ်ပြဿနာများစွာကို ဖြစ်ပေါ်စေသည်။
အပင်များတွင် ဖြစ်တတ်သော ပြဿနာများအားလုံး ထိုထဲတွင် ပါသည်။
"ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်" စာအုပ်ထဲတွင် အတန်းတစ်တန်းချင်းစီ အသေးစိတ်ပေါ်လာသည်။
ယဲ့ရှောင်ချန်းက ဂရုတစိုက် ဖတ်လိုက်၏။
"ဒီစာအုပ်ရဲ့ ဖော်ပြချက်အရဆိုရင် ငါအမျိုးအစားတစ်ခုချင်းစီရဲ့ ပုံမှန်မဟုတ်တဲ့ အသိစိတ် ပြောင်းလဲမှု အတက်အကျ အခြေခံကို ငါနားလည်သွားပြီ။"
ယဲ့ရှောင်ချန်းက ကြည့်ကာ ပြောလိုက်သည်။
ပြဿနာတစ်ခုချင်းစီတွင် ပုံမှန်မဟုတ်သည့် အသိစိတ်အတက်အကျ ရှိသည်။
အလွန်ရိုးရှင်းသည်ဟု ထင်ရသော်လည်း အတူတူပေါင်းစည်းလိုက်ပါက အလွန်ရှုပ်ထွေးသော အသိစိတ်အတက်အကျကို ဖြစ်ပေါ်စေသည်။
"နှင်းပန်းတွေရဲ့ ထူးခြားတဲ့ လှိုင်းအတက်အကျအရ အပင်တွေရဲ့ ပုံမှန်မဟုတ်တဲ့ အသိစိတ် လှိုင်းအတက်အကျအရဆိုရင် သဘာဝကို ရောစပ်ထားတဲ့ ပုံမှန်မဟုတ်တဲ့ ပြဿနာတစ်ခုကြောင့် ဖြစ်လိမ့်မယ်။"
ယဲ့ရှောင်ချန်းက သူ့နှလုံးသားထဲတွင် ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
သာမန်ပြဿနာများက ဖော်ထုတ်ရန် အလွန်လွယ်ကူသော်လည်း ရောစပ်ခြင်း၏ သဘောသဘာဝအရ ခွဲခြားရန် ခက်ခဲသည်။ အင်မော်တယ် အပင် စိုက်ပျိုးသူများ၏ ပါရမီနှင့် စွမ်းရည်ကို စမ်းသပ်သည်။
ယဲ့ရှောင်ချန်းက ယခုလေးတင် အပင်၏ အသိစိတ်နှင့် ဆက်သွယ်လာခဲ့သော်လည်း ခက်ခဲမှုက ကြီးမားလွန်းလှသေးသည်။
နောက်ပိုင်း အချိန်တစ်ခုအထိ ထရပ်ကားဖြင့် ပစ္စည်းများ ပို့ဆောင်သည့်အပြင် ယဲ့ရှောင်ချန်းက သူ့အချိန်အားလုံးနီးပါးကို အပင်များ၏ အသိစိတ်များနှင့် ဆက်သွယ်ခြင်း စမ်းသပ်ချက်များပြုလုပ်ကာ အပင်မျိုးစုံ၏ အသိစိတ်လှိုင်းအတက်အကျများကို ဆန်းစစ်ကာ တစ်ခုချင်းစီ အတည်ပြုရင်း ကုန်ဆုံးစေခဲ့သည်။
ယဲ့ရှောင်ချန်းသည် ထိုအကြောင်းအရာကို စွဲလမ်းနေသည့်ပုံပင်။ ထရပ်ကားမောင်းနေသည့် အချိန်များတွင်တောင် ထိုအကြောင်း မစဥ်းစားဘဲ မနေနိုင်တော့ပါ။ ထိုအာရုံလွဲမှုကြောင့် သူ အက်ဆီးဒင့်ဖြစ်လုနီးပါးပင် ဖြစ်သွားသည်။ ကားကို ခြစ်ရာထင်သွားစေခဲ့ပြီး နောက်ဆုံးတော့ ပြဿနာရှင်းဖို့အတွက် ယွမ် ၁၀၀၀ ကျော် ပေးဆောင်ခဲ့ရသည်။
သူ့စိုက်ပျိုးရေးခြံထဲရှိ ဟင်းသီးဟင်းရွက်များ သစ်သီးဝလံများနှင့် ပတ်သက်သော ပြဿနာများစွာ ရှာတွေ့ခဲ့သည်။ အကန့်အသတ်ရှိသော အခြေအနေတစ်ခုအောက်တွင် တစ်ခုချင်းစီ သူဖြေရှင်းခဲ့ပြီး ဟင်းသီးဟင်းရွက်များ သစ်သီးဝလံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကို တိုးမြင့်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် အတွေ့အကြုံများစွာကို စုစည်းနိုင်ခဲ့သည်။
"တကယ်တော့ နှင်းပန်းတွေရဲ့ ထူးခြားတဲ့ လှိုင်းအတက်အကျက သဘာဝရောယှက်ခြင်း ပြဿနာကြောင့်ဖြစ်ရတာ။ အခြေခံအားဖြင့် အချက်နှစ်ချက်ရှိတယ်။ မျိုးကွဲခြင်းနဲ့ အာဟာရလိုအပ်ချက်ပဲ၊ ဒါပေမယ့် အပူချိန်၊ အလင်းရောင်နဲ့ ရေတို့လည်းပါဝင်တယ်၊ အဲ့ဒီလက္ခဏာ သုံးမျိုးကိုလည်း စမ်းစစ်ရမယ်။"
ယဲ့ရှောင်ချန်းက ထိုအကြောင်းကို အချိန်တစ်ခုအထိ စဥ်းစားချင့်ချိန်ပြီးနောက် နိဂုံးချုပ်လိုက်တော့သည်။
"ရှန်းနုန်စနစ်လမ်းညွှန်" ကသာမန်စာအုပ်လို့ထင်ရသည်။ သို့သော် အချက်အလက် များစွာ ပါဝင်ပြီး အလွန်ထူးခြားသည်။ Link များစွာ ပါဝင်သော အင်တာနက် Browser တစ်ခုလိုဖြစ်ပြီး လက်ချောင်းဖြင့် နှိပ်လိုက်ပါက စာမျက်နှာအသစ်ကို ဖွင့်ပေးသည်။
"နှင်းပန်းရဲ့ သက်တမ်းက နှစ် ၂၀ ကျော်တယ်။ အခု သူတို့က တကယ်ပဲ စွမ်းရည်ကျဆင်းတဲ့ အချိန်ကို ရောက်နေပြီ။ ဒီတော့ သူ့ရဲ့ကိုယ်ခန္ဓာက အသက်ကြီးလာပြီ။ ဒါက အသက်မျိုးကွဲခြင်း အမျိုးအစားထဲပါတယ်၊ အပင်ရဲ့ အိုမင်းခြင်းကြောင့် အာဟာရ စုပ်ယူခြင်းအပေါ်မှာလည်း သက်ရောက်မှုရှိတယ်။ ပန်းပွင့်ခြင်းနဲ့ သက်ဆိုင်တဲ့ အာဟာရအမျိုးအစားတွေကို မစုပ်ယူနိုင်တော့ ပန်းမပွင့်နိုင်တော့ဘူး။ အပင် အသက်ကြီးခြင်းကြောင့် လိုအပ်တဲ့ အပူချိန်၊ ရေပမာဏနဲ့ နေရောင်ခြည် ပမာဏတို့လည်း ပြောင်းလဲသွားတယ်။ ဒါတွေကို ပေါင်းစပ်လိုက်ရင် အရမ်းထူးခြားတဲ့ လှိုင်းအတက်အကျကို ဖြစ်ပေါ်စေတယ်။"
ယဲ့ရှောင်ချန်းက တစ်ယောက်တည်း တွေးလိုက်သည်။
နောက်ဆုံးဆန်းစစ်ချက်တွင် သက်တမ်းရင့် နှင်းပန်းများက အာဟာရလိုအပ်ချက် တစ်မျိုးရှိသည်။ မဟုတ်လျှင် ပန်းပွင့်ခြင်းကို သက်ရောက်မှု ရှိစေနိုင်သည်။
မေးခွန်းက ဘယ်လိုအာဟာရမျိုးကို လိုအပ်လဲဆိုတာပင်။
သာမန်နှင်းပန်းများသည် အာဟာရကို စုပ်ယူရန် မည်သို့လုပ်ရမည်နည်း။
ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်၏ ဗီလာကို သွားရန် ဆုံးဖြတ်လိုက်သည်။ နှင်းပန်းများသည် ဘယ်လိုအာဟာရမျိုး လိုအပ်နေကြောင်း ဆုံးဖြတ်ဖို့ နှင်းပန်းများ၏ ဖွဲ့စည်းမှုများအကြောင်း သိနိုင်ရန်အတွက် မြေကြီးတစ်ချို့၊ သစ်ကိုင်း သစ်ရွက်တစ်ချို့ယူရန် ကြံလိုက်သည်။
ပန်းပွင့်ခြင်းအပေါ် သက်ရောက်မှုရှိသည့် အာဟာရများစွာရှိသည်။ ဘယ်လိုအာဟာရမျိုးပဲ နည်းပါးပါစေ ဆင်တူသာ ရလဒ်ကို ရနိုင်သည်။ ပရော်ဖက်ရှင်နယ်ဆန်သော စမ်းသပ်ချက် လုပ်ကိုလုပ်ရမည်ဖြစ်သည်။
ဝမ်ရွှေရှန့်ထံမှ ဖိတ်ကြားချက်မရှိဘဲဲ သူ့အိမ်သို့ တိုက်ရိုက်သွားပါက ဆင်ခြင်တုံတရားမဲ့သလိုပင်။ လူတွေက သူ့ကို တစ်ခုခုကြံနေသည်ဟု ထင်သွားကြလိမ့်မည်။
အရေးကြီးသော ပြဿနာတစ်ခုက သူသည် လက်ဟန်သင်္ကေတဘာသာစကား မတတ်ပါ။ ထို့ကြောင့် ဝမ်ရှင်းယီနှင့် ဆက်သွယ်လိုပါက ပြဿနာရှိသည်။
ဘာသာပြန်ပေးသူ ရှိလျှင်တော့ တစ်မျိုးပေါ့။
"နောက်ပိုင်းအချိန်ရရင် လက်ဟန်ဘာသာစကား သင်ရမယ်။"
ယဲ့ရှောင်ချန်းက တွေးလိုက်သည်။
နောက်တစ်ခါ ပြန်စဥ်းစားကြည့်သောအခါ ယဲ့ရှောင်ချန်း ဝမ်ရွှေရှန့်ကို တိုက်ရိုက်ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအခါမှ ပိုမို ရှင်းလင်းသွားမည် ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ယခုသူ နားလည်မှုများ တိုးတက်လာပြီဖြစ်သဖြင့် အကြောင်းပြချက်ကို ရှာဖွေနိုင်ပါက နှင်းပန်းပြဿနာက သိပ်ပြီး ခက်ခဲမည်မဟုတ်ပါ။
ယဲ့ရှောင်ချန်းက ဖုန်းကို ထုတ်လိုက်သည်။ ဝမ်ရွှေရှန့်၏ ဖုန်းနံပတ်ကို ရှာပြီး ဖုန်းခေါ်လိုက်သည်။
ဖုန်းစက်ပိတ်ထားသည်။
ယဲ့ရှောင်ချန်းသည် အနည်းငယ် စိတ်ပျက်သွားသည်။ ခေါင်းကိုခါရင်း ဖုန်းကိုသိမ်းကာ နေကို မော့ကြည့်လိုက်သည်။ နေက ပူခြစ်ကာ အပူချိန်ကလည်း မြင့်မားလွန်းလှသည်။
ထီးတစ်ချောင်းကိုင်ရင်း လယ်ကွင်းထောင့်နားသို့ ရောက်လာလေသည်။
အင်မော်တယ်မြေထဲသို့ ဝင်သောအခါ အပူချိန်က ချက်ချင်း ကျဆင်းသွား၏။ အဲကွန်း အခန်းတစ်ခုထဲသို့ ဝင်လိုက်ရသလို အေးမြသွားလေသည်။
အပျင်းကြီးသော ခွေးနှစ်ကောင်ကတော့ ဇိမ်ကျကျ လဲလျောင်းနေကြသည်။
ယဲ့ရှောင်ချန်း သူတို့ကိုမြင်သောအခါ ပြောစရာ စကားမဲ့သွားသည်။ တစ်ရက် ၂၄နာရီလုံး သို့မဟုတ ၂၂ နာရီလောက်အထိ သူတို့ ထိုနေရာတွင် နေကြသည်။
သူတို့ပုံစံလည်း အများကြီးပြောင်းလဲသွားသည်။ သူတို့အမွှေးများက အလွန် နူးညံ့လာပြီး အလွန်တက်ကြွလာကြသည်။
သူတို့ကို မဆိုဦးနှင့်။ ယဲ့ရှောင်ချန်းပင် အင်မော်တယ် မြေသို့ မကြာခဏ လာရောက်သဖြင့် သူ့ခန္ဓာကိုယ်လည်း ပြောင်းလဲမှုတစ်ချို့နှင့် ကြုံတွေ့လာရသည်။ ဥပမာအားဖြင့် နေရောင်ခြည်ထဲတွင် ဆက်တိုက်နေခဲ့ရသဖြင့် သူ့အသားအရည်က မည်းမှောင်လာသည်။ သို့သော်လည်း ယခုမူ လုံးဝပြန်ကောင်းသွားပြီဖြစ်ပြီး အလွန်ချောမွေ့သော မျက်နှာလည်းရှိလာသည်။ အရင်က သူ့မျက်နှာပေါက်တွင် ဝက်ခြံတစ်ချို့ရှိသော်လည်း ယခုတော့ အစအနပင် ရှာမရတော့ချေ။ ပြီးတော့ အရင်က အဆီပြန်နေသော သူ့အသားအရည်ကလည်း ယခုမူ တောက်ပလာလေပြီ။
ယခု ဤအခြေအနေက ပေါ်မလာပါ။
အကျဥ်းချုပ်ဆိုရလျှင် သူ့ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ လုံးဝပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ် ပိုမိုကောင်းမွန်လာသည်။
ထိုဖြစ်ရပ်က အင်မော်တယ်မြေနှင့် အများကြီး သက်ဆိုင်နေမှန်း သိသာပါသည်။
အင်မော်တယ်မြေကပင် ဒီလောက် မှော်ဆန်နေပါက ဒီမြေက ဖြစ်ထွန်းလာသော အင်မော်တယ်အပင်များဆိုလျှင် ဘယ်လိုဖြစ်မလဲ မသိပါ။
ယဲ့ရှောင်ချန်းတွင် အကြံတစ်ခုရှိသည်။ နောက်ပိုင်း အချိန်ရပါက ဒီအင်မော်တယ် မြေပေါ်တွင် အိမ်တစ်လုံးဆောက်မည်။ နေထိုင်ရန် အလွန်ဇိမ်ရှိသော နေရာတစ်ခု ဖြစ်လာလောက်သည်။
ဒီအင်မော်တယ် မုန်လာဥဝါကို စိုက်ပျိုးခဲ့သည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။ ထိုမုန်လာဥဝါများက ချောချောမွေ့မွေ့ ကြီးထွားနေကြပြီး မကြာခင် အရွယ်ရောက်ကြတော့မည်ဟု ခန့်မှန််းနိုင်သည်။
သူ မုန်လာဥဝါများကို ရိတ်သိမ်းရမည့် နေ့အား မျှော်နေမိသည်။
ထိုအခါမှ ထိုမုန်လာဥဝါများကို အင်မော်တယ် နတ်ဘုရားများနှင့် လဲလှယ်ကာ အင်မော်တယ်ယွမ်များ ရရှိမည်ဖြစ်သည်။
စတိုးဆိုင်ထဲရှိ ပစ္စည်းများအား သူ အလွန်လောဘတက်နေမိသည်။
ထို့အပြင် စိုက်ပျိုးရေးခြံ၏ ဖွံ့ဖြိုးမှုကလည်း အလွန်အရေးပါသည်။ ယခုတော့ ဒီတိုင်း အင်မော်တယ်မြေ တစ်ပိုင်းတစ်စသာဖြစ်သဖြင့် သူ အင်မော်တယ်မြေကို ပိုလိုအပ်နေသည်။ ထို့အပြင် အင်မော်တယ်စမ်းရေကိုလည်း ချန်ထား၍မရပါ။ အချက်အလက်များအရ အင်မော်တယ်စမ်းရေမှ ရေကိုအသုံးပြုလျှင် အင်မော်တယ် အပင်များ၏ ကြီးထွားနှုန်းကို တိုးမြှင့်နိုင်သည်။
ညနေခင်းတွင် ယဲ့ရှောင်ချန်း ဝမ်ရွှေရှန့်ထံမှ ဖုန်းတစ်ကော ဝင်လာသည်။
"ညီလေး တကယ်တောင်းပန်ပါတယ်ကွာ။ ဒီနေ့ အစည်းအဝေးတစ်ခု ရှိလို့ ငါဖုန်းပိတ်ထားတာ။ ငါအရမ်းအလုပ်များနေလို့ ဖုန်းကြည့်ချိန်မရှိဘဲ အခုတွေ့မှ ပြန်ခေါ်လိုက်ရတာပါ။"
ဖုန်းထဲမှ ဝမ်ရွှေရှန့်၏ အသံထွက်လာသည်။
အရေးကြီးသော လူတစ်ယောက်အဖို့ ဘာမှရှင်းပြစရာမလိုပါ။ အခု သူ့အပြုအမူက ယဲ့ရှောင်ချန်းကို သူ အလေးထားမှန်း ဖော်ပြနေသည်။
စကားနည်းနည်းပြောပြီးသည့်နောက်တွင် ယဲ့ရှောင်ချန်းက သူဖုန်းခေါ်ဆိုရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်သည်။
"ဘာဖြစ်တယ် ညီလေးယဲ့၊ မင်း နှင်းပန်းနှစ်ပင်ကို ပန်းပွင့်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်ပေါ့။"
ဝမ်ရွှေရှန့်က အံ့သြသွားပြီး ချက်ချင်းမေးလိုက်သည်။
သူသည် ယဲ့ရှောင်ချန်း၏ စွမ်းဆောင်ရည်ကို မယုံတာတော့ မဟုတ်ပါ။ သို့သော် ကျန်းခဲ့ချင်းလို နာမည်ကျော် ရုက္ခဗေဒပညာရှင် တစ်ယောက်ကပင် အကူအညီ မပေးနိုင်ခဲ့ပါ။ ယဲ့ရှောင်ချန်းက လယ်သမားတစ်ယောက် ဖြစ်သည်။ လယ်သမားတစ်ယောက်က စိုက်ပျိုးရေးပညာကို သင်ယူခဲ့သည်ဟု ပြောနိုင်သော်လည်း ကျန်းခဲ့ချင်းလို ရုက္ခဗေဒပညာရှင်တစ်ယောက်နှင့် ယှဥ်ပါက ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးလိုပင်။
"အစ်ကိုကြီးဝမ် ကျွန်တော် ၁၀၀ ရာခိုင်နှုန်း တော့ ယုံကြည်ချက် မရှိပေမယ့် ၇၀ - ၈၀ ရာခိုင်နှုန်းလောက်တော့ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော် အဲ့ဒီနှင်းပန်းတွေရဲ့ မြေနဲ့ ကိုင်းနမူနာယူဖို့ လိုအပ်တယ်။"
ယဲ့ရှောင်ချန်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
သူသည် မှော်ဆန်သော "ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်" စာအုပ်ကို ကျွမ်းကျင်ပိုင်ဆိုင်ထားသူဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှိနေသော အသိပညာများနှင့် ၎င်းကို နှိုင်းယှဥ်လို့မရပါ။ ကမ္ဘာမြေပေါ်က အသိပညာများက အသုံးမဝင်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း လေ့လာမှုအဆင့်က မလုံလောက်ခြင်းသာဖြစ်သည်။
အပင်များ၏ အသိစိတ်နဲ့ ဆက်သွယ်ခြင်းလိုပင်။ လက်ရှိနည်းပညာများကို အားကိုးပါက ဖြစ်နိုင်မည်မဟုတ်ပါ။
ယဲ့ရှောင်ချန်းကတော့ သူ့ရှန်းနုန်ပါရမီကို အားကိုးပြီး အလွယ်တကူ လုပ်နိုင်သည်။ နောက်ပိုင်း သူ ကျင့်ကြံသူတစ်ဦးဖြစ်လာပါက ဒီလိုမျိုး ဆက်သွယ်ခြင်း စွမ်းရည်မျိုးက အဆင့်မြင့်လာမည်ဖြစ်ပြီး မှော်ဆန်သော စွမ်းရည်မျိုးပင် ရလာနိုင်သည်။
ဝမ်ရွှေရှန့်က ခဏတာ တိတ်ဆိတ်သွားကာ ပြောလိုက်သည်။ "အဲ့တာဆိုရင် မင်း မနက်ဖြန်လာခဲ့လိုက်လေ။ မင်းမရီး အိမ်မှာရှိလိမ့်မယ်။"
သူက အလုပ်များလွန်းသဖြင့် သေချာပေါက် အချိန်မရှိပါ။ ယဲ့ရှောင်ချန်းကလည်း လက်ဟန်ဘာသာစကား မတတ်သဖြင့် သူ့ညီမနှင့် မဆက်သွယ်နိုင်ပါ။ ဘာသာပြန်ပေးဖို့ လူတစ်ယောက်တော့ ရှိရမည်ဖြစ်သည်။
ဝမ်ရွှေ့ရှန်းသည် ယဲ့ရှောင်ချန်းတစ်ယောက် ထိုသို့ လုပ်နိုင်စွမ်းရှိသည်ဟု မယုံကြည်သော်လည်း သူသည် ယဲ့ရှောင်ချန်းကို အတော်လေး သဘောကျသဖြင့် သူ့ကို ကပ်တွယ်ဖို့ အကြောင်းပြချက်မျိုးစုံ ရှာတတ်သည်လူမျိုး မဟုတ်ကြောင်း သူခံစားမိသည်။ ယဲ့ရှောင်ချန်းက ကြိုးစားကြည့်မည်ဆိုသဖြင့် သူ ကျေနပ်မိပါသေးသည်။
ခုတလော သူ့ညီမဖြစ်သူက ပိုပိုပြီး တိတ်ဆိတ်လာသည်။ ပိန်လည်းပိန်လာသည်။
သူ့ညီမနှလုံးသားထဲမှ အထီးကျန်မှုကို သူ လေးလေးနက်နက် ခံစားမိသည်။ သူ့ညီမက ထိုနှင်းပန်းနှစ်ခိုင်ပေါ်တွင် ခံစားချက်များစွာ ရှိသည်။ သို့သော် ယခုတော့ ပန်းလည်းမပွင့် စွမ်းရည်ကျဆင်းသော အချိန်ကို ရောက်နေပြီဖြစ်ပြီး ဘယ်လောက်ကြာကြာ ဆက်ပြီး ရှင်သန်နိုင်မလဲ မသိနိုင်တော့ပါ။
သူ့ညီမက စကားမပြောနိုင်ရုံသာ မကဘဲ အတိုင်းအတာတစ်ခုအထိ စိတ်ဝေဒနာလည်း ရှိနေသည်။
ထိုနှင်းပန်းနှစ်ခိုင် လုံးဝညှိုးနွမ်းသွားသည့် အချိန်တွင် သူ့ညီမ ဘာဖြစ်သွားမလဲ သူ စိတ်ပင်မကူးရဲပါ။