ငရုတ်ဆော့စ်
Vol. 4 Ch. 56
အခန်း(၅၆) - ငရုတ်ဆော့စ်
အိမ်ပြန်ရောက်တော့ ယဲ့ရှောင်ချန်းသည် သူ့အမေက ငရုတ်သီးများ လှန်းနေတာကို မြင်လိုက်ရသည်။
အနီရောင် ငရုတ်သီးတောင့်များသည် တောက်တောက်ပပ၊ ကြီးကြီးမားမား၊ လတ်လတ်ဆတ်ဆတ်နှင့် လှလည်းလှပသည်။
ထိုငရုတ်သီးများသည် သူ့ခြံထွက်ဖြစ်ပါသည်။
ထိုငရုတ်သီးများသည် သာမန်ငရုတ်သီးများထက် ပိုချိုပြီး စပ်သော အရသာချည်း သက်သက် မရတော့ပါ။
ဒုတ် ဒုတ် ဒုတ်...
အမေဖြစ်သူက လက်ကို အထက်အောက် လှုပ်ရင်း မီးဖိုချောင်ဓားနှစ်ချောင်းကလည်း ကာရန်ညီစွာ အထက်အောက် လှုပ်ရှားနေပြီး ငရုတ်သီးများကလည်း တဖြည်းဖြည်းဖြင့် အစိတ်အပိုင်း သေးသေးလေးများ ဖြစ်သွားကြသည်။
ယဲ့ရှောင်ချန်းသည် သူ့အမေက ငရုတ်သီးဆော့စ် ပြုလုပ်နေမှန်း သိလိုက်သည်။
ဒါက အဓိက ဒေသဆိုင်ရာ ထူးခြားချက် တစ်ခု ဖြစ်သည်။ အိမ်တိုင်းတွင် ဒီလိုငရုတ်ဆော့စ်မျိုး လုပ်ထားတတ်ကြသည်။
စားရတာ ပူပူစပ်စပ်နှင့် ချိုကာ အရသာရှိသည်။ ဒီအတိုင်း ထမင်းနှင့် တွဲဖက်စားသုံးလို့ရသလို ဟင်းပွဲတစ်ခုထဲ ပါဝင်ပစ္စည်း အဖြစ်လည်း ထည့်ချက်နိုင်သည်။ ပဲဒလက်များကိုလည်း ငရုတ်ဆော့စ်ထဲ ထည့်နိုင်ပါသည်။
ငရုတ်ဆော့စ်က နေရောင်နှင့် ထိတွေ့ဖို့လိုအပ်သဖြင့် နွေရာသီတွင် အလုပ်များကြသည်။
နှစ်တိုင်း အမေဖြစ်သူက ပုလင်းကြီးကြီး တစ်ပုလင်းစာ လုပ်လေ့ရှိသည်။
ယဲ့ရှောင်ချန်း ကလေးဘဝက အစားစားတိုင်း ငရုတ်ဆော့စ်ပါမှ စားလေ့ရှိသည်။
ဒီနှစ် နွေရာသီ ရာသီဥတုက သိပ်မကောင်းဘူး။ အပူချိန်က မြင့်မားသော်လည်း မိုးသည်းလွန်းနေသည်။ ထို့ကြောင့် ငရုတ်ဆော့စ်အား ပြုလုပ်ဖို့ ပုံမှန်ထက် အနည်းငယ် အချိန်နောက်ဆုတ်လိုက်ရသည်။
"ဒါနဲ့ အင်မော်တယ်စမ်းရေနဲ့ လောင်းထားတဲ့ ငရုတ်သီးတွေကို ငရုတ်ဆော့စ် လုပ်လိုက်မယ်ဆိုရင် အရသာ ပိုကောင်းသွားမလား မသိဘူး။"
ယဲ့ရှောင်ချန်းသည် ရုတ်တရက် အကြံပေါ်လာသည်။
တချို့ဟင်းသီးဟင်းရွက်များကို အင်မော်တယ်စမ်းရေဖြင့် လောင်းထားသောကြောင့် အဆိုပါ ဟင်းသီးဟင်းရွက်များကို ရောင်းချခြင်းမပြုပါ။
အင်မော်တယ်စမ်းရေဖြင့် လောင်းထားသည့် ဟင်းသီးဟင်းရွက်များ ဖြစ်သဖြင့် စျေးပေါပေါဖြင့် ဘယ်လိုလုပ်ပြီး ရောင်းချနိုင်မည်နည်း။
သို့သော်လည်း အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များသည် အလွန်များပြားသည်။ ထို့အပြင် သူ့မိသားစုကလည်း အကုန်မစားနိုင်သဖြင့် သူ့အိမ်နီးချင်းများနှင့် သူငယ်ချင်းများကို ပေးခဲ့သေးသည်။ ဝမ်ရွှေရှန့်၏ ဗီလာကို သွားတုန်းကလည်း အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များကို ပေးခဲ့ပါသေးသည်။
ထို့နောက် စိုက်ပျိုးရေးခြံသို့ အမြန်သွားပြီး အင်မော်တယ်စမ်းရေ ငရုတ်သီးများကို ခူးဆွတ်လိုက်သည်။
အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များဟု ခေါ်ဆိုရခြင်းမှာ အင်မော်တယ်စမ်းရေဖြင့် လောင်းထားသည့် ဟင်းသီးဟင်းရွက်များဖြစ်သောကြောင့် သူပေးခဲ့တဲ့ နာမည်ပါ။ တခြားဟင်းသီးဟင်းရွက်များနှင့် ခြားနားပါသည်။
သိပ်မကြာမီ ယဲ့ရှောင်ချန်းသည် အင်မော်တယ်စမ်းရေ ငရုတ်သီးများ ခြင်းကြီးတစ်ခြင်း အပြည့် ခူးဆွတ်လိုက်သည်။
"အဲ့လောက် ငရုတ်သီးတွေ အများကြီးနဲ့ နင်ဘာလုပ်မလို့တုန်း။"
သူ့အမေက အူကြောင်ကြောင် ဖြစ်သွားသည်။
"အမေ ကျွန်တော့်ကို တဆေး နည်းနည်းလောက် ပေးပါလား။"
ယဲ့ရှောင်ချန်းက တောင်းလိုက်သည်။
ဆော့စ်၏ အဓိက ပါဝင်ပစ္စည်းများက ဂျုံ၊ ဆန်စေး၊ ဆားအနည်းငယ်ဖြစ်ပြီး ဂျုံအား ချက်ပြုတ်ပြီး အချဥ်ဖောက်ရသည်။ ထို့နောက် တစ်ပတ်ကျော်ကြာ နေလှမ်းကာ တဆေး ဖြစ်အောင် လုပ်ရသည်။
"ဘာလုပ်မလို့လဲ။"
ယဲ့ရှောင်ချန်း၏ အမေက မေးလိုက်သည်။
"ငရုတ်ဆော့စ် လုပ်မလို့ပါ။”
ယဲ့ရှောင်ချန်းက ပြန်ဖြေလိုက်သည်။
"နင့်အမေငါလုပ်နေတယ်လေ၊ နင် ဘေးဖယ်နေပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။"
သူ့အမေက ဆူလိုက်၏။
"မသိဘူးဗျာ၊ ကျွန်တော်လည်း နည်းနည်းလောက် ယူမယ်။"
ယဲ့ရှောင်ချန်းဟာ လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ မဟုတ်ပါ။
ယဲ့ရှောင်ချန်းသည် ပုလင်းအသန့်တစ်လုံး ယူလိုက်ပြီး သူ့အမေ၏ ပုလင်းထဲမှ တဆေးအချို့ကို ယူလိုက်သည်။
သူ့အမေမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"နည်းနည်းပဲ ရှိတာနော်၊ မဖြုန်းတီးနဲ့။"
ယဲ့ရှောင်ချန်း၏ အမေသည် မတတ်နိုင်တော့ဘဲ ယဲ့ရှောင်ချန်းတစ်ယောက် ပေါက်ကရ လုပ်သည်ကို ခွင့်သာပြုနိုင်တော့သည်။
တဆေးကို ယူပြီးနောက် လတ်လတ်ဆတ်ဆတ် ခူးထားသော ငရုတ်သီးများကို ရေဆေးလိုက်သည်။ ထို့နောက် သူ့အမေ လှီးဖြတ်သည့်အတိုင်း ငရုတ်သီးများကို လှီးဖြတ်လိုက်သည်။
ငရုတ်သီးကို လှီးဖြတ်ရသည်က လွယ်ကူသော အလုပ် မဟုတ်ပါ။ အနံ့ကလည်း ပြင်းသည်။ ဓားကို သေသေချာချာ ကိုင်ရပြီး လှီးဖြတ်ပြီးပါက ရေနွေးဆူဆူနဲ့ ပြုတ်ထားသလို ခံစားရသည်။
ငရုတ်သီးများကို လှီးဖြတ်ပြီးနောက် ယဲ့ရှောင်ချန်းသည် ဖန်ပုလင်းထဲ ထည့်လိုက်ပြီး တဆေးနှင့် ရောစပ်လိုက်သည်။
အနီရောက်တောက်တောက် ငရုတ်ဆော့စ်ကို ကြည့်ပြီး ယဲ့ရှောင်ချန်းတစ်ယောက် အလွန်ကျေနပ်သွားသည်။
"အမေ၊ ဒီငရုတ်ဆော့စ်ကို အမေ့ကို ကျွန်တော်ပေးမယ်။"
ယဲ့ရှောင်ချန်း၏ ရည်ရွယ်ချက်က ငရုတ်ဆော့စ်ကို အင်မော်တယ်စမ်းရေ ငရုတ်သီးဖြင့် လုပ်ရန်သာဖြစ်သည်။ ဒါက အရသာပိုရှိလောက်သည်။ ငရုတ်ဆော့စ် အလုံးစုံဖြစ်ဖို့ကတော့ အလွန်စိတ်ရှည်ဖို့ လိုအပ်သည်။ အချိန် ၂ ရက် ၃ရက်နှင့် ရမည် မဟုတ်ဘဲ ၁၀ ရက်မှ လဝက်လောက်ထိ ကြာနိုင်သည်။
သူ့အမေ့ကိုသာ ကိုင်တွယ်ခိုင်းလိုက်ပြီး သူက ဘာမှ စိတ်ပူစရာမလိုပါ။ ပြီးခါမှ နောက်ဆုံးရလဒ်ကို သူကြည့်နိုင်မည်ဖြစ်သည်။
သူ့အမေကတော့ ဆွံ့အနေခဲ့ပါသည်။
ယန်ရှစ်မြို့တော်၊ စိုက်ပျိုးရေးနည်းပညာမြှင့်တင်ရေးစခန်း။
ဖန်းယွမ်သည် စာရွက်စာတမ်းများကို ဖတ်ကာ အစီရင်ခံစာများကို ရေးသားနေသည်။
အခုတလော သူ အရမ်း အလုပ်များနေခဲ့သည်။
ရုတ်တရက်ဆိုသလို စားပွဲအံဆွဲထဲမှ သူ့ဖုန်းဟာ တုန်ခါလာသည်။
သူဖုန်းကို ယူကြည့်လိုက်သောအခါ သူ့ဦးလေး ဖုန်းခေါ်နေခြင်း ဖြစ်သည်ကိုမြင်ပြီး ချက်ချင်း ကိုင်လိုက်သည်။
"ဘာဖြစ်တယ်၊ ပန်းဂေါ်ဖီတွေရဲ့ ရလဒ်က တိုးတက်လာတယ် ဟုတ်လား၊ သေချာရဲ့လားဗျ။"
ဖန်းယွမ်သည် ထိတ်လန့်သွားပြီး စိတ်လှုပ်ရှားနေသော အသံဖြင့် မေးလိုက်သည်။
"ဟုတ်တယ်၊ ပန်းဂေါ်ဖီတွေက ပိုပြီး လန်းဆန်းလာတယ်၊ ရေဓာတ်ဆုံးရှုံးမှုလည်း ပိုပြီး နည်းပါးသွားတာ သေချာတယ်။"
ဖုန်းတစ်ဖက်မှ ဦးလေးအန်းက ပြောလိုက်သည်။
"ဦးလေးအန်း၊ ဒါ သုံးရက်မြောက်နေ့ ထင်တယ်နော်။"
ဖန်းယွမ်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး နှလုံးသားထဲတွင်လည်း ပြောမပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။
ဦးလေးအန်း ပြောတာသာ အမှန်ဆိုလျှင်... ယဲ့ရှောင်ချန်း၏ နည်းလမ်းက တကယ်ပဲ ထိရောက်မှု ရှိနေပါသည်။
"အေး၊ တကယ်တော့ ပန်းဂေါ်ဖီရဲ့ အခြေအနေက မနေ့ကတည်းက တိုးတက်လာတာ၊ ငါမသေချာသေးလို့ မင်းကို မပြောသေးတာ၊ ဒီနေ့ကျတော့ ရလဒ်တွေက ရှင်းလင်းလာပြီလေ။ ဖန်းယွမ်၊ မင်းလာကြည့်မလား။"
ဦးလေးအန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် အခုပဲ ထွက်လာခဲ့မယ်။”
ထုံးစံအတိုင်း ဖန်းယွမ်သည် မငြိမ်သက်နိုင်တော့ဘဲ သူ့စိတ်ထဲတွင် သူသာ ပျံသန်းနိုင်မယ်ဆိုပါက ပျံသန်းသွားလိုက်မည်သာ ဖြစ်သည်။
ဖန်းယွမ်သည် သူတစ်ယောက်တည်း မသွားခဲ့ပါ။ စိုက်ပျိုးရေးနည်းပညာမြှင့်တင်ရေးဌာနမှ နည်းပညာပိုင်း လူတစ်ယောက်ကိုပါ ခေါ်သွားခဲ့သည်။
သူတို့နှစ်ယောက် ရောက်ရှိသွားသောအခါ ပန်းဂေါ်ဖီများကို အနီးကပ် စစ်ဆေးလိုက်ပြီး ပန်းဂေါ်ဖီများ၏ အခြေအနေက တကယ်ပဲ တိုးတက်မှု ရှိနေကြောင်း ကောက်ချက်ချလိုက်သည်။
ဟုတ်ပါတယ်၊ ဒီပန်းဂေါ်ဖီတွေရဲ့ ရောဂါလက္ခဏာရပ်တွေ လုံးဝ ပျောက်ကင်းသွားတယ်လို့ မဆိုလိုပါဘူး။ အထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက်ခြင်း ကဲ့သို့သော သက်ရောက်မှုအချို့ ကျန်ရှိပါသေးသည်။
ဦးလေးအန်းအတွက်တော့ ဆုံးရှုံးမှုက အတော်လေး လျော့နည်းသွားပြီ ဖြစ်သည်။
ဖန်းယွမ်အတွက် ဒါက ပန်းဂေါ်ဖီ၏ ချို့ယွင်းချက်အတွက် အဖြေတစ်ခုကို ရှာတွေ့သွားခဲ့လေပြီ။
ဖန်းယွမ်သည် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ယဲ့ရှောင်ချန်းကို ချက်ချင်း ဖုန်းဆက်ကာ အားလုံးကို ပြောပြလိုက်သည်။
ယဲ့ရှောင်ချန်းသည် ပျင်းရိနေသော လေသံမျိုးဖြင့် ပြောလိုက်သည်။ "ငါ သိပါတယ်ကွာ။"
"လခွမ်းထဲမှ... ယဲ့ရှောင်ချန်း မင်း မအံ့သြဘူးလားကွ။"
ဖန်းယွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။
"ဘာကို အံ့သြရမှာတုန်း။ ငါ ဒါကို ထင်ထားပြီးသားပဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"အဲ..."
ဖန်းယွမ်သည် လည်ချောင်းနင်နေသလို ဆွံ့အသွားသည်။
"ရှောင်ချန်း၊ ဒီတစ်ခါ မင်းကို ငါ တကယ် ကျေးဇူးတင်ပါတယ်ကွာ။ ငါ မင်းကို အစက မယုံခဲ့မိတဲ့အတွက် ခွင့်လွှတ်ပါ။ မင်း စောင့်နေလိုက်၊ ဒီကိစ္စတွေ ပြီးတာနဲ့ မင်းကြိုက်တဲ့ နေရာကိုသာ ရွေးလိုက်၊ ကိုကြီး မင်းကို လိုက်ကျွေးမယ်။"
ဖန်းယွမ်က သတ္တိရှိရှိ ကြေညာလိုက်သည်။
ဒီတစ်ကြိမ်တွင်၊ ဖန်းယွမ်သည် မတ်တပ်ပြန်ရပ်ဖို့ အခွင့်ကောင်းကို ရရှိခဲ့ပြီး ထိပ်ဆုံးကိုတောင် တတ်နိုင်လိမ့်မယ်မှန်း သူ သိနားလည်သည်။
"ကောင်းပြီ၊ မင်းကတိနဲ့မင်းနော်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
သူတို့ ဖုန်းမချခင် ခဏလောက် စကားပြောခဲ့ကြသေးသည်။
ဖန်းယွမ်သည် ချက်ချင်းဆိုသလိုပင် ဌာနသို့ အမြန်ပြန်ကာ အခြေအနေကို ဌာနသို့ တန်းပြီး တင်ပြလိုက်သည်။ ဌာနခေါင်းဆောင်က အရေးကြီးကြောင်း သတ်မှတ်ပေးပြီး ကျွမ်းကျင်သူများကို စုစည်းကာ စစ်ဆေးလိုက်ပြီး နောက်ဆုံးတော့ တူညီသော ရလဒ်ကိုသာ ရရှိခဲ့ကြသည်။
ဒီတစ်ခေါက်တော့ ဖန်းယွမ်မှာ ဌာန၏ သူရဲကောင်းကြီး တစ်ယောက် ဖြစ်သွားခဲ့လေပြီ။
တောင်ပိုင်းဒေသ၊ ဂလိုဘယ် စိုက်ပျိုးရေး မျိုးစေ့နည်းပညာ ကုမ္ပဏီလီမိတက်
အခုလေးတင် ယန်ရှစ်မြို့တော် စိုက်ပျိုးရေးနည်းပညာမြှင့်တင်ရေးဌာနမှ သတင်းများကို ကြားပြီး အစည်းအဝေးကို ချက်ချင်း ခေါ်လိုက်ကြသည်။
အထွေထွေမန်နေဂျာ ဟယ်ဟောက်မင်က အစည်းအဝေးပွဲကို ဦးဆောင်သည် မဟုတ်ဘဲ ပင်မဌာနက လင်ဟူသော မျိုးရိုးအမည်နှင့် လူတစ်ယောက်က ဦးဆောင်ခြင်း ဖြစ်သည်။
လင်မျိုးရိုးသည် အလွန်တည်ကြည်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမအသက်အရွယ်က မကြီးသေးဘဲ အသက် ၂၀ ဝန်းကျင်သာ ရှိလောက်ဦးမည်။ သို့သော်လည်း သူမသည် ထက်မြက်ပြီး အေးစက်သော အငွေ့အသက်ကို ထုတ်လွှင့်နေခဲ့သည်။
"ယန်ရှစ်မြို့တော် စိုက်ပျိုးရေးနည်းပညာမြှင့်တင်ရေးဌာနရဲ့ ဖြေရှင်းချက်က အရမ်းအရေးကြီးတယ်။ ဌာနမှူးလီ၊ ရှင်တို့ရဲ့ သုတေသနအဖွဲ့က အခုချက်ချင်း ဒီနည်းလမ်းရဲ့ အကျိုးသက်ရောက်မှုကို အတည်ပြုဖို့ သုတေသနတွေ ဆောင်ရွက်ကြပါ။ ပြီးတော့လည်း သုတေသနအဖွဲ့ကို လယ်သမားတွေဆီ လွှတ်ပြီး ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီးတော့ ဒီနည်းလမ်းကို ပရိုမိုးရှင်းအေးဂျင့်တွေဆီ ဖြန့်ဝေရမယ်။ သူတို့ အတူတူ ပူးပေါင်းဆောင်ရွက်တာကို သေချာအောင် လုပ်ပြီး ပြဿနာ ရင်ဆိုင်နေရတဲ့ လယ်သမားတွေ အားလုံးကို ဒီနည်းလမ်း သုံးခိုင်းလိုက်ပါ။"
လင်မျိုးရိုးအမည်နှင့် အမျိုးသမီးက အရမ်းလှပေမယ့် သူမရဲ့ စိတ်နေစိတ်ထားကတော့ အေးစက်ပြီး ပြတ်သားသည်။ သူမသည် လျင်မြန်ပြီး ပြတ်သားသည့် ခံစားချက်ကို ထုတ်ဖော်ခဲ့သည်။
သူမသည် အခြားသူများ၏ ထင်မြင်ချက်ကိုပင် မမေးဘဲ သူမ တစ်ယောက်တည်း ဆုံးဖြတ်ချက် တန်းချလိုက်သည်။
"လင်မိန်းကလေး၊ ဒီနည်းလမ်းရဲ့ ရလဒ်ကို အတည်ပြုနိုင်တဲ့အထိ မစောင့်တော့ဘူးလား။"
ဟယ်ဟောက်မင်က အနည်းငယ် သိချင်သဖြင့် ထိန်းမထားနိုင်ဘဲ မေးလိုက်မိသည်။
"မစောင့်တော့ဘူး၊ အခု အခြေအနေက အရမ်းဆိုးနေတယ်။ အတည်ပြုတာကို မစောင့်နိုင်တော့ဘူး။ ဒါက အကောင်းဆုံး နည်းဗျူဟာပဲ။"
လင်မျိုးရိုးအမည်ဖြင့် အမျိုးသမီးက ထိုအကြံကို ချက်ချင်း ပယ်ချလိုက်သည်။
ဟယ်ဟောက်မယ်က ဘာမှ ထပ်မပြောနိုင်တော့ပါ။ အခြားသူများကတော့ စကားပြောဖို့ပင် နေနေသာသာ ကြောက်ရွံ့နေကြသည်။
ကျောင်းဟွေ့က ထိုအချိန်တွင် ပါးစပ်ပင် မဟခဲ့ပါ။ သူ့မျက်နှာက အနည်းငယ် စိတ်ဓာတ်ကျနေပြီး အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်နေသည်။
ရုံးချုပ်က ဆုံးဖြတ်ချက် မချရသေးပေမယ့် သူဌာနပြောင်းခံရမည်မှာ သေချာလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ လစာတိုးဖို့ကိုတော့ စဥ်းတောင် မစဥ်းစားနိုင်တော့ပါ။
ဒီရာထူးကို ဆက်ထိန်းထားနိုင်လျှင်ပင် အခြေအနေက ကောင်းလွန်းနေပြီဖြစ်ပါသည်။
သူက ရုံးချုပ်တွင် ခိုင်မာသော နောက်ခံရှိခဲ့သော်လည်း ဒီတစ်ခေါက်တော့ သူသည် ပြဿနာအကြီးကြီး ရှာခဲ့မိပြီ။
"တစ်ခု ရှိသေးတယ်၊ ဒီနည်းလမ်းကို ရှာတွေ့ခဲ့တဲ့လူကို အမြန်ဆုံး ဆက်သွယ်ဖို့ လိုတယ်။"
လင်မျိုးရိုးအမည်နှင့် အမျိုးသမီးက ထပ်ပြောလိုက်သည်။
ဒီနည်းလမ်းက အာနိသင်ရှိပါက ဒီနည်းလမ်းကို ရှာတွေ့ခဲ့သောလူသည်လည်း အပင်သုတေသန နည်းပညာတွင် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နေသူ ဖြစ်ရမည်။
ထိုကဲ့သို့သော လူမျိုးကို ကုမ္ပဏီသို့ ခေါ်ယူနိုင်ပါက ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်တာများကို အလွန်တိုးမြှင့်နိုင်မည် ဖြစ်ပါသည်။