← Chapters

ငါးဖမ်းခြင်း

Vol. 4 Ch. 46

ငါးဖမ်းခြင်း

Vol. 4 Ch. 46

အခန်း(၄၆) - ငါးဖမ်းခြင်း

ယုန်ထောင်ချောက်ဆင်ထားသောနေရာသို့ သူတို့ ရောက်ရှိသွားကြသည်။

ရုတ်တရက်၊ ယဲ့ရှောင်ချန်း၏ မျက်လုံးတေ တောက်ပလာ၏။ ယုန်သွားရာလမ်းကြောင်းပေါ်ရှိ ထောင်ချောက်က နေရာရွေ့နေပြီဖြစ်သည်။

"ယဲ့ရှောင်ချန်း၊ အဲ့တာ မင်းယုန်ကို ဖမ်းမိတာလား။"

ဖန်းယွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ယုန်ဖမ်းမိတာ ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီ။ မင်းတို့နှစ်ယောက်တော့ ကံကောင်းနေပုံရတယ်၊ မင်းတို့ အစားကောင်းစားရတော့မယ်ထင်တယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"ကောင်းတာပေါ့ကွာ၊ ငါယုန်သားမစားရတာ ကြာပြီ။"

ဖန်းယွမ်တစ်ယောက် သွားရည်ကျချင်နေပြီ။ သူသည် တကယ့်ကို အစားအသောက်ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည်။

"ယုန်က ဘယ်မှာလဲ။"

ဟွမ်ချီချီက မေးဖို့ မစောင့်နိုင်တော့ဘူး။

ယဲ့ရှောင်ချန်းသည် ယုန်သွားရာလမ်းကြောင်းအတိုင်း လိုက်သွားလိုက်ပြီး ဆယ်မီတာ‌ကျော် လမ်းလျှောက်ပြီးနောက် သူတို့သည် သံဆူးကြိုးခတ်ခြံစည်းရိုးအနားသို့ ရောက်ရှိသွားကြလေသည်။

ဆူညံသံတစ်ခုနှင့်အတူ သံဆူးကြိုးခတ်ခြံစည်းရိုးရှေ့တွင် မီးခိုးရောင် ယုန်ရိုင်းတစ်ကောင်ကို တွေ့လိုက်ရသည်။

ယဲ့ရှောင်ချန်း အံ့သြသွားသည်က မြေထဲတွင် မြှုပ်ထားသော ထောက်ချောက်နှစ်ခုစလုံး ပွင့်သွားခြင်း ဖြစ်သည်။

ကံမကောင်းချင်တော့ ဒီယုန်ရိုင်းလေးဟာ ခြေထောက်နှစ်ချောင်းစလုံး ထောင်ချောက်မိနေခဲ့သည်။ ထောင်ချောက်များကို အသေအချာပြုလုပ်ထားသောကြောင့် ယုန်က သံဆူးကြိုးအောက်ရှိ မြေလွတ်မှ ထွက်ပြေးလို့ မရတော့ဘဲ ငြိနေသည်။

ခြေထောက်နှစ်ဖက်စလုံး ငြိနေသဖြင့် ထွက်ပြေးလို့ မရတော့ပေ။

ယုန်၏ အရွယ်အစားကို မြင်သောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွားရသည်။ အနည်းဆုံး ၅ - ၆ ကီလိုလောက်ရှိပြီး တကယ့် အကောင်ကြီးဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ရှေ့သို့ လှမ်းတက်ကာ ယုန်ငြိနေသော ထောင်ချောက်ကို ဆွဲလိုက်ကာ လက်ဖြင့် ယုန်၏လည်ပင်းကို ကိုင်မြှောက်လိုက်သည်။

ယုန်ရိုင်းက ကလေးကဲ့သို့ အော်ဟစ်ကာ ရုန်းကန်နေခဲ့သည်။

"ငါလုပ်လိုက်မယ်။"

ဖန်းယွမ်က ကူညီပေးသည်။

"ဒီနေရာကို ကိုင်ထား၊ ပြီးတော့ သတိထားဦး၊ ယုန်ကို မလွတ်စေနဲ့။"

ယဲ့ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။

ယုန်ခြေထောက်ရှိ ထောင်ချောက်များကို မဖြုတ်ရသေးသဖြင့် ထွက်မပြေးနိုင်ပါ။

"ချီချီ၊ ငါ့ကိုဓာတ်ပုံရိုက်ပေး၊ မင်းအစ်ကိုကြီး ငါ့လက်နဲ့ ယုန်ရိုင်းတစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတာ လူတိုင်းမြင်ပါစေ။”

ဖန်းယွမ်က ယုန်ရိုင်းကို သူ့ခေါင်းအပေါ်ထိ မြှောက်ကိုင်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

ရုတ်တရက် ယုန်၏ နောက်ခြေထောက်နှစ်ချောင်းဟာ ထောင်ချောက်မှ ပြုတ်ထွက်သွားပြီး သူ့ကို ကန်‌ကျောက်လိုက်သည်။

ဖန်းယွမ်သည် သနားစရာကောင်းစွာ အော်လိုက်ပြီး ယုန်ကို သူ့လက်ထဲမှ လွှတ်ပေးလိုက်မိ၏။ သူသည် မြေပေါ်သို့ ဖင်ထိုင်လျက်သား တန်းကျသွားလေသည်။

ယုန်ရိုင်းသည် မြေပေါ်သို့ ကျသွားသည့် အခွင့်အရေးကို ယူကာ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက သူ့ထက် ပိုလျင်သည်။ ယဲ့ရှောင်ချန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယုန်ရိုင်းကို ထပ်မံဖမ်းမိပြန်သည်။

ချလပ် ချလပ်

ဟွမ်ချီချီက ကင်မရာကိုင်ပြီး ဓာတ်ပုံများကို ဆက်တိုက် ရိုက်ယူခဲ့သည်။

"လခွမ်း၊ မင်းကများ ငါ့မျက်နှာကို ကန်‌ကျောက်ရဲတယ်။"

ဖန်းယွမ်၏ မျက်နှာတစ်ဖက်တွင် လပုံသဏ္ဌာန် ခြေရာနှစ်ခု ရှိနေသည်။

ကံကောင်းစွာဖြင့် ဒဏ်ရာတော့ မရခဲ့ပါ။

သို့သော ယုန်တစ်ကောင်၏ ခြေထောက်ဖြင့် မျက်နှာကို ကန်ကျောက်ခံရခြင်းသည် အမှန်တကယ်ပင် နာကျင်လှသည်။

ဟွမ်ချီချီသည် သူမ၏ လည်ပင်းတွင် ကင်မရာကို အလျင်အမြန်ဆွဲပြီး သူ့မျက်နှာကို သုတ်ပေးဖို့ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်သည်။

"ဖန်းယွမ်၊ ငါ မင်းမျက်နှာကို ကန်တာ မခံရစေနဲ့လို့ သတိပေးထားတာကိုကွာ။"

ယဲ့ရှောင်ချန်းတစ်ယောက် ဆွံအသွားသည်။

ယုန်က သူ့မျက်လုံး သို့မဟုတ် နှာခေါင်းကို မကန်ခဲ့မိတာပဲ ဖန်းယွမ် ကံကောင်းသွားသည်။ မဟုတ်လျှင် သူအော်ဟစ်နေရလောက်ပြီ။

ဖန်းယွမ်က ရှက်သလိုလို ဖြစ်သွားမိသည်။

သူကြွားလုံးထုတ်ဖို့ ကြိုးစားနေတုန်း ယုန်က မျက်နှာကို ဆောင့်ကန်သွားလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

......

ယဲ့ရှောင်ချန်းတစ်ယောက် အိမ်ပြန်ရောက်လာသောအခါ ယဲ့ရှောင်ချန်းသည် တောယုန်ရိုင်းတစ်ကောင်ကို သယ်ဆောင်လာသည်ကို တွေ့လိုက်ရတော့ သူ့အမေက နည်းနည်း အံ့သြသွားသည်။

"ကျွန်တော် ဒီကောင့်ကို ခြံထဲမှာ ဖမ်းမိဖို့ အချိန်တော်တော် ယူခဲ့ရတယ်။ ဒါနဲ့ စကားမစပ် အဖေ ဘယ်မှာလဲ။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

"သူ့ရဲ့ ငါးဖမ်းပိုက်ကွန်နဲ့ ငါးသွားဖမ်းလေရဲ့။"

သူ့အမေက ပြန်ဖြေခဲ့သည်။

သူ့သားရဲ့ သူငယ်ချင်းက လာလည်သဖြင့် ဒီနေ့ အစားအသောက်ကို သေသေချာချာ ပြင်ဆင်ရမည်။

ယခု ယုန်ရိုင်းတစ်ကောင်မိလာသဖြင့် ဟင်းကောင်းတစ်ပွဲတော့ ရပြီဖြစ်သည်။

ခဏလောက်ကြာသောအခါ သူ့အဖေက ဘောင်းဘီတိုနှင့် ကျောပေါ်တွင် ဝါးခြင်းတောင်းကို ထမ်းပြီး အိမ်သို့ပြန်ရောက်လာခဲ့သည်။ အနည်းဆုံး ၅ - ၆ ကီလိုခန့်ရှိသော မြက်ငါးကြင်းတစ်ကောင်ကို ဖမ်းမိလာသည်။

သူ့ဝါးခြင်းတောင်းထဲတွင် ငါးဖမ်းပိုက်ကွန်တစ်ခု ရှိသည်။

ဤငါးဖမ်းပိုက်ကွန်သည် သာမန်ငါးဖမ်းပိုက်ကွန်နှင့် လုံးဝမတူပါ။

ပထမဆုံး ရေကန်၏ ကမ်းပါးနံဘေးတွင် နေရာကောင်းကောင်း ယူရမည်ဖြစ်သည်။ ငါးကြီးတစ်ကောင် ရောက်လာသောအခါ ဖြေးဖြေးချင်း ချဥ်းကပ်ပြီး ပိုက်ကွန်ကို အုပ်လိုက်ရမည်ဖြစ်သည်။ ငါးဖမ်းသည့်အခါ ရေထဲသို့ ဆင်းရသည်။

ယဲ့ရှောင်ချန်းရဲ့ အိမ်နားတွင် ရေကန်တစ်ကန်ရှိသည်။

သူတို့ငါးဟင်းစားချင်တိုင်း သူ့အဖေက ငါးဖမ်းပိုက်ကွန်ကို သုံးပြီး အလွယ်တကူ ငါးဖမ်းပေးလေ့ရှိသည်။ တစ်ခါမှ ငါးမရဖူးသည်ဟူ၍ မရှိတတ်ပါ။

ယဲ့ရှောင်ချန်းလည်း ထိုငါးဖမ်းနည်းကို ခဏလောက် သင်ကြည့်ဖူးသည်။ သို့သော် သူ့ထံတွင် ထိုပါရမီ မပါပေ။ လက်ကိုင်ပိုက်ကွန်က သေချာမအုပ်မိရင် ငါးကို အချိန်မီမဖမ်းနိုင်တာမျိုးလည်း ဖြစ်တတ်သည်။

"ရှောင်ချန်း၊ မင်းတို့အိမ်နားမှာ ရေကန်ရှိတယ်မလား၊ ငါတို့နေ့လည်စာစားပြီးရင် ငါးသွားဖမ်းရအောင်လေ။"

ဖန်းယွမ်က ပြောလိုက်သည်။

"မင်း ငါးမျှားတံ ယူလာလို့လား။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

သူက ငါးမျှားရတာ မကြိုက်သဖြင့် သူ့အိမ်တွင် ငါးမျှားတံမရှိပါ။

"ဒါပေါ့၊ ငါ့ရဲ့ အကြီးမားဆုံး ဝါသနာက ငါးမျှားရတာပဲ။ ငါအပြင်ထွက်တိုင်း ငါ့ကားထဲမှာ ငါးမျှားတံ ထည့်ယူလာတယ်။"

ဖန်းယွမ်က ပြုံးကာ ပြောလိုက်သည်။

မြို့တော်ထဲတွင် ငါးမျှားဖို့ နေရာရှာရတာ မလွယ်ကူပေ။ ထို့အပြင် မွေးမြူရေး ငါးမျှားကန်များမှာ ငါးဖမ်းရတာ သိပ်စိတ်မချမ်းသာဘူး။ အရေးကြီးဆုံးကတော့ ငါးက အရသာ မရှိပါဘူး။

"ကိစ္စမရှိပါဘူး၊ မင်းဖမ်းမိသရွေ့ မင်းစိတ်ကြိုက်ပြန်ယူသွားနိုင်တယ်။”

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ယေဘူယျအားဖြင့် လူတချို့က ကျေးရွာဘက်ကို ငါးမျှားဖို့ လာတတ်သည်။ သူတို့သည် အခွန်မပေးဆောင်ရသော်လည်း သူတို့ဖမ်းမိသော ငါးအတွက် ပုံမှန်စျေးကိုတော့ ပေးရပါသေးသည်။

ထိုသို့ဆိုလျှင်တောင် လူအများအပြားက ငါးမျှားချင်နေဆဲ ဖြစ်သည်။ ကျေးရွာ ရေကန်များထဲရှိ ငါးများကလည်း အရသာရှိလှပါသည်။

ဖန်းယွမ်က ယဲ့ရှောင်ချန်း၏ အတန်းဖော်ဟောင်းကြီးဖြစ်သဖြင့် သူ့ကို ငွေမတောင်းခံပါ။

"မင်းစကားနဲ့ မင်းပဲနော်၊ ငါငါးအများကြီး ဖမ်းမိကာမှ မင်းရင်မနာသွားနဲ့။"

ဖန်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးခပ်ကြီးကြီးတစ်ခု ပေါ်လာသည်။

"ငါက အဲ့လိုလူမျိုးနဲ့ တူလို့လားကွ။"

ယဲ့ရှောင်ချန်းတစ်ယောက် မျက်လုံးပင့်သွား၏။

ထိုအချိန်တွင် သူ့အဖေက ယုန်ကို စတင်ကိုင်တွယ်နေပြီဖြစ်သည်။ သူ့အဖေက အလုပ်လုပ်တာ အလွန်မြန်ဆန်သည်။ မကြာခင်မှာပဲ ယုန်အရေခွံကို လုံးဝ ဆုပ်ပြီးသွားပြီဖြစ်သည်။ ယုန်ရိုင်းမှာ နီနီရဲရဲ အသားများသာ ကျန်တော့ပြီး အဆီလည်း သိပ်မများပေ။

ဟွမ်ချီချီက ထိုသွေးသံတရဲရဲ မြင်ကွင်းကို ကြည့်ပြီး ဘာမှမခံစားရပါ။ တကယ်တော့ ဓာတ်ပုံများပင် ရိုက်နေလေသည်။

သူ့အဖေက ယုန်ကို ကိုင်တွယ်၍ ပြီးစီးသွားသောအခါ ငါးနဲ့ ကြက်တွေကို စတင်သတ်ပါတော့သည်။

"မင်းတို့နှစ်ယောက် အရမ်းကံကောင်းတယ်၊ ငါတို့မိသားစုက တရုတ်နှစ်သစ်ကူးမှာတောင် ဒီလိုမျိုး မစားသောက်ဖြစ်ကြဘူး။"

ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။

ငါးပြုတ်၊ ယုန်သားမွှေကြော်၊ ကြက်ကင်၊ ဟင်းနုနွယ်ကြော်၊ ကြက်သွန်ဖြူခရမ်းသီးထောင်းနှင့် သခွားသီးတို့ ဖြစ်ပါသည်။

ဆန်ဝိုင်ကောင်းကောင်းလည်း ရှိနေပါသေးသည်။

အမေဖြစ်သူ၏ ဟင်းချက်စွမ်းရည်က သာမန်သာဖြစ်သော်လည်း ပါဝင်ပစ္စည်းများကြောင့် ဟင်းပွဲတွေရဲ့ အရသာများနှင့် ပတ်သက်ပြီး ဘာမှပြောစရာမလိုပေ။

"ဒေါ်လေး၊ မင်းရဲ့ ဟင်းချက်လက်ရာက အံ့မခန်းပဲ။ ဟိုတယ်တွေက နာမည်ကျော်စားဖိုမှုးကြီးတွေတောင် ဒေါ်လေးလက်ရာကို ယှဥ်နိုင်မယ်မထင်ဘူး။"

“ဒီယုန်အသားက တကယ်အရသာရှိတယ်။”

"ငရုတ်သီးကလည်း စပ်နေတာပဲ။"

"သခွားသီးကလည်း အရသာအရမ်းရှိတယ်၊ ကြွပ်ကြွပ်လေးနဲ့ လန်းဆန်းနေတာပဲ။"

"အိုင်းယား၊ ဒေါ်လေး ကျွန်တော် အခုလတ်တလော ဝိတ်ချနေတယ်ဆိုပေမယ့် မထိန်းနိုင်တော့ဘူးဗျာ၊ အဲဒါကို မေ့ထားလိုက်တော့မယ်၊ ကျွန်တော် အခု ဗိုက်ပြည့်တဲ့အထိ စားလိုက်တော့မယ်။"

ဖန်းယွမ်သည် ပါးစပ်ဟလိုက်ကတည်းက စားသောက်နေသည်ကို မရပ်တော့ပါ။

သူသည် နှုတ်ရေးချိုပြီး စကားပြောလည်း အလွန်ကောင်းသည်။ ယဲ့ရှောင်ချန်းရဲ့ အမေဆို သူ့ကြောင့် အမြဲတမ်းပြုံးရယ်နေရသည်။

ဖန်းယွမ်ကလည်း ဟန်ဆောင်ပြောနေခြင်း မဟုတ်ပါဘူး။ ရင်ထဲမှလာသော စကားများကို ပြောနေခြင်းဖြစ်သည်။ ယဲ့ရှောင်ချန်းရဲ့ အမေချက်ထားသော ဟင်းများမှာ အရသာရှိလှပါသည်။

သူ မကြိုက်တတ်သော ဟင်းနုနွယ်ဟင်းကိုပင် တူများဖြင့် ညှပ်ကာ မထိန်းနိုင်မသိမ်းနိုင် စားသောက်နေမိသည်။

စားသောက်လို့ ပြီးစီးသွားကြသောအခါ သူသည် ဗိုက်တင်းပြီး လှုပ်လို့ရှားလို့ပင် မရတော့သည့်ပုံပေါက်နေသည်။

ဟွမ်ချီချီလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

ယဲ့ရှောင်ချန်းကတော့ ခြံထွက် ဟင်းသီးဟင်းရွက်များကို နေ့စဥ် စားသုံးနေရသဖြင့် အရသာရှိသည်ဟု ထူးထူးခြားခြားတော့ မတွေးမိပါချေ။

နေ့လည်ခင်းတွင်...

ယဲ့ရှောင်ချန်းမိသာစု ရေကန်အနီး...

ရာသီဥတုက တိမ်ထူနေပြီး လေပြည်လေညင်းလေးများလည်း တိုက်ခိုက်နေသည်။ အပူချိန် ၃၀ ဒီဂရီ ဝန်းကျင်လောက်ရှိမည်ဖြစ်သည်။

အရမ်းမပူသဖြင့် ငါးမျှားလို့ သင့်တော်ပါသည်။

ယဲ့ရှောင်းချန်းသည် ဖန်းယွမ်ယူဆောင်လာသော ငါးဖမ်းကိရိယာများကို မြင်သောအခါ မျက်လုံးပြူးသွားမိသည်။

ဝါးငါးမျှားတံချည်းပဲ ကိုးချောင်းလောက် ရှိသည်။

"ဖန်းယွမ်၊ မင်းငါးမျှားရတာကို ဒီလောက်တောင် သဘောကျတာလား။"

ယဲ့ရှောင်ချန်းသည် အလုပ်များနေသော ဖန်းယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိတော့သည်။ လခွမ်း၊ ငါးမျှားတံတွေ အများကြီးပဲဟ။ ငါတော့ ဒီနေ့ အရှုံးကြီးရှုံးတော့မှာပဲ။

"ဒီလိုငါးမျှားဖြစ်မယ်လို့ ငါ မထင်မိဘူးကွ။ မင်းအိမ်မှာ ရေကန်တစ်ကန်ရှိတယ်လို့သာ ငါကြိုသိခဲ့ရင် ငါးမျှားတံတွေ ပိုယူလာခဲ့ပါတယ်ကွာ။"

ဖန်းယွမ်၏ စကားများကြောင့် ယဲ့ရှောင်ချန်းတစ်ယောက် သွေးအန်ချင်သွားသည်။

ဝါးငါးမျှားတံ ကိုးချောင်းက မလုံလောက်သေးဘူးလား။

ဆယ်မိနစ်ခန့် ကြာသောအခါ ငါးမျှားတံကိုးချောင်းကို တန်းစီနေရာချပြီးပြီဖြစ်သည်။ ငါးမျှားတံ တစ်ချောင်းစီတိုင်းပေါ်တွင် ခေါင်းလောင်းများ ရှိနေသည်။ ငါးတစ်ကောင်မိပါက ခေါင်းလောင်းမြည်လိမ့်မည်။

ပြောရမည်ဆိုရင် ဒါက အပျင်းအထူဆုံး ငါးဖမ်းနည်းလမ်းဖြစ်ပါသည်။

All Chapters