← Chapters

အကျိုးသက်ရောက်မှုများ

Vol. 2 Ch. 23

အကျိုးသက်ရောက်မှုများ

Vol. 2 Ch. 23

အခန်း(၂၃) - အကျိုးသက်ရောက်မှုများ

နောက်တစ်နေ့မနက်မှာတော့ ယဲ့ရှောင်ချန်းသည် ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပြီးနောက် ဝမ်ရွှေရှန့်၏ ဗီလာဆီသို့ တန်းသွားလိုက်သည်။

ဒီတစ်ခါတော့ ယဲ့ရှောင်ချန်းသည် အနှောင့်အယှက်မရှိဘဲ ထရပ်ကားဖြင့် မောင်းဝင်နိုင်ခဲ့သည်။

ဝမ်ရွှေရှန့်၏ မိန်းမ ကျူးချင်းချင်းနှင့် ရှီပေါင်းလေးတို့လည်း အိမ်တွင်မရှိပါ။ အိမ်တော်ထိန်းများ၏ ပြောစကားအရ သူတို့သည် ဆွေမျိုးများထံသို့ သွားလည်နေကြသည်။

ယဲ့ရှောင်ချန်းတစ်ယောက် ပြဿနာတက်လေပြီ။ ယဲ့ရှောင်ချန်းသည် လက်ဟန်ဘာသာစကား မတတ်မြောက်သဖြင့် ဘယ်လိုလုပ်ပြီး ဝမ်ရှင်းယီနှင့် ဆက်သွယ်ပြောဆိုနိုင်ပါ့မည်နည်း။

ယဲ့ရှောင်ချန်းသည် အင်တာနက်ပေါ်မှ လက်ဟန်ဘာသာစကား ဗဟုသုတအချို့ကို သင်ယူရန် ကြိုးစားခဲ့သော်လည်း သူသည် အနည်းငယ်သာ တတ်မြောက်ပြီး နေ့စဥ်ဆက်သွယ်ဖို့အတွက်တော့ အများကြီး လိုအပ်နေပါသေးသည်။

ယဲ့ရှောင်ချန်းသည် အိမ်တော်ထိန်းကို မေးကြည့်သောအခါ သူမလည်း လက်ဟန်ဘာသာစကား မတတ်သဖြင့် သူမကို ဘာသာပြန်ခိုင်းမည့်အကြံကို လက်လျှော့လိုက်ရသည်။

ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းသည် နှင်းပန်းကို ကုသရန်အတွက် အပင်သန်ဆေးကို အသုံးပြုဖို့ပဲ လိုအပ်သဖြင့် ဝမ်ရှင်းယီနှင့် မဆက်သွယ်နိုင်လည်း အဆင်ပြေပါသည်။

ယဲ့ရှောင်ချန်းတစ်ယောက် အခု အလုပ်ချင်ဆုံးဆန္ဒက အပင်သန်ဆေး၏ အာနိသင်များကို စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။

မကြာမီ ဝမ်ရှင်းယီ နေထိုင်သော ခြံဝန်းထဲသို့ ရောက်လာသည်။ အဖြူရောင် ဝတ်ဆင်ထားတဲ့ ဝမ်ရှင်းယီဟာ ခြံဝင်းတံခါးပေါက်မှာ ကြိုစောင့်နေပြီးသားဖြစ်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ဒီကိုမလာခင် ဝမ်ရွှေရှန့်ကို ဖုန်းဆက်ပြောခဲ့သည်။ ထိုအကြောင်းကို ဝမ်ရှင်းယီ သိသွားသဖြင့် ယဲ့ရှောင်ချန်း ရောက်လာမည့် အချိန်ကို စောင့်နေခြင်း ဖြစ်လောက်သည်။

ယဲ့ရှောင်ချန်းကို မြင်လိုက်သောအခါ သူမ မျက်နှာပေါ်တွင် အံ့သြသော ပုံရိပ်များ ပေါ်လာသည်။

နှင်းပန်းများကို ကုသဖို့အတွက် ယဲ့ရှောင်ချန်းအား သူမ အများကြီး မျှော်လင့်ထားမှန်း သိသာပါသည်။

သူတို့က စကားလုံးများနှင့် မဆက်သွယ်နိုင်သဖြင့် ယဲ့ရှောင်ချန်းက ဘာမှမပြောတော့ပေ။ ယဲ့ရှောင်ချန်းသည် နှင်းပန်းများရှိရာဘက်ကိုသာ လက်ညှိုးထိုးပြလိုက်သည်။

ဝမ်ရှင်းယီသည် ယဲ့ရှောင်ချန်းကို အလျင်အမြန် ခေါ်သွားပေးခဲ့သည်။

ယဲ့ရှောင်ချန်းသည် သူကြိုတင်ပြင်ဆင်ထားသော အပင်သန်ဆေး ဗူးငယ်တစ်ဗူးကို ထုတ်ယူလိုက်သည်။

ဝမ်ရှင်းယီသည် ယဲ့ရှောင်ချန်း ထုတ်ယူလိုက်သော ဖန်ဗူးကို အလွန်စိတ်ဝင်စားနေသည်။ စိမ်းညို့ရောင် အရည်များဖြင့် ပြည့်နှက်နေ၏။ ဒါကို နှင်းပန်းများကို ကုသဖို့အတွက် အသုံးပြုနိုင်သလား။

သူမ၏ စိတ်ဝင်စားနေသောအကြည့်ကို မြင်သောအခါ ယဲ့ရှောင်ချန်းသည် ဗူးကို လက်ညှိုးထိုးပြလိုက်ပြီး နှင်းပန်းကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသည့် ရေဖြန်းဗူးကို လှမ်းယူကာ အဖုံးဖွင့်လိုက်ပြီး ရေသန့်တစ်လီတာနှင့် အပင်သန်ဆေး ၂၀ မီလီမီတာကို လောင်းထည့်လိုက်သည်။

ယဲ့ရှောင်ချန်းသည် ရေဖြန်းဗူးကို သေချာလှုပ်ခါလိုက်သောအခါ ရေဖြန်းဗူးထဲက ရေများက စိမ်းနုရောင် ပြောင်းလဲသွားပြီဖြစ်သည်။ ပျော့ပြောင်းသော ရနံ့တစ်ခုလည်း ထွက်လာသည်။

ယဲ့ရှောင်ချန်းသည် ရေဖြန်းဗူးကို ကိုင်ပြီး နှင်းပန်းနှစ်ခိုင်ကို ရေဖြန်းလိုက်သည်။

နှင်းပန်းနှစ်ခိုင်၏ အရွက်များကို ရေစွတ်ပြီးနောက် ကျန်အရည်များကိုလည်း ပန်းအိုးထဲလောင်းထည့်လိုက်သည်။

အပင်သန်ဆေးကို အမြစ်က အပြည့်အဝ မစုပ်ယူနိုင်ပါ။ အပင်၏အပေါက်ငယ်လေးများကလည်း စုပ်ယူနိုင်သည်။ အာနိသင်ကတော့ မဆိုးရွားနိုင်လောက်ပါ။ ထိုအချက်က အပင်သန်ဆေး၏ သက်ရောက်မှုကို ပိုမိုလျင်မြန်စေပါလိမ့်မည်။

ရေဖြန်းပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ရေဖြန်းဗူးကို ချလိုက်သည်။ ဝမ်ရှင်းယီ၏ ဇဝေဇဝါ အကြည့်အောက်တွင် ယဲ့ရှောင်ချန်းသည် နှင်းပန်းပင်များ၏ အရွက်များကို ထိကြည့်လိုက်သည်။ သူ့၏ ပြိုင်ဘက်ကင်း ရှန်းနုန် ပါရမီကို သုံးကာ နှင်းပန်းပင်များ၏ အသိစိတ်ကို အာရုံခံကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးသောအခါ နောက်ဆုံးတော့ သူ့မျက်နှာတွင် စိတ်ခံစားချက်တစ်ချို့ ပေါ်လွင်လာပြီဖြစ်သည်။ အရင်က ဖရိုဖရဲဖြစ်ပြီး ထူးခြားသော လှိုင်းအတက်အကျများက တည်ငြိမ်သွားပုံရသည်။ နှင်းပန်းများ၏ အသိစိတ်က ပျော်ရွှင်မှုများနှင့် တဖြည်းဖြည်း ပြည့်နှက်လာသည်ဟုပင် သူခံစားလိုက်ရသည်။ ဘဝအသစ်တစ်ခုကို ရရှိလိုက်သလို ပျော်ရွှင်မှုမျိုးဖြစ်သည်။

ယဲ့ရှောင်ချန်းသည် မထိန်းနိုင်ဘဲ စိတ်အေးလက်အေး သက်ပြင်းချလိုက်မိတော့သည်။ အပင်သန်ဆေးက အာနိသင်ပြနေပြီဟု ထင်သည်။ နှင်းပန်းများ၏ စွမ်းရည်ကျဆင်းသော အချိန်ကာလကြောင့် ဖြစ်ပေါ်နေသော ထူးခြားသည့် လှိုင်းအတက်အကျများအား အပင်သန်ဆေး နှိမ်နင်းနိုင်ဖို့ သိပ်မကြာလောက်ဟု သူခန့်မှန်းမိခဲ့ပါသည်။

အမှန်ပင်။ နှင်းပန်း လုံးဝပြန်ကောင်းမွန်ပြီး ပန်းပွင့်သောကာလသို့ ပြန်ရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုသည်ကိုတော့ သူလောလောဆယ် ဆုံးဖြတ်၍မရသေးပါချေ။

ထို့အပြင် ဒါက အပြင်ပိုင်းတွင်သာဖြစ်သည်။ နှင်းပန်းပင်၏ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် သူတို့ အပင်သန်ဆေးကို အားကိုးရမည်။

ရေလောင်းဖို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမည်ဆိုတာကိုလည်း ယဲ့ရှောင်ချန်း မဆုံးဖြတ်နိုင်သေးပါ။ နှင်းပန်းများ၏ အသိစိတ်ကို အမှီပြုကာ သူတွက်ချက်လိုက်ရသည်။

ယဲ့ရှောင်ချန်းသည် နှင်းပန်းရွက်များကို လွှတ်လိုက်သည်။ နောက်သို့ ပြန်လှည့်လိုက်သောအခါ ဝမ်ရှင်းယီ၏ သိချင်စိတ် ပြင်းပြနေသော အကြည့်ကို မြင်လိုက်ရသည်။ သူမကို ဘယ်လိုပြောပြရမှန်း သူ မသိပါ။

ဝမ်ရှင်းယီကလည်း ထိုအချက်ကို သိပုံရသည်။ ရုတ်တရက် သူမသည် နောက်ပြန်လှည့်ပြီး အခန်းတစ်ခန်းထဲသို့ ပြေးဝင်သွား၏။ သိပ်မကြာလိုက်။ ဝမ်ရှင်းယီသည် စာရေးဘုတ်ပြားတစ်ချပ်ကို ယူလာပြီး သံလိုက်စုပ်တံတစ်ချောင်းဖြင့် ထိုအပေါ်တွင် စာရေးသားလိုက်သည်။

ဒါကိုမြင်တော့ ယဲ့ရှောင်ချန်းဟာ အနည်းငယ် ကြောင်အသွားမိသည်။ ဟုတ်သားပဲ။ ငါ သူနဲ့စကားမပြောနိုင်ရင်တောင် စာရေးပြီး ဆက်သွယ်လို့ရသားပဲ။

ထိုသို့တွေးမိသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် ပျော်သွားမိသည်။ သူမနှင့် လူကိုယ်တိုင် ဆက်သွယ်နိုင်ရုံတင်မကဘဲ အခြားကိစ္စများကိုလည်း စဥ်းစားမိသေးသည်။ ဥပမာ ရှေ့လျှောက် သူမနှင့် ပြောဆိုဆက်သွယ်သည့်အခါ ဝီချက်ကိုအသုံးပြုကာ ဆက်သွယ်ပါက အလွန်ပိုမိုအဆင်ပြေလိမ့်မည်။

"ယဲ့ရှောင်ချန်း၊ နှင်းပန်းတွေကို ကုသလို့ရလား။"

ဝမ်ရှင်းယီ၏ လက်ရေးက လှပပြီး အသက်ဝင်လှပါသည်။

"ကျွန်တော် အနည်းဆုံး ၉၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒါက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးပဲ၊ ဒါကို အပင်သန်ဆေးလို့ခေါ်တယ်။ နှင်းပန်းရဲ့ အသက်စွမ်းအင်ကို ပြန်ကုသဖို့အတွက် အထူးဖော်စပ်ထားတာ၊ ဒါပေမယ့် အချိန်တော့ နည်းနည်းယူရမယ်။ ကျွန်တော် မနက်ဖြန်ပြန်လာပြီး နှင်းပန်းတွေရဲ့ ပြောင်းလဲမှုနဲ့အညီ အပင်သန်ဆေးကို ဘယ်လောက်ကြာကြာ ဖြန်းရမလဲ ဆုံးဖြတ်ပေးမယ်။"

ယဲ့ရှောင်ချန်းသည် စာရေးဘုတ်ပြားနှင့် သံလိုက်စုတ်တံကိုယူကာ ရေးလိုက်သည်။

ယဲ့ရှောင်ချန်း ရေးသားသည့် စာလုံးများက ရှည်လျားလွန်းသဖြင့် သူ ရေးသားပြီးပါက ဖျက်ကာ ပြန်ရေးရသည်။

"ကျွန်မ ရှင့်ကိုယုံပါတယ်။"

ဝမ်ရှင်းယီက သူ့စာများကို ဖတ်ပြီးသွားသောအခါ စာလုံးတစ်ချို့ ထပ်ရေးပြလိုက်သည်။

ယဲ့ရှောင်ချန်းသည် အလွန်ပျော်ရွှင်သွားမိတော့သည်။ ဝမ်ရှင်းယီကဲ့သို့ စွံ့အနားမကြားသူ တစ်ယောက်က အလွန်ထိခိုက်လွယ်ပြီး နားလည်ဖို့ခက်ခဲမှန်းကို သူသိနေသည်။ ယခုတော့ သူမသည် စာလုံးအချို့ပင် ရေးပြနေပြီဆိုတော့ သူ့ကို စတင်ယုံကြည်လာပြီ ဟူသည့် သဘော သက်ရောက်ပါသည်။

သူအိမ်ပြန်ခါနီးတွင် ယဲ့ရှောင်ချန်းသည် ဝမ်ရှင်းယီ၏ ဖုန်းနံပါတ်နှင့် ဝီချက်အကောင့်တို့ကို မေးခဲ့သည်။

.......

ညနေခင်းတွင် ဝမ်ရွှေရှန့်သည် သူ့မိန်းမနှင့် သားတို့ကို သွားကြိုပြီး အိမ်ပြန်လာခဲ့သည်။ အိမ်‌တော်ထိန်းထံမှ ယဲ့ရှောင်ချန်း ရောက်လာခဲ့ကြောင်း ပြန်ကြားရသည်။

"ရွှေ့ရှန်၊ ယဲ့ရှောင်ချန်းက တကယ်ကော နှင်းပန်းနှစ်ခိုင်ကို ကုသနိုင်ပါ့မလား။ ကျန်းခဲ့ချင်းလို ရုက္ခဗေဒပညာရှင်တစ်ယောက်ကတောင် ဘာမှမလုပ်နိုင်တာကို သူက..."

ဆိုဖာပေါ်တွင်ထိုင်ရင်း ကျူးချင်းချင်းသည် မသေချာမရေရာသည်ကို မမေးမြန်းခင် ခဏလောက် တွန့်ဆုတ်သွားရသည်။

သူမ၏ စရိုက်အရဆိုလျှင် ယဲ့ရှောင်ချန်း၏ ကျေးဇူးကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ဆပ်ပြီး သံယောဇဥ်အမြန်ဆုံး ဖြတ်ချင်မိသည်။ သူမတို့မိသားစုနှင့် ယဲ့ရှောင်ချန်းတို့ကြားက ကွာခြားချက်က ကြီးမားလွန်းသည် မဟုတ်ပါလား။ သူမတို့ရှေ့လျှောက် ပတ်သက်ဆက်ဆံမှု မရှိတော့လျှင် ပိုကောင်းလိမ့်မည်။

ဝမ်ရွှေရှန့်က သူ့မိန်းမ ဘာတွေးနေသလဲ သိသဖြင့် ပြောလိုကသည်။ "ငါနားလည်သလောက် ပြောရရင်တော့ သူက အဲ့လိုလူမျိုးမဟုတ်လောက်ဘူး။ သူ့မှာ တကယ်အစွမ်းအစရှိနိုင်တာပဲ။ ဟားဟား ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ကြတာပေါ့ကွာ။"

ဝမ်ရွှေရှန့်သည် သူ့ကိုယ်သူ လူကဲခတ်အလွန်တော်သည်ဟု သတ်မှတ်ထားပြီး ယဲ့ရှောင်ချန်းကိုလည်း သဘောကျသည်။ ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်း၏ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာပဲ စဥ်းစားနေမိ၏။

ယခင် ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များ ရောင်းချနိုင်ဖို့ စီစဥ်ပေးခဲ့ခြင်းကလည်း အခြေအနေကို အခွင့်ကောင်းယူခြင်းပင်။ သူ့အဖိုးတန်သားလေး၏ အသက်က ထိုကဲ့သို့ အသေးစား ကျေးဇူးဆပ်ခြင်းမျိုးလောက်နှင့် မထိုက်တန်ပါ။

သူ့အမြင်တွင် ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံလုပ်ငန်းက အလားအလာ သိပ်မရှိပေ။ ဝမ်ရွှေရှန့်သည် အချိန်တစ်ခုရောက်လျှင် ယဲ့ရှောင်ချန်းအား စကားပြောဖို့ စီစဥ်ထားပါသည်။

"ဟုတ်ပါပြီ၊ မင်း အဲ့အကြောင်း စိတ်ပူစရာမလိုပါဘူး။ ကိုယ် ရှင်းယီကို အရင်သွားတွေ့လိုက်ဦးမယ်။"

ဝမ်ရွှေရှန့်က ထကာ ပြောလိုက်သည်။

ကျူးချင်းချင်းက ခေါင်းငြိမ့်လိုက်၏။ သူမသည် ဒီကိစ္စထဲတွင် ဝင်မပါချင်သဖြင့် သူ့ယောက်ျားကိုသာ အပ်ထားလိုက်မည်။

...

သုံးရက်ဆက်တိုက် ယဲ့ရှောင်ချန်းသည် ဝမ်ရွှေရှန့်၏ ဗီလာထံသို့ သွားခဲ့သည်။

ကျူးချင်းချင်းနှင့် အခြားသူများလည်း အိမ်တွင် ရှိမနေကြပါ။

နှင်းပန်းတွေက သိပ်မပြောင်းလဲပါဘူး။

ဟုတ်ပါတယ်၊ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်းသည် သူ့၏ စိတ်ဝိညာဥ်ဆက်သွယ်ခြင်း ပါရမီကို သုံးပြီး နှင်းပန်းများ၏ အသိစိတ်ထဲက အံ့သြဖွယ်ပြောင်းလဲမှုမျာကို အာရုံခံမိခဲ့သည်။ နှင်းပန်းများမှာ လုံးဝ ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည်။

၎င်းတို့၏ အသိစိတ်ထဲက ပြောင်းလဲမှုအပေါ် မူတည်ပြီး ယဲ့ရှောင်ချန်းသည် အပင်သန်ဆေး အသုံးပြုရမည့် လိုအပ်ချက်ကို ဆုံးဖြတ်နိုင်သည်။

အပင်သန်ဆေးအား ဖော်စပ်ဖို့က အလွန်ခက်ခဲလှသည်။ အချိန်အကြာကြီး အသုံးပြုရမည် ဆိုပါက ပြဿနာတက်နိုင်သည်။

လေးရက်မြောက်နေ့ ညသန်းခေါင်တွင် ယဲ့ရှောင်ချန်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဥ် ဖုန်းသံ ရုတ်တရက် မြည်လာသည်။ တိတ်ဆိတ်သော ညတွင် ပိုမိုပင် ကျယ်လောင်လွန်းလှပါသည်။

သို့သော် ထိုအချိန်တွင် ယဲ့ရှောင်ချန်းသည် အလွန်အလုပ်များခဲ့ပြီး ပင်ပန်းနေခဲ့သောကြောင့် ခဏခဏ ဖုန်းသံမြည်သော်လည်း ယဲ့ရှောင်ချန်းဟာ မနိုးခဲ့ပါ။ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေခဲ့သည်။

ယဲ့ရှောင်ချန်းသာ နိုးနေခဲ့ပါက ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေမည့် အမည်မှာ ဝမ်ရှင်းယီဟူသည့် အမည်ပင်။

All Chapters