ဈေးနှုန်းတိုးမြှင့်ခြင်း
Vol. 2 Ch. 28
အခန်း(၂၈) - စျေးနှုန်းတိုးမြှင့်ခြင်း
ယဲ့ရှောင်ချန်းသည် မက်ဆေ့ချ်ကို အလျင်အမြန် ဖွင့်ဖတ်ကြည့်လိုက်သည်။ လနတ်သမီးမှ ပို့ထားခြင်းဖြစ်၏။
"ယဲ့ရှောင်ချန်း ရှင့်မှာ အင်မော်တယ်မုန်လာဥ ရှိသေးလား။"
ထိုမက်ဆေ့ချ်ကို မြင်သောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွားမိသည်။ လနတ်သမီးက သူမ မွေးထားသော ယုန်မှာ ချွတ်ယွင်းသော မုန်လာဥများကို စားရတာမကြိုက်ဟု မပြောခဲ့ဘူးလား။
"လနတ်သမီး ဘာဖြစ်လို့လဲ။"
ယဲ့ရှောင်ချန်းသည် ခဏလောက် စဥ်းစားလိုက်ပြီး သူ့ထံတွင် အင်မော်တယ် မုန်လာဥမရှိပါဟု တန်းပြီး စာမပြန်လိုက်ပါ။
လနတ်သမီး ဘာတွေတွေးနေသလဲဆိုတာ သူသိချင်နေသည်။
ခဏလောက်ကြာသောအခါ လနတ်သမီးထံမှ မက်ဆေ့ချ်အသစ်ရောက်လာ၏။
"ယဲ့ရှောင်ချန်း ရှင်စိုက်ပျိုးခဲ့တဲ့ အင်မော်တယ် မုန်လာဥတွေက ချွတ်ယွင်းတဲ့ ပစ္စည်းဆိုပေမယ့် သာမန်ချွတ်ယွင်းတဲ့ပစ္စည်း မဟုတ်ဘူး။ ကျွန်မယုန်လေးက စားရတာကြိုက်ပြီး ရှင့်ရဲ့အင်မော်တယ် မုန်လာဥတွေ အကုန်လုံးကို စားပြစ်လိုက်ပြီ။ အခု အခြား ဘာအစားအစာမှ မစားတော့ဘူး။"
လနတ်သမီးက အခြေအနေကို ဖုံးကွယ်မထားပါ။
ယုန်က အရည်အသွေးမြင့် မုန်လာဥထက် ယဲ့ရှောင်ချန်း၏ အရည်အသွေးနိမ့် မုန်လာဥကို စားရတာကြိုက်သည်မှာ ထူးဆန်းလှသည်။
ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။
ကောင်းကင်ဘုံတွင် အဆင့်နိမ့် အင်မော်တယ် မုန်လာဥများပေါများသော်လည်း ရှန်းနုန်များ မဟုတ်ကြပါ။
ရှန်းနုန်နှင့် ပတ်သက်ပြီး တစ်ခုခုထူးခြားနေတာ ရှိလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဘုံက သူတို့နှင့် ပတ်သက်လာလျှင် အမြဲတမ်း အတည်ပေါက် လုပ်လေ့ရှိခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းသည် လနတ်သမီးထံမှ စာကို မြင်သောအခါ အလွန်အမင်း အံ့သြသွားသည်။ ကျောက်စိမ်းယုန်က တကယ်ပဲ သူစိုက်ပျိုးခဲ့တဲ့ ချွတ်ယွင်းတဲ့ မုန်လာဥတွေကို ကြိုက်တာလား။
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ရှုပ်ထွေးသွားပြီး သိချင်စိတ်လည်း များသွားမိသည်။ အကယ်၍များ နောက်တစ်ခေါက် ရောင်းချရာတွင် စျေးကိုမြှင့်လိုက်လျှင် ဘယ်လိုနေမလဲ။
သို့သော်လည်း လနတ်သမီးနှင့် ချုပ်ဆိုထားသော အင်မော်တယ် သဘောတူစာချုပ်အကြောင်း တွေးမိသွားသောအခါ သူစိတ်ဓာတ်ကျသွားသည်။ အင်မော်တယ် သဘောတူ စာချုပ်ထဲတွင် ချွတ်ယွင်းအဆင့် မုန်လာဥများ၏ ရောင်းစျေးမှာ တစ်ယွမ်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်။
"ယဲ့ရှောင်ချန်း ရှင့်မှာ အင်မော်တယ်မုန်လာဥတွေ အများကြီးရှိမယ်ထင်တယ်။ အဲ့တာတွေ အရွယ်ရောက်တာနဲ့ ကျွန်မကို အမြန်ဆုံး အသိပေးပါ။ နောက်တစ်ခေါက် ကုန်ဖလှယ်ရင် ကျွန်မ ရှင့်ရဲ့ ချွတ်ယွင်းအဆင့် အင်မော်တယ်မုန်လာဥအတွက် အင်မော်တယ်ယွမ် ၂ ယွမ်ပေးဖို့ စီစဥ်ထားတယ်။"
လနတ်သမီးက ယဲ့ရှောင်ချန်းအား စျေးတိုးပေးလိုက်သည်။
သူ့စိတ်ထဲတွင် ငွေပမာဏကို တွက်ချက်ကြည့်နေသည်။ ဒီတစ်ခေါက် သူသည် အင်မော်တယ် မုန်လာဥမျိုးစေ့ ၁၄၉ စေ့ စိုက်ပျိုးခဲ့သည်။ ယခု အင်မော်တယ် မုန်လာဥ ၁၄၉ လုံး ရိတ်သိမ်းနိုင်ပြီဖြစ်ပြီး အင်မော်တယ် မုန်လာဥ တစ်လုံးစျေးက ၂ အင်မော်တယ်ယွမ် ဖြစ်ပါက စုစုပေါင်းပမာဏမှာ ၂၉၈ အင်မော်တယ် ယွမ် ဖြစ်သွားမည်ဆိုသည့် သဘောပင်။
ဒီတိုင်းသာဆို သူသည် အင်မော်တယ်မြေနှစ်ကွက် ထပ်ဝယ်နိုင်သွားလိမ့်မည်။
"သူ့စာအရဆိုရင် သူ့ရဲ့အိမ်မွေးယုန်လေးက အဆင့်နိမ့် အင်မော်တယ် မုန်လာဥစစ်စစ်ထက် ငါ့ရဲ့ ချွတ်ယွင်းအဆင့် အင်မော်တယ် မုန်လာဥတွေကို တကယ်ကြီး စွဲလမ်းနေတဲ့ပုံပဲ။ အဲ့တာထက် နတ်ဘုရားတစ်ပါးဖြစ်တဲ့ လနတ်သမီးက ထိပ်တန်းအဆင့် အင်မော်တယ် မုန်လာဥတွေကို ရနိုင်တာတောင် ကျောက်စိမ်းယုန်အတွက် ဘာဖြစ်လို့ ငါ့ရဲ့ ချွတ်ယွင်းအဆင့် အင်မော်တယ် မုန်လာဥတွေက ဘာကြောင့် ဆွဲဆောင်နိုင်နေရတာလဲ။”
ကံမကောင်းစွာဖြင့် လနတ်သမီးကို သူက တိုက်ရိုက်မေးလို့မဖြစ်ပါ။
မေးခဲ့လျှင် စိုက်ပျိုးသူကိုယ်တိုင် မသိပါက လနတ်သမီးသည် ထူးခြားသည့် ချွတ်ယွင်းအဆင့် အင်မော်တယ် အပင်များမှာ ကြက်ကန်းဆန်အိုးတိုးသွားသည်ဟု တွေးလာနိုင်သည်။
မကောင်းပါ။ လနတ်သမီးကို သေချာပေါက် ဒီလိုတွေးစေလို့ မဖြစ်ပါ။
ဘာပဲဖြစ်ဖြစ် စျေးကိုမြှင့်လိုက်သည်မှာ လနတ်သမီးကိုယ်တိုင်ပင်ဖြစ်သည်။ ဒုတိယအသုတ် အင်မော်တယ်မုန်လာဥများတွင် ထူးခြားသည့် အချက်မရှိဘူးဆိုလျှင်တောင် သူ့ကို အပြစ်တင်လို့မရပါ။ အလွန်ဆုံး ချွတ်ယွင်းအဆင့် အင်မော်တယ် မုန်လာဥများ၏စျေးမှာ ၁ အင်မော်တယ်ယွမ် ပြန်ဖြစ်သွားနိုင်သည်။
သို့သော်လည်း သူသည် ထိုကဲ့သို့ ထူးခြားသည့် အင်မော်တယ် မုန်လာဥများကို ပြန်လည်စိုက်ပျိုးနိုင်ပါစေဟု အလွန်မျှော်လင့်နေမိသည်။
မဟုတ်လျှင် သူ့ကိုယ်သူ ဘယ်လိုလုပ် ရှန်းနုန်ဟု ခေါ်ဆိုနိုင်တော့မလဲ။
.......
နောက်ရက်အနည်းငယ်လောက်အထိ ယဲ့ရှောင်ချန်းတစ်ယောက် အလုပ်ရှုပ်နေခဲ့သည်။
ယဲ့ရှောင်ချန်းသည် မျိုးစေ့များကို ပျိုးပြီး မျိုးစေ့ကြဲရန် လုပ်ဆောင်နေရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သူ့မိဘများက သူ့ကိုအကူအညီပေးသည်။ မဟုတ်လျှင် သူ ပိုပြီး အလုပ်များလာဖို့ပဲရှိသည်။
သူ့ရဲ့ ရှန်းနုန်ပါရမီကြောင့် မျိုးစေ့အညှောက်ပေါက်နှုန်းက ပိုမိုလျင်မြန်လာပုံရသည်။
မျိုးစေ့များ၏ အသိစိတ် ပိုမိုကောင်းမွန်လာသည်ကို သူရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
ယဲ့ရှောင်ချန်းသည် ထိုအချက်များအားလုံးကို မှတ်တမ်းတင်ထားလိုက်သည်။
မိုးလေဝသသတင်းက မကြာခင် ယန်ရှစ်မြို့တွင် မိုးကြိုးမုန်တိုင်းများနှင့် မိုးများသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
စိုက်ပျိုးရေးက ရာသီဥတုအပေါ်တွင် အများကြီး မှီခိုနေရသည်။ လယ်သမားများက ရာသီဥတု ပြောင်းလဲခြင်းကို အလွန် သတိပြုကြရပေမည်။
ယဲ့ရှောင်ချန်းလည်း အပါအဝင်ဖြစ်၏။
ယဲ့ရှောင်ချန်းသည် မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းများအတွက် စတင်ပြင်ဆင်သည်။ တဲအိမ်များကို လေပြင်းများနှင့် ပါမသွားစေရန် ခိုင်မာအောင်လုပ်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် ရေမကြီးအောင်လည်း တူးမြောင်းများ ဖော်ခဲ့သည်။ တဲထဲသို့ဝင်လာပါက စိုက်ပျိုးသီးနှံများအပေါ် ထိခိုက်မှု အလွန်များပြားလိမ့်မည်။
ယခုအခါ ရာသီဥတုက တိမ်ထူနေပြီး မိုးရွာဖို့ လက္ခဏာ မပြသော်လည်း နွေရာသီ၏ ရာသီဥတုက အမြဲပြောင်းလဲနေတတ်သည်။
ယဲ့ရှောင်ချန်းသည် နောက်ဆုံးရေဆင်းမြောင်းကို တူးပြီးသွားပြီဖြစ်သည်။ သူ့မှာ ချွေးများ ရွှဲစိုနေပါပြီ။
သူ့ချွေးတွေကို သုတ်လိုက်ရင်း နေရိပ်ပြီး အေးမြသော် မြေပေါ်တွင် ထိုင်ချလိုက်သည်။ ဦးထုပ်ကို ချွတ်ကာ ယပ်ခတ််နေလိုက်သည်။
"ရှောင်ချန်း ငါခုလေးတင်ကြည့်လာတာ ဘယ်လိုဖြစ်ပြီး ဖရဲသီးနွယ်တွေက ထပ်ပြီး ဖူးနေပြန်တာလဲ။"
သူ့အဖေက တူရွင်းတစ်ချောင်းကိုင်ကာ စွပ်ကျယ်တစ်ထည်ဝတ်လျက် ရောက်လာသည်။
ဖရဲသီးနွယ်က တစ်ကြိမ်တစ်ခါသာ ဖူးတတ်ပြီး တစ်ခါပြီးလျှင် နွယ်ကညှိုးနွမ်းသွားရသည်။
သူ ဒီနေ့ ဖရဲသီးနွယ်များကို ရှင်းလင်းဖို့ စီစဥ်ထားသော်လည်း ဖရဲသီးအပွင့်များ ထပ်ပြီး ပွင့်နေလိမ့်မည်ဟု ထင်မထားပေ။
"အဖေ ဖရဲသီးနွယ်တွေ ထပ်ပွင့်နေတယ်လို့ ပြောလိုက်တာလား။ ဒါဆိုရင်လည်း ထားလိုက်တာပေါ့။ အခုလောလောဆယ် ရှင်းဖို့မလိုတော့ဘူး။ နောက်တစ်သုတ်ထပ်ပြီး သီးဦးမယ်ထင်တယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် ဖရဲနွယ်မှ အပွင့်ထပ်ပွင့်နေသည်ကို သိလိုက်ရသောအခါ သူအလွန် စိတ်ဝင်စားသွားမိသည်။
ဒုတိယအသုတ်၏ အရည်အသွေးက ဘယ်လိုဖြစ်မလဲဆိုတာသာ မသိပေ။
သူ့အဖေက ခေါင်းငြိမ့်လိုက်သည်။ စိုက်ပျိုးရေးခြံထဲက ထူးခြားသော အရာများကို သူအသားကျနေပြီဖြစ်၏။ သခွားနွယ်များလည်း ဆက်လက်ပွင့်ဖူးနေပြီး သီးနေဆဲပါ။ ယခုအချိန်ဆိုလျှင် သာမန်လူတွေ စိုက်ပျိုးထားတဲ့ အခြားစိုက်ပျိုးရေးခြံများ၏ သခွားနွယ်များသည် ညှိုးနွမ်းသွားလောက်ပြီ ဖြစ်သည်။
ပဲစေ့များနှင့် အခြားဟင်းသီးဟင်းရွက်များကလည်း တောက်ပလှသည်။
သူ့ရဲ့ ဖန်လုံအိမ်ကိုသာ အပြစ်တင်နိုင်တော့သည်။
တဲအိမ်လေးထံသို့ ပြန်ပြီး ယဲ့ရှောင်ချန်းသည် ရေသောက်ကာ ဖရဲသီးစားလိုက်သည်။ လျှပ်စစ်ပန်ကာကို ဖွင့်လိုက်ပြီး ယဲ့ရှောင်ချန်းတစ်ယောက် ရှန်းနုန်စနစ်ထဲက စိုက်ပျိုးရေးခြံမြေပုံကို ဖွင့်ကြည့်လိုက်သည်။ ၁ စတုန်ရန်းကီလိုမီတာရှိသော ဘေးပတ်လည်ဝန်းကျင်ကို မြေပုံက ပြသနေသည်။
စိုက်ပျိုးရေးခြံပတ်လည်တွင် တစ်မီတာရှည်သော သံဆူးကြိုးများနှင့် ကာရံထား၏။
အထဲတွင် စနစ်တကျ စီရီထားသော တဲကြီး ၂၀-၃၀ ခန့်ရှိနေသည်။
"တဲတွေက မလောက်သေးဘူး။"
ယဲ့ရှောင်ချန်း၏ စိတ်ထဲတွင် လျှို့ဝှက်သော အတွေးများရှိနေသည်။
သို့သော်လည်း သူ့မှာ တိုးချဲ့ရန် အစီအစဥ်မရှိသေးပေ။
လက်ရှိ စိုက်ပျိုးရေးခြံအရွယ်အစားနှင့်ပင် သူတို့မိသားစု သုံးယောက် အလုပ်အတော်ရှုပ်နေပြီဖြစ်သည်။ သူ တိုးချဲ့လိုက်ပါက အလုပ်လုပ်ရန်အတွက် အရည်အချင်းရှိသောလူများကို ငှားရမ်းရလိမ့်မည်။
သူ့စိုက်ပျိုးရေးခြံက ပုံမှန်မဟုတ်။ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ကြီးထွားနှုန်းကလည်း မြန်ပြီး အင်မော်တယ် မြေနှင့် အပင်များလည်းရှိနေသည်။ အခြားသူများကို ငှားရမ်းခြင်းက သေချာပေါက် မသင့်လျော်ပါ။
ယခုသူ့စိုက်ပျိုးရေးခြံက ပုလင်းအဝထိ ရောက်လာပြီဖြစ်သဖြင့် အသွင်ပြောင်းဖို့ လိုအပ်လာပြီဖြစ်သည်။
ဒီရက်ထဲ သူသည် ထိုအကြောင်းကို စဥ်းစားနေခဲ့ပြီး ထိုပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကိုသာ ရွေးချယ်ရမည်။
နေ့လည်ခင်းတွင် ခန့်မှန်းထားသည့်အတိုင်း မိုးကြိုးမုန်တိုင်းနှင့် မိုးများ ရောက်ရှိလာခဲ့သည်။
ယဲ့ရှောင်ချန်းတစ်ယောက် သူသတိထားမိခဲ့၍ ဝမ်းသာသွားရသည်။
ရေစီးမြောင်းထဲမှ ရေစီးနှုန်းကို ကြည့်ခြင်းအားဖြင့် မိုးဘယ်လောက်တောင် သည်းထန်သလဲ သိနိုင်သည်။
မိုးက ခပ်မြန်မြန်ရွာပြီး ခပ်မြန်မြန်စဲသွားခဲ့သည်။
မိုးစဲသွားသောအခါ ယဲ့ရှောင်ချန်းက ခြံကို ထပ်စစ်ကြည့်လိုက်သေးသည်။
သူ့တဲအိမ်ထံသို့ ပြန်ရောက်လာသောအခါ ယဲ့ရှောင်ချန်း၏ ဖုန်းမြည်သံထွက်ပေါ်လာ၏။ သူ့ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ လျှို့ဖူရှန်းထံမှဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူတို့နှစ်ယောက် အလုပ်တွဲလုပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူတို့ဆက်သွယ်ရေး မဖြတ်ဘဲ အချင်းချင်း မကြာခဏ ဖုန်းအဆက်အသွယ်ရှိကြသည်။
အစက ယဲ့ရှောင်ချန်းမှာ သာမန် စိုက်ပျိုးရေးသမားလေးဖြစ်ပြီး လျှို့ဖူရှန်းက စူပါမားကတ်ကြီးတစ်ခု၏ ဘော့စ်ဖြစ်သည်။ လုပ်ငန်းများစွာရှိပြီး သူ့အရင်းအနှီးများကလည်း မီလီယံသောင်းနှင့်ချီကာ ရှိနေသည်။ သူတို့နှစ်ဦးအကြားက ကွာခြားမှုက အလွန်ကြီးမားပြီး နှစ်ယောက်သား ဆုံနိုင်ဖို့က အလွန်ခက်ခဲလှသည်။
သို့သော် ယခုတော့ ယဲ့ရှောင်ချန်းက ယန်ရှစ်မြို့၏ အချမ်းသာဆုံးလူ ဝမ်ရွှေရှန့်နှင့်ပင် အဆက်အသွယ်ရှိနေပြီး အရာရာကို လုံးဝ အပြောင်းအလဲဖြစ်စေခဲ့သည်။
လျှို့ဖူရှန်းက ယဲ့ရှောင်ချန်းကို အလားအလာရှိသည်ဟု ယူဆပြီး သူ့ဘက်သို့ပါလာအောင် ဆွဲဆောင်ချင်နေသည်။