အင်မော်တယ်ယွမ်
Vol. 2 Ch. 20
အခန်း(၂၀) - အင်မော်တယ်ယွမ်
"စီးပွားရေးလုပ်ရတာ ဘာဖြစ်လို့ ဒီလောက် ခက်ရတာလဲကွာ။"
ယဲ့ရှောင်ချန်းတစ်ယောက် ခါးသီးပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
ပထမဆုံး သူ့ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ရောင်းချဖို့က ပြဿနာကြီးတစ်ခု ဖြစ်ခဲ့ရသည်။ ပို့ကုန်များ လိုအပ်နေသည့် လျှို့ဖူရှန်းနှင့်သာမဆုံခဲ့လျှင် သူသည် မားကတ်များတွင် လျှောက်သွားကာ ဟင်းသီးဟင်းရွက်များ ရောင်းချဖို့အတွက် ခေါင်းခဲရပေဦးမည်။
သူသည် ဝမ်ရွှေရှန့်၏ သားကို မကယ်တင်ခဲ့လျှင် သူသည် နေ့တိုင်း သုံးဘီးဆိုင်ကယ်တစ်စီးဖြင့် စျေးတွင် ဟင်းသီးဟင်းရွက်များ ရောင်းချနေရဦးမည်။
ယခုလည်း အင်မော်တယ် မုန်လာဥများ ရိတ်သိမ်းပြီး ဖြစ်သော်လည်း ရောင်းချဖို့ ပြဿနာ တက်နေဆဲပင်။
စတိုးဆိုင်အပ်နှံဖို့ အခွင့်အရေးဆုံးရှုံးပြီးနောက် ယဲ့ရှောင်ချန်းတစ်ယောက် သူ့အင်မော်တယ် မုန်လာဥများ ရောင်းချဖို့ကို အင်မော်တယ်မိတ်ဆွေများကိုသာ အားကိုးရတော့မည်ကို သိသည်။ သူတို့က အင်မောင်တယ် မုန်လာဥများကို စျေးပေါပေါနှင့်ဝယ်လျှင်တောင် သူ ငြင်းနိုင်မည်မဟုတ်ပါ။ မဟုတ်လျှင် သူ့မှာ အင်မော်တယ်ယွမ် မရှိပါက သူသည် အင်မော်တယ်အပင်မျိုးစေ့များ ဝယ်နိုင်တော့မည် မဟုတ်ပါ။
အင်မော်တယ်မြေများ၊ အခြားစိုက်ပျိုးရေးခြံ အဆောက်အအုံများ၊ ကျင့်ကြံခြင်း နည်းလမ်းများ လေ့ကျင့်ဖို့နှင့် မှော်လက်နက်များကိုတော့ အချိန်တစ်ခုအထိ သူ မေ့ထားရပေဦးမည်။
သူ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။ သူ့ရဲ့ အစီအစဥ်ချသည့်နေရာတွင် ပြဿနာတစ်ခု ရှိနေသည်။ သူက အချိန်ဖြုန်းနေသည်သာ မကဘဲ ရှန်းနုန်စနစ်ကို အလကား ဖြစ်သွားနိုင်သည့် စွန့်စားမှုကြီးတစ်ခုကိုတောင် လုပ်ခဲ့သေးသည်။
အသက်ဝဝရှူလိုက်ပြီး ယဲ့ရှောင်ချန်းတစ်ယောက် သူ့ထုတ်ကုန်များကို ရောင်းချဖို့ အကောင်းဆုံး ကြိုးစားရမည့်အချိန်ကို ရောက်နေကြောင်း သိလိုက်ရသည်။
"လနတ်သမီး ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အင်မော်တယ် မုန်လာဥတွေက ချို့ယွင်းနေပါတယ်။ ကျွန်တော် အင်မော်တယ် မုန်လာဥကို စိုက်ပျိုးတာ ဒါပထမဆုံးအကြိမ်မို့လို့ ပြဿနာတစ်ချို့ကို ရှောင်လွှဲလို့မရခဲ့ပါဘူး။ နောက်တစ်ကြိမ် စိုက်ပျိုးမယ်ဆိုရင် အရည်အသွေးကို တိုးတက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ လနတ်သမီးသာ ဒီအင်မော်တယ် မုန်လာဥ တစ်သုတ်ကို ဝယ်ယူမယ်ဆိုရင် ကျွန်တော် စျေးလျှော့ပေးပါ့မယ်။"
ယဲ့ရှောင်ချန်းက ခဏလောက် စဥ်းစားကြည့်ပေမယ့် ဘာဆက်ပြောရမှန်း မသိတော့ချေ။
သူက ရှင်းပြသည့်နေရာတွင် တော်သည့်လူ မဟုတ်သလို ကုန်ပစ္စည်းများရောင်းချရာတွင်လည်း အရည်အချင်း မရှိပါ။ မဟုတ်လျှင် သူ့ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ရောင်းချဖို့လိုသည့်အချိန်တုန်းက နေရာတိုင်းတွင် အဟန့်အတားနှင့် ကြုံတွေ့ရပြီး အခြားသူများကို မစည်းရုံးနိုင်ခဲ့မည် မဟုတ်ပါ။
နောက်ဆုံးတော့ ထပ်ခါထပ်ခါ စဥ်းစားပြီးနောက်တွင် သူသည် ထိုမက်ဆေ့ချ်ကို ပို့လိုက်သည်။
ယဲ့ရှောင်ချန်း အလွန်စိတ်ညစ်သွားသည်။ ထိုစာသား၏ အဓိပ္ပာယ်က သူ့ကိုယ်သူတောင် ယုံကြည်ချက်မရှိကြောင်း ပြနေသဖြင့် လနတ်သမီးကို အထင်ကြီးစေပါ့မလား။
"ယဲ့ရှောင်ချန်း တကယ်တော့ ကျွန်မက ကျွန်မရဲ့ အိမ်မွေးယုန်လေးအတွက် အင်မော်တယ် မုန်လာဥတွေ ဝယ်တာပါ။ ကျွန်မယုန်လေးကလည်း ချို့ယွင်းတဲ့ အင်မော်တယ် မုန်လာဥတွေကို မစားတတ်ဘူး။ ကျွန်မ ဝယ်လိုက်ရင် ဘာမှသုံးမရဘဲ ဖြုန်းတီးရာပဲကျမှာ မို့လို့..."
ခဏလောက်ကြာတော့ လနတ်သမီးက စာပြန်လာသည်။
ယဲ့ရှောင်ချန်း မက်ဆေ့ကိုမြင်သောအခါ သူ့နှလုံးသားမှာ စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားခဲ့ရပြီး သူသည် ရောင်းချဖို့ ကျရှုံးသွားပြီးမှန်း သိလိုက်ရသည်။
မသုံးနိုင်သည့် ပစ္စည်းကို အရူးတစ်ယောက်သာ ဝယ်လိမ့်မည်။
သူသည် လနတ်သမီးအား အင်မော်တယ် မုန်လာဥ ရောင်းချဖို့ ကျရှုံးခဲ့လေပြီ။ ပြောစရာမလိုအောင် အခြား နတ်ဘုရားများကလည်း ခြားနားမည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူ့အင်မော်တယ် မုန်လာဥများက အလွန်သာမန်ဆန်ပြီး ပမာဏကလည်း နည်းပါးလွန်းသည် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် မုန်လာဥများကို ရောင်းချရန် ယုံကြည်ချက်အားလုံး ဆုံးရှုံးသွားပြီ ဖြစ်သည်။
"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် မက်ဆေ့ချ်ကို ပို့ဖို့ ပြင်နေတုန်း ရုတ်တရက် လနတ်သမီးက ယဲ့ရှောင်ချန်းကို မက်ဆေ့ချ်တစ်စောင် ပို့လာသည်။ "ဒါပေမယ့် ယဲ့ရှောင်ချန်း ဒီအင်မော်တယ် မုန်လာဥ တစ်သုတ်ကို ကျွန်မဝယ်ဖို့ မဖြစ်နိုင်ပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်။"
ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ ယဲ့ရှောင်ချန်း အနည်းငယ် လန့်သွား၏။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထင်ပေါ်လာပြီး ယခုလောလောဆယ် ဘယ်လိုအခြေအနေရပ်မျိုးကိုမဆို သူ လက်ခံနိုင်သည်။ သူ့ခန္ဓာကိုယ်ကို ရောင်းစားဖို့ပင် ပြဿနာမရှိတော့ပါ။
ဘာပဲဖြစ်ဖြစ် သူသည် ဤအင်မော်တယ်မုန်လာဥကို မရောင်းချနိုင်ပါက သူသည် အင်မော်တယ်ယွမ်များ ရရှိမည်မဟုတ်ဘဲ ဘာမှမဝယ်ယူနိုင်တော့ကာ ရှန်းနုန်စနစ်ကြီးအား ဖျက်ဆီးပြစ်လိုက်သလို ဖြစ်သွားနိုင်သည်။
"ကျေးဇူးပြုပြီး ပြောပါ လနတ်သမီး"
ယဲ့ရှောင်ချန်း ခုနက မက်ဆေ့ချ်ကို ခပ်မြန်မြန် ပြန်ဖျက်ပြစ်လိုက်ပြီး နောက်ထပ်မက်ဆေ့ချ်အသစ်တစ်စောင် အမြန်ပို့လိုက်သည်။
"ယဲ့ရှောင်ချန်း ရှင် အင်မော်တယ် မုန်လာဥတွေကို ဆက်စိုက်နေဖို့ မျှော်လင့်ပါတယ်။ စိုက်ပျိုးပြီးလို့ အကောင်းဆုံးအဆင့်နဲ့ အဆင့်မြင့် မုန်လာဥတွေပါလာရင် ကျွန်မကို အရင်ဆုံး ရောင်းရမယ်။"
လနတ်သမီးက မက်ဆေ့ချ်ပို့လိုက်သည်။
"အဲ့လောက် ရိုးရှင်းတာလား။"
ယဲ့ရှောင်ချန်း အနည်းငယ် လန့်သွားပြီး မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။ လနတ်သမီးက သူ့ကို အလွန် ခက်ခဲသော တောင်းဆိုချက်တစ်ခု တောင်းဆိုမည်ဟု သူထင်ခဲ့မိ၏။
သူ့တွင် သံသယများရှိနေသော်လည်း ယဲ့ရှောင်ချန်း အလွန်ပျော်ရွှင်သွားပြီး အမြန် စာပြန်လိုက်သည်။ "ကောင်းပါပြီ လနတ်သမီး ကျွန်တော် ကတိပေးပါတယ်။"
လနတ်သမီး : "ကောင်းပြီ၊ ဒါဆို ကျွန်မတို့ အခုပဲ အင်မော်တယ် သဘောတူစာချုပ်ကို လက်မှတ်ထိုးကြရအောင်။ နောက်ပိုင်း လိုရမယ်ရ သက်သေအတွက်ပေါ့။"
ခဏကြာသောအခါ ယဲ့ရှောင်ချန်း၏ အာရုံထဲတွင် ထူးဆန်းသော အဆောင်တစ်ခု ပေါ်လာသည်။ ထိုအဆောင်လေးထဲတွင် ဘာရှိမှန်း သူနားလည်နိုင်သည်။ အင်မော်တယ် သဘောတူစာချုပ်ဖြစ်သည်။ စာချုပ်၏ ပါဝင်သော အကြောင်းအရာများကို မှတ်တမ်းတင်ထားပြီး အလွန်အသေးစိတ်ကျသည်။
ယဲ့ရှောင်ချန်းက ဂရုတစိုက် ဖတ်လိုက်၏။ ကျိုးကြောင်းသင့်လျော်သည်ဟုခံစားရပြီး အမျိုးအစားကန့်သတ်ချက်ကိုလည်း မကျော်လွန်သဖြင့် သူစျေးဆစ်ဖို့ မတွေးတော့ဘဲ ချက်ချင်း လက်ခံလိုက်သည်။
ရုတ်တရက် အင်မော်တယ် သဘောတူ စာချုပ်အဆောင်က မရေမတွက်နိုင်သော အလင်းရောင်လေးအဖြစ် ကွဲထွက်သွားပြီး ယဲ့ရှောင်ချန်း၏ အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
နေရာတိုင်းတွင် အင်မော်တယ် သဘောတူစာချုပ် ရှိနေသည်ဟု သူခံစားလိုက်ရသည်။
သူသည် ထိုစာချုပ်ကို ဖောက်ဖျက်ပါက တစ်ခုခု ဆိုးရွားတာ ဖြစ်လိမ့်မည်။
ယဲ့ရှောင်ချန်းက ဂရုမစိုက်ပါ။ သူသည် ဒီအင်မော်တယ် မုန်လာဥ တစ်သုတ်ကို ရောင်းနိုင်ပါက အကြီးမားဆုံး အောင်မြင်မှုဖြစ်ပြီး အခြားကိစ္စများကိုတော့ လောလောဆယ် စဥ်းစားစရာမလိုပါ။
နောက်ဆုံးတော့ ပုံမှန်စျေးကို ယဲ့ရှောင်ချန်း လောလောဆယ် မသိရသေးပါ။ စတိုးဆိုင်တွင်လည်း အင်မော်တယ် မုန်လာဥအတွက် ဖော်ပြထားသော စျေးနှုန်းမရှိပါ။
ထို့ကြောင့် လနတ်သမီးကပဲ စျေးကို ဆုံးဖြတ်ပေးရမည် ဖြစ်သည်။
ခဏနေတော့ လနတ်သမီးက ဤစျေးဖြင့် ဝယ်ယူမည်။
အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အကောင်းဆုံး အဆင့် မုန်လာဥများအတွက် လောလောဆယ် ပုံသေစျေး မရှိသေးပါ။ ယဲ့ရှောင်ချန်းက ငတုံးမဟုတ်ပါ။ ယခု စျေးကို ပုံသေ သတ်မှတ်လိုက်ပါက လနတ်သမီးက ထိုလွတ်ပေါက်ကို အခွင့်ကောင်းယူပြီး သူ ကြီးကြီးမားမား အရှုံးပေါ်သွားနိုင်သည်။
ယဲ့ရှောင်ချန်းက အချိန်နည်းနည်းယူပြီး အင်မော်တယ် မုန်လာဥ ၄၉ လုံးစလုံးကို တူးလိုက်သည်။ ထို့နောက် လနတ်သမီးအား အင်မော်တယ်ယွမ် ၄၉ ယွမ်နှင့် ရောင်းချလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းသည် သူ့ပထမဆုံး အင်မော်တယ်ယွမ် ၄၉ ယွမ်ကို ရရှိသွားသည်။
ယဲ့ရှောင်ချန်း နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိ၏။ လုပ်ငန်းစဥ်က အလှည့်အပြောင်းများခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ စတင်နိုင်ခဲ့ပြီဖြစ်သည်။
ကံမကောင်းစွာဖြင့် ၄၉ အင်မော်တယ်ယွမ်က နည်းပါးလွန်းသည်။ စတိုးဆိုင်ထဲက ပစ္စည်းများက စျေးကြီးလွန်းလှသည်။
အင်မော်တယ်မြေများ၊ ဂိုဒေါင်နှင့် အင်မော်တယ် စမ်းရေကို ဝယ်ဖို့အတွက် လောလောဆယ် သူတွေးပင် မတွေးချင်ပါ။
ရှန်းနုန်လမ်းစဥ်ကို သူ လျှောက်လမ်းဖို့ အဝေးကြီး လိုနေပါသေးသည်။
ယဲ့ရှောင်ချန်းတစ်ယောက် သူ့စိတ်ကို ရှင်းလင်းလိုက်ပြီး အောင်မြင်လိုစိတ် ထပ်မံပြင်းထန်လာသည်။
ဆေးဖော်စပ်ရန်အတွက် ဘွိုင်လာအိုး ဝယ်မည့် အကြံက မပျက်ယွင်းသေးပါ။
စတိုးဆိုင်ထဲတွင် အဆင့်နိမ့် ဘွိုင်လာအိုးများစွာ ရှိသည်။ သေချာပေါက် အဆင့်မြင့်အိုးများကိုတော့ မတတ်နိုင်ပါ။ အဆင့်မြင့်အိုးများသည် အနည်းဆုံး အင်မော်တယ်ယွမ် ၁၀၀,၀၀၀ လောက် ရှိသည်။ အဆင့်အနိမ့်ဆုံးကတော့ အင်မော်တယ်ယွမ် ၃၅ ယွမ် နှင့် ဝယ်နိုင်သည်။
တကယ်တော့ ဒီစျေးကလည်း ယဲ့ရှောင်ချန်းအတွက် စျေးမနည်းပါ။
သူ့တွင် အင်မော်တယ်ယွမ် ၄၉ယွမ်သာ ရှိသည်။ ဘွိုင်လာတစ်လုံးစျေးကို နှုတ်လိုက်ပါက သူ့တွင် အင်မော်တယ်ယွမ် ၁၄ယွမ်သာ ကျန်တော့မည်။ ထိုမျှလောက်နှင့် အင်မော်တယ် မုန်လာဥမျိုးစေ့ တစ်ထုတ်သာ ဝယ်နိုင်တော့မည်။
ယဲ့ရှောင်ချန်းသည် အံကြိတ်ပြီး အင်မော်တယ် မုန်လာဥ မျိုးစေ့တစ်ထုတ်နှင့် စျေးပေါသော ဘွိုင်လာအိုးတစ်လုံး ဝယ်လိုက်သည်။
ရုတ်တရက်ဆိုသလိုပင် သူ့တွင် အင်မော်တယ်ယွမ် ၄ ယွမ်သာ ကျန်ပါတော့သည်။
ယဲ့ရှောင်ချန်းတစ်ယောက် မျက်လုံးများ အရောင်လက်သွားသည်။ စတိုးဆိုင်ထဲရှိ ပြောင်လက်တောက်ပသော ကုန်ပစ္စည်းများကြားတွင် သူလိုအပ်သည်များကို ရှာဖွေရန် အတတ်နိုင်ဆုံး ကြိုးစားနေသေးသည်။
ရုတ်တရက်ဆိုသလို သူ့မျက်လုံးများ တောက်ပပြီး စိတ်လှုပ်ရှားသော အရောင်များ လင်းလက်သွားသည်။
အင်မော်တယ် ပဲစေ့ (အနီရောင်)၊ ၁ အင်မော်တယ်ယွမ်၊ မီးဂုဏ်သတ္တိ၊ မီးပဲစေ့ရုပ်သေး အတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
အင်မော်တယ် ပဲစေ့ (အစိမ်းရောင်)၊ အင်မော်တယ်ယွမ် ၁ ယွမ်၊ သစ်သားဂုဏ်သတ္တိ၊ သစ်သားပဲစေ့ရုပ်သေးအတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
အင်မော်တယ် ပဲစေ့ (အနက်ရောင်)၊ အင်မော်တယ်ယွမ် ၁ ယွမ်၊ ရေဂုဏ်သတ္တိ၊ ရေပဲစေ့ရုပ်သေးအတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
အင်မော်တယ် ပဲစေ့ (အဝါရောင်)၊ အင်မော်တယ်ယွမ် ၁ ယွမ်၊ မြေဂုဏ်သတ္တိ၊ မြေပဲစေ့ရုပ်သေးအတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
အင်မော်တယ် ပဲစေ့ (အပြာရောင်)၊ အင်မော်တယ်ယွမ် ၁ယွမ်၊ လေဂုဏ်သတ္တိ၊ လေပဲစေ့ရုပ်သေးအတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
အင်မော်တယ် ပဲစေ့ (အဖြူရောင်)၊ အင်မော်တယ်ယွမ် ၁ ယွမ်၊ သတ္ထုဂုဏ်သတ္တိ၊ သတ္ထုပဲစေ့ရုပ်သေးအတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
အင်မော်တယ် ပဲစေ့ (ခရမ်းရောင်)၊ အင်မော်တယ်ယွမ် ၁ ယွမ်၊ မိုးကြိုးဂုဏ်သတ္တိ၊ မိုးကြိုးပဲစေ့ရုပ်သေးအတွက် သန့်စင်သော ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
"ဒီအင်မော်တယ် ပဲစေ့တွေက ကောင်းသားပဲ။ နည်းနည်းစျေးကြီးပေမယ့် အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ရင် ရိတ်သိမ်းဖို့က ကောင်းမွန်မှာပဲ။"
ယဲ့ရှောင်ချန်းက အင်မော်တယ် ပဲစေ့ ခုနစ်မျိုးကို ဂရုတစိုက် ကြည့်ကာ မကြာမီ ဆုံးဖြတ်ချက်ချလိုက်သည်။
နောက်ဆုံးတော့ စိုက်ပျိုးရန် အလွယ်ကူဆုံးဖြစ်သည့် (အဝါရောင်) အင်မော်တယ် ပဲစေ့ကို ရွေးချယ်လိုက်တော့သည်။
အခြားအင်မော်တယ် ပဲစေ့မျိုးများက အင်မော်တယ် မြေကို လိုအပ်သည်ကလွဲ၍ ကျန်သော အခြေအနေလိုအပ်ချက်များမှာ ခက်ခဲလှသည်။ ဥပမာအားဖြင့် (အနီရောင်) အင်မော်တယ်ပဲစေ့က မီးအမျိုးအစား အင်မော်တယ် မြေသြဇာကို လိုအပ်သည်။ မဟုတ်လျှင် မီးအင်မော်တယ်ချီက နည်းပါးသွားပြီး ပဲစေ့များ၏ အရည်အသွေးကို များစွာ သက်ရောက်မှုရှိစေလိမ့်မည်။
ပြီးတော့ အခြားအမျိုးအစားများကလည်း ထိုနည်းတူစွာ ဖြစ်သည်။
(အဝါရောင်) အင်မော်တယ် ပဲစေ့သာလျှင် မြေဂုဏ်သတ္တိနှင့်သက်ဆိုင်ပြီး ကမ္ဘာမြေတွင် မြေဂုဏ်သတ္တိ ရှိပြီးသားဖြစ်သဖြင့် အနိမ့်ဆုံး လိုအပ်ချက်သာ ရှိသည်။
ယဲ့ရှောင်ချန်း၏ အခြေအနေက လောလောဆယ် အကန့်အသတ်ရှိသဖြင့် သူ(အဝါရောင်) အင်မော်တယ် ပဲစေ့များကိုသာ ရွေးနိုင်သည်။
နောက်ဆုံးကျန်သည့် အင်မော်တယ်ယွမ် ၄ ယွမ်ကို သုံးကာ သူ(အဝါရောင်) အင်မော်တယ် ပဲစေ့ ၄ စေ့ကို ဝယ်ယူလိုက်တော့သည်။