ရောင်းချခြင်း
Vol. 4 Ch. 51
အခန်း(၅၁) – ရောင်းချခြင်း
အင်မော်တယ် မုန်လာဥ ၁၀၀ ၊ စုစုပေါင်းစျေးနှုန်းမှာ အင်မော်တယ်ယွမ် ၁၀၀ နှင့် ၉၄၆၇ ဝိညာဥ်ယွမ်ဖြစ်သည်။
ငွေလဲအချိုးအရ ဝိညာဥ်ယွမ် ၁၀၀ က အင်မော်တယ်ယွမ် ၁ ယွမ်နှင့် ညီမျှသည်။
သို့ဖြစ်၍ ၁၉၄.၆၇ အင်မော်တယ်ယွမ် ဖြစ်ပါသည်။
ထို့ကြောင့် အင်မော်တယ် မုန်လာဥတစ်လုံး၏ ပျမ်းမျှစျေးက ၁.၉၅ ယွမ်ဖြစ်သည်။
လနတ်သမီးပေးသော မုန်လာဥတစ်လုံး အင်မော်တယ် ၂ ယွမ်စျေးနှင့် ယှဥ်ကြည့်ပါက ယဲ့ရှောင်ချန်းသည် အင်မော်တယ်ယွမ် ၅ ယွမ် ရှုံးသွားသည်။
အင်မော်တယ် ၅ ယွမ်တောင်...
ယဲ့ရှောင်ချန်း ရင်ထဲနာကျင်သွား၏။
အင်မော်တယ် မုန်လာဥမျိုးစေ့ထုပ် တစ်ဝက် သို့မဟုတ် အင်မော်တယ် ပဲစေ့ ငါးစေ့လောက် ဝယ်လို့ရလောက်သည်။
သို့သော်လည်း တန်ပါသည်။ သူသည် အင်မော်တယ်အပင်များ၏ အရည်အသွေးကို ဆက်လက်တိုးမြှင့်နိုင်မည် ဆိုပါက စတိုးဆိုင်ထဲတွင် ပိုကောင်းသော အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်သည်။
ရုတ်တရက် ယဲ့ရှောင်ချန်းသည် မျက်နှာပျက်သွားပြီး တစ်ခုခုကို စဥ်းစားမိသွားပုံရသည်။
"မဟုတ်သေးပါဘူး၊ တစ်ခုခု လိုနေသလိုပဲ။"
ယဲ့ရှောင်ချန်းသည် နဖူးကို ပွတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ယဲ့ရှောင်ချန်းသည် စနစ်မှတ်တမ်းကို အမြန်စစ်ဆေးကြည့်လိုက်သည်။
နောက်ဆုံးတော့ မှတ်တမ်းထဲတွင် သူ့ကို စိတ်ဓာတ်ကျသွားစေသောအရာကို တွေ့လိုက်ရသည်။
"လခွမ်းပဲ၊ ဒီစတိုးဆိုင်က ရက်စက်လွန်းတယ်ကွာ။"
ယဲ့ရှောင်ချန်းရဲ့ စိတ်နှလုံးသား နာကျင်သွားပြီး သွေးများပင် အန်ချင်လာသည်။
အဘယ့်ကြောင့်ဆိုသော်... စတိုးဆိုင်မှာ ရောင်းချသည့်အခါ ကော်မရှင်ခ ကောက်ခံပါသည်။
ကော်မရှင်ခက စုစုပေါင်း ရောင်းရငွေ၏ ၅ရာခိုင်နှုန်း ဖြစ်သည်။
၁၉၄.၆၇ အင်မော်တယ်ယွမ်ကို ၅နဲ့မြှောက် ဘယ်လောက်လဲ။
ယဲ့ရှောင်ချန်းသည် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။
သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်မိ၏။
နာကျင်လောက်စရာပေ။
၉.၇၃ အင်မော်တယ်ယွမ်ဖြစ်သည်။
ချီးပဲ၊ ဒီစတိုးဆိုင်က ၉.၇၃ အင်မော်တယ်ယွမ်တောင် နှုတ်ယူလိမ့်မည်။
ခုနက သူသည် အင်မော်တယ် ၅ ယွမ် ဆုံးရှုံးခဲ့ရသည်။ ပြောရမည်ဆိုလျှင် ဒီအင်မော်တယ် မုန်လာဥ အလုံး ၁၀၀တွင် သူသည် အင်မော်တယ် ၁၅ ယွမ်နီးပါး ဆုံးရှုံးခဲ့ရသည်။
သူ့မှာ အချိန်နောက်ပြန်ဆုတ်လို့ရသည့် ဆေးသာရှိခဲ့လျှင် ယဲ့ရှောင်ချန်းသည် မုန်လာဥများကို စတိုးဆိုင်တွင် ထည့်မရောင်းမိလောက်ပါ။
ရုတ်တရက် စနစ်အသံတစ်ခု သူ့အာရုံထဲတွင် ထွက်ပေါ်လာသည်။ မိတ်ဆွေတစ်ယောက်မှ မက်ဆေ့ချ်ပို့လာခြင်းဖြစ်၏။
ယဲ့ရှောင်ချန်း စိတ်ထဲတွင် တွေးလိုက်သည်။ လနတ်သမီးပဲ ဖြစ်ရမည်။
အင်မော်တယ် မုန်လာဥများက စတိုးဆိုင်မှ ရောင်းမထွက်သေးသဖြင့် အခုလောလောဆယ် သူ့မှာ အင်မော်တယ်ယွမ် တစ်ပြားမှ မရှိသေးပါ။
၎င်းကလည်း စတိုးဆိုင်တွင် ရောင်းချခြင်း၏ အားနည်းချက်တစ်ခုဖြစ်သည်။ သူသည် ငွေကို ဘယ်တော့ရမလဲ မသိပါ။
"ယဲ့ရှောင်ချန်း ရှင့်အင်မော်တယ် မုန်လာဥတွေကို စတိုးဆိုင်မှာ ထည့်ရောင်းလိုက်တာလား။"
လနတ်သမီး၏ မက်ဆေ့ချ်ကြောင့် ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားရသည်။
သူက ဘယ်လိုလုပ်ပြီး သိတာလဲ။
ထို့နောက် သူတွေးလိုက်မိသည်။ လနတ်သမီးကလည်း အင်မော်တယ် တစ်ယောက်ဖြစ်သဖြင့် သူမ သိသွားတာ ဖြစ်နိုင်သည်။
"ဟုတ်ပါတယ်၊လနတ်သမီး ဒါပေမယ့် ကျွန်တော့်မှာ အင်မော်တယ် မုန်လာဥ တစ်သုတ် ကျန်နေပါသေးတယ်။"
ယဲ့ရှောင်ချန်းသည် လနတ်သမီးကို လှည့်ဖျား၍ မရမှန်းသိသဖြင့် အမှန်တိုင်းပြောလိုက်သည်။
"သြော်... တကယ်ပဲ ရှင်ကိုး။ ကောင်းတာပေါ့၊ ကျန်တာကို ကျွန်မကိုပေးပါ။"
လနတ်သမီးက ပြန်ပြောလိုက်သည်။
လနတ်သမီးက သူ့ကို အပြစ်မတင်ကြောင်း သိလိုက်ရသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကျန်ရှိနေသော အင်မော်တယ် မုန်လာဥ ၄၉လုံးကို လနတ်သမီးနှင့် ဖလှယ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူသည် အင်မော်တယ်ယွမ် ၉၈ ယွမ် ရရှိသွားပါသည်။
"ယဲ့ရှောင်ချန်း နောက်ကျရင် စတိုးဆိုင်မှာ တစ်ခုခု တင်မရောင်းခင် ကျွန်မကိုအသိပေးဖို့ သတိရပါ။"
လနတ်သမီးက နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့ခဲ့သည်။
"ကောင်းပါပြီ လနတ်သမီး။"
ယဲ့ရှောင်ချန်းသည် လနတ်သမီးက ဘာကိုဆိုလိုသည်ကို နားမလည်ပါ။
သူ ခဏလောက် စောင့်ကြည့်လိုက်သော်လည်း လနတ်သမီးက မည်သည့်မက်ဆေ့ချ်မှ ထပ်မပို့တော့ပေ။
တစ်ချိန်တည်းမှာပင် စနစ်အသံထွက်ပေါ်လာသည်။ "ဒင် ပစ္စည်းများ ရောင်းချခြင်း ပြီးဆုံးသွားပါပြီ။ ရောင်းရငွေကို သင့်အကောင့်ထဲ ပို့ဆောင်ပြီးပါပြီ။"
အစောကြီးပါလား။
ယဲ့ရှောင်ချန်းသည် အလွန်အံ့သြသွားပြီး စတိုးဆိုင်မှ ပေးပို့သော ကုန်ဖလှယ်မှု အသေးစိတ်အချက်အလက်များကို အမြန်စစ်ဆေးခဲ့သည်။
"ဝါး လနတ်သမီးက ငါ့အင်မော်တယ် မုန်လာဥတွေ အကုန် ဝယ်သွားတာဟ။"
ယဲ့ရှောင်ချန်းတစ်ယောက် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
ထို့ကြောင့် လနတ်သမီးက သူ့ကို ဘာမှမပြောခဲ့တာကိုး။
ယဲ့ရှောင်ချန်းသည် သူ့၏ ကိုယ်ပိုင်အချက်အလက်ကို ဖွင့်ကြည့်လိုက်သည်။
အမည် : ယဲ့ရှောင်ချန်း
အလုပ်အကိုင် : ရှန်းနုန် (အဆင့် ၁)
ပျိုးထောင်ခြင်း : မရှိ
ပါရမီ : စိတ်စွမ်းအား + ၁ ၊ ရိတ်သိမ်းခြင်း + ၁ ၊ အရည်အသွေး + ၁ ၊ အရှိန်မြှင့်ခြင်း + ၁ ၊ ကပ်ရောဂါ ခုခံမှု + ၁ ၊ အင်းဆက် ခုခံမှု + ၁၊ မျိုးကွဲခြင်း + ၁ ၊ ခွန်အား + ၁ ၊ အဆိပ်ပြီးသော ခန္ဓာကိုယ် + ၁
အင်မော်တယ်ယွမ် : အင်မော်တယ်ယွမ် ၂၈၃ ယွမ်၊ ဝိညာဥ်ယွမ် ၃၄ ယွမ်
အတွေ့အကြုံ : ၃ / ၁၀၀
"ဟာကွာ၊ အတွေ့အကြုံရမှတ်က ၃ မှတ်ပဲ ရှိသေးတယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် ခေါင်းခါလိုက်သည်။ အဆင့်မြှင့်တင်ဖို့ အတွေ့အကြုံရမှတ် ၉၇ မှတ် လိုအပ်နေသေးသည်ကို စဥ်းစားကြည့်လိုက်သောအခါ ရင်ထဲတွင် သက်ပြင်းသာချလိုက်မိတော့သည်။ အများကြီး လိုနေပါသေးသည်။
သူ အတွေ့အကြုံအမှတ် ၂ မှတ်တည်း ရသည်ကိုတော့ မအံ့သြပေ။ ယခင်တစ်ခေါက်က ၁ မှတ်တည်း ရခဲ့သည် မဟုတ်ပါလား။
အတွေ့အကြုံတန်ဖိုးများ၏ မူလရင်းမြစ်အကြောင်းကိုတော့ ယဲ့ရှောင်ချန်းတစ်ယောက် ဘာမှ မသိသေးပါ။
အဝါရောင်အတန်းအစား ပထမအဆင့် အပင်များကို ရိတ်သိမ်းပါက အတွေ့အကြုံအမှတ် အနည်းငယ်ရနိုင်သည်။
နောက်တစ်ခေါက် ကောက်ရိတ်သိမ်းချိန်တွင် တိုးတက်မှုရှိပါက သူသည် အတွေ့အကြုံရမှတ်များ ပိုရနိုင်သည်။
ဒီတစ်ခေါက် သူ့တွင် အင်မော်တယ် မျဥ်း နှစ်ခုရှိခဲ့သည်။ ဤသည်မှာ တိုးတက်သည့်သဘောဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံ အမှတ် ၁ မှတ်ပိုရခဲ့ခြင်း ဖြစ်ပါသည်။
အခြား အင်မော်တယ် အပင် အဆင့်များတွင် မတူညီသော အတွေ့အကြုံတန်ဖိုး တွက်ချက်ခြင်း နည်းလမ်းများ ရှိကြပါသည်။
ရှန်းနုန်စနစ်က မတူညီသော အင်မော်တယ် အပင်မျာကို စိုက်ပျိုးဖို့ လိုအပ်သည်ကိုတော့ သတိပြုရမည်။ ပထမဆုံးအကြိမ် စိုက်ပျိုးသည့် အပင်မဟုတ်ပါက အတွေ့အကြုံအမှတ် ရမည်မဟုတ်ပါ။
အင်မော်တယ် မုန်လာဥများလိုဖြစ်သည်။ အနည်းဆုံး အလုံး ၅၀ လိုအပ်သည်။
၅၀ အောက်လျော့နည်းနေပါက အတွေ့အကြုံအမှတ် တစ်မှတ်မှ ရမည်မဟုတ်ပါ။
အဝါရောင် အင်မော်တယ် ပဲပင်များကတော့ ၁၀ ပင်လိုအပ်သည်။
ယခင်က သူသည် အဝါရောင် အင်မော်တယ်ပဲပင် ၄ ပင်ကို စိုက်ပျိုးခဲ့သည်။ ထို့နောက် တစ်ပင်ကို နှုတ်ပြစ်ခဲ့ရ၏။ ရိတ်သိမ်းပြီးသောအခါ သူ အတွေ့အကြုံရမှတ် ရနိုင်ပါသေးသည်။ သို့သော် နောက်တစ်ကြိမ်ကျရင်တော့ နည်းသွားခြင်း သို့မဟုတ် လုံးဝမရခြင်း ဖြစ်နိုင်သည်။
"နောက်ထပ် ပိုက်ဆံသုံးဖို့ အချိန်ကျပြီ။"
ယဲ့ရှောင်ချန်း အတွေ့အကြုံရမှတ် အကြောင်း ဆက်မစဥ်းစားတော့ဘဲ ရင်ထဲတွင် စတင် ချင့်ချိန်စဥ်းစားလေသည်။
အင်မော်တယ် မြေကွက်၊ အင်မော်တယ် စမ်းရေ၊ အင်မော်တယ် မြေသြဇာ၊ အင်မော်တယ် မျိုးစေ့တွေ။
ထိုလေးမျိုးက အရေးပေါ် လိုအပ်ပေသည်။
အင်မော်တယ်မြေသြဇာကို သူ စတိုးဆိုင်ထဲတွင် သေချာရှာကြည့်လိုက်သောအခါ အလွန် စျေးကြီးပါသည်။
အဆင့်နိမ့် အင်မော်တယ် မြေသြဇာ၏ အဓိက အာနိသင်က မြေဆီလွှာကို ပိုကောင်းစေပြီး အင်မော်တယ် အပင်များကို အာဟာရပိုမိုစုပ်ယူစေနိုင်ခြင်းဖြစ်သည်။ ထိုအခါမှ အထွက်နှုန်းနှင့် အပင်ဖွံ့ဖြိုးနှုန်းပါ တိုးမြင့်လာမည်ဖြစ်သည်။
ယဲ့ရှောင်ချန်း၏ အရှိန်မြှင့်ခြင်း + ၁ ပါရမီနှင့် ဆင်တူပါသည်။
အမှန်ပင် အာနိသင်ကတော့ အရှိန်မြှင့်ခြင်း ပါရမီနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။
ထို့အပြင် အင်မော်တယ် မြေသြဇာတွင် အကန့်အသတ်များစွာ ရှိသည်။ ထို့ကြောင့် အဆင့်မြင့် အင်မော်တယ် မြေသြဇာများကပင် အာနိသင် အနည်းငယ်သာရှိလိမ့်မည်။
အင်မော်တယ် မြေသြဇာများက အင်မော်တယ် အပင်၏ အရသာ၊ အာဟာရ၊ အင်မော်တယ် မျဥ်းနှင့် အထွက်နှုန်းတို့ကို တိုးမြင့်စေသည်၊ သို့သော် အရည်အသွေးကိုတော့ ထိခိုက်စေ၏။
ဘာပဲဖြစ်ဖြစ် မြေသြဇာက အရှိန်တိုးမြှင့်ဖို့အတွက်သာဖြစ်သည်။
ယခင်ကတော့ ရှောင်ချန်း သူ့ရဲ့ အရှိန်မြှင့်ခြင်းပါရမီကလည်း တူညီတဲ့ ပြဿနာ ရှိနိုင်မလားဟု စိတ်ပူမိခဲ့သော်လည်း သေသေချာချာ လေ့လာကြည့်ပြီးသောအခါ သူ့ရဲ့ အရှိန်မြှင့်ခြင်းပါရမီက လုံးဝ အန္တရာယ် မရှိမှန်း သိလိုက်ရပါသည်။
ဒါက သူသည် ရှန်းနုန်တစ်ယောက် ဖြစ်သောကြောင့် ဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းလိုက်သည်။
ဒီအကြောင်းပြချက်ကြောင့်သာ မဟုတ်လျှင် ရှန်းနုန်နှင့် သာမန်အင်မော်တယ်တို့အကြား ကွာခြားချက်က ဘာဖြစ်နိုင်မှာလဲ။
ယဲ့ရှောင်ချန်း ထပ်မံ ချင့်ချိန်ကြည့်လိုက်ပြန်သည်။ နောက်ဆုံးတော့ အင်မော်တယ် မြေသြဇာကို မဝယ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ယဲ့ရှောင်ချန်းသည် အင်မော်တယ်မုန်လာဥအရွက်များမှ မြေသြဇာများ ပြုလုပ်ထားပြီး ၎င်းတို့ကို အသုံးပြုနိုင်သည်။
သဘာဝမြေသြဇာလုပ်နည်းဖြင့် အင်မော်တယ်မြေသြဇာအဖြစ် ပြုလုပ်ထားခဲ့သည်။ ထိုမြေသြဇာကို အသုံးပြုခြင်းက အာနိသင်တစ်ခုခုတော့ ရှိလောက်ပါမည်။
ချွေတာသင့်သည့်နေရာတွင် ချွေတာရမည်။
အင်မော်တယ်စမ်းရေကတော့ သေချာပေါက် ဝယ်ရမည့်အရာဖြစ်သည်။
အင်မော်တယ် စမ်းရေ မရှိပါက စိုက်ပျိုးရေး အရည်အသွေးကို အလွယ်တကူ လျော့ကျသွားနိုင်သည်။
အထူးသဖြင့် သိမ်းပိုက်ခြင်း ဝိသေသနလက္ခဏာ ရှိသည့် အင်မော်တယ် အပင်များက အင်မော်တယ် စမ်းရေကို လိုအပ်သည်။
အင်မော်တယ် မြေကွက်ကိုလည်း တိုးမြှင့်ရမည်။
အင်မော်တယ် မျိုးစေ့များ ဝယ်ဖို့ကိုလည်း ချန်ထားလို့မရပေ။
ထပ်ခါထပ်ခါ စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းသည် ဆုံးဖြတ်ချက် ချလိုက်ပါသည်။
အင်မော်တယ် မြေတစ်ကွက်၊ အင်မော်တယ် စမ်းရေ၊ အင်မော်တယ်မုန်လာဥ တစ်အိတ်၊ အင်မော်တယ် မုန်လာဥလုံး တစ်အိတ်နှင့် အဝါရောင် အင်မော်တယ် ပဲစေ့ ၃၃ စေ့။
အဖြူရောင် မုန်လာဥလုံးသဏ္ဌာန် အင်မော်တယ် မုန်လာဥများက အရည်အသွေးကော စျေးနှုန်းကော အတူတူပဲဖြစ်သည်။
အင်မော်တယ် စမ်းရေထည့်ဖို့အတွက် အထူးရေဖြန်းဗူးတစ်ဗူးကိုလည်း စတိုးမှ ဝယ်ခဲ့ပါသေးသည်။