ပြဿနာများ
Vol. 4 Ch. 47
အခန်း(၄၇) - ပြဿနာများ
အမိုးအကာထီးတစ်ချောင်းအောက်တွင် လူသုံးယောက် ထိုင်နေကြသည်။ အနီးအနားတွင် စားပွဲတစ်လုံးရှိပြီး ထိုစားပွဲပေါ်တွင် ရေနွေးကြမ်း၊ ဖရဲသီး၊ သခွားသီးနှင့် သခွားမွှေးသီးများကို တင်ထားသည်။
ငါးမျှားရာတွင် ပျင်းစရာအကောင်းဆုံးက ငါးလာဟပ်မည့် အချိန်ကို စောင့်ရခြင်းပင်။
သူတို့နှစ်ယောက်သား တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ပြောင်းပြောဆိုနေကြသည်။ ဖန်းယွမ်က သူ့ကိုယ်သူ ကြွားလုံးထုတ်ကာ ပြောနေပြီး ဟွမ်ချီချီကလည်း တစ်ခွန်းနှစ်ခွန်းခန့် မကြာခဏဆိုသလို ဝင်ပြောပါသည်။
“မင်းလေးဟာ ကိုယ့်ရဲ့ ပန်းသီးလေးပဲ၊ ကိုယ့်ရဲ့ ပန်းသီးလေး...”
ဖန်းယွမ်၏ ဖုန်းသံမြည်လာသည်။ သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရေရွတ်ကာ မတ်တပ်ထရပ်ပြီး ဖုန်းပြောရန် ဘေးနားသို့ လျှောက်သွားလိုက်သည်။
"ဘာ၊ ဘယ်လိုဖြစ်တာလဲ၊ အတည်ပြုပြီးပြီလား။”
ဖန်းယွမ်၏ အသံကို ကြားလိုက်ရပြီး အခြေအနေမဟန်တဲ့ပုံပေါ်သည်။
ခဏကြာ စကားပြောပြီးနောက် ဖန်းယွမ်က ဖုန်းချပြီး ပြန်လာခဲ့သည်။
သူ့ပုံစံက ကြည့်မကောင်းတော့ပါ။
"လခွမ်းပဲ၊ အပြင်ထွက်ပြီး လည်ပတ်ဖို့က မလွယ်ပါဘူးဆိုနေမှ ဒီလိုဖြစ်လာပြီ တကယ်ကံဆိုးတာပဲကွာ။"
ဖန်းယွမ်က စားပွဲပေါ်သို့ ဖုန်းကို ပစ်ချလိုက်လေသည်။
"ဘာဖြစ်လို့လဲ။"
ဟွမ်ချီချီက မေးလိုက်သည်။
"ငါ့ဌာနခေါင်းဆောင်က အခုပဲ ဖုန်းဆက်တယ်၊ ပရိုမိုးရှင်းဆင်းထားတဲ့ မျိုးစေ့တွေနဲ့ ပတ်သက်ပြီး ပြဿနာကြီးကြီးမားမားရှိနေတယ်လို့ပြောပြီး အမြန်ပြန်လာခိုင်းနေတယ်။"
ဖန်းယွမ်က ဒေါသတကြီး ပြောသည်။
"ဖန်းယွမ် ဘာဖြစ်နေတာလဲ။"
ယဲ့ရှောင်ချန်းသည် ဖန်းယွမ်တစ်ယောက် စိတ်ဓာတ်ကျနေသည်ကို မြင်တော့ အံ့အားသင့်သွားရသည်။ ကျောင်းသားဘဝတုန်းက ဖန်းယွမ်သည် အမြဲလိုလို ပြုံးနေပြီး စိတ်အေးလက်အေးရှိသောသူဖြစ်သည်။
"ငါ ပြောရမှာတောင် စိတ်ဓာတ်ကျပါတယ်ကွာ၊ တကယ်ကံဆိုးတာပါ၊ ဒီနှစ်မှာ ငါတို့ရုံးက မြစိမ်းဘုရင်လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမျိုးစေ့ကို မြှင့်တင်ဖို့ တောင်ပိုင်းဂလိုဘယ်စိုက်ပျိုးရေးမျိုးစေ့နည်းပညာကုမ္ပဏီလီမိတက်ကို ကူညီပေးနေတယ်။ ငါက ပရိုမူးရှင်းအုပ်စုရဲ့ ဒုခေါင်းဆောင်ပေါ့။ အစကတော့ အားလုံးအဆင်ပြေတယ်၊ အကောင်းဆုံးလုပ်နိုင်ခဲ့ရင် ငါတောင် ဌာနမှုးဖြစ်လာနိုင်လိမ့်မယ်။ ဒါပေမယ့် မျိုးစေ့တွေမှာ ပြဿနာရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ အခုတော့ လယ်သမားတွေ အများကြီး ရုံးကို ရောက်လာကြပြီ။ အခု ခေါင်းဆောင်ကြီးက ငါ့ကိုပြန်လာခိုင်းပြီး သူတို့နဲ့ ရှင်းခိုင်းနေတယ်။ ဒါ ငါ့ကို မီးလောင်ရာထဲ အတင်းထိုးသွင်းနေတာ မဟုတ်ဘူးလား။"
ဖန်းယွမ်က ဘာမှဖုံးကွယ်မထားဘဲ အကြောင်းအရင်းကို ရှင်းပြလိုက်တော့သည်။
ယဲ့ရှောင်ချန်းသည် အနည်းငယ် အံ့အားသင့်သွား၏။ မြစိမ်းဘုရင် ဟုတ်လား။
သူလည်း ထိုပန်းဂေါ်ဖီမျိုးစေ့အသစ်ကို ဝယ်ယူခဲ့သည်။
မျိုးစေ့များက အမှန်ပဲ ချွတ်ယွင်းနေသည်။ သို့သော် အချို့သော အခြေအနေများတွင်သာ ပြဿနာပေါ်လာစေလိမ့်မည်။ ယခုတော့ ထိုချွတ်ယွင်းချက်က ပေါ်လာပြီး လယ်သမားများစွာကို ထိခိုက်စေခဲ့သည့်ပုံပင်။
"ဒီကိစ္စကြောင့် မင်းပြဿနာ အကြီးကြီး တက်နိုင်လား။"
ယဲ့ရှောင်ချန်းသည် ဖန်းယွမ်၏ စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်မိသည်။
"ဒါပေါ့ကွ၊ အစကတော့ ငါတို့ရုံးက ဂလိုဘယ်ကုမ္ပဏီက ဒီမျိုးစေ့အသစ်ကို ပရိုမိုးရှင်းဆင်းဖို့ ကူညီပေးခဲ့တယ်။ အဲ့တာက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး တရားမဝင်ဘူးလို့ ယူဆနိုင်တယ်ကွာ။ ဒါပေမယ့် ငါတို့လုပ်နေတာကြာပြီဆိုတော့ အသားလည်းကျနေပြီ။ မတော်တဆသာ မဖြစ်ရင် အကျိုးကျေးဇူးတွေ အများကြီး ရမှာကွ။ အခုတော့ မတော်တဆ ဖြစ်လာတယ်၊ လယ်သမားတွေ သောင်းကျန်းနေကြပြီဆိုတော့ အထက်အရာရှိတွေက သေချာစုံစမ်းပြီးရင် ငါလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ဖန်းယွမ်က ခေါင်းခါလိုက်သည်။
ပြဿနာက အတော်လေးကြီးမားသည်။ သူသည် ဌာနတွင်လည်း အခိုင်မအာ ခြေကုပ်ယူနိုင်ခြင်း မရှိသေးသဖြင့် ဒီကိစ္စကြောင့် သူ ကန်ထုတ်နိုင်ခံရနိုင်ချေရှိသည်။
မကြာခင်မှာပဲ ဖန်းယွမ်က ဟွမ်ချီချီနှင့်အတူ ပြန်သွားတော့သည်။
ငါးတစ်ကောင်မှလည်း ဖမ်းမမိခဲ့ပါ။
ဖန်းယွမ်အတွက် ငါးဖမ်းဖို့က အရေးမကြီးတော့ပေ။ သူ့အနာဂတ်ကို ခြိမ်းခြောက်နိုင်သည့် ကိစ္စတစ်ခုကို ရှင်းစရာရှိနေသေးလို့ပင်ဖြစ်သည်။
ယဲ့ရှောင်ချန်းလည်း ဘာမှမတတ်နိုင်ခဲ့ပါ။ ဖန်းယွမ်တစ်ယောက် ဒီပြဿနာကို ဖြေရှင်းနိုင်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်သည်။
ယဲ့ရှောင်ချန်းသည် သူ့စိုက်ပျိုးရေးခြံကို ပြန်သွားပြီး မြစိမ်းဘုရင်လို့ခေါ်တဲ့ ပန်းဂေါ်ဖီကို စစ်ဆေးကြည့်လိုက်သည်။
သူ့ရဲ့ စိတ်ဝိညာဥ်ပါရမီကို အသုံးချကာ အပင်၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။
"ထူးဆန်းလိုက်တာ၊ ငါ့ပန်းဂေါ်ဖီစိမ်းတွေရဲ့ အသိစိတ်ကတော့ ပြောင်းလဲမှုမရှိပါဘူး၊ ဘာလို့ အခြား လယ်သမားတွေရဲ့ မြစိမ်းဘုရင်တွေက အကြီးအကျယ် ပြဿနာတက်နေတာလဲ။"
ယဲ့ရှောင်ချန်းတစ်ယောက် မျက်မှောင်ကြုတ်ပြီး ပြဿနာရင်းမြစ်ကို စဥ်းစားကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် လယ်သမားတွေ စိုက်ပျိုးထားတဲ့ ပန်းဂေါ်ဖီစိမ်းတွေက ဘယ်လို ပြဿနာမျိုးနှင့် ရင်ဆိုင်နေရမှန်း သူ မသိပါ။
နောက်ဆုံးတွင်၊ ထိုကဲ့သို့သော ချို့ယွင်းချက်များအောက်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများသည် အလွန်ကျပန်းဖြစ်နိုင်သည်။
မြစိမ်းဘုရင်၏ ချို့ယွင်းချက်ကို ပြုပြင်ဖို့ အရေးကြီးဆုံးအချက်မှာ မျိုးစေ့များကို စိုက်ပျိုးရာမှ စတင်ခြင်းဖြစ်သည်။
အခြားနည်းလမ်းများလည်း ရှိပါသည်၊ ၎င်းမှာ မျိုးစေ့၏ အသိစိတ်ကို ပြည့်စုံစေရန်နှင့် မျိုးစေ့၏ ချို့ယွင်းချက်များကို သွယ်ဝိုက်သောနည်းဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းစဥ်တွင် မျိုးစေ့ကိုစိမ်ရန် အပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်သည့်ဆေးများကို အသုံးပြုခြင်းပင်ဖြစ်သည်။
၎င်းနည်းလမ်းကို မျိုးစေ့ အညှောက်ပေါက်သည့်ကာလတွင်သာ အသုံးပြုနိုင်ပါသည်။
မျိုးစေ့များကို စိုက်ပြီးသည်နှင့် ထိုနည်းလမ်းက အသုံးမဝင်တော့ချေ။
လယ်သမားများစွာ၏ မျိုးစေ့များ ပြဿနာတက်နေခြင်းက မျိုးစေ့ကြဲပြီးချိန်မှ ဖြစ်ပေါ်လာခြင်း ဖြစ်ရမည်။
ကံမကောင်းစွာဖြင့် လယ်သမားများသည် ပန်းဂေါ်ဖီစိမ်းများနှင့် ပတ်သတ်ပြီး ဘယ်လို ပြဿနာမျိုး ရင်ဆိုင်နေရသည်ကို သူ မသိသဖြင့် မကူညီနိုင်ပါ။
စိုက်ပျိုးရေးခြံ တစ်ခြံလုံးကို စစ်ဆေးပြီးနောက် ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေသို့ ရောက်လာခဲ့သည်။
ယဲ့ရှောင်ချန်းသည် သူ့ရဲ့ အင်မော်တယ် မုန်လာဥနှင့် အဝါရောင် အင်မော်တယ် ပဲပင်များကို ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ပြီး ဝင်ငွေကောင်းကောင်း ရရှိနိုင်ဖို့ကို မျှော်လင့်နေမိပါသည်။
ကံမကောင်းစွာဖြင့် အဝါရောင် အင်မော်တယ် ပဲပင်တစ်ပင်ကို သူ ဆွဲနှုတ်ခဲ့ရပါသည်။
အခုအချိန်ထိပင် သူ့ရင်ထဲတွင် နာကျင်နေရသေးသည်။
.......
တောင်ပိုင်းပြည်နယ် ဂလိုဘယ် စိုက်ပျိုးရေး မျိုးစေ့နည်းပညာ ကုမ္ပဏီလီမိတက်
အစည်းအဝေးခန်းမထဲမှာ...
အစည်းအဝေးတစ်ခု ကျင်းပနေကြသည်။
အခန်းထဲရှိ လေထုကလည်း အရမ်းလေးလံသည်။
"ကျုပ် အရင်က ဒီအကြောင်းကို ပြောခဲ့သားပဲ။ မျိုးစေ့တွေကိုသာ ပြန်သိမ်းလိုက်ရင် ဒီပြဿနာမှရှိလာမှာ မဟုတ်ဘူး။”
သိပ္ပံနှင့် သုတေသနဌာနမှ လီချွမ်းက တစ်ဖက်တွင် ထိုင်နေသော ကျောင်းဟွေ့ကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။
မျိုးစေ့များကို ပြန်သိမ်းဖို့ သူတို့ကို အကြံပေးခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။
ယခုလို ကြီးမားသော ပြဿနကြီး ဖြစ်ပေါ်လာပြီး ကြီးမားသော စီးပွားရေး ဆုံးရှုံးမှုများကိုပင် မပြောနှင့်ဦး၊ ၎င်းသည် ကုမ္ပဏီ၏ ဂုဏ်သိက္ခာနှင့် စျေးကွက်ချဲ့ထွင်ရန် အစီအစဥ်များအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများလည်း ရှိလာခဲ့သည်။
အခုတော့ ရုံးချုပ်ကနေ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖို့ စီစဥ်နေသည်။
ရှင်းရှင်းပြောရရင် သူတို့ ဒီကိစ္စကို တာဝန်ယူရပေမည်။
သို့သော်လည်း လီချွမ်းသည် သူ့ကိုယ်သူ စိတ်ပူမနေပေ။
အစကတည်းက သူ ကန့်ကွက်ခဲ့သည်။
ပင်မထိုင်ခုံတစ်နေရာတွင် ထိုင်နေသော အထွေထွေမန်နေဂျာ ဟယ်ဟောက်မင်သည် သူ့စိတ်ထဲတွင် ခါးသီးနေခဲ့သည်။ အခြေအနေတွေက ဤသို့ဖြစ်လာမယ်လို့ ကြိုသိခဲ့ပါက သူသည် ကျောင်းဟွေ့အကြံအား ဆန့်ကျင်ပြီး လီချွမ်း၏ အကြံပြုချက်ကို ထောက်ခံခဲ့မည်ဖြစ်သည်။
ဒါပေမယ့် အခုအချိန်မှတော့ ဒီစကားပြောဖို့ နောက်ကျသွားလေပြီ။
ဤကိစ္စအတွက် အဓိကတာဝန်ယူရမည့်သူမှာ ကုမ္ပဏီ၏ ခေါင်းဆောင်ဖြစ်သူ ကျောင်းဟွေ့ဖြစ်သော်လည်း သူ၏ ခေါင်းဆောင်မှုအမှားအတွက် သူလည်း တာဝန်ယူဖို့ လိုအပ်သည်။
သူ့ရဲ့ အထွေထွေမန်နေဂျာရာထူးမှာ ရာထူးချခံရနိုင်သည်ဟု ခန့်မှန်းရပါသည်။
"ဌာနမှုးလီ၊ မင်းမှာ တကယ်နည်းလမ်းမရှိဘူးလား။"
ဟယ်ဟောက်မင်က လီချွမ်းကို ကြည့်ကာ မေးလိုက်သည်။
"မစ္စတာဟောက်မင်၊ ဒီရက်ပိုင်းတွေမှာ ကျုပ်တို့ဓာတ်ခွဲခန်းက အချိန်ပိုတွေအထိပါ အလုပ်လုပ်ခဲ့ကြတယ်၊ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံကိုလည်း သုံးကြည့်ပြီးပြီ၊ နည်းလမ်းမရှိဘူး။"
လီချွမ်းက ခေါင်းခါလိုက်သည်။
သူ့မျက်ကွင်းများလည်း ညိုမည်းနေသည်။ ပြင်းထန်စွာ အိပ်ရေးမဝသဖြင့် စိတ်ဓာတ်ကလည်း သိပ်မတက်ကြွတော့ပေ။ သူ အလွန်ပင်ပန်းနေလေပြီ။
"ကျုပ်တို့ အခု ဘာလုပ်သင့်လဲ၊ ခရိုင်နဲ့ မြို့ကြီး အသီးသီးက လယ်သမားတွေကို ထိန်းထားလို့ မရနိုင်တော့ဘူးလို့ လုပ်ဖော်ကိုင်ဖက်တွေဆီက ဖုန်းခေါ်ဆိုမှုတွေ ဆက်တိုက်ကိုလာနေတယ်။”
နောက် ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ခံ ချိုင်ချင်က ပြောပါသည်။
"ကျုပ်တို့ ရုံးချုပ်က ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရဦးမယ်။"
ဟယ်ဟောက်မင်က ခေါင်းကို ခါလိုက်သည်။
ဒီကိစ္စက ကြီးလွန်းတော့ အထွေထွေမန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ချက် မချမှတ်နိုင်တော့ဘူး။
........
ယဲ့ရှောင်ချန်းသည် ဖန်းယွမ်၏ အခြေအနေကို စိတ်ပူနေသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် ဖုန်းဆက်ကြည့်ပြီး မြစိမ်းဘုရင်ကို စိုက်ပျိုးခဲ့သော လယ်သမားများ၏ အခြေအနေကို သိရဖို့ ကြိုးစားကြည့်သည်။
ဖန်းယွမ်သည် မူလက ဤကိစ္စကို ယဲ့ရှောင်ချန်းက အဘယ်ကြေင့် စိတ်ပူနေရသလဲ ဆိုတာကို အနည်းငယ် သိချင်မိသည်။၏
ယဲ့ရှောင်ချန်းလည်း မြစိမ်းဘုရင်များကို စိုက်ပျိုးထားကြောင်း သိလိုက်ရသောအခါ သူချက်ချင်းပြောလိုက်သည်။ “ရှောင်ချန်း၊ မင်းရဲ့ အပင်ပေါက်တွေက ကောင်းကောင်း ဖွံ့ဖြိုးနေတယ် ဆိုရင်တောင် မင်းမြန်မြန် အဲ့တာတွေကို ဖယ်ပြစ်ပြီး အခြားဟင်းသီးဟင်းရွက်တွေနဲ့ လဲစိုက်သင့်တယ်။ ငါတို့ အတွင်းသတင်းရထားတယ်၊ မြစိမ်းဘုရင်မှာ ချွတ်ယွင်းချက်ရှိတယ်တဲ့၊ ကုမ္ပဏီက အဲ့တာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာ။ မတော်တဆဖြစ်ပြီးမှ သူတို့ အမှန်တရားကို ဖုံးထားလို့မရတော့တာကွ။ ဒီမြစိမ်းဘုရင် မျိုးစေ့ကို ဖျက်သိမ်းပြစ်ကြတော့မယ်လို့ ငါခန့်မှန်းမိတယ်။"
"လယ်သမားတွေက ပန်းဂေါ်ဖီစိမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြဿနာမျိုး ကြုံတွေ့နေရတာလဲ။"
ယဲ့ရှောင်ချန်းသည် မျိုးစေ့တွင် ချွတ်ယွင်းချက် ရှိတာကို သိပြီးသားဖြစ်သောကြောင့် သူက ဒီမေးခွန်းကို ချက်ချင်းမေးလိုက်သည်။
"အရမ်း ပုံမှန်မဟုတ်ဘူးကွ။ ဒီပန်းဂေါ်ဖီစိမ်းတွေက အစိုဓာတ်ကို တော်တော် အထိမခံဘူး။ မြေအစိုဓာတ်အရမ်းများနေရင် အမြစ်တွေက ချက်ချင်းပုပ်သွားတယ်။ ခုတလော နေရာတိုင်းမှာ မိုးတွေသည်းနေတာ မင်းလည်း သိမှာပေါ့။ အဲ့တာကြောင့် မြေအစိုဓာတ်တွေလည်း အရမ်းမြင့်လာကြတယ်။"
ဖန်းယွမ်က ပြောလိုက်သည်။
"ဟုတ်တာပေါ့။"
ယဲ့ရှောင်ချန်းသည် ဤစကားကို ကြားပြီးနောက် ချက်ချင်းအဖြေရခဲ့သည်။
ယခင်က သူ သေချာမသိတဲ့အတွက် ခန့်မှန်းလို့သာရခဲ့သည်။
ယခုတော့ ဥပမာတစ်ခု ပေါ်လာလေပြီ။
ဒါဆိုရင် ၁၀၀ ရာခိုင်နှုန်း သေချာပေါက် ဖြေရှင်းနိုင်ပါလိမ့်မည်။