← Chapters

သီးသန့်ညစာစားပွဲ

Vol. 2 Ch. 29

သီးသန့်ညစာစားပွဲ

Vol. 2 Ch. 29

အခန်း(၂၉) - သီးသန့်ညစာစားပွဲ

"ညီလေးယဲ့၊ မင်းဒီနေ့ည အားလား။ ငါ့ရဲ့ စီးပွားရေးမိတ်ဆွေသူငယ်ချင်းတွေနဲ့ ညစာစားပွဲရှိတယ်၊ မင်း လာတက်ဖို့ စိတ်ဝင်စားလား။"

လျှို့ဖူရှန်း၏ ပြိုင်ဘက်ကင်း သြဇာရှိသော အသံကြီးက ယဲ့ရှောင်ချန်း၏ မိုဘိုင်းဖုန်းထဲမှ ထွက်လာသည်။

"ဟားဟား၊ အစ်ကိုကြီးဖူခေါ်တာပဲ၊ ကျွန်တော့်မှာ အချိန်မရှိရင်တောင် အချိန်ရအောင် လုပ်ပြီး လာရမှာပေါ့။ ပြီးတော့ ကျွန်တော် အခုအားပါတယ်၊ ဒါပေမယ့် ကျွန်တော် အစ်ကိုကြီးတို့ညစာစားပွဲကို လာခဲ့ဖို့ သင့်လျော်ပါ့မလား။"

ယဲ့ရှောင်ချန်းက သူ့ပုံစံမှာ လူကြောက်တတ်ကြောင်းသိသဖြင့် တွေ့ဆုံခြင်းများကို သိပ်ပြီးသဘောမကျပေ။ သို့သော်လည်း ယခု သူ့တွင် စိုက်ပျိုးရေးခြံတစ်ခုရှိနေပြီး သူ့စရိုက်ကိုလည်း ပြောင်းလဲသင့်နေပြီဖြစ်သည်။

စီးပွားရေးလုပ်ရာတွင် ဆက်ဆံရေးက အလွန်အရေးပါပြီး သူသည် ထိုသို့လုပ်နိုင်အောင် သင်ယူရမည်ဖြစ်သည်။

"ဒါဆိုရင်လည်း မြန်မြန်လာခဲ့လေ။ ငါမင်းကို မြို့ထဲမှာ စောင့်နေမယ်။"

လျှို့ဖူရှန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့"

ယဲ့ရှောင်ချန်းသည် ဖုန်းချပြီးနောက်တွင် အိမ်ပြန်ပြီး ပိုမိုသပ်ရပ်သော ဝတ်စုံပြည့် အဝတ်အစားတစ်ချို့ ဝတ်ဆင်လိုက်သည်။ သူ့အဝတ်အစားများကို လမ်းဘေးဆိုင်မှ ယွမ်၂၀၀ အောက်နှင့် ရထားခြင်းဖြစ်ပြီး ဝတ်ဆင်လိုက်သောအခါ အလွန်ပူအိုက်သွားရသည်။

စကူတာလေးစီးပြီး ယဲ့ရှောင်ချန်း ထိုက်ဖျင်မြို့သို့ တန်းသွားလိုက်သည်။

ယဲ့ရှောင်ချန်း ရောက်ရှိသွားသောအခါ သူ့စကူတာလေးကို ချင်းထျန်စူပါမားကတ်တွင် ပါကင်ထိုးထားလိုက်ပြီး လျှို့ဖူရှန်း၏ ကားကြီးထဲတွင် ဝင်ထိုင်လိုက်သည်။

"ညီလေးယဲ့၊ မင်းအဲ့ဒါကြီးတွေ ဝတ်ထားတာ မပူဘူးလား။"

ယဲ့ရှောင်ချန်း၏ အဝတ်အစားကို မြင်သောအခါ လျှို့ဖူရှန်းက အံ့သြတကြီး မေးလိုက်သည်။

"ပူတာပေါ့၊ အစ်ကိုကြီးဖူရာ၊ မပူဘဲနေမလား။ ကျွန်တော် ချွေးတွေ ဒီလောက်ထွက်နေတာ မမြင်ဘူးလား။"

ယဲ့ရှောင်ချန်းသည် နဖူးပေါ်မှချွေးများကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်တော် အစ်ကိုကြီးရဲ့လုပ်ငန်းပါတီပွဲ တက်ဖို့အတွက် သေသေသပ်သပ် ဝတ်စားထားရမယ်လေ။"

"သြော်၊ တကယ်တော့ ဒီတိုင်း ရိုးရိုးဝတ်လာလည်း ကိစ္စမရှိပါဘူးကွာ။ ငါတောင် အင်္ကျီလက်တို ဘောင်းဘီလက်တိုနဲ့ လာတာ မမြင်ဘူးလား။"

လျှို့ဖူရှန်းတစ်ယောက် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

ယဲ့ရှောင်ချန်းသည် လျှို့ဖူရှန်းအား အင်္ကျီလက်တို ဘောင်းဘီတိုနှင့် တွေ့လိုက်ရသောအခါ စိတ်ညစ်သွားရသည်။

မြို့ထဲသို့ရောက်သောအခါ လျှို့ဖူရှန်းက သူ့ကားကို စတိုးဆိုင်တစ်ဆိုင်တွင် ရပ်လိုက်ပြီး ယဲ့ရှောင်ချန်းအား အဝတ်အစား သွားရွေးခိုင်းလိုက်သည်။

သိပ်မကြာခင်မှာပဲ ယဲ့ရှောင်ချန်းဟာ ဘောင်းဘီတို၊ တီရှပ်အင်္ကျီကို ဝတ်ဆင်ကာ သူ့မျက်နှာမှာ နာကျင်မှုတွေအပြည့်နဲ့ သူ ခုနက ဝတ်ဆင်ထားတဲ့ အဝတ်အစားများကို ထည့်ထားသော ပလတ်စတစ်အိပ်ကို ကိုင်ကာ ထွက်လာခဲ့သည်။

ယဲ့ရှောင်ချန်းသည် ထိုတီရှပ်နှင့် ဘောင်းဘီတိုများအတွက် ယွမ် ရာနှင့်ချီပြီး ပေးလိုက်ရသည်။

သူသည် သာမန်စတိုးဆိုင်တစ်ခုကို သွားပါက ယွမ် ၁၀၀ လောက်နှင့် ရနိုင်ပါသည်။

"အစ်ကိုကြီးဖူ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ။"

ယဲ့ရှောင်ချန်းသည် လျှို့ဖူရှန်းတစ်ယောက် လမ်းပေါ်တွင် အရှိန်ပြင်းပြင်းနဲ့ မောင်းနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် အနောက်မှ အရှေ့သို့ ကွေ့လိုက်ပြီး နောက်ဆုံးတော့ ကြည့်ကောင်းသော မြို့ဟောင်းတစ်ခုသို့ မောင်းဝင်သွားခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုအဆောက်အဦးများသည် နှစ်ပေါင်းများစွာ ကြာခဲ့ပြီမှန်း သိသာပါသည်။

"မကြာခင် သိရမှာပါ။"

လျှို့ဖူရှန်းက ပြုံးလိုက်သည်။

ထို့နောက် သူတို့ကားက အခြားကားများ ပါကင်ထိုးထားသော ခြံဝန်းကြီးတစ်ခုထဲသို့ မောင်းဝင်သွားသည်။

"ရောက်ပြီ။"

လျှို့ဖူရှန်းက ကားထဲမှထွက်ကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းသည် လျှို့ဖူရှန်းက သူ့ကို ဟိုတယ်ကြီးတစ်ခုတွင် ညစာလိုက်ကျွေးလိမ့်မည်ဟု ထင်ထားသော်လည်း ဒီလိုနေရာမျိုးကို ခေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒီလိုနေရာမျိုးမှာ စားသောက်ဆိုင်တောင်ရှိရဲ့လား။

မကြာမီ ယဲ့ရှောင်ချန်းတစ်ယောက် သိလိုက်ရသည်။ ဒီလိုနေရာမျိုးတွင် စားသောက်ဆိုင်တစ်ဆိုင် ရှိနေပါသည်။ သို့သော် သီးသန့်ချက်ပြုတ်သော အဆောက်အဦးဖြစ်သည်။

ဤနေရာတွင် ပြည်တွင်းရိုးရာ အစားအစာများ ချက်ပြုတ်ကြပြီး ပုံမှန်အားဖြင့် အဖွဲ့ဝင်များကိုသာ ဧည့်ခံကြသည်။ စားဖိုမှူးက အလွန်နာမည်ကြီးပြီး သူ့ဘိုးဘေးများသည် တစ်ချိန်က ကျန်းကောဖန်၏ မီးဖိုချောင်တွင် အလုပ်လုပ်ခဲ့ဖူးသည်ဟု လျှို့ဖူရှန်းက ပြောပြသည်။

(ကျန်းကောဖန်က ချင်မင်းဆက်နှောင်းပိုင်း ကွန်ဖြူးရှပ် ပညာရှင်၊ တရုတ်နိုင်ငံရေးခေါင်ဆောင်တစ်ဦးဖြစ်သည်။)

ယဲ့ရှောင်ချန်းသည် အလွန် အံ့အားသင့်သွားခဲ့ရသည်။ ဒီလိုမြို့ထဲတွင် ဒီလောက် အစွမ်းအစ ကြီးမားသော စားဖိုမှူတစ်ယောက် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ သူ့ဘိုးဘေးများက ကျန်းကောဖန်၏ မီးဖိုချောင်ထဲတွင် ချက်ပြုတ်ခဲ့ဖူးသည်ဆိုတော့ အချက်အပြုတ် စွမ်းရည်ကလည်း သေချာပေါက် အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်။ ဘိုးဘေးတွေ၏ အချက်အပြုတ်စွမ်းရည်ကို အပြည့်အဝ လက်ဆင့်ကမ်း မခံရလျှင်တောင် ပါရမီတော့ ပါလာလိမ့်မည်။

ထို့ကြောင့် လျှို့ဖူရှန်းသည် ညစာအတွက် အဆင့်မြင့်ဟိုတယ်ကြီးများကို မသွားဘဲ ဒီနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

အခန်းလေးခန်းနှင့် ဟောခန်းနှစ်ခန်းပါသော အဆောက်အအုံတွင် အပြင်အဆင်များကလည်း အလွန်လှပပြီး တစ်ခန်းချင်းစီတွင် စားပွဲတစ်လုံးစီ ရှိကြသည်။

ဧည့်သည်များ ပိုမိုကောင်းမွန်သော စားသောက်နေထိုင်မှုပတ်ဝန်းကျင်ကို ရရှိစေဖို့အတွက် အခန်းတိုင်းကို ပြန်လည် ပြုပြင်မွမ်းမံထားသည်။ ပြတင်းပေါက်များကို ပိုမိုကြီးမားသော အရွယ်အစားများအဖြစ် ပြုပြင်ထားပြီး ကြမ်းပြင်မှ မျက်နှာကြပ်အထိ မှန်အပြည့် တပ်ဆင်ထားကာ အပြင်ဘက် လသာဆောင်တွင် ဘွန်ဇိုင်း အပင်များနှင့် ပြည့်နှက်နေသည်။ အခန်းတွင်းရှိ အလင်းရောင်သည် လုံလောက်ပြီး အပြင်ဘက်တွင် စိမ်းလန်းစိုပြေသော အစိမ်းရောင်ရှုခင်းများကို ကြည့်ကာ အပန်းဖြေနိုင်သည်။

အခန်းလေးခန်းလုံးမှာ ဧည့်သည်တွေ ရှိသည်။

အခန်းတစ်ခန်းတွင် ကြက်သွေးရောင် စားပွဲဝိုင်းကြီးနှင့် ပတ်ပတ်လည်တွင် ထိုင်ခုံ ခြောက်လုံးရှိနေသည်။

ယဲ့ရှောင်ချန်းနှင့် လျှို့ဖူရှန်းတို့အပြင် အခြားလေးယောက်လည်း ရှိနေသေးသည်။ ယောက်ျားသုံးယောက် မိန်းမတစ်ယောက် ဖြစ်သည်။

ဝတုတ်ကြီးတစ်ယောက် ပါရှိပြီး ပြုံးလိုက်သောအခါ သူ့မျက်လုံးများက အလွန်အမင်း မှေးသွားတတ်သည်။

သူ့နာမည်က ကျောင်ဖမ်ဖြစ်သည်။ ရွှမ်းချန်ကေတီဗွီ၏ ဘော့စ်ဖြစ်၏။

ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိသည်။ သူ့မျက်လုံးတွေက မှုန်ကုပ်ကုပ်နဲ့ စိတ်ဓာတ်ကျနေသော ခံစားချက်ကို ပေးစွမ်းပြီး လူကြီးဟာသများ ပြောရသည်ကို သဘောကျသည်။ သူ့နာမယ်က ဟေးလဲ့ဖြစ်ပြီး လုံယိုကျောက်မီးသွေးတွင်း၏ ဘော့စ်ဖြစ်သည်။

ငယ်ရွယ်နုပျိုသော မျက်နှာဖြင့် အပြုံးချိုသော အမျိုးသားတစ်ဦးလည်း ရှိပြီး ပရိဘောဂဆိုင်ကြီးတစ်ခု ဖွင့်လှစ်ထားသူဖြစ်ပြီး ၎င်း၏အမည်မှာ လီကျန့်ရမ် ဖြစ်သည်။

အမျိုးသမီး၏ အမည်က ရှုကျောင်း ဖြစ်ပြီး အသက်၄၀ ကျော်ရှိကာ ဝမ်ဖုလက်ဝတ်ရတနာဆိုင်ပိုင်ရှင်ဖြစ်သည်။

ယဲ့ရှောင်ချန်းမှလွဲ၍ ထိုနေရာတွင် ရှိနေသော လူငါးဦးသည် ယွမ် ၁၀ မီလီယံကျော် ချမ်းသာကြွယ်ဝသော လုပ်ငန်းပိုင်ရှင်များ ဖြစ်ကြသည်။

သူတို့သည် ယဲ့ရှောင်ချန်း ရောက်လာသည်ကို အံ့သြသည့်ပုံမပေါ်ဘဲ သူတို့အားလုံး တက်ကြွနေကြသည်။

အစပိုင်းတွင်တော့ ယဲ့ရှောင်ချန်းက ဒီလိုပါတီမျိုး တစ်ခါမှ မတက်ဖူးသဖြင့် မနေတတ်ဘဲ သူတို့နှင့်လည်း ပြောစရာစကားမရှိခဲ့ပါ။

သူတို့အချင်းချင်း လုပ်ငန်းအကြောင်း ဆွေးနွေးနေကြသည်ကိုသာ နားထောင်နိုင်သည်။

"ညီလေးယဲ့ နောက်တစ်ခွက်လောက် သောက်ကြရအောင်။"

လူဝကြီး ကျောက်ဖမ်က သူ့ဖန်ခွက်ကို ယဲ့ရှောင်ချန်ထံသို့ မြှောက်လိုက်သည်။

ယဲ့ရှောင်ချန်းက သောက်ခဲပါသည်။ သို့သော် ဒီလို ညစာစားပွဲမျိုးကို တက်ရောက်ပါက မသောက်တတ်သူဆိုလျှင် အဆင်ပြေမည်မဟုတ်ဘဲ သူတို့နှင့် တန်းတူဖြစ်အောင် နေနိုင်ဖို့ ခက်ခဲသွားနိုင်မှန်း သိနေသည်။

ယဲ့ရှောင်ချန်းသည် တစ်ခွက်နှစ်ခွက်လောက် ထပ်သောက်လိုက်သည်။

သေချာပေါက် ဘီယာများ ဖြစ်သည်။

သူသည် ဝိုင်ဖြူကိုတော့ လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပါ။

ယဲ့ရှောင်ချန်းက ဗိုက်ဟောင်းလောင်းနှင့် သောက်လိုက်သောအခါ သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။ သူ့ဗိုက်ထဲက အယ်ကိုဟောများက တလိပ်လိပ် တက်လာပြီး အန်ချင်သလို ဖြစ်လာကာ ခေါင်းလည်း အလွန်လေးလံလာခဲ့သည်။

"အဘိုးကြီးကျောင်းရဲ့ ဟင်းပွဲတွေတောင် မရောက်သေးဘူး။ အလျင်မလိုပါနဲ့။"

လျှို့ဖူရှန်းက ပြောလိုက်လေသည်။

"ညီလေးယဲ့၊ မင်းဒီလိုလုပ်နေလို့မဖြစ်ဘူး။ မင်းရဲ့ အရက်သောက်နိုင်စွမ်းကို လေ့ကျင့်မှ ဖြစ်မယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ညစာစားပွဲတွေ တက်ရောက်ရရင် အရက်သောက်ကြတာ ပုံမှန်ပဲ။"

ကျောက်ဖမ်က ယဲ့ရှောင်ချန်း ထပ်မသောက်နိုင်တော့သည်ကို မြင်ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။

ယဲ့ရှောင်ချန်းသည် လျှို့ဖူရှန်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

နောက်ဆုံးတော့ ဟင်းပွဲများ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

ဟင်းပွဲများ၏ ရနံ့များရခါမှ ယဲ့ရှောင်ချန်းတစ်ယောက် ခေါင်းနည်းနည်းပေါ့သွားသလို ခံစားလိုက်ရသည်။

"ညီလေးယဲ့၊ နည်းနည်းလောက် ထပ်စားပါဦး။ ငါတို့အားလုံး အတူတူသောက်ပြီး မမူးမချင်း အိမ်မပြန်ဘူးကွာ။"

ဟေးလဲ့က ဝက်သားကင်ကို တူဖြင့်ညှပ်လိုက်သည်။ အသားမှာ ဆူဆူဖြိုးဖြိုး၊ နီနီရဲရဲနှင့် နူးညံ့ပေမယ့် ဆီလည်းမများပါ။

ပုံမှန်ဟင်းပွဲဆိုသော်လည်း အလွန်အရသာရှိလှပါသည်။

ယဲ့ရှောင်ချန်းသည် သူ့စိတ်ထဲကနေ အဆင်မပြေမှုကို တိတ်တဆိတ် အထွန့်တက်လိုက်မိသည်။ ဒီလိုမှန်းသာ အစောကသိလျှင် သူလာမည် မဟုတ်ပါ။

သို့သော်လည်း သူ့အာရုံက စားပွဲပေါ်တွင်ရှိနေသော ဟင်းပွဲများထံသို့ အလျင်အမြန် ရောက်ရှိသွားသည်။

ဝက်သားပြုတ်၊ ဝက်နံရိုးကြော်၊ ဟင်းသီးဟင်းရွက်ဟင်းများ၊ ဘဲသားကြော်... အစရှိသည်တို့မှာ ခမ်းနားသော ညစာစားပွဲကြီးများတွင်သာ တည်ခင်းလေ့ရှိသော ဟင်းပွဲများဖြစ်ကြသည်။

လင်သီးသန့်မီးဖိုချောင်မှ စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ထားသဖြင့် အခြားပြင်ပမှ ဟင်းလျာများထက် အရသာထူးကဲလှပါသည်။

ယဲ့ရှောင်ချန်းသည် ထိုကဲ့သို့ အရသာရှိသော ဟင်းလျာများကို စားလိုက်ရသောအခါ လျှာကိုပင် ကိုက်မိလုမတတ် ဖြစ်သွားရသည်။

သူတို့စားသောက်နေစဥ်မှာပင် အခန်းတံခါးပွင့်လာပြီး စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က ဝင်လာသည်။

"ဆရာကြီးလင် လာပြီ။"

စားဖိုမှူး ဝင်လာသည်ကို တွေ့လိုက်ရသောအခါ လျှို့ဖူရှန်းနှင့် သောက်စားနေကြသော အခြားသူများလည်း မတ်တပ်ရပ်လိုက်ကြသည်။

သူတို့အားလုံး စားဖိုမှူးကြီးကို တလေးတစား ဆက်ဆံနေကြ၏။

ယဲ့ရှောင်ချန်းသည် ဆရာကြီးလင်ကိုကြည့်ကာ တစ်နေရာရာတွင် မြင်ဖူးသလို ခံစားရသော်လည်း မမှတ်မိပါ။

"အားလုံးပဲ ဟင်းပွဲတွေကို ကြိုက်နှစ်သက်ရဲ့လား။"

ဆရာကြီးလင်က ပြုံးကာ မေးလိုက်သည်။

ဆရာကြီးလင်သည် ဟင်းပွဲများ ချက်ပြုတ်သည့်အခါတိုင်း သူ့ဧည့်သည်များ စားသောက်သည်ကို စောင့်ကာ စားသောက်နေသည့်အချိန်တွင် ဝင်သွားပြီး သူတို့၏ အတွေးအမြင်များကို မေးတတ်သည်။

ဆရာကြီးလင်သည် ဟန်ဆောင်တာမျိုး မဟုတ်သော်လည်း သူ့ဆီ ညစာလာစားတဲ့ ဧည့်သည်များကို အမှန်တကယ် အပြစ်ထောက်ပြစေချင်သည်။ ထိုအခါမှ သူတို့ဆီမှ အကြံဥာဏ်များကို နားထောင်ပြီး သူ့ဟင်းပွဲများထဲမှ ပြဿနာအချို့ကို ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်ကာ ပိုမိုကောင်းမွန်သော ဟင်းပွဲမျိုးကို ဖန်တီးချင်ခဲ့သည်။

ဤသည်မှာလည်း လင်မီးဖိုချောင်၏ ကြီးမားသော လက္ခဏာရပ်တစ်မျိုး ဖြစ်လာခဲ့ပါသည်။

"ဆရာကြီးလင် ပြောရရင် ဒီဝက်နံရိုးထဲက ကော်ရည်က နည်းနည်းလေး စေးသလိုပဲ။"

ကျောက်ဖမ်က ဦးဆောင်ကာ ပြောလိုက်သည်။

"ဟုတ်ပြီ၊ ကော်ရည်က စေးတယ်။"

မစ္စတာလင် ဘေးနားရှိ လက်ထောက်က ဖောင်တိန်နှင့် စာရွက်ပေါ်တွင် အမြန်လိုက်မှတ်လိုက်သည်။

တစ်ယောက်က အပြစ်ကို စတင်ပြောလိုက်သည်နှင့် အခြားသူများသည်လည်း ပြစ်ချက်များကို စတင်ပြောဆိုကြလေသည်။ လျှို့ဖူရှန်းနှင့် အခြားလူငါးယောက်တို့ ပြောပြီးသွားကြပြီဖြစ်သည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းအလှည့် ရောက်လာခဲ့သည်။

ဒါပုံမှန်ပဲ ဖြစ်သည်။ ပုံမှန်ဆို လူတစ်ယောက်ကို အပြစ်တစ်ခုစီ ဆိုကြရသည်။ စည်းကမ်းသတ်မှတ်ထားသည်တော့ မဟုတ်ပေမယ့် ပုံမှန်လာရောက်စားသုံးသူများက မာစတာလင်သည် သူ့ဟင်းပွဲများကို ဝေဖန်လျှင် သဘောကျတတ်သည်ကို သိထားကြသည်။

ဒီလို အရသာရှိလှသော ဟင်းပွဲများကို ယဲ့ရှောင်ချန်းတစ်ယောက် ပထမဆုံး စားဖူးခြင်း ဖြစ်သည်။

ဘယ်လိုချွတ်ယွင်းချက်မျိုးရှိသည်ဟု ဘယ်လိုလုပ်ပြီး ပြောနိုင်ပါ့မလဲ။

ဟင်းလျာများ ဘယ်လောက်အရသာ ရှိသလဲ မေးလျှင်တော့ သူအကြီးအကျယ် ပြောနိုင်လောက်ပါသည်။

"ဟေ၊ မင်းပဲလား။"

ဆရာကြီးလင်သည် ယဲ့ရှောင်ချန်းအား မြင်ပြီး ပထမတော့ အံ့သြမိသွားသည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူ့ထံသို့ လျှောက်သွားပြီး မေးလိုက်သည်။ "ကောင်လေး၊ မင်း မြို့ထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းဖူးလား။"

All Chapters