← Chapters

ဆေးညွှန်း

Vol. 2 Ch. 18

ဆေးညွှန်း

Vol. 2 Ch. 18

အခန်း (၁၈) – ဆေးညွှန်း

အပင်သန်ဆေး။ ၎င်းမှာ အပင်များ သက်တမ်းရင့်လာခြင်းအတွက် အထူးပြုလုပ်ထားသော အထူးဆေးဝါးတစ်မျိုးဖြစ်သည်။

"ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်" စာအုပ်တွင် ထိုဆေးဝါး၏ အညွှန်းများနှင့် ထုတ်လုပ်မှု လုပ်ငန်းစဥ်ကိုလည်း အသေးစိတ်ဖော်ပြထားသည်။

အလွန်ရှုပ်ထွေးပြီး အမိုက်မဲဆုံးနည်းလမ်းလို့ ပြောရတဲ့ အကြောင်းရင်းကတော့ ဆေးစာမှာ အလွန်များပြားသော ကုန်ကြမ်းများစွာပါဝင်ပြီး အလွန်တိကျမှုလိုအပ်သောကြောင့်ဖြစ်သည်။ အရေးအကြီးဆုံးအရာကတော့ ကုန်ကျစရိတ်က အလွန်များပြားပြီး အသုံးပြုရသည်ကလည်း တစ်ကြိမ်သာမဟုတ်ဘဲ ယာယီဖြေရှင်းချက်တစ်ခုသာ ဖြစ်ပြီး ရာသက်ပန် ကုသမှုမဟုတ်ပါ။ အပင်သန်ဆေးက အပင်၏ သက်တမ်းရင့်လာခြင်းကို နှေးကွေးအောင် လုပ်နိုင်သော်လည်း အကြာကြီး အသုံးပြုရမည်ဖြစ်သည်။

နှင်းပန်းနှစ်ခိုင်အတွက် ထိုကဲ့သို့ တန်ဖိုးကြီး အပင်သန်ဆေးကိုသုံးခြင်းက သေချာပေါက် အရှုံးဖြစ်သည်။

အနည်းဆုံးတော့ ယခုလောလောဆယ်တွင် ယဲ့ရှောင်ချန်းတစ်ယောက် မတတ်နိုင်သေးပါ။

သေချာပေါက် ထိုအပင်သန်ဆေးကို ဖန်တီးရမည်။ ယဲ့ရှောင်ချန်းသည် ဝမ်ရှင်းယီ ဝမ်းနည်းနေသည်ကို မကြည့်ရက်ပါ။ အချိန်တန်လျှင် သူသည် ဝမ်ရွှေရှန့်ကို ကုန်ကျစရိတ် တာဝန်ခံခိုင်းမည် ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ဖောင်တိန်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ထုတ်ကာ စာရင်းတစ်ခု စတင်ရေးသားသည်။ အပင်သန်ဆေးညွှန်းတွင် အားလုံး စုစုပေါင်း ကုန်ကြမ်းစိမ်း ၇၈ မျိုးပါသည်။ ၎င်းတို့မှာ ဆေးဖက်ဝင်ပစ္စည်း ၄၈ မျိုး၊ အင်းဆက် ၁၁ မျိုး၊ ဓာတ်သတ္တု ၈ မျိုး၊ တိရိစ္ဆာန် ခန္ဓာကိုယ် ၆ မျိုး၊ ဓာတ်ငွေ့ ၃ မျိုး၊ အရည် တစ်မျိုးနှင့် အဏုဇီဝပိုးမွှား တစ်မျိုးတို့ ဖြစ်ကြသည်။

အဆင်ပြေချောမွေ့စေရန်အတွက် "ရှန်းနုန်စနစ်" က ကမ္ဘာပေါ်တွင် ရှာတွေ့နိုင်သော ကုန်ကြမ်းပစ္စည်းများ၏ နာမည်ကို ဖော်ပြပေးထားသည်။

ရလဒ်အနေနှင့် ယဲ့ရှောင်ချန်းက ထိုပစ္စည်းများကို တစ်ခုချင်း အမျိုးအမည် ဖော်စရာမလိုတော့ပါ။ သူ့အတွက် အချိန်အများကြီး သက်သာသွားသည်။

"ဝိညာဥ်စမ်းရေ မရှိတာ နှမြောစရာပဲ မဟုတ်ရင် အောင်မြင်နိုင်ချေနဲ့ အဆင်ပြေချောမွေ့မှုက အများကြီး တိုးသွားလိမ့်မယ်။"

ယဲ့ရှောင်ချန်းက ဆေးညွှန်းကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်။ ရှန်းနုန်စနစ် ကြောင့်လားတော့မသိ။ ပျင်းစရာအလုပ်ဟု သူ မထင်မိဘဲ စိတ်လှုပ်ရှားမှုများစွာ ခံစားလိုက်ရသည်။ သူ့စိတ်ဝင်စားမှုက အဆမတန် အသက်ဝင်လာသလိုပဲ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။

ဆေးပညာအရ လွန်စွာနက်နဲလွန်းလှသည်။ ယခင်က ယဲ့ရှောင်ချန်းသည် ဆေးပညာအကြောင်း ဘာမှမသိခဲ့ရသော်လည်း ယခု ဆေးညွှန်းကို ဖတ်ကြည့်သောအခါ ဆေးဝါးဗေဒဆိုင်ရာပြောင်းလဲမှုများကို သူ နားမလည်နိုင်သောကြောင့် ဘာမှမစဥ်းစားနိုင်ဘဲ ထိုဆေးညွှန်းကို ဖတ်သာဖတ်ကြည့်နိုင်သည်။

၎င်းက ထိုနယ်ပယ်အပေါ် သူ့စိတ်ဝင်စားမှုကို အစပြုပေးလိုက်သည်။ ထို့ကြောင့် ဆေးဝါးဗေဒအကြောင်း လေ့လာဖို့ သူဆုံးဖြတ်လိုက်သည်။

ရှန်းနုန်စနစ်က စိုက်ပျိုးရုံသာမက ဆေးပညာသည်လည်း စိုက်ပျိုးခြင်းနှင့် ဆက်စပ်နေသည်။

နောက်တစ်နေ့တွင် ယဲ့ရှောင်ချန်းသည် ဟင်းသီးဟင်းရွက်များကို ပို့ဆောင်ပြီးနောက် ဆေးညွှန်းကိုယူကာ မြို့တော်ရှိ တရုတ်တိုင်းရင်းဆေးဆိုင်များသို့ သွားရောက်မေးမြန်းခဲ့သည်။ ကုန်ကြမ်းအားလုံးကိုတော့ ထိုနေရာတွင် မတွေ့နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆေးဝါးဟု ခေါ်ဆို၍မရသော ပစ္စည်းများစွာ ပါဝင်နေသောကြောင့်ပင်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ဆေးကုန်ကြမ်း ၅၈ မျိုးကိုသာ ရှာဖွေနိုင်ခဲ့သည်။ ၎င်းတို့မှာ အပင်ကုန်ကြမ်း ၄၂ မျိုး၊ အင်းဆက် ၈ မျိုး၊ ဓာတ်သတ္တု ၅ မျိုးနှင့် တိရိစ္ဆာန် ၃ မျိုး၏ ခန္ဓာကိုယ်တို့ဖြစ်ကြသည်။

ထိုကုန်ကြမ်းများအတွက်ပင် ယဲ့ရှောင်ချန်း ယွမ် ၅,၀၀၀ ကျော် သုံးခဲ့ရသည်။ သူ့တွင် ရွေးချယ်စရာ မရှိပါ။ ကုန်ကြမ်းများ၏ ပမာဏက အလွန်များပြားပြီး ရှားပါးသော ဆေးပင်များလည်း ပါနေသည်။ ဂျင်ဆင်း၊ တရုတ်ပန်းဂျုံ အစရှိသည်တို့ဖြစ်သည်။

ယဲ့ရှောင်ချန်းရဲ့ နှလုံးသားက အနည်းငယ် နာကျင်နေပြီး ငွေရှာရသည်က မလွယ်ကူပါ။

ယဲ့ရှောင်ချန်းသည် အချို့ကုန်ကြမ်းများကို မဝယ်ခဲ့ချေ။ အနည်းငယ်က သစ်ကြားသီးစေ့များ၊ မဖောက်ထုံး၊ ပိုးဟပ်ခန္ဓာကိုယ်အရည် အစရှိသော ပေါများသည့် အရာများဖြစ်သည်။

အခြားကုန်ကြမ်းများကတော့ ပြဿနာများလှသည်။

နောက်ထပ် ရက်အနည်းငယ်အထိ ယဲ့ရှောင်ချန်းတစ်ယောက် ခေါင်းကိုက်ခဲ့ရသည်။ ကုန်ကြမ်းများကို ရရှိဖို့ သူသည် မတူညီသော နေရာမျိုးစုံသို့ ကိုယ်တိုင်သွားပြီး ကုန်ကြမ်းများကို စုဆောင်းရသည်။ ဥပမာအားဖြင့် သန္တာမြွေ၏ အဆိပ်ရည်အိတ် ဖြစ်သည်။ မြွေက ပိုကြီးလေလေ ပိုကောင်းလေ ဖြစ်သဖြင့် သူကိုယ်တိုင် မြွေကိုသတ်ပြီး အဆိပ်ရည်အိတ်ကို ထုတ်ခဲ့ရသည်။ ယဲ့ရှောင်ချန်းသည် မြွေကို အကြောက်ဆုံးဖြစ်ပြီး သတိလစ်လုနီးပါး ဖြစ်ခဲ့ရသည်။

တစ်ပတ်ကျော်ကြာ ပြင်ဆင်ပြီးနောက် ယဲ့ရှောင်ချန်းသည် နောက်ဆုံးတွင် ကုန်ကြမ်းအားလုံးကို စုဆောင်းနိုင်ခဲ့သည်။

ထိုပစ္စည်းအားလုံးအတွက် ယဲ့ရှောင်ချန်းသည် အနည်းဆုံး ယွမ် ၁၀,၀၀၀ ခန့်သုံးခဲ့သည်ဟု ခန့်မှန်းမိသည်။

ယဲ့ရှောင်ချန်းသည် ရုတ်တရတ် သံသယဖြစ်မိသွား၏။ သူ အရမ်းများ ပိုက်ဆံဖြုန်းမိနေပြီလား။

ဝမ်ရွှေရှန့်သည် ဝမ်ရှင်းယီကို ကူညီရန်အတွက် ဖုန်းခေါ်ပြီး အခြေအနေ တိုးတက်မှုအကြောင်း အကြိမ်ပေါင်းများစွာ မေးမြန်းသည်ကို တွေးကာ သူလည်း အရှုံးမပေးခဲ့ပါ။

ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယီက သူ့အပေါ် မျှော်လင့်ချက်များ ထားနေသည်။

သူမကို စိတ်ပျက်အောင်လုပ်ဝံ့သောနှလုံးသား သူ့ထံတွင် မရှိပါ။

ယဲ့ရှောင်ချန်းသည် စိုက်ပျိုးရေးခြံရှိ တဲလေးကို ဓာတ်ခွဲခန်းအဖြစ် ပြောင်းပြစ်လိုက်သည်။ ကုန်ကြမ်းအချို့ကို အဓိကထားပြီး သိုလှောင်ရန် ရေခဲသေတ္တာအဟောင်းနှစ်လုံးကို အသုံးပြုခဲ့သည်။ ဘာပဲဖြစ်ဖြစ် ယခု အပူချိန်က အလွန်မြင့်မားလာပြီဖြစ်သဖြင့် အပြင်တွင် သိမ်းထားပါက မကောင်းနိုင်ပါ။ ထိုပစ္စည်းများကို နိမ့်သောအပူချိန်တစ်ခုတွင် ထားဖို့လိုအပ်သည်။

"လောလောဆယ် ကုန်ကြမ်းတွေ စုတာ ပြီးသွားပြီ။"

"နောက်တစ်ဆင့်က ဆေးရည်လုပ်ဖို့ ကြိုးစားရတော့မှာပဲ။"

ယဲ့ရှောင်ချန်းသည် "ရှန်းနုန်လမ်းညွှန်" စာအုပ်ကို ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူသည် အဆင့်တစ်ဆင့်ချင်းစီကို ပြန်စဥ်းစားကာ ဆေးညွှန်းတွင် ဖော်ပြထာသည့်အတိုင်း ဆောင်ရွက်ပြီး အမှားတစ်ခုမှ မလုပ်မိအောင် ကြိုးစားခဲ့သည်။

ရှန်းနုန်စနစ်ကို ရရှိသည့်အချိန်ကတည်းက ယဲ့ရှောင်ချန်း၏ မှတ်ဉာဏ်တွေ တိုးတက်လာခဲ့သည်။ ထိုကဲ့သို့ ရှုပ်ထွေးသော အညွှန်းများနှင့် လုပ်ငန်းစဥ်များကို ချမရေးဘဲ ရက်အနည်းငယ်အတွင်း အလွတ်မှတ်မိနိုင်ခဲ့သည်။

"နောက်ဆုံးလိုနေတာက ဆေးဖော်စပ်တဲ့အခါ အသုံးပြုရမယ့် ဘွိုင်လာအိုးတစ်အိုးပဲ။"

ယဲ့ရှောင်ချန်းသည် အော်ဒါမှာယူထားသည့် ယွမ်ထောင်ပေါင်းများစွာ အကုန်အကျခံထားတဲ့ ထောင့်မှာရှိတဲ့ ဘွိုင်လာအိုးကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဂရုတစိုက် လေ့လာပြီးသည့်နောက်တွင် ဒီလိုမျိုး ဘွိုင်လာနှင့် အပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်သော ကုန်ကြမ်းပစ္စည်းများကိုသုံးပြီး ဖော်စပ်ပါက အောင်မြင်နိုင်ချေ နည်းမည်ကို စိုးရိမ်မိသည်။

သူ ပြင်ဆင်ထားသော ကုန်ကြမ်းများနှင့် ဆိုလျှင် အများဆုံး စမ်းသပ်မှု ၂ကြိမ် ၃ကြိမ်မျှသာ ကြိုးစားကြည့်လို့ရသည်။

"ငါ ရှန်းနုန်စနစ် စတိုးဆိုင်ကနေ အထူးဘွိုင်လာကို ဝယ်လို့ရရင် ကောင်းမှာပဲ။"

ယဲ့ရှောင်ချန်းက စဥ်းစားလိုက်သည်။

ထိုအထူးဘွိုင်လာအိုးသည် မှော်ဆန်လှသည်။ ယဲ့ရှောင်ချန်းသည် ထိုအထူးဘွိုင်လာအိုး၏ မှော်ဆန်သော အကျိုးသက်ရောက်မှုများကို မလုပ်ဆောင်နိုင်ဘူး ဆိုလျှင်တောင် ဘွိုင်လာ၏ ဝိသေသလက္ခဏာတစ်ခုတည်းနှင့် ဖော်စပ်မှုအောင်မြင်နိုင်ချေကို အများကြီး တိုးသွားစေနိုင်သည်။

ကံမကောင်းစွာဖြင့် သူ့တွင် အင်မော်တယ်ယွမ် တစ်ပြားမှ ရှိမနေပါ။

"ဟုတ်သားပဲ၊ အင်မော်တယ် မုန်လာဥတွေ အခုလောက်ဆို ကြီးလောက်ပြီ။ ငါ ရက်အတော်ကြာ စောင့်ပြီးပြီပဲ၊ အခုနည်းနည်းလောက် တူးကြည့်သင့်ပြီ။"

ယဲ့ရှောင်ချန်းသည် ရုတ်တရက် တွေးလိုက်မိတာနဲ့ အလျင်အမြန် မတ်တပ်ရပ်ကာ တဲအပြင်ဘက်သို့ ထွက်လိုက်သည်။

အင်မော်တယ်မြေ၏ ပြောင်းလဲမှုက အလွန်ကြီးမားလှသည်။ မုန်လာဥရွက်များသည် ပိုမို စိမ်းလန်းနေပြီး ရှည်လျားလှသည်။

ယဲ့ရှောင်ချန်း၏ အတွေ့အကြုံအရဆိုလျှင် မြေကြီးထဲမှ မုန်လာဥများ ကြီးထွားနေသင့်ပြီ။

မုန်လာဥ၏ အရွယ်အစားက အရွက်များ၏ ကြီးထွားမှုနှင့် အလွန်သက်ဆိုင်နေသည်။

သူ မျှော်လင့်နေမိသည်။

"အင်းလေ၊ တစ်လုံးလောက်တူးပြီး ကြည့်ကြည့်တာပေါ့။"

ယဲ့ရှောင်ချန်းသည် အင်မော်တယ်ပေါက်ပြားကို ထုတ်ယူလိုက်သည်။

မြေပေါ်တွင် လှဲနေသော ခွေးနှစ်ကောင်က ယဲ့ရှောင်ချန်း၏ လှုပ်ရှားမှုများကို မြင်ကာ ထလိုက်ကြပြီး ယဲ့ရှောင်ချန်းအနောက်တွင် အမြှီးများကို ခါရမ်းနေကြသည်။

အင်မော်တယ် မုန်လာဥများ စိုက်ပျိုးထားစဥ်က ခွေးနှစ်ကောင် လိမ်လိမ်မာမာနေကြပြီး အင်မော်တယ် မုန်လာဥများကို မဖျက်ဆီးခဲ့ကြပါ။

ခွေးနှစ်ကောင်သည် အင်မော်တယ် မုန်လာဥရွက်များကို စားမိမည်ကို သူ စိုးရိမ်နေခဲ့သည်။ သူတို့စားပြီးပါက အဆိပ်မိမသွားနိုင်ဘူးဟု မည်သူဆိုနိုင်မည်နည်း။ ယခုတော့ ခွေးနှစ်ကောင်က ဘေးအန္တရာယ်ကို ဘယ်လို ရှောင်ရှားရမလဲ သိသည့်ပုံပေါ်ပြီး အင်မော်တယ် မုန်လာဥများကို မစားခဲ့ပါ။

အင်မော်တယ်ပေါက်ပြားကို လက်ထဲတွင်ကိုင်ကာ ယဲ့ရှောင်ချန်းတစ်ယောက် စတင်တူးဆွလေသည်။

ယဲ့ရှောင်ချန်းသည် အလွန်ဂရုတစိုက် တူးဆွနေသည်။ အင်မော်တယ် မုန်လာဥများကို ထိခိုက်မိမည်ကို အလွန်စိုးရိမ်နေခဲ့သည်။ တူးဆွရင်း ထိခိုက်မိသွားပါက မရောင်းရမှာကို မစိုးရိမ်ဘဲ ဘယ်နေနိုင်ပါ့မည်နည်း။

မာကျောသော အင်မော်တယ် မြေများက အင်မော်တယ်ပေါက်ပြားအောက်တွင် တို့ဖူးကဲ့သို့ ပျော့ပျောင်းကာ အလွယ်တကူ တူးဆွနိုင်ခဲ့သည်။

ယဲ့ရှောင်ချန်းသည် အားများစွာ စိုက်ထုတ်ပြီး နောက်ဆုံးတော့ အမြစ်စိုင်ကို မထိခိုက်စေဘဲ အင်မော်တယ် မုန်လာဥ တစ်လုံးကို တူးထုတ်နိုင်ခဲ့သည်။

အင်မော်တယ် မုန်လာဥ၏ အမြစ်စိုင် ပေါ်လာသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် စိတ်ပျက်သွားမိသည်။

အင်မော်တယ် မုန်လာဥက အနည်းငယ် သေးငယ်သည်။ ရှည်လျားပြီး စိမ်းစိုနေသော သစ်ရွက်များနှင့်ပင် မတန်လှပါ။

မုန်လာဥက စျေးဆိုင်တွင် ရနိုင်သော မုန်လာဥများထက် ပိုမိုသေးငယ်နေသည်။ ထူးခြားချက်များကတော့ - အလွန်နီရဲပြီး အရောင်က တောက်ပသည်။ မျက်စိကျစရာဖြစ်ပြီး အလွန်သန့်ရှင်းသည်။ အလွန်ကောင်းမွန်သည့်ပုံ ပေါက်ပြီး အရွယ်အစားတော့ သေးငယ်သည်။

အထူးခြားဆုံးအရာက အင်မော်တယ် မုန်လာဥ၏ မျက်နှာပြင်ပေါ်တွင် အလင်းရောင်မှိန်မှိန်လေး ထွက်ပေါ်နေခြင်းပင်။

"ဒင်! အင်မော်တယ် မုန်လာဥကို စတိုးဆိုင်ထဲတွင် ထည့်လိုပါသလား။ မှတ်ချက်: ပစ္စည်းများ၏ ရောင်းစျေးကို စတိုးဆိုင်မှ သတ်မှတ်ပေးသည်။ နှောင့်ယှက်ခွင့်မရှိပါ။ စတိုးဆိုင်၏ လွှဲအပ်ခက ၅% ကျသင့်ပါမည်။"

ရုတ်တရက် ယဲ့ရှောင်ချန်း၏ စိတ်ထဲတွင် စနစ်အသံ ထွက်ပေါ်လာသည်။

All Chapters