ဒေါ်ကြီး
Vol. 2 Ch. 25
အခန်း(၂၅) - ဒေါ်ကြီး
နေ့လည်မွန်းတည့်ချိန် ရောက်ခါနီးတွင် ယဲ့ရှောင်ချန်းက ဒေါ်ကြီး၏အိမ်သို့ ထရပ်ကားဖြင့် မောင်းသွားလိုက်သည်။
ဒေါ်ကြီးက မြို့ထဲတွင်နေသည်။
ငွေအချို့စုဆောင်းပြီးသောအခါ သူ့ဝမ်းကွဲအစ်ကို ချန်ဟောက်က မြို့ထဲတွင် အိမ်တစ်လုံး ဝယ်ခဲ့ပြီး အမြွှာသမီးမိန်းကလေး နှစ်ယောက်ကိုလည်း မွေးဖွားခဲ့သည်။ သူ့ဒေါ်ကြီးနှင့် ဦးလေးတို့က သူတို့နဲ့အတူတူနေကာ ကလေးများကို စောင့်ရှောက်ဖို့ ကူညီပေးသည်။
အိမ်ကြီးက အလွန်ကြီးမားလှသည်။ အခန်း၄ခန်းနှင့် ဧည့်ခန်းကြီး ၂ခန်းရှိ၏။ အလှဆင်မှုကလည်း အလွန်တန်ဖိုးကြီးသည်။ မြို့ထဲက အိမ်စျေးက မများသော်လည်း ဒီလိုအလှဆင်မှုမျိုး၊ အကျယ်အဝန်းနှင့် ပရိဘောဂပစ္စည်း၊ လျှပ်စစ်သုံးစွဲမှုတို့နှင့် ဆိုလျှင် ယွမ် ၁ သန်းအောက် မနည်းလောက်ပါ။
"ရှောင်ချန်း ဝင်ခဲ့လေ။"
ဒေါ်ကြီးက တံခါးဖွင့်ပေးလိုက်သည်။ သူမက အနည်းငယ်ဝဖြိုးပြီး ရွှေရောင်ငွေရောင်များ ဝင်းလက်အောင် ဝတ်ဆင်ထားသည်။ သူမမျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေ၏။
"ဒေါ်ကြီး"
ယဲ့ရှောင်ချန်းက ဖိနပ်ချွတ်ကာ အိမ်စီးဖိနပ် ပြောင်းစီးလိုက်သည်။
ကြမ်းပြင်က သန့်ရှင်းတောက်ပြောင်နေ၏။ သူဒီအိမ်ကို ပထမဆုံးရောက်ခဲ့တုန်းက အချိန်ကို ပြန်သတိရမိ၏။ မတော်တဆ ဖိနပ်မချွတ်ဘဲ အိမ်ထဲဝင်ခဲ့မိသဖြင့် ဒေါ်ကြီးဆူတာကို ချက်ချင်းခံခဲ့ရသည်။ ယဲ့ရှောင်ချန်းက ကိုယ့်ကိုယ်ကို အလွန်တန်ဖိုးထားတတ်သူဖြစ်သဖြင့် သူအလွန်မနေတတ်ပါ။
ယခု ဒေါ်ကြီး၏ အပြုံးကိုမြင်ရင်တောင် သူမနှင့် နီးစပ်သည်ဟု မခံစားမိပါ။
လူတွေက ဒီလိုပဲဖြစ်သည်။ နှလုံးသားထဲတွင် အဖုအထစ်တစ်ခု ဖြစ်တည်သွားပါက ရှင်းပြစ်ဖို့ ခက်ခဲလှသည်။
ဧည့်ခန်းထဲတွင် ဦးလေးကြီးက သူ့မြေးနှစ်ယောက်နှင့် ကာတွန်းကား ကြည့်ပေးနေသည်။ သူ့မရီး လီယန်က ဖုန်းကြည့်နေ၏။ ဝမ်းကွဲအစ်ကိုကတော့ ဝရံတာတွင် ဖုန်းပြောနေလေသည်။
ဦးလေးကြီးက ယဲ့ရှောင်ချန်းကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှောင်ချန်း ရောက်ပြီပဲ။" သူဘာမှ ထပ်မပြောတော့ပါ။ သူ့ပုံစံက အလွန်အေးစက်လှဿည်။ သူ့မြေးနှစ်ယောက်နှင့် ကစားသော အချိန်တွင်သာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်တတ်သည်။
သူ့မရီး လီယန်ကတော့ သူ့ကိုကြည့်ပင်မကြည့်ပါ။ တဲ့တိုးကြီး ယဲ့ရှောင်ချန်းကို မသိချင်ယောင် ဆောင်နေသည်။
ယဲ့ရှောင်ချန်းကလည်း ဂရုမစိုက်ပါ။ သူ့ရဲ့ မျက်မမြင်ချိန်းဆိုမှုမစ်ရှင်ကို ပြီးအောင်လုပ်ချင်ရုံသာဖြစ်သည်။
ဒေါ်ကြီးက ယဲ့ရှောင်ချန်းကို ရေနွေးတစ်ခွက် ငှဲ့ပေးပြီးနောက် ဦးလေးကြီးကို ပြောလိုက်သည်။ "အဘိုးကြီးချန်း၊ ရှောင်ချန်း ရောက်နေတယ်။ မြန်မြန်လေး တစ်ခုခု ချက်လိုက်ပါဦး။"
ဦးလေးကြီးက ထကာ မီးဖိုချောင်ထဲဝင်သွားသည်။
သူ့ဦးလေးကြီးက စားဖိုမှူးတစ်ယောက် ဖြစ်ခဲ့ဖူးပြီး အလွန်အချက်အပြုတ်တော်ပါသည်။
ထိုင်လိုက်ပြီးနောက် ဒေါ်ကြီးက ယဲ့ရှောင်ချန်းနှင့် စတင်စကားပြောလိုက်သည်။
တကယ်တော့ စိုက်ပျိုးရေးခြံ အခြေအနေကို မေးမြန်းနေခြင်းဖြစ်ပါသည်။ လုပ်ငန်းမှာ အရှုံးပေါ်တာဘာညာ ရှိသလား မေးနေ၏။။
သူ့သား၏ စူပါမားကတ်က ယဲ့ရှောင်ချန််း၏ ဟင်းသီးဟင်းရွက်များကို မဝယ်ခဲ့ကြောင်း သိသည့်ပုံမပေါ်ပေ။ မဟုတ်လျှင် ဒီအကြောင်း ဒီလိုတိုက်ရိုက်မေးမည် မဟုတ်ပါ။
"အမေ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့လား။ ယဲ့ရှောင်ချန်းရဲ့ စိုက်ပျိုးရေးခြံက ဟင်းသီးဟင်းရွက်တွေက အရည်အသွေး မပြည့်မီလို့ ကျွန်မ သူ့ကို စူပါမားကတ်ဆီ မပို့ခိုင်းခဲ့တာ။"
သူ့မရီးလီယန်က ရုတ်တရက် ပါးစပ်ဟလာ၏။ သူမရဲ့ စကားလုံးတွေက ယဥ်ကျေးမှုမရှိပါ။
ဒေါ်ကြီးအနည်းငယ် တွန့်ဆုတ်သွားပြီး နေရခက်သော မျက်နှာထားမျိုးလည်း ဖြစ်သွားသည်။
သူမ ချွေးမ သူမကို ဒီလိုလေသံမျိုးနှင့် ပြောသည်က ပထမဆုံးအကြိမ် မဟုတ်သည်မှာ သေချာပါသည်။
"ယန်လေး၊ ရှောင်ချန်းလည်း မလွယ်ကူတဲ့ အချိန်တွေရှိတယ်လေ။ သူက မိသားစုဝင်ပဲကို၊ အမေတို့ ကူညီလို့မရဘူးလား။"
ဒေါ်ကြီးက အနည်းငယ် တွန့်ဆုတ်ကာ သူ့ချွေးမမျက်နှာကို ကြည့်ရင်း ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက အနည်းငယ် အံ့သြသွားရသည်။ သူ့ဒေါ်ကြီးက သူ့ကို ကူညီဖို့ ကြိုးစားနေတာလား။
"အမေ၊ ကျွန်မတို့က စူပါမားကတ်ဖွင့်ထားတာ၊ ထုတ်ကုန်တွေရဲ့ အရည်အသွေးကိုလည်း သေချာစောင့်ကြည့်ရမယ်လေ။ အရည်အသွေးကောင်းရင် စျေးဝယ်သူတွေကို ဘယ်လိုရောင်းရမှာလဲ။ ဒီကိစ္စတွေ အမေ ဝင်ပါစရာ မလိုပါဘူး။"
လီယန်က သူမကို မျက်နှာသာ တစ်ချက်မှ မပေးပါ။
လီယန်၏ စရိုက်ကို မြင်သောအခါ ယဲ့ရှောင်ချန်း သည်းခံစိတ်ကောင်းသည်ဟုဆိုရင်တောင် ထိုအခိုက်အတန့်တွင် သူ့နှလုံးသား အတော်လေး မပျော်မရွှင်ဖြစ်သွားရသည်။ အရည်အသွေးနှင့် ဘာမှမဆိုင်ဘဲ သူတို့၏ ဆင်းရဲသော ဆွေမျိုးများကို သူမ မကူညီချင်သောကြောင့်သက်သက်ဖြစ်သည်။
ခွေးဆိုရင်တောင် ကံကောင်းသည့်အချိန်ဆိုတာရှိတယ်။ ဒီနှစ်က ငါ့အလှည့်ပဲ။
ယဲ့ရှောင်ချန်းဆိုတဲ့ ငါ့မှာ ရှန်းနုန်စနစ်ရှိနေတယ်။ ငါ့ရဲ့အနာဂတ်က ထောင့်ချိုးလေးမှာပဲ။
ဒီနေ့ ငါ့ကို လျစ်လျူရှုလို့ ရပေမယ့် မနက်ဖြန် ငါ နင်တို့ထက် ပိုသာအောင် လုပ်ပြမယ်။
ယဲ့ရှောင်ချန်းကလည်း မာနကြီးသော လူတစ်ယောက်ဖြစ်သည်။ သူ့နှလုံးသားထဲတွင် တိတ်တဆိတ် သစ္စာဆိုလိုက်မိပါသည်။
သူ့ချွေးမရှေ့တွင် အရှက်ခွဲခံရပြီး သူ့တူကလည်း စိုက်ကြည့်နေသဖြင့် ဒေါ်ကြီး၏ မျက်နှာအနေအထားက သိပ်မကောင်းတော့ပါ။ သို့သော်လည်း သူမ ဘာမှထပ်မပြောတော့ချေ။
အခြားနည်းလမ်း မရှိတော့ပါ။ အခုတစ်အိမ်လုံးက လီယန့်သဘောအတိုင်း ဖြစ်နေသည်။
ထိုအချိန်တွင် သူ့ဝမ်းကွဲအစ်ကို ချန်ဟောက် ပြန်ဝင်လာသည်။ သူဧည့်ခန်းထဲက စကားများကို ကြားခဲ့သော်လည်း သူလည်း သူ့မိန်းမ၏ စိတ်ကို ဘာမှမတတ်နိုင်ပေ။ သူက ယဲ့ရှောင်ချန်းကို ကူညီချင်သော်လည်း သူ့မိန်းမ လီယန်ထံမှ အတားအဆီးတစ်ခုက ရှိနေသည်။
အခြားနည်းလမ်းမရှိတော့ပါ။
"ရှောင်ချန်း ငါစားသောက်ဆိုင်နှစ်ဆိုင်နဲ့ ဟင်းသီးဟင်းရွက်ဆိုင်တစ်ခုကို ဆက်သွယ်ထားတယ်။ ပြဿနာတော့ မရှိပေမယ့် ဝယ်လိုအားကတော့ သိပ်များမှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းရဲ့ဖိအားကိုတော့ တဖြည်းဖြည်း လျော့သွားစေမှာပါ။"
ချန်ဟောက်က အလျင်အမြန် ပြောလိုက်သည်။
ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံ အရွယ်အစားအတွက် ဒီလိုမျိုးရောင်းချမှုမျိုးက အရှုံးကို နည်းပါးစေသော်လည်း သူ့စိုက်ပျိုးရေးခြံကို လုံးဝကယ်တင်နိုင်မည်တော့ မဟုတ်ပါ။
ပြောရမည်ဆိုလျှင် ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံ ပိတ်ရဖို့ သိပ်မကြာလောက်တော့ပါ။
ယဲ့ရှောင်ချန်းက ချန်ဟောက်အား ဘာမှ အထွန့်ဆက်မတက်ပါ။ ဘာပဲဖြစ်ဖြစ် ချန်ဟောက်က သူ့ကိုကူညီပေးဖို့ ကြိုးစားနေခဲ့သည်မဟုတ်ပါလား။ ယဲ့ရှောင်းချန်းက ချက်ချင်းဆိုသလို အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ ကျွန်တော့်ရဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေရောင်းချဖို့ ပြဿနာကို ဖြေရှင်းပြီးပါပြီ။"
"ဖြေရှင်းပြီးပြီ ဟုတ်လား။"
ချန်ဟောက်က အနည်းငယ် အံ့သြသွားမိသည်။
ချန်ဟောက်သည် ယဲ့ရှောင်ချန်း၏ ခြံကို ရောက်ဖူးပါသည်။ အရွယ်အစားက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ရောင်းချမှုပြဿနာကို ဖြေရှင်းနိုင်လောက်တဲ့အထိ မကြီးမားပါ။ သူသည် ဝယ်လိုအား များပြားသော စူပါမားကတ်ကြီးတစ်ခုလောက် ရှာဖွေရမည်ဖြစ်သည်။
မြို့ထဲတွင် စူပါမားကတ်ကြီးများစွာရှိသော်လည်း ထိုစူပါမားကတ်ကြီးများတွင် တည်ငြိမ်သော ထောက်ပို့မှု ရှိပြီးသားဖြစ်သည်။ လက်ရှိတွင် စူပါမားကတ်အသစ် ဖွင့်သည့်သတင်းလည်း မကြားမိသေးပါ။
"တွေ့လား၊ လူတွေက ကျေးဇူး မသိတတ်ဘူး။"
လီယန်က အရွဲ့တိုက်သော လေသံမျိုးဖြင့် ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် တည်ငြိမ်သော ရောင်းချမှုတစ်ခုကို ရလိမ့်မည်ဟု သူမ မယုံကြည်ပါ။ သူ အရှက်မကွဲအောင် ပြောနေခြင်းသာ သေချာပေါက်ဖြစ်နိုင်သည်။
"ရှောင်ချန်း မင်းပြောတာ အမှန်ပဲလား၊ အလိမ်ခံရမယ်နော်။"
ချန်ဟောက်လည်း မယုံနိုင်ပါ။ ဘာပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ရောင်းချခြင်း၏ ပြဿနာက အဆက်အသွယ်ကောင်းကောင်း ရှိဖို့လိုအပ်ခြင်းဖြစ်သည်။ မဟုတ်လျှင် နေရာတိုင်း အခက်အခဲ ကြုံရနိုင်၏။
ယဲ့ရှောင်ချန်း လူလိမ်နှင့်ကြုံကာ အရှုံးပေါ်မည်ကို သူစိုးရိမ်နေသည်။
"ဝမ်းကွဲအစ်ကို၊ စိတ်ချပါ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ယန်ရှစ်မြို့က တစ်ယောက်ယောက်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့တယ်လေ။ မကြာသေးခင်က ယန်ရှစ်မြို့ကို ဟင်းသီးဟင်းရွက်တွေပို့ဖို့ ကျွန်တော် ထရပ်ကားတစ်စီးတောင် ဝယ်ခဲ့သေးတယ်။"
ယဲ့ရှောင်ချန်းက ခပ်သုတ်သုတ်ပြောလိုက်သည်။
ချန်ဟောက်က အနည်းငယ် သံသယဖြစ်နေဆဲပင်။ ယဲ့ရှောင်ချန်း မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို မသိနိုင်ပေ။
"နင်ရောင်းနိုင်ခဲ့လို့ တော်သေးတာပေါ့။ အဲ့တာကြောင့် နင့်အမေက နင်ထရပ်ကားတစ်စီး ဝယ်ထားတယ်လို့ပြောတာ အမှန်ဖြစ်နေတာပဲ။"
ဒေါ်ကြီး၏ မျက်လုံးများ ကျယ်သွားသည်။ ယခင်က သူ့ယောက်မ၏ စကားများကို မယုံကြည်သော်လည်း အခုတော့ အမှန်ဖြစ်နေသည့်ပုံပင်။
သူမ စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းစိုက်ပျိုးရေးခြံ ပိတ်သိမ်းလိုက်ရပါက အခြားဆွေမျိုးများက သူမတို့ကို အလွန်စိတ်ကြီးဝင်လွန်းသည်ဟု ထင်သွားနိုင်သည်။
ကိုးရိုးကားယားနိုင်သော အခြေအနေဖြင့် သူတို့မိသားစု နေ့လည်စာစားခဲ့ကြသည်။
စားသောက်နေတုန်း ယဲ့ရှောင်ချန်း အလွန် နရခက်သည်။ ထို့အပြင် လီယန်က အမြဲတမ်း နားပူနားဆာလုပ်နေသည်။ အရွက်ဟင်းများက စပ်လွန်းသည်၊ စွပ်ပြုတ်က ငန်လွန်းသည် စသဖြင့်...။
ယဲ့ရှောင်ချန်းက သူ့ဦးလေးကြီး စိတ်တိုလွယ်သည်ဟု သိထားသော်လည်း ယခုတော့ ဘာမှပြန်မပြောချေ။ သူ့ချွေးမက သူ့ကို မြေးတစ်ယောက်လို ဆူငေါက်နေသည်ကို ငြိမ်သာခံနေသည်။
သူ့မရီးလီယန်တစ်ယောက် ဘယ်လောက်တောင် အာဏာကြီးလဲဆိုတာ ယဲ့ရှောင်ချန်း နားလည်သွားသည်။
သူ့ဝမ်းကွဲအစ်ကိုအတွက်လည်း ခက်ခဲပုံပေါ်သည်။
နေ့လည်စာစားပြီးနောက် ဒေါ်ကြီးက မိန်းကလေးဘက်နှင့် ဆက်သွယ်ကာ ယဲ့ရှောင်ချန်းကို အပြင်ခေါ်သွားသည်။
သူ့ဝမ်းကွဲအစ်ကို ချန်ဟောက်က ယဲ့ရှောင်ချန်းနှင့် ဒေါ်ကြီးကို လိုက်ပို့ချင်ခဲ့သည်။ သူတို့ ကားမောင်းပြီးသွားပါက ပိုမို ကြည့်ကောင်းသည် မဟုတ်ပါလား။
သို့သော် လီယန်က အလှပြင်ဆိုင် သွားချင်သည်ဟု ဆိုသည်။
ဝမ်းကွဲအစ်ကိုက သူမသဘောသာ လိုက်လျောနိုင်ပြီး ယဲ့ရှောင်ချန်းကို အားနာစွာ ကြည့်လိုက်မိသည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်းက ထရပ်ကားကြီးဖြင့် ဒေါ်ကြီးနှင့်အတူ မိန်းကလေး မိသားစု အိမ်သို့ မောင်းသွား၏။
ဘာမှမရှိတာထက်တော့ ထရပ်ကားက ပိုကောင်းသည်မဟုတ်ပါလား။
တကယ်တော့ ယဲ့ရှောင်ချန်းက ဤမျက်မမြင်ချိန်းဆိုမှုအား နည်းနည်းလေးမှ စိတ်မဝင်စားပါ။ သူသည် ဒီတာဝန်ကြီးကို ပြီးဆုံးအောင် လုပ်နိုင်ရင်ပဲ အဆင်ပြေလှပါပြီ။