အထင်ကြီးလေးစားမှု
Vol. 2 Ch. 30
အခန်း(၃၀) - အထင်ကြီးလေးစားမှု
"ဟုတ်ကဲ့"
ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် အံ့သြသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
သူ အရင်က ဟင်းသီးဟင်းရွက်များ ရောင်းခဲ့သည်မှာ အမှန်ဖြစ်သော်လည်း ဆရာကြီးလင်က ဘယ်လိုလုပ်ပြီး သိသွားတာလဲ။
ရုတ်တရက် သူ့စိတ်ထဲတွင် အဖြစ်အပျက်တစ်ခု၏ ပုံရိပ် ပြန်လည်ပေါ်လာသည်။ အဲ့တာကြောင့် သူရင်းနှီးနေသလို ခံစားမိတာကိုး။ ဤဆရာကြီးလင်ဆိုသူက သူ စျေးထဲတွင် ဟင်းသီးဟင်းရွက်များ သွားရောင်းစဥ်က ပထမဆုံး လာဝယ်ခဲ့သော စျေးဝယ်သူ မဟုတ်ပေဘူးလား။
ထိုအချိန်တုန်းက ဆရာကြီးလင်နှင့် ကလေးတစ်ယောက်လည်း ပါလာသေးသည်။
သူ့ကို သာမန်အဘိုးကြီးတစ်ယောက်ဟု ထင်ခဲ့သော်လည်း အံ့သြစရာကောင်းသော ဟင်းချက်စွမ်းရည်များဖြင့် စားဖိုမှူးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
"ကောင်းတယ်၊ နောက်ဆုံးတော့ မင်းမှတ်မိသွားပြီပေါ့။"
ဆရာကြီးလင်က ယဲ့ရှောင်ချန်း၏ ရွှင်လန်းသော မျက်နှာကို မြင်ကာ လူမှန်ကို တွေ့လိုက်ရပြီဟု ချက်ချင်းသိလိုက်ရသည်။ ထို့နောက် သူ အလျင်အမြန် ပြောလိုက်သည်။ "ကောင်လေး အရင်က မင်းဆီက ငါဝယ်ခဲ့တဲ့ ဟင်းသီးဟင်းရွက်တွေက အရမ်းကောင်းတယ်။ အဲ့လို အရည်အသွေးနဲ့ ဟင်းသီးဟင်းရွက်မျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲ့ဒီနောက်ပိုင်း မင်းကို အဲ့ဒီမှာ ဟင်းသီးဟင်းရွက် ရောင်းတာ မတွေ့ရတော့ဘူး။"
ထိုအခါ သူ အလွန်နောင်တရသွားမိသည်။
သို့သော်လည်း သူ့၏ကိုယ်ပိုင်စားသောက်ဆိုင်တွင် ဟင်းသီးဟင်းရွက်ရောင်းသော ကောင်လေးနှင့် လာဆုံရလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ ဟင်းလျာများ ချက်ပြုတ်ရာတွင် ထိုကဲ့သို့ ဟင်းသီးဟင်းရွက်များကို အမြဲတမ်း အသုံးပြုချင်ခဲ့သည်။ ထိုကဲ့သို့ ဟင်းသီးဟင်းရွက်များကို အသုံးပြုကာ ချက်ပြုတ်ပါက သူ့ဟင်းချက်စွမ်းရည် နောက်ထပ် တစ်ဆင့် တက်သွားလိမ့်မည်ဟု ယုံကြည်နေသည်။
လျှို့ဖူရှန်းနှင့် အခြားသူများက ကြောင်စီစီဖြစ်သွားကြသည်။ ဆရာကြီးလင် ဘာကြောင့် အလွန်စိတ်လှုပ်ရှားနေမှန်း သူတို့ မသိကြပါ။ ဒီအတိုင်း ဟင်းသီးဟင်းရွက်တွေပဲ မဟုတ်ဘူးလား။
ယဲ့ရှောင်ချန်းက စျေးထဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချနေသည်ဟူသော အချက်ကိုလည်း သူတို့ ထူးထူးဆန်းဆန်း ဖြစ်နေကြသည်။
လျှို့ဖူရှန်း တစ်ယောက်တည်းကသာ သူနဲ့ အတူတူ အလုပ်တွဲမလုပ်ခင်က ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံထွက် ဟင်းသီးဟင်းရွက်များ ရောင်းချဖို့ အခက်အခဲရှိခဲ့သည်ကို သိနေသည်။ ထို့ကြောင့် စျေးထဲတွင် ဟင်းသီးဟင်းရွက် သွားရောင်းရခြင်းက သူ့အတွက် အံ့သြစရာ သိပ်မကောင်းပါ။
သို့သော်လည်း ဆရာကြီးလင်က ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များကို ဘာကြောင့် အရမ်းအထင်ကြီးနေလဲဆိုတာကိုတော့ သူအံ့သြသွားမိသည်။
ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက် အရသာများက ကောင်းမွန်ပြီး စျေးဝယ်သူများ အကြားတွင် အလွန်နာမည်ကြီးသည်ကို သူသိသော်လည်း နောက်ပိုင်း ယဲ့ရှောင်ချန်းနှင့် အလုပ်လုပ်သည်ကို ရပ်နားကာ သာမန် ဟင်းသီးဟင်းရွက် စားသောက်ဆိုင်အား လွှဲပေးလိုက်ပြီးနောက် ဟင်းသီးဟင်းရွက်များ ဘာကြောင့် အရသာမရှိတော့တာလဲ ဟု မကြာခဏမေးပြီး စျေးဝယ်သူများစွာက မကျေမနပ်ဖြစ်ခဲ့ကြပါသည်။
သို့သော်လည်း ထိုအချိန်တုန်းက သူ သိပ်ပြီး အာရုံမစိုက်ခဲ့ပါ။
ယခုတော့ ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များက တကယ်ပဲ ထူးခြားသည့်ပုံပင်။
"သြော် နောက်ပိုင်း ကျွန်တော် စျေးထဲမှာ ဟင်းသီးဟင်းရွက် သွားမရောင်းဖြစ်တော့ဘူးဗျ။"
ယဲ့ရှောင်ချန်းက ရိုးရိုးသားသား ပြောလိုက်သည်။
"အဲ့ဒါကြောင့်ကိုး။။ သြော် ဒါနဲ့ ကောင်လေး မင်းမှာ ဟင်းသီးဟင်းရွက်တွေ ရှိသေးလား။ မင်းရဲ့ဟင်းသီးဟင်းရွက်တွေကို ငါ့ရဲ့ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်မှာ သုံးချင်တယ်။ စျေးကလည်း စျေးထဲက စျေးထက် ဆယ်ဆ ပိုပေးမယ်ကွာ။"
ဆရာကြီးလင်က အလျှင်အမြန် ပြောလိုက်သည်။
စျေးထဲက စျေးထက် ဆယ်ဆ ဟုတ်လား။
ယဲ့ရှောင်ချန်းတစ်ယောက် ကြက်သေသေသွားရသည်။ ဆရာကြီးလင် ငါ့ကိုလာနောက်နေတာလား။
"မင်းနည်းတယ်လို့ ခံစားရသေးရင်လည်း မင်းလိုချင်သလောက် ပြောလို့ရတယ်နော်။"
နာမည်ကျော် စားဖိုမှူးတစ်ယောက်အနေဖြင့် ဆရာကြီးလင်၏ ချက်ပြုတ်ရာတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းများနဲ့ ပတ်သက်ပြီး အလွန်တင်းကြပ်တဲ့ သတ်မှတ်ချက်တွေ ရှိပါသည်။
ယခုတော့ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များကို တွေ့ဖူးပြီးဖြစ်သဖြင့် သူသည် ထိုအခွင့်အရေးကို လက်လွှတ်မခံချင်ပါ။
စျေးကလည်း ပြဿနာမရှိပါ။ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်မှ ဟင်းလျာစျေးနှုန်းများသည် သာမန်စားသောက်ဆိုင်များ ဟိုတယ်များထက် ဆယ်ဆ ပိုမိုစျေးကြီးသည်။
"ဆရာကြီးလင် အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် စျေးအရမ်းမြင့်နေတယ်လို့တောင် ထင်မိလို့..."
ယဲ့ရှောင်ချန်းတစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"မဟုတ်ဘူး၊ မမြင့်ပါဘူး၊ မင်းရဲ့ ဟင်းသီးဟင်းရွက်တွေက ဒီစျေးနဲ့ လုံးဝထိုက်တန်တယ်။"
ဆရာကြီးလင်က လက်ခါကာ ပြောလိုက်သည်။ "ကောင်လေး မင်း ငါ့ရဲ့ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်အတွက် ဟင်းသီးဟင်းရွက်တွေ ထောက်ပို့ပေးမယ်ဆိုရင် မင်းဒီမှာ ဘာပဲစားချင် စားချင် လာစားလို့ရတယ်။ မင်းဘာမှ ကြိုမှာစရာမလိုဘူး။ ငါမင်းကို လျှော့စျေးတောင် ပေးဦးမှာ။"
လျှို့ဖူရှန်းနှင့် အခြားသူများသည် ထိုစကားကြားသောအခါ ကြောင်စီစီဖြစ်သွားကြပြီး မနာလိုလည်း ဖြစ်သွားကြသည်။
သူတို့က ဒီနေရာတွင် ဖောက်သည်များဖြစ်သည်။ ဘယ်လိုလူမျိုးက ထိုကဲ့သို့ ခံစားခွင့်မျိုး ရနိုင်မှာလဲ။
မြို့တော်ထဲက အရာရှိနှင့် အထက်တန်းလွှာများသည်ပင် ဒီနေရာသို့ လာလျှင် အစားအသောက်များကို ကြိုမှာထားရသည်။
"ဆရာကြီးလင် ကျွန်တော့်ရဲ့ ဟင်းသီးဟင်းရွက် ဘယ်လောက်လိုချင်တာလဲ။"
ယဲ့ရှောင်ချန်းသည် ပျော်ရွှင်မှုများဖြင့် ဝန်းရံနေသလို ခံစားလိုက်ရသည်။
ပုံမှန်စျေးထက် ဆယ်ဆတဲ့။
လခွမ်း၊ အဲ့တာတွေကို စူပါမားကတ်များနှင့် စားသောက်ဆိုင်တွေကို ရောင်းခဲ့တုန်းက အလွန်စျေးပေါနေခဲ့သည် မဟုတ်ပါလော။
ထိုအတွေးက သူ့ခေါင်းထဲတွင် ပေါ်လာသော်လည်း သူအလျင်အမြန်ထုတ်ပြစ်လိုက်သည်။ သူ ဘဝမေ့လို့ မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် ထိုစူပါမားကတ်များနှင့် စားသောက်ဆိုင်တွေကြောင့်ပဲ သူ အခက်အခဲမှ လွတ်မြောက်ကာာ ရောင်းချဖို့အတွက် စိတ်အေးခဲ့ရသည် မဟုတ်ပါလား။
သို့သော် ဆရာကြီးလင်၏ စကားကြားသောအခါ သူ့မှာ အကြံသစ်တစ်ခု ပေါ်လာ၏။ သူသည် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များကို ချန်ထားပြီး ဆရာကြီးလင်ကဲ့သို့ လူများကို စျေးမြင့်မြင့်ဖြင့် ပြန်ရောင်းနိုင်သည်။
"သိပ်မများပါဘူး။ ဟင်းသီးဟင်းရွက်တိုင်းက ပေါင်တစ်ရာထက် မပိုဘူး။"
ဆရာကြီးလင်က ပြောလိုက်သည်။
"ဒါဆို ပြဿနာမရှိပါဘူး။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်၏။ ဟင်းသီးဟင်းရွက် ပေါင်တစ်ရာလောက် ခြစ်ကုတ် ညှစ်ထုတ်ရခြင်းက ပြဿနာမရှိပါ။
ခဏကြာသောအခါ သူတို့နှစ်ဦး ဖုန်းနံပါတ်များ ဖလှယ်လိုက်ကြသည်။
"အားလုံးပဲ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။"
ဆရာကြီးလင် ထွက်သွားပြီးနောက် စားပွဲထိုးတစ်ယောက်က ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ပွဲ လာချပေးသည်။
ဤဆားရည်စိမ် ဟင်းသီးဟင်းရွက်များက လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်၏ အထူး ဟင်းလျာတစ်ခုဖြစ်သည်။ သေသေချာချာ ပြင်ဆင်ထားပြီး အရသာလည်း ကောင်းမွန်လှ၏။ စားသုံးသူများစွာ၏ အကြိုက်ဆုံးဟင်းပွဲလည်းဖြစ်သည်။
ကံမကောင်းစွာဖြင့် စားပွဲတစ်ခုကို ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဟင်းပွဲ တစ်ပန်းကန်သာ ချပေးသည်။
လျှို့ဖူရှန်းနှင့် အခြားသူများက ဆားရည်စိမ် ဟင်းသီးဟင်းရွက် နောက်တစ်ပန်းကန် စားရခြင်းမှာ ယဲ့ရှောင်ချန်း၏ မျက်နှာကြောင့်ဖြစ်မှန်း သိကြသည်။
ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ လာချပြီးသွားသည်နှင့် အားလုံး၏ မျက်လုံးများ နီရဲသွားပြီး ဘီလူးဆိုင်းတီးကာ စားသောက်ကြလေသည်။ သိပ်မကြာလိုက်ဘဲ ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ပန်းကန်လုံး ပြောင်စင်သွားတော့သည်။
"ညီလေးယဲ့ ကျေးဇူးကြောင့် နောက်ဆုံးတော့ ဒီနေ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဟင်း စားနိုင်ခဲ့ပြီ ဘယ်ဆိုးလို့လဲ။”
ကျောက်ဖမ်က အလွန်ကျေနပ်နှစ်သက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ အဘိုးကြီးလင်က အရမ်းကပ်စေးနှဲတာ၊ ငါတို့ကို ဆားရည်စိမ် ဟင်းသီးဟင်းရွက် အပိုပေးဖို့ တစ်ခါမှ မတွေးဖူးဘူး။"
ဟေးလဲ့ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ယဲ့ရှောင်ချန်း အစ်မကြီးလည်း ဟင်းသီးဟင်းရွက်တွေ ဝယ်ချင်တယ်။ သူတို့ကို စားလို့ရမလားမသိဘူး။"
ရှု့ကျောင်း၏ မျက်လုံးများက သူ့ဘက်ကို လှည့်လာပြီး ပြောလိုက်သည်။
"အစ်မကြီးရှု ဘာဖြစ်လို့ ဝယ်ဖို့ကို ပြောနေတာလဲ။ ကျွန်တော့်ကို မျက်နှာသာမပေးဘူးလား။ ကျွန်တော့်မှာ အများကြီးတော့ သိပ်မရှိပေမယ့် ဟင်းသီးဟင်းရွက်တွေက မရှားပါးပါဘူး။ ဒါက ပြဿနာမရှိဘူး။ အစ်မကြီးရှု လိုချင်တယ်ဆိုရင် ကျွန်တော် ပို့ပေးလိုက်မယ်လေ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
ဤသည်မှာ ရှုကျောင်းနှင့် ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။
"ကောင်းပြီ၊ ဒါဆို မင်းရွှေငွေလက်ဝတ်ရတနာပစ္စည်းတစ်ခုခု လိုချင်တာနဲ့ အစ်မကြီးဆီကို တန်းလာခဲ့၊ မင်းကို စျေးအနိမ့်ဆုံးနဲ့ ရောင်းပေးမယ်။"
ရှုကျောင်းက ပါးစပ်ကိုကာပြီး ရယ်မောလိုက်သည်။
ယဲ့ရှောင်ချန်းက လူတစ်ယောက်ကို အခွင့်ထူးပေးပြီး အခြားသူများကို လျစ်လျူရှုတတ်သော လူမျိုးမဟုတ်ပါ။ ယဲ့ရှောင်ချန်းက အားလုံးကို ဟင်းသီးဟင်းရွက်များ လက်ဆောင်ပေးမည်ဟု ကတိပေးလိုက်သဖြင့် အားလုံးပျော်ရွှင်သွားကြသည်။
လျှို့ဖူရှန်းကလည်း ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များကို အရင်က စားဖူးပြီး သတိရသယောင်ဖြစ်နေသဖြင့် သူလည်း ငြင်းဆန်မည်မဟုတ်ပါ။
ထိုအဖြစ်အပျက်ပြီးသွားသောအခါ ညစာစားပွဲဝိုင်း အခြေအနေမှာ ပိုမိုကောင်းမွန်လာခဲ့ပါသည်။
ယဲ့ရှောင်ချန်းကလည်း သူတို့နှင့် အရင်လို သူစိမ်းမဆန်တော့ပါ။ သူတို့ အများကြီး ပိုမို နီးစပ်လာကြသည်။ စကားများပြောကာ ရယ်မောနေကြပြီး အရင်လို သက်တောင့်သက်သာ မရှိခြင်းမျိုးလည်း မဖြစ်တော့ချေ။
ယဲ့ရှောင်ချန်းသည် သူတို့ပတ်ဝန်းကျင်ထဲ တဖြည်းဖြည်း ခြေချနိုင်လာပြီကို သိခဲ့သည်။
အနာဂတ်တွင် ဆက်လက်ထိန်းသိမ်းသွားပြီး အဆက်အသွယ်များ ပိုမိုရရှိအောင် လုပ်ဆောင်နိုင်ပါက ထိုလူများက သူ၏ အဆက်အသွယ်များ တဖြည်းဖြည်း ဖြစ်လာပါလိမ့်မည်။
ဒီကမ္ဘာကြီးထဲတွင် ဘာအဆက်အသွယ်မှမရှိပါက ဘာပဲလုပ်လုပ် ခက်ခဲလှပါသည်။ နေရာတိုင်းတွင် အတားအဆီးများရှိနေပြီး လူများကို ခိုကိုးရာမဲ့ ဖြစ်စေသည်။
အဆက်အသွယ်အပေါ်မှီခိုနေရသော လူနေမှု ပတ်ဝန်းကျင်ကြီး မဟုတ်ပေဘူးလား။
ဟင်းပွဲများ စားသောက်ပြီးသွားသောအခါ အရက်များလည်း မကျန်တော့ပါ။
ယဲ့ရှောင်ချန်းသည် အတတ်နိုင်ဆုံး နည်းအောင် သောက်ဖို့ ကြိုးစားသော်လည်း ခွက်အတော်များများ သောက်ဖြစ်ခဲ့ပါသည်။
"ညီလေးယဲ့၊ ဘာဖြစ်လို့ ဘီယာတွေ သောက်နေတာလဲ။ ယောက်ျားမှန်ရင် ဝိုင်ဖြူသောက်ရမှာပေါ့။ မင်းအစ်မကြီးရှုကို ကြည့်ပါဦး။ မိန်းမသားဖြစ်ပေမယ့် ဝိုင်ဖြူသောက်နေတာ မင်းအမျိုးသမီးတစ်ယောက် အနိုင်ယူတာကို ခံတော့မှာလား။"
ယဲ့ရှောင်ချန်းတစ်ယောက် ခွက်ထဲမှ ဘီယာကို ကုန်စင်အောင် သောက်ပြီးသွားသောအခါ ဟေးလဲ့က ဝိုင်ဖြူတစ်ခွက် ငှဲ့ပေးလိုက်သည်။
ထိုအရက်နံ့ပြင်းပြင်းက ယဲ့ရှောင်ချန်း၏ ဗိုက်ကို တုန်ခါသွားစေပြီး သူ ပို၍ပင် မူးလာသည်။
"အမျိုးသမီးက အနိုင်ယူတယ်ဆိုတာ ဘာကိုပြောတာလဲ။ လဲ့လေး ငါတို့ပြိုင်ကြမလား။"
ရှုကျောင်းက ဟေးလဲ့ကို မျက်စပြစ်ရင်း ပြောလိုက်သည်။
"ဒါဆိုလည်း ပြိုင်ကြတာပေါ့။ ကျုပ် ခင်ဗျားကို ကြောက်မယ်လို့များ ထင်နေလား။ အရင်စည်းကမ်းအတိုင်းပဲ နိုင်တဲ့လူက ရှင်းရမယ်။"
သူ့အင်္ကျီကော်လံကို ဖြည်လျှော့ကာ ပြောလိုက်သည်။
"ဒါဆိုလည်း လုပ်တာပေါ့။"
ရှုကျောင်းက အနိုင်ယူမခံချင်ပါ။
ခြောက်ယောက်စလုံး၏ ခွက်များကို ဝိုင်ဖြူများ ခွက်အပြည့် ဖြည့်လိုက်ကြသည်။
"အစ်ကိုကြီးဖူ ကျွန်တော်ကော သောက်ရမှာလား။"
ယဲ့ရှောင်ချန်းက ဝိုင်ဖြူအနံ့ရရုံနဲ့တင် မူးသွားနိုင်သလို ခံစားနေရပြီး ထိုဝိုင်ဖြူအပြည့် ခွက်ကို မြင်လိုက်ရသောအခါ ခေါင်းနပန်းကြီးသွားသည်။
"ပြသနာမရှိပါဘူး။ မင်းမူးတဲ့အထိသာသောက်၊ တစ်ယောက်ယောက်က မင်းကို ထိန်းပေးပါလိမ့်မယ်။"
လျှို့ဖူရှန်းက ရယ်မောလိုက်သည်။
ဒါက သူတို့ ညစာအတူတူစားတိုင်း ရိုးရာတစ်ခုလိုဖြစ်နေသည်။
ယဲ့ရှောင်ချန်းသည် ရွေးချယ်စရာမရှိတော့ဘဲ လက်ခံလိုက်ရတော့သည်။
နိုင်တဲ့သူက ငွေရှင်းရမယ်ဆိုတော့ သူနိုင်မှာလည်းမဟုတ်ပေ။
"ကျွန်တော် အရင်ဆုံး သန့်စင်ခန်း သွားလိုက်ဦးမယ်။"
ယဲ့ရှောင်ချန်းက ဆီးသွားချင်စိတ် အလွန်ဖြစ်လာပြီး အမြန်ထလိုက်သည်။
"ညီလေးယဲ့ ထွက်မပြေးသွားနဲ့နော်။ ငါတို့မင်းကို စောင့်နေမှာ။"
ကျောက်ဖမ်က ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် ထိုကဲ့သို့ အတွေးမျိုး အမှန်တကယ် ဝင်မိသော်လည်း ရယ်မောကာ ပြောလိုက်သည်။ "မပြေးပါဘူးဗျာ။"
အခန်းထဲမှ ထွက်လာပြီးနောက်တွင် စားပွဲထိုးကို သန့်စင်ခန်းနေရာမေးပြီး အမြန်ဝင်သွားသည်။
ထိုအချိန်တွင် ပြင်ပမှ လူနှစ်ယောက် ဝင်ရောက်လာ၏။
ချန်ဟောက်နှင့် လီယန်တို့ဖြစ်ကြသည်။