အွန်လိုင်းရှော့ပင်း
Vol. 4 Ch. 57
အခန်း(၅၇) - အွန်လိုင်းရှော့ပင်း
အင်မော်တယ် လယ်မြေ၊ ဖန်လုံအိမ်ထဲတွင်
ယဲ့ရှောင်ချန်းသည် မျက်စိမှိတ်ထားကာ ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းနေ၏။ သူ့ကြည့်ရတာ အိပ်ပျော်နေပုံရသည်။
သွပ်အိမ်ထဲတွင် လေအေးပေးစက်တစ်လုံး တပ်ဆင်ထားသဖြင့် အပူချိန် လျော့ပါးသက်သာစေပါသည်။ သို့သော် အချိန်အတော်ကြာပြီးနောက်တွင်တော့ အဆင်မပြေ ဖြစ်ခဲ့ရပါသည်။ ထိုလေအေးသည် အင်မော်တယ်မြေတွင် တိုက်ခတ်သော လေလောက် မအေးမြဘဲ သဘာဝမကျဘူး။
ထို့ကြောင့် သူသည် အင်မော်တယ်မြေတွင် နေရသည်ကိုသာ ပိုသဘောကျသည်။
သူလည်း ခွေးနှစ်ကောင်လို ဖြစ်လာပြီဟု ယဲ့ရှောင်ချန်းတစ်ယောက် ခံစားမိသည်။ အင်မော်တယ်မြေပေါ်မှ ထွက်သွားဖို့ကို အလွန်တွန့်ဆုတ်နေမိသည်။
ယခု အင်မော်တယ် မုန်လာဥများနှင့် အဝါရောင် အင်မော်တယ် ပဲစေ့များသည် အမြစ်ကုပ်ကာ အပင်ပေါက်လာပြီဖြစ်သည်။
အရင် အဝါရောင် အင်မော်တယ် ပဲပင်များကတော့ ပဲတောင့်များဖြင့် ဖုံးလွှမ်းနေကြပြီး အလွန် အထွက်ကောင်းမည့်ပုံပင်။
ယဲ့ရှောင်ချန်းသည် အချိန်ယူပြီး ပဲတောင့် အရေအတွက်ကို ရေတွက်ကြည့်လိုက်သောအခါ အကောင်းဆုံး အဝါရောင် အင်မော်တယ် ပဲပင်တွင် ပဲတောင့် ၆၈ တောင့် ရှိသည်။
အနည်းဆုံး အဝါရောင် အင်မော်တယ် ပဲပင် တစ်ပင်တွင် ပဲတောင့်ရေ ၄၀ ကျော်ရှိပြီး အားလုံးပေါင်းလိုက်သောအခါ ပဲတောင့် ၁၆၀ တောင့် ရှိသည်။ ပဲတောင့် တစ်ခုတွင် ပဲစေ့ ၃ စေ့ ပါသည်ဟု သတ်မှတ်ပါက ပဲစေ့ ၅၀၀ ကျော်မည်ဖြစ်သည်။
ပဲစေ့တစ်စေ့ကို အင်မော်တယ် ၁ ယွမ်ဆိုလျှင် အင်မော်တယ်ယွမ် ၅၀၀ လောက် ရမည် မဟုတ်ပါလား။
သို့သော် ဒီလို မဖြစ်နိုင်မှန်း ယဲ့ရှောင်ချန်း သိသည်။ စတိုးဆိုင်ထံမှ သူ ဝယ်ယူခဲ့သော အင်မော်တယ် ပဲစေ့များ၏ အရည်အသွေးက အလွန်ကောင်းမွန်ပြီး သူ စိုက်ပျိုးထားသော အဝါရောင် အင်မော်တယ် ပဲစေ့များနှင့် နှိုင်းယှဥ်ရန် ဝေးကွာလှပါသည်။
"ပဲစေ့ ၁၀ စေ့ကို အင်မော်တယ် ၁ ယွမ်နဲ့ ဝယ်ရင်တောင် ငါ အင်မော်တယ် ယွမ် ၆၀ လောက် ရနိုင်ပါသေးတယ်။"
ယဲ့ရှောင်ချန်းသည် ထိုကဲ့သို့ စဥ်းစားကြည့်လိုက်သောအခါ ရလာမည့် အမြတ်အစွန်းက များပြားနေပါသေးသည်။
ယဲ့ရှောင်ချန်းသည် ဒါကို မျှော်လင့်မိနေဆဲ ဖြစ်သည်။
အင်မော်တယ်ယွမ်များ ရရှိဖို့အတွက် အချိန်ယူရသည်။
"သြဂုတ်လလယ်တောင် ရောက်နေပြီ။ ငါ တစ်လကို ယွမ် ရှစ်သောင်းလောက် ရရင်တောင် နှစ်သစ်မကူးခင် ယွမ် လေးသိန်း မကျော်နိုင်ဘူး။ အဲ့တာတောင် အတတ်နိုင်ဆုံး ငါ အသုံးအစွဲ ချွေတာဦးမှဖြစ်မှာ။"
ယဲ့ရှောင်ချန်းသည် ချင့်ချိန်ကြည့်မိသည်။
သူ့ရဲ့ ငွေဝင်နှုန်းက နည်းပါးလွန်းနေသည်။
တကယ်တော့ သာမန်လူတစ်ယောက်အနေနှင့် လက်ရှိ သူ့ဝင်ငွေက အလွန်ဆိုးရွားလွန်းလှပါသည်။ ကော်လံဖြူ လုပ်သားတစ်ယောက်၏ လစဥ်ဝင်ငွေကပင် ယွမ် သုံးသောင်းရှိပြီး အလွန်မြင့်မားသည်။
သူ့စိုက်ပျိုးရေးခြံကို အခုမှ စသည် ဆိုပါက တစ်လကို ယွမ်သောင်းကျော် ရရန် စိတ်ကူးပြီး ကျေနပ်နေမည်ဖြစ်သည်။
သို့သော် ယခုတော့ သူ့ဝင်ငွေက မြင့်သထက် မြင့်လာပြီး ကျေနပ်ဖို့ ခက်ခဲလာပြီ။
လူသားတွေက ဒီလိုပဲဖြစ်သည်။ လောဘဆိုသည် အဆုံးမရှိကြပါ။
"ပြီးတော့ အခုက ဆောင်းဦးကာလအစဖြစ်နေပြီ၊ နောက်ဆို ဆောင်းဝင်တော့မယ်။ ဒါက စိုက်ပျိုးရေးအပေါ် အတော်လေး သက်ရောက်မှု ရှိလာလိမ့်မယ်။ ပြီးရင် ဖန်လုံအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ ငွေတွေ အများကြီး ကုန်လိမ့်မယ်။"
ယဲ့ရှောင်ချန်းသည် ဆောင်းတွင်းမှာ အပူချိန်က အလွန်နည်းပါးမည်ကို သိနေခဲ့သည်။ ဖန်လုံအိမ်မှာ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များအပေါ် သက်ရောက်မှုက အတော်ကြီးမားလိမ့်မည်။ လက်ရှိတွင် ဖန်လုံအိမ်များသည် မပြီးပြည့်စုံသေးဘဲ အပူပေးလျှပ်ကာပစ္စည်းတွေလည်း မရှိသေးပေ။
အပူချိန်ပြောင်းလဲပေးနိုင်သော ကိရိယာများ ဖြစ်သည့် အပူပေးစက်များ၊ လေအေးစက်များ၊ ရေနွေးငွေ့ ပြန်စေသော ကိရိယာများကို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်၊ ထိုအပူပေးကိရိယာများသည် အလွန်စျေးကြီးပြီး ယဲ့ရှောင်ချန်းတစ်ယောက် ထိုပစ္စည်းတွေကို ဝယ်ယူဖို့ မတတ်နိုင်သေးပါ။
ထို့ကြောင့် ထိုနည်းလမ်းကို လက်လျှော့လိုက်ရသည်။
ယဲ့ရှောင်ချန်းသည် ဖန်လုံအိမ်တွင် စွမ်းအားမြင့် မီးသီးများ တပ်ဆင်ခြင်းကဲ့သို့သော အပူပေးနည်းလမ်းဟောင်းကိုသာ ရွေးချယ်ရန် ပြင်ဆင်ထားသည်။
ထိုအတွက် သေချာပေါက် မီတာခကတော့ နည်းမည် မဟုတ်ဘဲ အပူပေးလျှပ်ကာပစ္စည်းများ ဝယ်ယူခြင်းထက်စာလျှင်တော့ ပိုသက်သာပါသေးသည်။
ထို့အပြင် အင်တာနက်ပေါ်မှ အပူလျှပ်ကာအစ များကို မှာယူဖို့ စီစဥ်ထားသည်။ နှင်းကျပြီး အေးခဲသော ရာသီဥတုမျိုး ရှိလာပါက ဖန်လုံအိမ်အတွင်းရှိ အပူချိန် အလွန်အကျွံ့ မကျဆင်းစေရန် အပူလျှပ်ကာအစ များကို ဖန်လုံအိမ်ပေါ်တွင် ဖုံးအုပ်ထားနိုင်သည်။ ၎င်းက အပူချိန်ကိုလည်း ထိန်းသိမ်းပေးပြီး အပူချိန်ကို အလွန်နိမ့်ပါးမသွားအောင် တားဆီးပေးနိုင်သည်။
ဒီလို အပူကို ထိန်းသိမ်းတဲ့နည်းလမ်းကပင် ကုန်ကျစရိတ်က မနည်းပါဘူး။
ယဲ့ရှောင်ချန်းသည် ဖုန်းကိုယူကာ တာ့ပေါင်အက်ပ်ကို ဖွင့်ပြီး အပူလျှပ်ကာအစ များနှင့် ပတ်သက်သော အချက်အလက်များကို စတင်ရှာဖွေခဲ့သည်။
အချက်အလက်တွေက အများကြီးရှိသည်။
အရည်အသွေးက ကွဲပြားခြားနားသည်။
ယဲ့ရှောင်ချန်းသည် ဝယ်ယူမှုများပြီး သုံးသပ်ချက် ကောင်းမွန်သည့် ဆိုင်များကို ရွေးချယ်ခဲ့သည်။
ဟုတ်ပါတယ်၊ အရည်အသွေး အာမခံချက် လုံးဝ မရှိပေ။ ဒီနေ့ခေတ်တွင် အတုအယောင်များ အလွန်များပြားလာပြီး အတု အစစ် ခွဲဖို့ပင် ခက်ခဲလာပြီဖြစ်သည်။
သို့သော် လူတွေက ဒီလိုမျိုးတွေချည်းပဲလေ။ အရောင်း ပိုမို များပြားလာရင် အရည်အသွေး အာမခံကလည်း ပိုမိုကြီးမားလာပေမည်။ အရှုံးပေါ်ခဲ့လျှင်တောင် ဒီလိုပဲ ဆက်သွားလိမ့်မည် ဖြစ်သည်။
ယဲ့ရှောင်ချန်းကလည်း လူပြိန်းတစ်ယောက် ဖြစ်ပြီး ဒီလိုအတွေးမျိုးမှ မလွတ်မြောက်နိုင်ခဲ့ပါ။
"ဒီဆိုင်ရဲ့ ရောင်းအားက ကောင်းသားပဲ၊ ကြည့်ရအောင်။"
ယဲ့ရှောင်ချန်းသည် ထိုအွန်လိုင်းစတိုးထဲ ဝင်ကြည့်လိုက်သည်။
အပူလျှပ်ကာအစ များကို တစ်စတုရန်းမီတာကို ဘယ်လောက် ဆိုပြီး တိုင်းတာဝယ်ယူရသည်။
အပူလျှပ်ကာအစ များသည် အပါးဆုံးက သုံးလွှာ လေးလွှာ ရှိပြီး အထူဆုံးက ငါးလွှာ ခြောက်လွှာခန့် ရှိကာ စျေးနှုန်းကတော့ တစ်စတုရန်းမီတာလျှင် ၈ ယွမ်မှ ၁၃ ယွမ် သို့မဟုတ် ၁၄ ယွမ်အထိ ရှိသည်။
ယဲ့ရှောင်ချန်း၏ ဖန်လုံအိမ်သည် အထူးစံနှုန်း မဟုတ်ပေ။ ဖန်လုံအိမ်သည် အကျယ် ၄ မီတာရှိပြီး အရှည် ၁၅ မီတာကျော်ရှိသည်။ အကျယ်အဝန်းက ၆၀ စတုရန်းမီတာခန့် ရှိသည်။
ဖန်လုံအိမ်၏ ခေါင်မိုးအကျယ်အဝန်းကိုတော့ ဤကဲ့သို့ တွက်ချက်၍ မရပေ။ ခေါင်မိုးက မျဥ်းကွေးပုံသဏ္ဍာန်ဖြစ်ပြီး အကျယ်အဝန်းသည် အနည်းဆုံး ၁၀၀ စတုရန်းမီတာဖြစ်သည်။
ဖန်လုံအိမ် အလုံး ၂၀ ကအရ တွက်ချက်မည်ဆိုပါက အပူလျှပ်ကာအစ များ စတုရန်းမီတာ ၂၀၀၀ ကျော် လိုအပ်မည်ဖြစ်သည်။
ဤတွက်ချက်မှုအပေါ် အခြေခံ၍ အသက်သာဆုံးနှင့် အပါးလွှာဆုံးကို ဝယ်ယူဆိုလျှင်ပင် ယွမ် နှစ်သောင်း နီးပါး ကုန်ကျမည်ဖြစ်သည်။
အနည်းငယ် ပိုကောင်းတာကို ရွေးချယ်ဆိုရင် ယွမ် သုံးသောင်း ထက် မနည်း ကုန်ကျပေလိမ့်မည်။
ယဲ့ရှောင်ချန်းသည် သူက အလွန်ဆင်းရဲသည်ဟု ခံစားမိပြန်သည်။
သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။ သူလိုအပ်တာကို လျစ်လျူရှုလို့မရပါဘူး။
ယဲ့ရှောင်ချန်းသည် ဆိုင်နှင့် ဆက်သွယ်ပြီး သူ အများကြီး ဝယ်ယူမှာ ဖြစ်သောကြောင့် စျေးလျှော့ပေးဖို့ကို မျှော်လင့်နေမိသည်။
ယဲ့ရှောင်ချန်းသည် ဆက်တိုက် စျေးဆစ်ပြီးနောက်တွင် နောက်ဆုံးတော့ စျေးနှုန်းကို တစ်စတုရန်းမီတာလျှင် ၇.၅၀ ယွမ်ဖြင့် သတ်မှတ်လိုက်သည်။ ယဲ့ရှောင်ချန်းသည် လေးလွှာ အပူလျှပ်ကာအစ ၂၅၀၀ ကျော် ဝယ်ယူခဲ့ပြီး ဆိုင်ဖက်မှ ခြောက်လွှာ အပူလျှပ်ကာအစ ၁၀၀ စတုရန်းမီတာကို အခမဲ့ ပေးခဲ့ပြီး အမြန်ချောပို့လည်း ပါဝင်ပါသည်။
ယဲ့ရှောင်ချန်းသည် Alipay မှတဆင့် ချက်ချင်း ငွေချေလိုက်သည်။
စုစုပေါင်း ယွမ် ၁၈,၇၀၀ ကုန်ကျပါသည်။
ယဲ့ရှောင်ချန်းသည် လေးလွှာ အပူလျှပ်ကာအစများကိုသာ အဓိကထား ဝယ်ယူလိုက်သည်။ သူတို့နယ်မြေက တောင်ပိုင်းတွင် ဖြစ်သဖြင့် အပူချိန်က သုညအောက် မကျသလောက် ရှားပါးပါသည်။ ထိုသို့ဖြစ်ခဲ့လျှင်ပင် အနုတ် နှစ်ဒီဂရီ သို့မဟုတ် အနုတ် သုံးဒီဂရီ လောက်သာ ရှိပြီး သိပ်ကြာမည် မဟုတ်ပါ။
မြင့်မားသော စိုထိုင်းဆအတွက်သာ မဟုတ်ပါက၊ အပူလျှပ်ကာအစများကို လုံးဝ ဝယ်ရန် မလိုအပ်ပါ။ စျေးသက်သာတာကိုပဲ သူ သုံးနိုင်တယ်။
သူ့ကတ်ထဲက လက်ကျန်ငွေ အများအပြား လျော့နည်းသွားတာကို တွေ့လိုက်ရတော့ ယဲ့ရှောင်ချန်းတစ်ယောက် ရင်နာသွားသည်။
"လခွမ်းထဲမှ... ငါ ငွေရှာချင်တယ်၊ ငါ ငွေများများရှာဖို့ လိုတယ်။”
ယဲ့ရှောင်ချန်းသည် ရင်ထဲတွင် အော်ဟစ်လိုက်သည်။
ယဲ့ရှောင်ချန်းသည် ငွေရှာဖို့ အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲဟု စတင်တွေးတောလာခဲ့သည်။
အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်အစီအစဥ်ကို လက်ရှိအချိန်တွင် အကောင်အထည် မဖော်နိုင်ပါက အချိန်တိုအတွင်း ဝင်ငွေပြောင်းလဲမည်မဟုတ်ပါ။
စာချုပ်သက်တမ်းကုန်သွားရင်တောင် စျေးနှုန်းကို တိုက်ရိုက်မြှင့်လိုက်လို့ မဖြစ်နိုင်ဘူးလား။
နည်းလမ်းဆိုတာ အမြဲရှိသည်။
စျေးနှုန်းကို တိုက်ရိုက်မြှင့်ဖို့ အကြောင်းပြချက် မရှိပါဘူး။ သူတို့က ဝမ်ရွှေရှန့်ကို မျက်နှာလုပ်ချင်သော်လည်း ယဲ့ရှောင်ချန်းကိုတော့ ဂရုစိုက်မည် မဟုတ်ပါ။
ထိုအချိန်တွင် အခြားသော ပြဿနာ တစ်ခုခု ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။
ဧကန္တ... သူ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ အလွန်နာမည်ကြီးလာပြီး အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေရဲ့ လမ်းကြောင်း ပွင့်လာပါက ပုံမှန် ဖြန့်ချိသည့် လမ်းကြောင်းကို စွန့်လွှတ်ရမည်ဖြစ်သော်ငြားလည်း ဒါက ယုတ္တိတန်ပါသည်။
"ဒါက တကယ့်ဒုက္ခပဲကွာ။"
ယဲ့ရှောင်ချန်းသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။
"ဧကန္တ၊ ငါ တခြားနည်းလမ်းတွေနဲ့ စလုပ်လို့ရတာပဲလေ။”
ယဲ့ရှောင်ချန်းသည် တခြားနည်းလမ်းတွေကို စတင်စဥ်းစားလာခဲ့သည်။
ရုတ်တရက် သူ့နဖူးကို သူပြန်ရိုက်လိုက်မိသည်။ လခွမ်း... အရင်တစ်ခေါက်တုန်းက အဘိုးဖမ်ရဲ့ ဖယောင်းဖြူဘွန်ဆိုင်းပင်ကို ကုသပေးခဲ့စဥ်က ကုသစရိတ် တောင်းခံလို့ ရခဲ့သည်။
ထိုကဲ့သို့သော တန်ဖိုးကြီးသည့် အပင်များကို ကုသပေးသည့်အခါ ငွေသိန်းချီတောင်းဆိုသည်က ပုံမှန်ပဲ ဖြစ်သည်။
ထားလိုက်ပါတော့၊ ပြီးတာက ပြီးသွားပြီပဲ။
ထို့အပြင် ယဲ့ရှောင်ချန်းသည်လည်း လူကြောက်သူဖြစ်သဖြင့် ကုသစရိတ် တောင်းခံရမှာကို ရှက်ရွံ့နေခဲ့သည်။
"ဒါနဲ့ ငါ မှော်ဆားရည်စိမ်ပုလင်းတစ်ခု ရထားတယ် မဟုတ်လား၊ ငါ အင်မော်တယ် စမ်းရေ ဟင်းသီးဟင်းရွက်တွေရယ်၊ အင်မော်တယ်စမ်းရေကို သုံးပြီး ဟင်းသီးဟင်းရွက် ဆားရည်စိမ်လုပ်ပြီး ရောင်းလို့ရမလား မသိဘူး။"
ယဲ့ရှောင်ချန်းသည် ရုတ်တရက် အကြံရသွားသည်။
အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များက အလွန်အရသာရှိသည်။ ထို့အပြင် မှော်ဆားရည်စိမ်ပုလင်းဖြင့် ဟင်းသီးဟင်းရွက် ဆားရည်စိမ်များ ပြုလုပ်ပါက သေချာပေါက် အရသာက ဆိုးဝါးမည် မဟုတ်ပါ။
၎င်းသည် သာမန်ဟင်းသီးဟင်းရွက်များကို လုပ်ဆောင်နည်းနှင့် တူညီသည်။
"အင်းလေ၊ အရင်ဆုံး လုပ်ကြည့်တာပေါ့၊ ပြီးမှ မှော်ဆားရည်စိမ်ပုလင်းထဲက ဆားရည်စိမ်တွေက ဘယ်လိုအရသာရှိလဲ ကြည့်တာပေါ့။"
ယဲ့ရှောင်ချန်းသည် ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။
အင်မော်တယ်စမ်းရေဖြင့် လောင်းထားသောကြောင့် ထိုအင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များတွင် အင်မော်တယ်ချီ အနည်းငယ် ပါဝင်နေပြီးသားဖြစ်သည်။ ပြီးတော့ စားသောက်ဖို့လည်း ဘေးကင်းပါသည်။ ထိုဟင်းသီးဟင်းရွက်များနှင့် ဆားရည်စိမ် ပြုလုပ်ပါက အကောင်းဆုံးဖြစ်သည်။
ထို့အပြင် သူ့တွင် အင်မော်တယ်စမ်းရေလည်း ရှိသည်။
ငွေရှာရန်အတွက်၊ စိုက်ပျိုးထားသော အင်မော်တယ်အပင်များသည် အချိန်ကြန့်ကြာလည်း ကိစ္စမရှိပါ။
ကမ္ဘာကြီးက ကြီးပေမယ့် ငွေရှာဖို့ က အရေးကြီးဆုံးပါပဲ။
ယဲ့ရှောင်ချန်းသည်လည်း လူထဲက လူတစ်ယောက်ပင်ဖြစ်သည်။