အရသာရှိသော
Vol. 4 Ch. 54
အခန်း(၅၄) - အရသာရှိသော
ရေဖျန်းဘူးကို ပုံးတစ်ဝက်နီးပါးအထိ ဖြည့်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အင်မော်တယ် စမ်းရေ ထွက်ပေါက်ကို ပိတ်လိုက်သည်။
အထူးရေဖျန်းဘူးကို ကျောတွင်သယ်ကာ အင်မော်တယ် မြေရှိရာဘက်သို့ သွားခဲ့၏။
သူ အင်မော်တယ်မြေကို ရောက်သောအခါ ရေဖျန်းဘူးခေါင်းထိပ်ရှိ ခလုတ်ကို နှိပ်လိုက်သည်။
ရုတ်တရက် အင်မော်တယ်မြေနှင့် ရေ ထိသောအခါ ပါးလွှာသော မြူများ ထွက်ပေါ်လာကြသည်။
ချက်ချင်းဆိုသလို ဖန်လုံအိမ်တစ်ခုလုံးအား ဝေဝါးသော မြူများက ဖုံးလွှမ်းသွားလေသည်။
အင်မော်တယ်မြေသို့ လျှောက်ဝင်လာသောအခါ ယဲ့ရှောင်ချန်းက ဖန်လုံအိမ်တစ်ခုလုံး အေးမြပြီး လန်းဆန်းလာသလို ခံစားလိုက်ရသည်။ လေထဲတွင် စကားလုံးများဖြင့် ရှင်းပြ၍ မရနိုင်လောက်သော ရေနွေးငွေ့များ ပါနေသည်။ အသက်ရှူရတာလည်း ပိုမိုကောင်းလာသည်။
စမ်းရေအများစုကို အင်မော်တယ်မြေက စုပ်ယူသွားသော်လည်း ရေမြူခိုးများနှင့် ရောနှောပြီး ဖန်လုံအိမ်ထဲမှ လေများနှင့် ပေါင်းစပ်နေသော အင်မော်တယ်ချီ တချို့ရှိနေသေးသည်။
ယဲ့ရှောင်ချန်းက လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ အင်မော်တယ်ချီ ပမာဏအနည်းငယ်ကို စုပ်ယူနိုင်မှန်း သိသည်။ လူသားတစ်ယောက် ခန္ဓာကိုယ်၏ အကန့်အသတ်ပမာဏကို မကျော်လွန်သေးသ၍ အန္တရာယ်မရှိဘဲ ခန္ဓာကိုယ်အတွက် အကျိုးရှိမှန်း သူသိသည်။
အရက်သောက်သလိုပင်။ အသင့်အတင့် သောက်သုံးပါက ခန္ဓာကိုယ်အတွက် ဆေးဖြစ်ဝါးဖြစ် အကျိုးပြုနိုင်သည်။
အလွန်အကြူးသောက်သုံးပါက ခန္ဓာကိုယ်ကို ထိခိုက်စေသည်။
အင်မော်တယ်ချီ ပမာဏအနည်းငယ်သာ ထုတ်လွှတ်နေသော ဒီလိုနေရာမျိုးတွင် လူ့ခန္ဓာကိုယ်က ပိုမို သက်သောင့်သက်သာဖြစ်လာနိုင်သည်။
အချိန်အကြာကြီး အသက်ရှူခြင်းက လူ့ခန္ဓာကိုယ်အား ကျန်းမာသန်စွမ်းစေသည်။ သက်တမ်းကို မဆိုဦးနှင့် ထာဝရရှင်သန်ခြင်းပင်လျှင် ဖြစ်နိုင်သည်။
"သာမန်အပင်တွေကော အင်မော်တယ်ချီကို စုပ်ယူနိုင်မလားမသိဘူး"
ယဲ့ရှောင်ချန်း ရင်ထဲတွင် တွေးကြည့်လိုက်မိသည်။
သူ သာမန်ဖန်လုံအိမ် ဟင်းသီးဟင်းရွက်များမှ အင်မော်တယ်ချီကို ထုတ်ယူရန် စမ်းသပ်ကြည့်ခဲ့ပြီးပြီ ဖြစ်သည်။
ထိုဟင်းသီးဟင်းရွက်များ၏ အရသာ၊ အရည်အသွေး၊ အထွက်နှုန်းနှင့် ဖွံ့ဖြိုးနှုန်းတို့က တိုးတက်သွားသည်။ ယဲ့ရှောင်ချန်း၏ ပါရမီနဲ့ သက်ဆိုင်နေသည်ဟု ဆိုသော်လည်း အင်မော်တယ်မြေ၏ ကဏ္ဍကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပေ။
မည်သည့်နည်းနှင့်မဆို အင်မော်တယ်မြေမှ လွတ်ထွက်လာသော အင်မော်တယ်ချီ ပမာဏအနည်းငယ်ကို အနီးအနားရှိ သာမန်ဟင်းသီး ဟင်းရွက်များက စုပ်ယူနိုင်ခြေလည်း ရှိနေသည်။
သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်သွားစေ၏။
ဖန်လုံအိမ် ဟင်းသီးဟင်းရွက်များတွင် အင်မော်တယ်ချီ အစအန မတွေ့ရပါ။
ဧကန္တ အင်မော်တယ်ချီက နည်းပါးလွန်းသဖြင့် ထုတ်ယူခြင်းနည်းလမ်းကပင် အလုပ်မဖြစ်တာ ဖြစ်နိုင်သည်။
သာမန်ဟင်းသီးဟင်းရွက်များကို အင်မော်တယ် စမ်းရေဖြင့် လောင်းပါက အာနိသင် ပိုကောင်းလာမလားဟု ယဲ့ရှောင်ချန်း စဥ်းစားလိုက်သည်။
သူ သာမန်ဟင်းသီးဟင်းရွက်များကို အင်မော်တယ်မြေပေါ်တွင် စိုက်ပျိုးကြည့်ဖို့ကိုလည်း စဥ်းစားဖူးသည်။ သို့သော် အင်မော်တယ်မြေ၏ အရည်အသွေးကြောင့် သာမန်ဟင်းသီးဟင်းရွက်များ လုံးဝမရှင်သန်နိုင်ပါ။
အပင်များကို ကျောက်တုံးပေါ်တွင် စိုက်၍မရသည်နှင့် ဆင်တူနေသည်။
အင်မော်တယ်မြေသည် သာမန်ဟင်းသီးဟင်းရွက်များအတွက် ကျောက်တုံးများနှင့် ဆင်တူသည်။ ထို့ကြောင့် သံမဏိထက် ပိုမာနေသော မြေပေါ်တွင် အပင်များကို မည်ကဲ့သို့ စိုက်ပျိုးနိုင်မည်နည်း။
ထိုကဲ့သို့ အတွေးမျိုးကြောင့် ယဲ့ရှောင်ချန်း မထိန်းနိုင်တော့ပါ။
အင်မော်တယ် အပင်များအားလုံးကို အင်မော်တယ် စမ်းရေ လောင်းပြီးသွားသောအခါ သူ့တွင် ရေအနည်းငယ် ကျန်နေသေးသဖြင့် မုန်လာဥအပင်ပေါက် အနည်းငယ်ကို လောင်းကြည့်လိုက််သည်။
ဤမုန်လာဥအပင်ပေါက်များက အပင်ပေါက်မြန်သော ဟင်းသီးဟင်းရွက် ဖြစ်ပြီး ဖွံ့ဖြိုးချိန်လည်း မြန်သည်။ ထို့ကြောင့် စမ်းသပ်မှုအား အတည်ပြုရန် အသုံးပြုနိုင်ပါသည်။
နောက်တစ်နေ့မနက်တွင် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံကို ပြန်လာကြည့်သည်။
အင်မော်တယ်စမ်းရေဖြင့် လောင်းထားသော ထိုမုန်လာဥအပင်ပေါက်အနည်းငယ်ထံသို့ သူရောက်လာသောအခါ သူ အံ့အားသင့်သွားရသည်။ ထိုမုန်လာဥအပင်ပေါက်များက အခြားအပင်များထက် သိသိသာသာ ပိုမို ကောင်းမွန်နေသည်ကို မြင်လိုက်ရသည်။
အခြားမုန်လာဥအပင်ပေါက်များက ရိတ်သိမ်းရန် အနည်းဆုံး ၄ ရက် ၅ ရက်ခန့် ကြာဦးမည် ဖြစ်သော်လည်း ထိုမုန်လာဥများကတော့ စားသောက်ရန်ပင် အသင့်ဖြစ်နေပြီဖြစ်သည်။
ထို့အပြင် ထိုမုန်လာဥအပင်ပေါက်များက စိမ်းစိုပြီး ပိုမိုတောက်ပလျက်ရှိသည်။ မနက်ခင်း နေရောင်ခြည်တွင် ရောင်ခြည်စက်ဝန်းများ ထုတ်လွှတ်လျက်ရှိသည်။
"ဘုရားရေ ဒီရေက တကယ်ကြီး အလုပ်ဖြစ်နေတာလားဟ"
ယဲ့ရှောင်ချန်းတစ်ယောက် မုန်လာဥအပင်ပေါက်များ၏ ပြောင်းလဲမှုမှာ အင်မော်တယ် စမ်းရေများနှင့် သက်ဆိုင်မည်ဟု ကောက်ချက်ချနိုင်လုနီးပါး ဖြစ်နေလေပြီ။
"ဒီမုန်လာဥအရသာ ဘယ်လိုရှိမလဲ မသိဘူး"
ယဲ့ရှောင်ချန်းက အလွန်သိချင်နေ၏။
ရိုးရိုးသားသားပြောရလျှင် ထိုအင်မော်တယ် မုန်လာဥများကို သူ မစားနိုင်သဖြင့် စိတ်မကောင်း ဖြစ်မိသည်။ ထိုဟင်းသီးဟင်းရွက်များကို နတ်ဘုရားများက စားသုံးသဖြင့် သေချာပေါက် အရသာရှိလောက်သည်။
ယခု ထိုမုန်လာဥအပင်ပေါက်များက အင်မော်တယ်ချီကို သေချာပေါက် စုပ်ယူထားပြီး အလွန်ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားပြီဖြစ်သည်။ ၎င်းတို့က အင်မော်တယ် အပင်အစစ်များ မဟုတ်သော်လည်း အင်မော်တယ် ဝိသေသလက္ခဏာများတော့ ရှိနေသေးသည်။
ချက်ချင်းဆိုသလို သူမုန်လာဥကြီးတစ်လုံးကို နုတ်လိုက်ပြီး အိမ်သို့ပြန်လာခဲ့သည်။
"လောလောဆယ်တော့ တန်းချက်လို့ မရသေးဘူး အရင်ဆုံး ချက်လို့ကောရရဲ့လား ဆိုတာ စစ်ဆေးကြည့်ရမယ်"
ယဲ့ရှောင်ချန်းက အလွန်သတိထားနေရသည်။
မုန်လာဥအပင်ပေါက်များထဲရှိ အင်မော်တယ်ချီများက အလွန်မြင့်မားနေမည်ကို သူစိုးရိမ်သည်။
အစာရှာနေသော ကြက်တစ်အုပ်ကို ရုတ်တရက် မြင်ကာ သူ့အတွေးများ ပြောင်းလဲသွားပြီး သူတို့၏ အာရုံစိုက်မှုကို အရယူလျက် မုန်လာဥအပင်ပေါက် အပိုင်းအစ သေးသေးလေးများကို ကြက်များထံသို့ အလျင်အမြန် ပစ်ပေးလိုက်သည်။
ကြက်များ သေ မသေ ဂရုမစိုက်ပေ။ လူကိုအဆိပ်သင့်စေသည်ထက်တော့ ပိုကောင်းသေးသည်။
ကြက်တစ်အုပ်က တစ်ကောင်နှင့် တစ်ကောင် ခွပ်ကြပြီး အစာဆီ ရောက်လာကြသည်။
"စားလိုက်ကြပြီ"
ယဲ့ရှောင်ချန်းက ထိုမုန်လာဥကို စားရဖို့ မျှော်လင့်နေသည်။
ယခင်ကလည်း သူဒီလိုမျိုးစမ်းသပ်ချက် လုပ်ခဲ့ဖူးသည်။ သူအင်မော်တယ်မုန်လာဥ အပိုင်းအစငယ်များကို ကြက်များထံသို့ ပစ်ပေးဖူးသည်။ သို့သော် ကြက်များက ကြည့်ပင်မကြည့်ကြ။
ကြည့်ရတာ ကြက်များကလည်း ခွေးနှစ်ကောင်ကဲ့သို့ အင်မော်တယ်ချီကို နိုးနိုးကြားကြား သိမြင်နေလောက်သည်။
မကြာမီ၌ မုန်လာဥအပိုင်းအစငယ်များကို ကြက်များ စားလိုက်သည်။
သူတို့စားသောက်ပြီးနောက် ယဲ့ရှောင်ချန်း လက်ထဲမှ ကြီးမားသော မုန်လာဥအပင်ပေါက်ကို စိုက်ကြည့်နေကြသည်။
"ဘုရားရေ..."
ယဲ့ရှောင်ချန်းက ကြက်များ၏ အကြံဆိုးကို ကြိုမြင်သဖြင့် အိမ်ကို အမြန် သုတ်ခြေတင် ပြေးလာသည်။
ကြက်များအားလုံးကလည်း သူ့နောက်သို့ အပြုံလိုက် ပြေးလိုက်လာကြ၏။
ဒုန်း…
ယဲ့ရှောင်ချန်းက အိမ်တံခါးကို အချိန်မီ ပိတ်လိုက်နိုင်ပြီး ကြက်များကလည်း ရပ်တန့်သွားကြ၏။ ထို့နောက် ၎င်းတို့သည် အစာရှာရန် ပြန်ထွက်သွားတော့သည်။
ယဲ့ရှောင်ချန်းက သူတို့ကိုအကြာကြီး စောင့်ကြည့်ခဲ့၏။ ကြက်များတွင် ထူးခြားမှု တစ်စုံတစ်ခုပင် မရှိကြောင်း မြင်လိုက်ရသောအခါ ချက်ချင်းစိတ်အေးသွားသည်။ ပြဿနာ မရှိလောက်ဟု ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလို မီးဖိုချောင်ထဲဝင်သွားပြီး သူ့အမေကို မနက်စာလုပ်ခိုင်းလိုက်သည်။
ကျေးရွာများတွင် တစ်ရက်ကို သုံးနပ်စားရန်က အလွန်အရေးကြီးသည်။ ထို့ကြောင့် မနက်စာကလည်း အလွန်အရေးကြီးသည်။ မနက်စာ အသင့်ဖြစ်နေပြီဖြစ်သည်။
တစ်အိမ်လုံးကို သင်းပျံ့သော ရနံ့တစ်ခုက ပျံ့နှံ့သွားခဲ့၏။
"အမလေး၊ ဒီနေ့ ဘယ်လို အရသာရှိတဲ့ဟင်းမျိုး ချက်ထားတာလဲကွ"
အဖေဖြစ်သူလည်း အပြင်မှပြန်လာပြီး ရနံ့ကိုရသွားသည်။
ယဲ့ရှောင်ချန်းသည် စားပွဲတွင်ထိုင်ဖို့ မစောင့်နိုင်တော့ပေ။ တူများဖြင့် မုန်လာဥအပင်ပေါက်များကို အပြည့်ညှပ်ယူလိုက်သည်။ ချက်ပြုတ်ထားသော်လည်း အစိမ်းရောင်ကတော့ ကျမသွားသေးပေ။
သူပါးစပ်ထဲ ထည့်လိုက်ပြီး နူးနူးညံ့ညံ့ဝါးလိုက်သည်။ လတ်ဆတ်ပြီး ကြွပ်သည်။ ရနံ့လည်း ပြည့်ဝနေကာ မဖော်ပြနိုင်လောက်သော ခံစားချက်တစ်ခုလည်း အာရုံထဲ ဝင်ရောက်လာ၏။ နတ်ပြည်ရောက်သွားသလိုပင်။
"ဒါ မုန်လာဥအပင်တွေထဲက ချီအရသာ ဖြစ်နိုင်တယ်"
ယဲ့ရှောင်ချန်း၏ အာရုံငါးပါးမှာ အလွန်ထက်မြက်နေသည်။ အရသာအာရုံတွင် ချက်ချင်းဆိုသလို ပြောင်းလဲမှုကို သိရှိသွားသည်။
သူ့ရှန်းနုန်စနစ်နှင့် ဆိုလျှင် လယ်သမားတစ်ယောက် မဖြစ်နိုင်ပင်လျှင် ထိပ်တန်း အစားအသောက် ရွေးချယ်သူ တစ်ယောက်ဖြစ်လာလည်း မဆိုးလှချေ။
"ဒီမုန်လာဥတွေက တကယ်အရသာရှိတာပဲ ဒီနေ့ကျမှ ဘာလို့ဒီလိုဖြစ်နေတာပါလိမ့်"
မနက်ခင်း အလုပ်ပြီးသောအခါ အဖေက အလွန်ဗိုက်ဆာနေပြီဖြစ်သည်။ အရသာရှိလောက်မည့် ရနံ့ကို ရသောအခါ သူစားသောက်ရန် တန်းထိုင်ချခဲ့သည်။
အမေက အနည်းငယ်ထူးဆန်းနေသလို ခံစားမိ၏။ ပုံမှန် မုန်လာဥပဲမဟုတ်ဘူးလား။ အရသာရှိတယ် ဆိုပေမဲ့ အရမ်းအရသာရှိတယ်လို့ ပြောစရာမလိုပါဘူး။
သူမ မြည်းကြည့်လိုက်သောအခါ မျက်လုံးများ ချက်ချင်းကျယ်သွားသည်။
အလွန်အရသာရှိပြီး အလွန်ကောင်းမွန်လှပါသည်။
ထိုကဲ့သို့ အရသာရှိသောမုန်လာဥမျိုးကို သူတစ်ခါမှ မစားဖူးပေ။
အလွန်ကောင်းမွန်သော အထူးဟင်းလျာ တစ်ပွဲဖြစ်သွားသည်။
သူမ သိချင်လာ၏။ သူမ၏ ဟင်းချက်စွမ်းရည် တိုးတက်လာပြန်ပြီလား။
မဟုတ်လောက်ဘူး။ အရင်လိုပါပဲ။
ရုတ်တရက်ဆိုသလို မိသားစုသုံးယောက်၏ တူသုံးစုံက မုန်လာဥအပင်ပေါက် ပန်းကန်ပြားပေါ်တွင် တိုက်ပွဲဆင်နွှဲကြရတော့သည်။ သူတို့သည် အခြားဟင်းသီးဟင်းရွက်များကို ထိပင်မထိပါ။
အခြားဟင်းသီးဟင်းရွက် အမယ်များကလည်း စိုက်ပျိုးရေးခြံမှဖြစ်ပြီး အရသာလည်း ကောင်းမွန်လှသည်။
သို့သော်လည်း အင်မော်တယ်စမ်းရေ လောင်းထားသည့် မုန်လာဥနှင့်တော့ မယှဥ်နိုင်ပေ။
မုန်လာဥအပင်ပေါက် တစ်ပန်းကန်လုံး စားသောက်ပြီးသွားကြသောအခါ မိသားစုဝင် သုံးယောက်စလုံး အရသာတွင် နစ်မြောသွားကြလေသည်။
ရုတ်တရက် အဖေက ကျန်ဟင်းရည်များကို သူ့ပန်းကန်လုံးထဲ အကုန်လောင်းထည့်လိုက်၏။
"ဘာလို့ အဲလိုလုပ်တာလဲ အဘိုးကြီး"
အမေက အဖေကို အော်လိုက်သည်။
အဖေက ကြားပုံပင်မပေါ်။ မျက်လုံးစောင်းကာ ပျော်ပျော်ကြီး စားသောက်နေသည်။
၎င်းကို မြင်သောအခါ ယဲ့ရှောင်ချန်း မျက်လုံးများ အရောင်တောက်လာ၏။
သူ့အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များအပေါ် ယုံကြည်ချက် ပိုပြည့်ဝလာပြီ ဖြစ်ပါသည်။
ဤကဲ့သို့ ဟင်းသီးဟင်းရွက်မျိုးက အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များနှင့် ယှဉ်၍မရချေ။ အကြောင်းမှာ သည်ထက်ပိုကောင်းနိုင်သော အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်ဆိုတာ မရှိနိုင်တော့သောကြောင့် ဖြစ်သည်။