မျိုးစေ့များကိုလေ့လာခြင်း
Vol. 2 Ch. 26
အခန်း(၂၆) - မျိုးစေ့များကို လေ့လာခြင်း
တစ်နာရီခွဲကျော်လောက် ကြာပြီးနောက်တွင် ယဲ့ရှောင်ချန်း၏ ချိန်းဆိုမှု ပြီးဆုံးသွားပြီဖြစ်ပြီး သူ့ဒေါ်ကြီးနှင့်အတူ အိမ်သို့ ပြန်မောင်းလာခဲ့သည်။
"ရှောင်ချန်း ဒီတစ်ခါ ငါတော်တော်လေး ပေါ့ဆမိခဲ့တာပါ။ ငါသေသေချာချာ မစုံစမ်းမိခဲ့ဘူး။ ဒီကောင်မလေးမှာ ဝက်ရူးပြန်ရောဂါရှိမှန်း စောစောကသိခဲ့ရင် ဒေါ်ကြီး ဘယ်တော့မှ မိတ်ဆက်မပေးခဲ့ပါဘူး။"
ထရပ်ကားထဲတွင် ထိုင်နေသော ဒေါ်ကြီးက ယဲ့ရှောင်ချန်းကို ပြောလိုက်သည်။
သူမ အခု အမှန်တကယ် နောင်တရနေပါသည်။ ကောင်မလေးကသာ ချိန်းဆိုနေစဥ် ဝက်ရူးပြန်သည့် လက္ခဏာ မပြခဲ့လျှင် သူတို့သည် ဘာမသိညာမသိ လက်ထပ်သွားနိုင်ပြီး သူမရဲ့ တူလေး တစ်ဘဝလုံးစာ ဒုက္ခရောက်သွားနိုင်သည်။
တကယ်တော့ ယဲ့ရှောင်ချန်းက ဘာမှသိပ်ပြီး ဂရုမစိုက်ပါ။ အစကတည်းက သူ့တွင် ဘာအစီအစဥ်မှ မရှိခဲ့သောကြောင့်ဖြစ်သည်။ ကောင်မလေးက အလွန်လှပသည်။ ကိုယ်လုံးကိုယ်ပေါက်လည်း လှပပြီး မိသားစု အခြေအနေကလည်း သူ့ထက် ပိုကောင်းသည်။ သတို့သမီးမိသားစုဘက်က သတို့သားကို ကားတစ်စီးဘာညာ မတောင်းဆိုဘဲ သူတို့ကတောင် မြို့ထဲက သူတို့အိမ်ကို လက်ဖွဲ့အဖြစ်ပေးဖို့ ဆန္ဒရှိနေကြသည်။
ဘာကြောင့် ဒီလောက်တောင် သဘောကောင်းနေရသလဲ။
ခုခေတ်မိန်းကလေးများက ကိုယ်တိုင်က သာမန်ဖြစ်နေလျှင်တောင် စံနှုန်းကို မြှင့်တင်ထားကြသည်။ မင်္ဂလာပွဲတစ်ခုအတွက် မိသားစုဘယ်လောက်များများ အကြွေးတွေတင်ခဲ့ရသလဲ မတွေးတတ်တော့ပါ။
နှမြောတော့နှမြောစရာပင်။ သူတို့က အိမ်တစ်လုံးပင် ပေးခဲ့သည်။
ယခင်ကဆိုလျှင် ယဲ့ရှောင်ချန်းသည် တကယ် လက်ခံမိနိုင်သည်။
ကောင်မလေးက ဝက်ရူးပြန်ရောဂါထဖောက်ပြီး သူတို့ရဲ့ မျက်မမြင်ချိန်းဆိုမှု ချက်ချင်း အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"ဘာမှမဖြစ်ပါဘူး။ သတို့သမီးဘက်က အမှန်တရားကို ဖုံးကွယ်ထားလို့ စုံစမ်းဖို့ ခက်ခဲတာနေမှာပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
သူ့ဒေါ်ကြီးကို အိမ်ပြန်ပို့ပြီးနောက် မြို့ထဲက မျိုးစေ့စျေးကွက်သို့ ယဲ့ရှောင်ချန်း မောင်းသွားလိုက်သည်။
အခုလောလောဆယ် သူ့စိုက်ပျိုးရေးခြံက အဆင်ပြေနေပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ နောက်တစ်သုတ်အတွက် ပြင်ဆင်ဖို့ အချိန်ကျပြီဖြစ်သည်။
မျိုးစေ့များ ဝယ်ယူခြင်းကလည်း စကေးတစ်မျိုးဖြစ်၏။
ယခု မျိုးစေ့ပေါင်းစုံ ရှိနေလေပြီ။ မျိုးစေ့တစ်မျိုးတည်းဆိုလျှင်တောင် ကွာခြားချက်က ကြီးမားလွန်းလှသည်။ ထို့ကြောင့် ယဲ့ရှောင်ချန်းက ကိုယ်တိုင် အကဲဖြတ်ကာ ဝယ်ယူဖို့လိုသည်။
လူတစ်ယောက်၏ အမြင်နှင့် အတွေ့အကြုံကို စမ်းသပ်သည်ဟုလည်း ဆိုနိုင်သည်။
အရင်တစ်ခေါက်က သူ မျိုးစေ့ဝယ်ယူခဲ့သော ဆိုင်ကိုပဲ သူပြန်ရောက်လာခဲ့သည်။
ယဲ့ရှောင်ချန်းသည် ထိုဆိုင်တွင် မျိုးစေ့ဝယ်ယူခြင်းက ပထမဆုံးအကြိမ် မဟုတ်သဖြင့် ဆိုင်ရှင်နှင့်ပင် မိတ်ဆွေဖြစ်လာလေပြီ။ ရေရှည်ဆက်ဆံရေးအတွက်လည်း အလားအလာများစွာ ရှိနေခဲ့ပါသည်။
"ညီလေးယဲ့၊ အခုလေးတင် ရောက်တဲ့ ပန်းဂေါ်ဖီမျိုးစေ့တွင် ရှိတယ်။ သူ့ကို မြစိမ်းဘုရင်လို့ခေါ်တယ်။ အရောင်နဲ့ အထွက်နှုန်းကလည်း တော်တော်လေး ကောင်းတယ်ကွ။"
ဆိုင်ရှင်က ယဲ့ရှောင်ချန်းအား မျိုးစေ့အသစ်တစ်ခုကို ညွှန်းပေးလိုက်သည်။
ပန်းဂေါ်ဖီမျိုးစေ့၏ အသေးစိတ်အညွှန်းကို ဖတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ချက်ချင်း လက်မခံခဲ့ပါ။ မျိုးစေ့ရွေးချယ်မှုက အလွန်အရေးပါသည်။ အထူးသဖြင့် ပစ္စည်းအသစ်ဖြစ်ပါက ပိုဆိုးသည်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများစွာ စမ်းသုံးခြင်း မရှိဖူးပါက ပြဿနာတစ်ခုခု ဖြစ်လာသည်နှင့် သက်ရောက်မှုက အလွန်ကြီးသွားနိုင်သည်။
မကြာခဏဆိုသလို မျိုးစေ့ကွဲများကို အသုံးပြုရာတွင် မျိုးစေ့များ အပြစ်အနာအဆာရှိမှုကြောင့် စိုက်ပျိုးရေးသမားများ အကြီးအကျယ် အရှုံးပေါ်တတ်ကြသည်။
ဟင်းသီးဟင်းရွက်မျိုးစေ့ကွဲအသစ်များကို စျေးကွက်တွင် ရောင်းချနိုင်ဖို့ဆိုသည်မှာ တင်းကြပ်ပြီး အချိန်ကြာမြင့်သော စမ်းသပ်ချက်များကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ အပင်စိုက်ရာတွင် အညှောက်ပေါက်ခြင်းမှစ၍ ထွက်ကုန် အရည်အသွေးကို စစ်ဆေးရုံတင်မကသေးဘဲ ပိုးမွှားဒဏ်ခံနိုင်ရည်နှင့် မြေဆီလွှာ၊ နေရောင်ခြည်တို့နှင့် လိုက်လျောညီထွေဖြစ်မှုတို့လည်း ရှိဖို့လိုအပ်ပါသည်။
တစ်ခုခု မှားယွင်းသွားပါက ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်သည်။
ပန်းဂေါ်ဖီမျိုးစေ့၏ အညွှန်းစာတွင် ၎င်း၏ အောင်မြင်မှုမျိုးစုံကို ဖော်ပြထားသည်။
ယဲ့ရှောင်ချန်းက မျိုးစေ့တစ်စေ့ကို ညင်သာစွာ ကိုင်လိုက်ပြီး သူ့စိတ်စွမ်းအင် ပါရမီကိုသုံးကာ မျိုးစေ့၏ မှေးမှိန်သော အသိစိတ်ကို အာရုံခံကြည့်လိုက်သည်။
မျိုးစေ့၏ အသိစိတ်က အိပ်စက်နေပြီး အသိစိတ်နိုးထလာဖို့အတွက် အပင်စိုက်ပျိုးဖို့ လိုအပ်သည်။ ထိုမှသာ အပင်က လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း သူ့စိတ်စွမ်းအား ပါရမီကို သုံးခြင်းဖြင့် အိပ်စက်နေသော မျိုးစေ့မှ အခြား အရာများစွာကိုလည်း အာရုံခံမိပါသေးသည်။
"မျိုးစေ့ရဲ့ အသိစိတ်က အားနည်းလိုက်တာ။"
ယဲ့ရှောင်ချန်းက သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ သူက အာရုံခံနိုင်သော်လည်း အလွန် မှေးမှိန်လှသည်။
ရှန်းနုန်စနစ်မိတ်ဆက်ထဲတွင် မျိုးစေ့များ၏ အရည်အသွေးကို တိုင်းတာနိုင်သော အထူးနည်းလမ်းတစ်ခုရှိသည်။
ဒီမျိုးစေ့တစ်သုတ်အကြောင်း နားလည်ပြီးသွားသောအခါ သူပြန်ချထားလိုက်သည်။
ယေဘုယျအားဖြင့် ထိုမျိုးစေ့ကို ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သော်လည်း သူဆုံးဖြတ်၍ မရသော ပြဿနာတစ်ခု ရှိနေသည့်ပုံပင်။ မျိုးစေ့ကို စိုက်ပျိုးပြီး အမြစ်များ စတင်အညှောက်ပေါက်လာသောအခါမှ သူအတည်ပြုနိုင်လိမ့်မည်။
အဲ့ဒီနောက် သူ အခြားမျိုးစေ့များကို စမ်းသပ်ကြည့်လိုက်သည်။ ထိုမျိုးစေ့များက အတည်ပြုပြီးသား မျိုးစေ့များဖြစ်ကြသည်။ ၎င်းတို့အားလုံးကို အချိန်ကြာမြင့်စွာ စမ်းသပ်ထားပြီးဖြစ်ပြီး ပြဿနာတစ်ခုခုရှိပါက သူတို့ဖြေရှင်းပြီးလောက်ပြီဖြစ်သည်။
ထိုပန်းဂေါ်ဖီမျိုးစေ့ကိုသာ ယဲ့ရှောင်ချန်းတစ်ယောက် အပြည့်အဝ မစမ်းသပ်နိုင်ခြင်းဖြစ်သည်။
နောက်ဆုံးတော့ သူသည် အခြားမျိုးစေ့ အမျိုးအစားများကို ရွေးလိုက်သည်။ ပန်းဂေါ်ဖီမျိုးစေ့ကွဲ မြစိမ်းဘုရင်ကိုတော့ တစ်အိတ်သာ ဝယ်ယူလိုက်သည်။ စမ်းသပ်ကြည့်ဖို့သာဖြစ်သည်ဟု ဆိုသည်။ ယဲ့ရှောင်ချန်းသည် အလွန်သတိကြီးသော စိုက်ပျိုးရေးသမား ဖြစ်သည်ကို ဆိုင်ရှင်ကလည်း သိသဖြင့် အသုံးမဝင်မည့် စကားများထပ်မပြောတော့ပါ။
အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်း သူ့မိဘများကို မျက်မမြင်ချိန်းဆိုမှုအကြောင်း ပြောလိုက်သည်။ နားထောင်ပြီးသွားသောအခါ သူ့အမေ ဝမ်းသာသွားရသည်။ သူ့သားသာ ဝက်ရူးပြန်ရောဂါရှိသော ကောင်မလေးနှင့် လက်ထပ်မိပါက ပြဿနာအကြီးကြီး တက်သွားနိုင်သည်။
အများကြီးသိပ်မပြောဘဲ ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံသို့သွားကာ အလုပ်တန်းလုပ်တော့သည်။
မျိုးစေ့ကြဲခြင်းက မရိုးရှင်းပါ။ ရှုပ်ထွေးသော လုပ်ငန်းစဥ်ဖြစ်သည်။
ပထမဆုံး မျိုးစေ့ဆန်းစစ်ခြင်း ဖြစ်သည်။ သေးငယ်သော၊ ပြားနေသာ၊ ရှုံ့တွနေသော မျိုးစေ့များနှင့် အင်းဆက်အမှုန်အမွှားလေးများကိုပါ အကုန်ဖယ်ရှားပြစ်ရသည်။ သာမန်ကုမ္ပဏီတစ်ခုက ရောင်းချသည့် မျိုးစေ့များတွင် အခြားမျိုးစေ့ညံ့များ ရောပါနေတတ်သည်။ အထူးသဖြင့် အကျင့်မကောင်းသော စီးပွားရေး အေးဂျင့်များက တမင်တကာ အညံ့စားမျိုးစေ့များနှင့် ရောစပ်ထားတတ်သည်။
နောက်တစ်ဆင့်က စိုက်ပျိုးခြင်းဖြစ်သည်။ မျိုးစေ့၏ အညှောက်ပေါက်နှုန်းအပေါ် သက်ရောက်မှု အလွန်မြင့်မားသဖြင့် အလွန်အရေးကြီးသော အဆင့်ဖြစ်သည်။
သာမန်လယ်သမားများသည် မျိုးစေ့များကို ဖြန့်ကျက်လေ့ မရှိသဖြင့် မကြာခဏဆိုသလို မျိုးစေ့များ အညှောက်မပေါက်သည့် ပြဿနာနှင့် ရင်ဆိုင်ကြရတတ်သည်။ ဘာပဲဖြစ်ဖြစ် မျိုးစေ့များကို မြေကြီးထဲတိုက်ရိုက် စိုက်ပျိုးခြင်းက အလွန်သက်ရောက်မှုရှိသည်။
သို့သော် ကျွမ်းကျင်လယ်သမားများကတော့ ပိုမို ရင့်ကျက်သော လုပ်ငန်းစဥ်ဖြင့် လုပ်ကြသည်။
မတူညီသော မျိုးစေ့များ၏ မျိုးစေ့ကြဲပုံက မတူညီကြပါ။ ထိုလုပ်ငန်းစဥ်ကို အောင်မြင်ဖို့ အတွက် ယဲ့ရှောင်ချန်း နာရီများစွာ အချိန်ယူခဲ့ရသည်။
ယဲ့ရှောင်ချန်းသည် ပန်းဂေါ်ဖီမျိုးစေ့ကွဲ အသစ်ကိုလည်း စိုက်ပျိုးခဲ့သည်။
ရှန်းနုန်ပါရမီ အကူအညီနှင့်ဆိုလျှင် အညှောက်ပေါက်ခြင်း လုပ်ငန်းစဥ်တစ်ခုလုံးက တစ်ရက်မှ နှစ်ရက်အထိ ကြာနိုင်သည်။ အချိန်ကို လျှော့ချနိုင်သော်လည်း သူဒီတောအတွင်း အလုက်လက်မဲ့ဖြစ်နေလို့ မရပေ။ သူမကြာခဏဆိုသလို မျိုးစေ့အညှောက်ပေါက်ခြင်း လုပ်ငန်းစဥ်တွင် အရေးကြီးသည့် စိုစွတ်မှုနှင့် အပူချိန်ကို စစ်ဆေးရသည်။
ထို့ကြောင့် မျိုးစေ့များ ဖွံ့ဖြိုးစဥ်ကာလအတွင်း သူ့စိတ်စွမ်းအင် ပါရမီကို အသုံးပြုကာ မျိုးစေ့များ၏ အသိစိတ်ကို ဆက်သွယ်လေ့လာကြည့်ရသည်။
ညနေရှစ်နာရီကျော်ပြီဖြစ်သည်။
ယဲ့ရှောင်ချန်းသည် အကြမ်းထည်ပြုလုပ်ထားသည့် အခန်းတစ်ခန်းထဲတွင် အလုပ်ရှုပ်နေသည်။
"အင်း... ပန်းဂေါ်ဖီမျိုးစေ့တွေရဲ့ အသိစိတ်က တစ်ခုခု ပြောင်းလဲမှုရှိတဲ့ပုံပဲ။"
ယဲ့ရှောင်ချန်းသည် အလွန်နိုးကြားမှုရှိပြီး ဒီရက်ပိုင်း ပုံမှန်လေ့ကျင့်ထားခြင်းကြောင့် သူ့စွမ်းရည်ကလည်း အဆင့်မြင့်သွားပြီဖြစ်သည်။
ပြောင်းလဲမှုတစ်ခုရှိလာတိုင်း သူစာအုပ်ငယ်တစ်အုပ်ထဲတွင် မှတ်သားထားလိုက်သည်။
၎င်းက သူ့အကျင့်ပင်ဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ဒီစိုက်ပျိုးရေးခြံကို စတင်စီမံစဥ်ကတည်းက သူ့အတွေ့အကြုံများကို တစ်ခုချင်းစီ မှတ်တမ်းတင်ထားသည်။
"ဟုတ်တယ်၊ ဒီအချက်ကြောင့် ဖြစ်ရမယ်။ သူ့ရဲ့ ပြောင်းလဲမှုတွေက အနည်းငယ် ကမောက်ကမဖြစ်ပြီး နည်းနည်း ဖရိုဖရဲ ဖြစ်နေတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် မျိုးစေ့ရဲ့ အသိစိတ်က နိုးကြားတက်ကြွလာသလိုပဲ။"
ယဲ့ရှောင်ချန်းသည် နောက်ဆုံးတော့ ခြားနားချက်ကို နားလည်သွားသည်။
"ဟုတ်တယ်၊ ပန်းဂေါ်ဖီမျိုးစေ့ထဲမှာ အပြစ်အနာအဆာတစ်ခု ရှိနေတယ်။"
"ဒီအပြစ်အနာအဆာက မသိသာဘူး၊ ဒါပေမယ့် အခြေအနေတစ်ခုနဲ့ ကြုံလာရရင် ကြီးမားလာလိမ့်မယ်။ ဒါက ကြောက်စရာကောင်းတဲ့ သံသရာတစ်ခုကို ဖြစ်ပေါ်လာနိုင်ပြီး ပန်းဂေါ်ဖီရဲ့ ထုတ်ကုန်အရည်အသွေးမှာ ပြဿနာရှိနိုင်လာနိုင်တယ်။ နောက်ဆုံး ပန်းတောင်ပွင့်နိုင်မှာ မဟုတ်ဘူး။"
"မျိုးစေ့ကုမ္ပဏီက ဒီအခြေအနေကို မသိဘူးလား မသိဘူး။ ဖြစ်သင့်တာက သုတေသန လုပ်နေစဥ်တောအတွင်းမှာ ချွတ်ယွင်းတဲ့ မျိုးစေ့တွေကို ဖယ်ထုတ်တဲ့ စက်ယန္တရား ရှိရမှာပဲ။ ဘာဖြစ်လို့ ဒီလောက်ကြီးမားတဲ့ အပြစ်အနာအဆာ ရှိနေရတာလဲ၊ ဒါပေမယ့် ဒါက ရှာတွေ့ဖို့ကတော့ ခက်ခဲတယ်။ ငါ့ရဲ့စိတ်စွမ်းအင် ပါရမီကြောင့်သာ မဟုတ်ဘဲ သာမန်သုတေသနလုပ်ငန်းစဥ်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီအပြစ်အနာအဆာကိုမှ ရှာတွေ့မှာမဟုတ်ဘူး။"
ယဲ့ရှောင်ချန်းတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
သူက အဖြေတစ်ခုကို စဥ်းစားနေခြင်းဖြစ်သည်။
ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ထဲတွင် အဖြေတစ်ခုရှိသည်။ အထူးအဆင့်မြှင့်ဆေးဝါး တစ်ခုဖြစ်သည်။ စတိုးဆိုင်ထဲတွင် ရောင်းချသော်လည်း အလွန်စျေးကြီးလွန်းသည်။ ယဲ့ရှောင်ချန်းသည် ထိုဆေးကို ပြုလုပ်ရအောင်လည်း သူ့တွင် ထိုစွမ်းရည်ရှိမနေပါ။
"ငါမှတ်မိတာသာ မမှားဘူးဆိုရင် ဒီပြဿနာကို အပင်သန်ဆေးက ဖြေရှင်းပေးနိုင်လိမ့်မယ်။ အပင်သန်ဆေးမှာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နောက်ထပ်အကျိုးသက်ရောက်မှုမျိုးရှိတယ်။"
ရုတ်တရက် ယဲ့ရှောင်ချန်း၏ အတွေးများ လှုပ်ရှားသွားသည်။ ယဲ့ရှောင်ချန်းသည် ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ကို အလျင်အမြန် ထုတ်လိုက်ပြီး စတင်ဖတ်လိုက်တော့သည်။