← Chapters

ကြိုတင်ပြင်ဆင်မှု

Vol. 2 Ch. 22

ကြိုတင်ပြင်ဆင်မှု

Vol. 2 Ch. 22

အခန်း(၂၂) – ကြိုတင်ပြင်ဆင်မှု

ယဲ့ရှောင်ချန်းသည် ထမင်းစားနေရင်း ရုတ်တရတ် အေးခဲသွားသည်။

သူ့လက်ရှိအသက်နှင့်ဆိုလျှင် ကျေးလက်ဒေသမှာ အောင်သွယ်လုပ်၊ အိမ်ထောင်ပြုပြီး အခြေချသင့်သည်မှာ ကြာပြီဖြစ်သည်။

သို့သော်လည်း သူတက္ကသိုလ် တက်ရောက်ခဲ့သဖြင့် သူလက်ထပ်သည့်ကိစ္စက နောက်ဆုတ်ခဲ့ရပြီး မိသားစုအခြေအနေကလည်း သိပ်မကောင်းခဲ့ပေ။ ဘွဲ့ရပြီးသွားသောအခါ အလုပ်ကလည်း အဆင်မပြေခဲ့သဖြင့် ဘယ်သူမှ သူ့အတွက် အောင်သွယ်တော် မလုပ်ပေးချင်ကြပေ။

ယခုတော့ သူ့အဒေါ်ကိုယ်တိုင် အောင်သွယ်လုပ်ပေးချင်နေပြီး ပြဿနာတစ်ခုဟုသာ ပြောနိုင်သည်။ သူ့စိုက်ပျိုးရေးခြံက အဆင်ပြေနေပြီး ငွေလည်း စရလာပြီဖြစ်ကြောင်း သူမ သိသည်။

ဒါက တကယ့်ပြဿနာပင်။

ယဲ့ရှောင်ချန်းသည် ဘာမှမတတ်နိုင်ဘဲ သူ့အမေကိုသာ ကြည့်လိုက်မိပြီး နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်မိသည်။ သူ့အမေက သူ့အိမ်ထောင်ရေးအတွက် အလွန်စိုးရိမ်နေပုံရသည်။

ရှန်းနုန်စနစ်လည်းမရှိ၊ ဝမ်ရှင်းယီကိုလည်း မတွေ့ခဲ့ဘူး ဆိုလျှင်တော့ သူစဥ်းစားကောင်း စဥ်းစားနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဘဝအတွက် အရေးကြီးသည့်ကိစ္စ မဟုတ်ပါလား။

သို့သော်လည်း ယခုတော့ သူတွန့်ဆုတ်နေရသည်။

သို့သော် သူ့အဒေါ်၏ စေတနာဖြစ်သဖြင့် ယဲ့ရှောင်ချန်းသည် တဲ့တိုးငြင်းလို့ မကောင်းပါ။ ဒါ့အပြင် လက်ရှိအခြေအနေကိုကြည့်ရင် သူ့အမေက ထိုကိစ္စကို သူ့အဒေါ်နှင့် မကြာခဏပြောလေ့ရှိတယ်ဟု ခန့်မှန်းရပါသည်။

"ဟုတ်ကဲ့"

ယဲ့ရှောင်ချန်းသည် ခဏလောက် စဥ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

တစ်ခေါက်လောက် တွေ့ကြည့်လိုက်လျှင်လည်း သိပ်တော့မဆိုးလောက်ပါဘူး။ ဟိုဘက်ကလည်း သူ့ကို မကြိုက်လောက်ပေ။

ရှန်းနုန်စနစ်ကြောင့် ယဲ့ရှောင်ချန်းသည် အလွန်ယုံကြည်ချက်ရှိနေသည်။ သူသည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး အလှအပလေး တစ်ယောက်နှင့် လက်ထပ်နိုင်ပေလိမ့်မည်။

ထမင်းစားပြီးသွားသောအခါ စိုက်ပျိုးရေးခြံ တဲအိမ်လေးထံသို့ ပြန်လာခဲ့သည်။

ရာသီဥတုက တကယ်ပဲ ပူပြင်းလှပါသည်။

ပန်ကာကို တစ်ချိန်လုံး ဖွင့်ထားသော်လည်း အပူဒဏ်ကို မသက်သာစေပါ။

ယဲ့ရှောင်ချန်းသည် နည်းလမ်းတစ်ခု စဥ်းစားမိ၏။ ရေခဲသေတ္တာထဲမှ ရေခဲတုံးများကို ထုတ်ယူလိုက်ပြီး ပန်ကာရှေ့တွင် ထားလိုက်သည်။ မကြာခင် အိုက်စပ်လှသော တဲအိမ်လေးက အနည်းငယ် အေးလာသည်။

ထို့နောက် ယဲ့ရှောင်ချန်းသည် အပင်သန်ဆေးကို ဖော်စပ်ဖို့အတွက် စတင်ပြင်ဆင်သည်။

ပထမအချက်မှာ မီးဖြစ်သည်။ လိုအပ်သည့်ပမာဏက နည်းသည်။ မီးက လုံလုံလောက်လောက် ပြင်းရမည်ဖြစ်ပြီး ဆက်တိုက် လောင်ကျွမ်းနေရမည်။ ထို့ကြောင့် ယဲ့ရှောင်ချန်းသည် ဂတ်စ်မီးဖိုကို အသုံးပြုခဲ့သည်။ ဂတ်စ်မီးဖိုကို ဟိုတယ် ညစာစားခန်းမများတွင် အသုံးပြုလေ့ရှိသည်။ မီးက ပြင်းသော်လည်း ယဲ့ရှောင်ချန်းသည် ဝယ်ခဲ့စဥ်က ပြောင်းလဲမှုတစ်ချို့ လုပ်ခဲ့၏။

ယဲ့ရှောင်ချန်းသည် ဘွိုင်လာအိုးကို ဂတ်စ်မီးဖိုပေါ်တွင် တင်လိုက်သည်။ အနေတော် အံကျသွားပါသည်။

ဂတ်စ်မီးဖိုကို ဖွင့်လိုက်သောအခါ အပြာရောင်မီးတောက်သည် ရုတ်တရက်ထွက်ပေါ်လာပြီး မြင့်မားသော အပူချိန်ကို ထုတ်လွှတ်လိုက်သည်။

တဲအိမ်ကလည်း ပိုမိုပူနွေးလာသည်။

ရုတ်တရက် ယဲ့ရှောင်ချန်း၏ မျက်လုံးများတွင် အံ့သြမှုတို့နှင့် ပြည့်နှက်သွားရသည်။ ဘွိုင်လာအိုး၏ မျက်နှာပြင်ပေါ်တွင် ထူးခြားသောမျဥ်းများမှာ ထိန်လင်းလာပြီး သိပ်သည်းပြီး များပြားသော ကွန်ရက်များကဲ့သို့ အနီနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

သို့သော်လည်း အခွံပိုင်း၏ အရောင်ကတော့ ပြောင်းလဲခြင်းမရှိပါ။

ဘွိုင်လာအိုးတွင် ထူးခြားသော အစိတ်အပိုင်း ၃ ခုရှိသည်။ တစ်ခုက မျက်နှာပြင်ဖြစ်သည်။ အလွန်ထူးခြားသော ပုံစံကွက်တစ်ခုရှိပြီး ပြင်ပမီးတောက်များကို စုပ်ယူကာ အနားကွပ်နှင့် အခွံကြားရှိနေရာတွင် အပူချိန်ကို အညီအမျှ ဖြန့်နှံ့ပေးသည်။ ပိုထူးဆန်းသည်က အခွံတွင် မည်သည့်အပူချိန်မှ မရှိသည့်ပုံမျိုးဖြစ်နေသည်။ ယဲ့ရှောင်ချန်းသည် ဂတ်စ်မီးဖိုကို ပိတ်လိုက်ပြီး အခွံကို သူ့လက်နှင့် ထိကြည့်လိုက်သည်။ သေချာပေါက် မပူပါ။

ဒုတိယအစိတ်အပိုင်းက အခွံနှင့် အနားကွပ်ကြားက နေရာလွတ်ဖြစ်သည်။

ထိုနေရာက တကယ့်မီးတောက်စွမ်းအင်နေရာဖြစ်သည်။ ပြင်ပမီးတောက်စွမ်းအင်များ အားလုံးကို ထိုနေရာတွင် သိုလှောင်ထားသည်။ တည်ငြိမ်သော အပူချိန်ကို ထိန်းထားနိုင်ပြီး စွမ်းအင်ခြားနားမှုလည်း သိပ်များမည်မဟုတ်ပါ။

တတိယအစိတ်အပိုင်းက အနားကွပ်ဖြစ်သည်။ အတွင်းဘက်တွင် မီးမြှိုက်ဖို့အတွက် အသုံးပြုရသည်။ ကုန်ကြမ်းစိမ်းများကို မီးမြှိုက်ဖို့အတွက် ဘာပြဿနာမှ မရှိလောက်ပါ။ ဘယ်လိုနိယာမမျိုးကို သုံးထားသလဲဆိုတာကိုတော့ ယဲ့ရှောင်ချန်းမသိပါ။ ဘာပဲဖြစ်ဖြစ် မှော်ဆန်လွန်းလှပါသည်။

ယဲ့ရှောင်ချန်းသည် အထဲတွင် အပူပေးဖို့ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ထည့်ထားသည့်သေတ္တာကို ထုတ်ယူပြီး ထည့်လိုက်သည်။ ထို့နောက် အလင်းဖောက် ဖန်ချပ်အဖုံးတစ်ခုဖြင့် ဘွိုင်လာအိုးကို အုပ်ထားလိုက်သည်။

ဖန်ချပ်အဖုံးမှတစ်ဆင့် အထဲတွင် ရှိနေသော ကုန်ကြမ်းစိမ်းများကို မြင်နိုင်သည်။ သာမန်မျက်လုံးနှင့် မြင်နိုင်သော အရှိန်နှုန်းများဖြင့် ထိုကုန်ကြမ်းများက ဆွေးမြေ့၊ ကျိုးပဲ့ပြီး နောက်ဆုံးတွင် တောက်ပသော အဝါရောင်အမှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။ ဤသည်မှာ ပြင်းထန်သော အတွင်းပိုင်း၏ အလွန်မြင့်မားသော ဖိအား၏ရလဒ်ကြောင့်ဖြစ်သည်မှာ သေချာပါသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကုန်ကြမ်းများ အညစ်အကြေးဖယ်ရှားခြင်း လုပ်ငန်းစဥ် ပြီးဆုံးသွားမှန်း သိလိုက်ရပြီး ဖန်ချပ်အဖုံးပေါ်မှ ခလုတ်တစ်ခုကို ချက်ချင်း နှိပ်လိုက်တာနဲ့ ရုတ်တရတ်ဆိုသလိုပင် ဖိအားများအား လွှတ်ထွက်သွားကြသည်။ ဖိနှိပ်ခံထားရသော လေနှင့်အတူ အမှုန့်များကလည်း ခလုတ်အောက်ရှိ သိုလှောင်ဗူးထဲသို့ တန်းကျသွားသည်။

ယဲ့ရှောင်ချန်းသည် အဖုံးကိုဖယ်ပြီး သိုလှောင်ဗူးကို ယူလိုက်သည်။ တောက်ပသော အဝါရောင် အမှုန့်များသည် သေးငယ်သော အဝါရောင် အစိုင်အခဲလေးများ အဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အလွန်မာကျောပြီး သေချာပေါက် ဖိနှိပ်ခြင်းကြောင့် ဖြစ်နိုင်သည်။

ယဲ့ရှောင်ချန်းသည် အဝါရောင်အစိုင်အခဲများကို ဗူးထဲထည့်လိုက်သည်။ ယဲ့ရှောင်ချန်းသည် ဒုတိယကုန်ကြမ်းတစ်သုတ်ကို အရေးပေါ် အပူပေးရမည်ဖြစ်သည်။ မာကျောသော ကျွဲဦးချိုဖြစ်နေလျှင်တောင် ဘွိုင်လာအိုးကြောင့် အမှုန့်များအဖြစ် ပြောင်းလဲသွားနိုင်ပြီး နောက်ဆုံးတော့ အစိုင်အခဲအဖြစ် ပြန်ပြောင်းလဲသွားနိုင်သည်။

နောက်ထပ် အပူပေးခြင်း လုပ်ငန်းစဥ်ကလည်း ရိုးရှင်းမည် မဟုတ်ပါ။

အပူပေးခြင်းလုပ်ငန်းစဥ်များ ပြီးဆုံးသွားသောအခါ နောက်တစ်ဆင့်က ပျော်ဝင်စေခြင်းဖြစ်သည်။ ပိုးဟပ်ခန္ဓာကိုယ်အရည်များလို ကုန်ကြမ်းများဖြစ်ပြီး အချို့ကုန်ကြမ်းများနှင့် ပေါင်းစပ်ဖို့အတွက် ပျော်ဝင်နေဖို့ လိုအပ်သည်။

အညစ်အကြေးများကို ဖယ်ရှားရန်အတွက် အရည်ကျိုရန် လိုအပ်သော ဓာတ်သတ္တုတစ်ချို့လည်း ရှိသည်။

လုပ်ငန်းစဥ်အများစု ပြီးဆုံးသွားသောအခါ ညနေပင် စောင်းနေပြီဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ညစာစားပြီးသွားသောအခါ တစ်ညလုံး ဆက်လုပ်နေခဲ့သည်။

ကုန်ကြမ်းများအားလုံးကို အောင်မြင်စွာ စီမံပြီးသွားသောအခါတွင် နောက်ဆုံးအဆင့်ဖြစ်သည့် ဖော်စပ်ခြင်းအဆင့်ကို ရောက်နေပြီမှန်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။ ဒီအဆင့်က အရေးအကြီးဆုံးအဆင့် ဖြစ်သည်။ ပါဝင်ပစ္စည်း အချိုးအစား၊ ပါဝင်ပစ္စည်းများ၏ အစဥ်လိုက်နှင့် အချိန်ကွာခြားချက်များက အများကြီး ခြားနား၍မရပါ။

ယဲ့ရှောင်ချန်းသည် ပါဝင်ပစ္စည်းများကို အလွန်တိကျသော လျှပ်စစ်ချိန်ခွင်ဖြင့် တစ်ခုချင်း ချိန်တွယ်ကြည့်လိုက်သည်။

အားလုံးကို ချိန်ဆပြီးသွားသောအခါ ဘွိုင်လာအိုးကြားရှိ နေရာလွတ်ထဲသို့ ယဲ့ရှောင်ချန်းသည် သန့်စင်သောရေကို စတင်လောင်းထည့်လိုက်သည်။ ဆူပွက်နေဆဲဖြစ်သဖြင့် အပူချိန် အလွန်မြင့်ရန် မလိုအပ်ပါ။ ရေဆူမှတ် ၁၀၀ ဒီဂရီလောက်ဆိုလျှင် လုံလောက်ပါပြီ။

နောက်ဆုံးတော့ ပေါင်းခံထားသော ရေကို ဗူးထဲသို့ လောင်းထည့်လိုက်သည်။

၎င်းက သာမန်ရေ မဟုတ်ပါ။ ပေါင်းခံထားသည့်ရေ ဖြစ်ရမည်။ အပင်သန်ဆေးဖော်စပ်ရာတွင် အနှောင့်အယှက်ပေးနိုင်သည့် ပစ္စည်းများ ရေထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။

ပေါင်းခံရေ ဆူသွားသောအခါ ယဲ့ရှောင်ချန်းသည် ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု အမြန်ထည့်လိုက်သည်။ ပါဝင်ပစ္စည်းများ တစ်ခုနှင့်တစ်ခုအကြား အချိန်ကွာဟမှု ပမာဏက အလွန်တင်းကြပ်သည်။

အချိန်က တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသည်။ ယဲ့ရှောင်ချန်းတစ်ယောက် အလွန်စိတ်လှုပ်ရှားနေမိသည်။

တစ်နာရီကုန်သွားပြီ။

နှစ်နာရီကုန်သွားပြီ။

သုံးနာရီကုန်သွားပြီ။

ဤအချိန်သို့ ရောက်လာသောအခါ ဖန်အဖုံးမှတဆင့် ဗူးထဲတွင် အစိမ်းရောင်ဖျော့ဖျော့အရည်များဖြင့် ပြည့်နှက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဒီအရည်ရဲ့ အရောင်က လုံလုံလောက်လောက် မတောက်ပသေးဘူး၊ အလင်းဖောက်မှုလည်း မလုံလောက်သေးဘူး၊ နည်းနည်း နောက်ကျိနေသေးတယ်၊ ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေ လုံးဝ မပေါင်းစပ်သေးတာ သေချာတယ်။"

ယဲ့ရှောင်ချန်းသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဒီလိုနှင့် နောက်ထပ်တစ်နာရီကြာသွားသည်။

ဘွိုင်လာအိုးထဲမှ အရည်များသည် လုံးဝ စိမ်းနက်ရောင် ပြောင်းသွားပြီဖြစ်သည်။ ပယင်းနှင့် တူသော်လည်း ပိုမိုရှင်းလင်းပြီး အလင်းဖောက်နိုင်သည်။ အလွန်လှပပါသည်။

"အင်း၊ ဒါက အပင်သန်ဆေးရဲ့ ဖော်ပြချက်နဲ့တော့ တူတယ်၊ အောင်မြင်သွားပြီထင်တယ်။"

ယဲ့ရှောင်ချန်းသည် ဖြေးညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

သို့သော်လည်း စဥ်းစားကြည့်သောအခါ အမှန်ပင် ဖြစ်သည်။ ဒီဆေးရည်ကို စတိုးဆိုင်မှ ဝယ်ယူထားသော အထူးဘွိုင်လာအိုးနှင့် ဖော်စပ်ထားခြင်းဖြစ်သည်။ မအောင်မြင်ပါက ယဲ့ရှောင်ချန်းကသာ အလွန်ညံ့ဖျင်းလွန်းနေတာပဲ ဖြစ်လိမ့်မည်။

သာမန်ဘွိုင်လာအိုးဆိုပါက ပါဝင်ပစ္စည်းများ၏ ပေါင်းခံခြင်း လုပ်ငန်းစဥ်များက အဆင့်မှီမည် မဟုတ်ပါ။ အပင်သန်ဆေးအစစ်ကို ဖော်စပ်ဖို့ အလွန်ခက်ခဲလိမ့်မည်။

ဖော်စပ်ထားသော အပင်သန်ဆေးရည်သည် ထွက်ပေါက်တစ်ခုမှ ဖြေးဖြေးချင်း စီးဆင်းလာသောအခါ ပြင်းထန်သော ဆေးရနံ့တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ဤဆေးဖက်ဝင်ရနံ့သည် အနံ့အလွန်ကောင်းပြီး လူကို အနည်းငယ် လန်းဆန်းစေပါသည်။

"ဒီအပင်သန်ဆေးကို လူတွေသာ သောက်လိုက်ရင် ဘာဖြစ်မလဲမသိဘူး။"

ယဲ့ရှောင်ချန်းသည် ထိုအတွေး ပေါ်လာသော်လည်း ချက်ချင်း ခေါင်းခါပြစ်လိုက်သည်။ သူ ဒီဆေးကို ဖော်စပ်ဖို့ အသုံးပြုခဲ့သော ကုန်ကြမ်းပါဝင်ပစ္စည်းများကို ပြန်တွေးကြည့်သောအခါ မသောက်ချင်တော့ပါ။

သို့သော်လည်း တိရိစ္ဆာန်များနှင့် စမ်းသပ်ရန် ဖြစ်နိုင်သည်။

အပင်သန်ဆေးများနှင့် ပြည့်နှက်နေသော ဗူးကြီးအား ကြည့်ပြီးနောက် ယဲ့ရှောင်ချန်းသည် အလွန်ကျေနပ်သွားသည်။ ချက်ချင်းဆိုသလို ပင်ပန်းနွမ်းနယ်သလို ခံစားသွားရသည်။ အချိန်ကိုကြည့်လိုက်သောအခါ ၂ နာရီပင် ထိုးခါနီးနေပြီ ဖြစ်သည်။ သူ ဒီလောက် အချိန်ဖြုန်းရလိမ့်မည်ဟု ထင်မထားခဲ့ပါ။

ယဲ့ရှောင်ချန်းသည် ခေါင်းခါလိုက်ပြီး ကျန်ရှိသည့် ပါဝင်ပစ္စည်းများကို ပြန်သိမ်းထားလိုက်သည်။ နောက်တစ်ခါမှ ထပ်မံဖော်စပ်သည့်အခါ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုနေရာကို သန့်ရှင်းရေးလုပ်ပြီးနောက် သန့်စင်ပြီးသော ဘွိုင်လာအိုးကို သိုလှောင်နေရာကွက်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

ယဲ့ရှောင်ချန်းသည် အလွန်ပင်ပန်းနေခဲ့သော်လည်း အိပ်မပျော်ခဲ့ပါ။ သူ အလွန် စိတ်လှုပ်ရှားနေမိသည်။ သူ့စိတ်ထဲမှာ ထိုအပင်သန်ဆေး၏ အာနိသင်များကို ဆက်တိုက် တွေးနေမိသည်။

ယန်ရှစ်မြို့တော်က ဝမ်ရွှေရှန့်၏ ဗီလာသို့ သွားပြီး နှင်းပိုင်းနှစ်ပင်အား စမ်းသပ်ကြည့်ဖို့ မစောင့်နိုင်တော့ပါ။

ထိုအကြောင်းစဥ်းစားရင်း ယဲ့ရှောင်ချန်းသည် ငိုက်မျဥ်းလာပြီး အိပ်ပျော်သွားတော့သည်။

All Chapters