အပေါစား
Vol. 2 Ch. 19
အခန်း(၁၉) - အပေါစား
"စတိုးဆိုင်မှာ ရောင်းချခြင်း ဟုတ်လား။"
ယဲ့ရှောင်ချန်းသည် စနစ်၏အသိပေးသံကို ကြားလိုက်ရသည်။ သူ့မျက်လုံးများ အရောင်တောက်နေပြီး အလွန်မျှော်လင့်နေမိသည်။
သူ့နှလုံးသားထဲတွင် နောက်ထပ်အကြံတစ်ခု ထွက်ပေါ်လာသည်။
သူသည် နတ်ဘုရားများကိုသာ ရောင်းချနိုင်သည်ဟု ထင်ထားသော်လည်း ယခုအခါ ဤစတိုးဆိုင်မှာပါ ရောင်းချနိုင်မည် ဆိုပါက ကိစ္စများ ခြားနားလာလေပြီ။
ယဲ့ရှောင်ချန်းသည် ထိုထွက်ကုန်များ၏ စျေးနှုန်းအကြောင်း လုံးဝ မသိပါ။ နတ်ဘုရားများကို ရောင်းချပါက ထိုနတ်ဘုရားများက အခွင့်ကောင်းယူပြီး အလွန်နိမ့်သော စျေးပေးလျှင် သူ အရှုံးပေါ်မည် မဟုတ်ပါလား။
အခုတော့ စတိုးဆိုင်ကို စမ်းကြည့်ကြရအောင်။ ဒါမှ ငါစျေးနှုန်းကို သိရမှာ။
ယဲ့ရှောင်ချန်းသည် အလွန်လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
သူ့စိတ်ထဲ လျင်မြန်စွာ တွေးတောဆင်ခြင်ကာ စနစ်ကို ဆင့်ခေါ်လိုက်သည်။ စနစ်စျေးဆိုင်ကို မုန်လာဥများ ရောင်းချရန် ဆန္ဒရှိသည်။
"မအောင်မြင်ပါ။ စတိုးဆိုင်တွင် အပ်နှံနိုင်သည့် ပမာဏ အကန့်အသတ်ရှိပါသည်။ အင်မော်တယ် မုန်လာဥက အဆင့်နိမ့်ပစ္စည်းများထဲတွင် ပါဝင်ပြီး စတိုးဆိုင်တွင် အပ်နှံဖို့အတွက် အနည်းဆုံး အင်မော်တယ် မုန်လာဥ အလုံး ၁၀၀ လိုအပ်ပါသည်။"
ရှုန်းနုန်စနစ်၏ အသံကို ကြားရသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် ဆဲချင်သွားသည်။
ထို့ကြောင့် စနစ်က အင်မော်တယ်မုန်လာဥအစေ့ ၁၀၀ ကို ပေးခဲ့ခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် စတိုးဆိုင်တွင် အပ်နှံဖို့အတွက် အနိမ့်ဆုံး အကန့်အသတ် ဖြစ်နေသည်။
ယခုတော့ သူသည် အလုံး ၅၀ သာ စိုက်ပျိုးထားသည်။ အကန့်အသတ်၏ တစ်ဝက်သာရှိပြိး သူသည် ထိုမုန်လာဥတွေကို စတိုးဆိုင်တွင် အပ်နှံ၍မရနိုင်ပါ။ ကျန်နေသော အင်မော်တယ် မုန်လာဥအစေ့များကို စိုက်ပျိုးရင်တောင် ရိတ်သိမ်းနိုင်ဖို့ အနည်းဆုံး တစ်လကျော် ကြာမြင့်ပေဦးမည်။ အချိန်ကြာလွန်းသဖြင့် သူသည် ထိုအချိန်ထိ မစောင့်နိုင်ပါ။
ဒါကိုတွေးရင်း ယဲ့ရှောင်ချန်းသည် ရွေးချယ်စရာမရှိတော့ဘဲ အင်မော်တယ် မိတ်ဆွေများကိုသာ အားကိုးဖို့ရှိတော့သည်။
မိတ်ဆွေဖြစ်ရန် တောင်းဆိုချက်များ လက်ခံပြီးကတည်းက ထိုနတ်ဘုရားများသည် တစ်ခါမှ မလှုပ်ရှားခဲ့သဖြင့် ဆက်သွယ်လို့ ရမလားတောင် သူ မသိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်ရအောင်။
"ဟယ်လို ကျွန်တော် ယဲ့ရှောင်ချန်းပါ။ ကျွန်တော့်မှာ အရည်အသွေးကောင်းတဲ့ အင်မော်တယ် မုန်လာဥတွေ ရှိပါတယ်။ လိုအပ်ရင် ကျွန်တော့်ကို ဆက်သွယ်ပေးပါ။"
နောက်တစ်ဆင့်က စောင့်ဖို့ ဖြစ်သည်။ ရလဒ်တစ်ခု ရှိလာမလား ဆိုတာကိုတောာ့ သူလည်း မသိပါ။
ယဲ့ရှောင်ချန်းသည် အင်မော်တယ်မုန်လာဥများကို ဆက်မတူးပါ။ မုန်လာဥတွေ သိမ်းဆည်းဖို့ အထူးဂိုဒေါင် မရှိသဖြင့် သူ တူးလိုက်သော အင်မော်တယ်မုန်လာဥများသည် ဝိညာဥ်စွမ်းအင်အချို့ကို ဆုံးရှုံးသွားနိုင်သည်။
သူ စောစောက တူးထားသော အင်မော်တယ် မုန်လာဥကို ကောက်ယူလိုက်ပြီး အမျိုးအမည် ဖော်ခြင်း အကြောင်း ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ထဲတွင် ဖတ်ကြည့်လိုက်သည်။ ထိုအင်မော်တယ် မုန်လာဥအား အမျိုးအမည်ဖော်ဖို့ဖြစ်သည်။
အပင်တစ်ပင်အား အမျိုးအမည်ဖော်ဖို့အတွက် ရှုထောင့်မျိုးစုံရှိသည်။ ပထမတစ်ခုက ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ဖြစ်ပြီး အသွင်အပြင်မှ အရောင်အဆင်း၊ အရွယ်အစားနှင့် အခြားအချက်များကို စစ်ဆေးဖို့လိုအပ်သည်။
အင်မော်တယ်မုန်လာဥ၏ အသွင်အပြင်က သာမန်မုန်လာဥနှင့် နှိုင်းယှဥ်ပါက ကောင်းမွန်သော်လည်း အင်မော်တယ် မုန်လာဥ အစစ်နှင့် နှိုင်းယှဥ်ကြည့်ပါက အရွယ်အစားက သေးနေသဖြင့် သိပ်မကောင်းပါ။ ထိုတစ်ချက်တည်းနှင့် အင်မော်တယ် မုန်လာဥ၏ အရည်အသွေးကို လျော့ကျသွားစေဖို့ လုံလောက်သည်။
ဒုတိယတစ်ချက်က အရသာဖြစ်သည်။ လူသားဖြစ်ဖြစ် နတ်ဘုရားဖြစ်ဖြစ် အရသာက မြည်းစမ်းကြည့်ရမည်ဖြစ်သည်။ ဒီတစ်ချက်ကိုတော့ ယဲ့ရှောင်ချန်း မစစ်ဆေးနိုင်ပါ။ သူက အင်မော်တယ် မုန်လာဥကို မစားနိုင်သောကြောင့်ဖြစ်သည်။
တတိယ တစ်ချက်က အာဟာရတန်ဖိုးများ ဖြစ်သည်။ သေချာပေါက် အင်မော်တယ် မုန်လာဥများအတွက် အာဟာရတန်ဖိုးများ လိုအပ်ရုံသာမကဘဲ ထူးခြားတဲ့ အင်မော်တယ် အရှိန်အဝါတစ်မျိုးလည်း လိုအပ်သည်။ ယဲ့ရှောင်ချန်း ထိုအချက်ကိုလည်း စစ်ဆေးဖို့ နည်းလမ်းမရှိခဲ့ပါ။
စတုတ္ထ တစ်ချက်က အင်မော်တယ် ပုံစံကွက်ဖြစ်သည်။ မည်သည့် အင်မော်တယ်အပင်မျိုးမဆို ထူးခြားသော အင်မော်တယ် ပုံစံကွက်များ ရှိကြသည်။ အင်မော်တယ် အရှိန်အဝါကို လိုအပ်ရုံတင်မကသေးဘဲ ပုံစံကွက်လည်း ရှိဖို့လိုသည်။ မျဥ်းကြောင်း ပိုမိုများပြားလေလေ ပိုမို ရှုပ်ထွေးလေလေ ဖြစ်ပြီး အင်မော်တယ်အပင်၏ အဆင့်ပိုမိုမြင့်ကြောင်း ဖော်ပြနေသည်။
အင်မော်တယ် ပုံစံကွက်များ တည်ရှိခြင်းက အင်မော်တယ် အပင်များ၏ အဆင့်ကို သတ်မှတ်ပေးသည်။ အင်မော်တယ် ပုံစံကွက်များ၏ ခြားနားမှုကြောင့် ခြားနားသော အဆင့်များရှိကြသည်။ ရှင်းရှင်းပြောရလျှင် ချွတ်ယွင်းသောအဆင့်၊ အဆင့်နိမ့်၊ အဆင့်မြင့် နှင့် အကောင်းဆုံး အရည်အသွေးအဆင့် ပစ္စည်းများ ရှိကြသည်။
"ဒီအင်မော်တယ် မုန်လာဥက ဘယ်အဆင့်ထဲပါလဲ မသိဘူး။"
ယဲ့ရှောင်ချန်း၏ နှလုံးသားထဲတွင် ကြောင်ခြစ်ရာတစ်ချက်ရှိသလိုမျိုး အင်မော်တယ် မုန်လာဥထဲက အင်မော်တယ် ပုံစံကွက်ကို သိချင်စိတ်များဖြင့် ယားယံနေလေသည်။
အထဲက မျဥ်းများကို ကြည့်ဖို့အတွက် အင်မော်တယ် မုန်လာဥကို လှီးဖြတ်ဖို့ လိုအပ်သည်။
ယဲ့ရှောင်ချန်းသည် ကျွမ်းကျင်သူ အစစ်အမှန်တစ်ယောက် ဖြစ်ပါက စိတ်စွမ်းအားတစ်ခုတည်းနှင့် မုန်လာဥ၏ အထဲကို ဖောက်ထွင်းကြည့်နိုင်သည်။ သို့သော် လောလောဆယ် ယဲ့ရှောင်ချန်းတွင် ထိုအစွမ်းအစ မရှိသေးပါ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါကိုယ်တိုင် အင်မော်တယ် မုန်လာဥရဲ့ ပုံစံကွက်ကို မစစ်ဆေးနိုင်ဘူးဆိုရင် ရှန်းနုန်ဧကရာဇ်ဖြစ်လာဖို့ အရည်အချင်း မပြည့်မှီဘူး။ ဒါကို လှီးဖြတ်လိုက်တာက နှမြောစရာဆိုပေမယ့် ရှောင်လွှဲလို့မရနိုင်ဘူး။"
ယဲ့ရှောင်ချန်းသည် သိပ်မကြာမီ ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီမုန်လာဥကို အင်မော်တယ်ယွမ်နှင့် လဲလှယ်လို့ရသည်။ နှမြောသဖြင့် ယဲ့ရှောင်ချန်း ဝမ်းနည်းသွားသည်။
လေ့လာဖို့ဆိုလျှင် သူ့တွင် အခြား ရွေးချယ်စရာမရှိပါ။
ယဲ့ရှောင်ချန်းသည် တဲအိမ်ထဲသို့ ပြန်လာခဲ့ပြီး သစ်သီးလှီးဓားတစ်ချောင်း ထုတ်လိုက်သည်။
အင်မော်တယ်မြေလိုမဟုတ်ဘဲ အင်မော်တယ် မုန်လာဥကတော့ မာကျောမနေဘဲ သာမန် မုန်လာဥနှင့် ဆင်တူပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းတစ်ယောက် အလွန်သိချင်နေမိသည်။ အင်မော်တယ်မြေက အလွန်မာကျောပါက နူးညံ့သော မုန်လာဥသည် မြေကြီးထဲတွင် ဘယ်လိုလုပ်ပြီး ကြီးထွားလာနိုင်ပါသနည်း။
အပင်တွေက သံမဏိထဲတွင် ပေါက်နိုင်လို့လား။
မဖြစ်နိုင်ပါ။
သို့သော် အင်မော်တယ် မုန်လာဥကတော့ ပေါက်နိုင်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် အင်မော်တယ်အပင်များ၏ သာမန်မဟုတ်သော ထူးခြားချက်ဟုပင် မှတ်ယူနိုင်တော့သည်။
သူ အမြီးပိုင်းကို ဂရုတစိုက်ဖြတ်လိုက်သည်။
"အောင်မယ်လေး မာလိုက်တာ"
ထိုအပိုင်းကိုဖြတ်ဖို့အတွက် ယဲ့ရှောင်ချန်း အားများစွာ စိုက်ထုတ်လိုက်ရသည်။
အမြီးပိုင်းက အနီရောင်ဖြစ်သည်။ သို့သော်လည်း ထူးဆန်းပြီး အရောင်ဖျော့ကာ အလွန်ရှင်းလင်းပြတ်သားခြင်း မရှိပါ။
"ဒီပုံစံကွက်က လုံးဝန်းတယ်၊ ဒါက ချွတ်ယွင်းနေတဲ့ ထုတ်ကုန်တစ်ခုပဲ။"
ယဲ့ရှောင်ချန်းသည် မှုန်ဝါးနေသော အင်မော်တယ် ပုံစံကွက်ကို မြင်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားသည်။
သူသည် ရှန်းနုန်တစ်ယောက်ဖြစ်သောကြောင့် အဆင့်မြင့် မုန်လာဥ ထွက်လာမည်ဟု ထင်ထားသော်လည်း ယခုတော့ အလွန်စိတ်ပျက်စရာ ကောင်းလှပါသည်။
အင်မော်တယ် အပင်များတွင် မတူညီသော ပုံစံကွက်များရှိပါသည်။
ချွတ်ယွင်းသော အပင်များက ပုံမှန်အားဖြင့် လုံးဝန်းသော ပုံစံကွက်များရှိကြသည်။ ကမ္ဘာမြေပေါ်က သစ်ပင်ကြီးတစ်ပင်၏ အဝိုင်းသဏ္ဌာန်မျိုးဖြစ်သည်။
လုံးဝိုင်းသော ပုံစံကွက်ရှိပါက အင်မော်တယ် အပင်က ချွတ်ယွင်းသည်။ အရေအတွက် ဘယ်လောက်ပဲရှိရှိ ချွတ်ယွင်းသော အမျိုးအစားထဲကတော့ ထွက်၍မရနိုင်ပါချေ။
အကွင်းပမာဏ ပိုများလျှင် အနည်းငယ် အဆင့်မြင့်သည်ဟု ဆိုနိုင်သည်။ ချွတ်ယွင်းသော အဆင့်တွင်လည်း အမျိုးအစား ခြားနားမှုရှိပါသည်။
အဆင့်နိမ့်ဆိုလျှင် ကွန်ချာ ပုံစံကွက်ရှိသည်။ ရှုပ်ထွေးသော အနေအထားရှိသည်ဟု ဆိုနိုင်သည်။
လုံးဝန်းသောမျဥ်းဖြစ်ဖြစ် ကွန်ချာပုံစံကွက်ဖြစ်ဖြစ် တည်ငြိမ်မျဥ်းများထဲတွင် ပါဝင်သည်။
အဆင့်မြင့် ပုံစံကွက်များက ပြောင်းလဲမျဥ်းများ ဖြစ်ကြပြီး အချိန်မရွေး အင်မော်တယ် မျဥ်းများသည် ပြောင်းလဲနိုင်ပြီး နောက်ဆုံးပုံသဏ္ဍာန်မရှိဘူး၊ အရမ်းထူးဆန်းသည်။
အရည်အသွေးအကောင်းဆုံး အင်မော်တယ် အပင်များကတော့ မရှိသလောက်ဖြစ်ကာ ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်တွင် ထိုအကြောင်း ဘာမှ ဖော်ပြမထားပါ။
ရုတ်တရက် သူ့ခေါင်းထဲတွင် မြည်သံတစ်ခု ပေါ်လာသည်။ ယဲ့ရှောင်ချန်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ နတ်ဘုရားမိတ်ဆွေတစ်ပါးက သူ့ကို ဆက်သွယ်နေခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်း ရှန်းနုန်မျက်နှာပြင်စနစ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ သူငယ်ချင်းမိတ်ဆွေများ ဘောင်ကွက်တွင် အရောင်လက်နေသော ဓာတ်ပုံငယ်လေးတစ်ခုကို မြင်လိုက်သည်။
"လနတ်သမီးတဲ့လား။"
ယဲ့ရှောင်ချန်း မျက်လုံးများ ဝိုင်းသွားသည်။
ဘယ်မိသားစုမဆို လနတ်သမီး၏ ရာဇဝင်ကို သိကြသည်။
လနတ်သမီး သူ့ကို ဆက်သွယ်ရခြင်း၏ အကြောင်းအရင်းကို သူ နားလည်သည်။ သူမ မွေးထားသော ယုန်နှင့် သက်ဆိုင်နေလိမ့်မည်ဟု သူတွေးမိသည်။ ယုန်များက မုန်လာဥများကို အကြိုက်ဆုံးဖြစ်သည် မဟုတ်ပါလား။
စဥ်းစားပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အသက်ဝဝ ရှူလိုက်ပြီး အရောင်လက်နေသော ဓာတ်ပုံကို မြန်မြန်ဖွင့်ကြည့်လိုက်ပြီး လနတ်သမီးနှင့် စတင်ဆက်သွယ်လေသည်။
"ယဲ့ရှောင်ချန်း ရှင့်မှာ အင်မော်တယ် မုန်လာဥ ဘယ်နှလုံး ရှိလဲ။ အရည်အသွေးကော ကောင်းရဲ့လား။ လပေါ်က ကျွန်မရဲ့ ယုန်လေးက အဆင့်မြင့် အင်မော်တယ် မုန်လာဥတွေပဲ စားတတ်တာ။"
ယဲ့ရှောင်ချန်းတစ်ယောက် လနတ်သမီး၏ မက်ဆေ့ချ်ကို တွေ့သောအခါ သူ ကြောင်သွားရသည်။
လခွမ်း၊ အဆင့်မြင့် အင်မော်တယ် မုန်လာဥပဲ စားတယ်တဲ့လား။
ဘယ်လိုယုန်မျိုးပါလိမ့်။ အကောင်းကြိုက်ချက်။
ဒီအင်မော်တယ် မုန်လာဥတစ်သုတ်ကို ငါ့ဖာသာငါပဲ သိမ်းထားရတော့မှာလား။
ယဲ့ရှောင်ချန်း စိတ်ဒုက္ခရောက်သွားသည်။ သူသည် အင်မော်တယ် မုန်လာဥတစ်လုံးကို လှီးခဲ့သည်။ ယခုတော့ သူ နောက်ထပ် အင်မော်တယ် မုန်လာဥ အလုံး ၅၀ကို ထပ်စိုက်လျှင်တောင် အင်မော်တယ် မုန်လာဥ ၉၉ လုံးသာ ရှိတော့မည်ဖြစ်ပြီး မုန်လာဥတစ်လုံး လိုနေမည် ဖြစ်သည်။
အပေါစားတွေပဲ။
ရုတ်တရက်ဆိုသလို ယဲ့ရှောင်ချန်း နောင်တရသွားသည်။ သူ ဘာကြောင့် အင်မော်တယ် မုန်လာဥတစ်လုံး၏ ပုံစံကွက်ကို လေ့လာခဲ့ရသနည်း။
ယခုတော့ စတိုးဆိုင်တွင်တောင် တင်ရောင်းလို့ မရတော့ပေ။
ယဲ့ရှောင်ချန်းတစ်ယောက် နောင်တအကြီးအကျယ် ရသွားမိပါသည်။