← Chapters

ဟင်းသီးဟင်းရွက် ဆားရည်စိမ်

Vol. 4 Ch. 59

ဟင်းသီးဟင်းရွက် ဆားရည်စိမ်

Vol. 4 Ch. 59

အခန်း(၅၉) - ဟင်းသီးဟင်းရွက် ဆားရည်စိမ်

အင်မော်တယ် လယ်မြေတွင်။

ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ် ပဲပင်ရှေ့တွင် ထိုင်ချလိုက်ပြီး လက်ချောင်းဖြင့် သစ်ရွက်များကို နူးညံ့စွာ ထိလိုက်သည်။

သူ့စိတ်ဝိညာဥ်က အဝါရောင် အင်မော်တယ် ပဲပင်၏ အသိစိတ်ဖြင့် ဆက်သွယ်နေခြင်း ဖြစ်သည်။

ယနေ့ ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်တွင် အလွန်ထူးခြားသော စွမ်းရည်လမ်းညွှန်မှုနည်းလမ်းတစ်ခုကို သင်ယူခဲ့မိရသည်။

အသိစိတ်များကို ဆက်သွယ်ခြင်းဖြင့် ရွေးချယ်ထားသည့် အပင်၏ အသိစိတ်ကို လမ်းညွှန်နိုင်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းရည်များကို ထုတ်ပေးနိုင်သည်။

ဤအရာ၏ အကျိုးကျေးဇူးများသည် အလွန်များပြားသည်။ အထွက်နှုန်းကို တိုးပွားစေသည်။ အရည်အသွေးနှင့် အခြားသော အရာများကိုလည်း တိုးမြှင့်ပေးနိုင်သည်။

တကယ်တော့ ပန်းပွင့်များအတွက် သံစဥ်များ ဖွင့်ပြခြင်း ကဲ့သို့သော ခေတ်သစ် စိုက်ပျိုးရေး နည်းပညာတွင် ဆင်တူသော နည်းလမ်းတစ်ခုလည်း ရှိပါသည်။

ဟုတ်ပါတယ်၊ ဖြစ်နိုင်ချေရှိတဲ့ ဆက်သွယ်ခြင်းနည်းပညာနှင့် နှိုင်းယှဥ်မယ်ဆိုရင်တော့ ဒီနည်းလမ်းဟာ အလွန်အပေါ်ယံအသုံးချမှုတစ်ခုသာ ဖြစ်ပါသည်။

စစ်မှန်သော အတွင်းကျကျ အသုံးချမှုသည် အပင်၏ အသိစိတ်ကို လမ်းညွှန်ပြပေးခြင်းဖြစ်သည်။

"ဒီလို အသိစိတ်လမ်းညွှန်မှုက တကယ် အံ့သြဖို့ကောင်းတာပဲ။"

ယဲ့ရှောင်ချန်းသည် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့အကြည့်တွေက တောက်ပြောင်နေပြီး သူ့မျက်နှာပေါ်တွင် ရွှင်လန်းတက်ကြွသော အကြည့်တစ်ခုလည်း ရှိနေပါသည်။

စွမ်းရည်လမ်းညွှန်မှုနည်းလမ်းသည် ရည်ရွယ်ချက် ရေရေရာရာ မရှိသော်လည်း ပြိုင်ဘက်ကင်းသည့် လမ်းစဥ်ရှိသည်။

မတူညီသော လမ်းညွှန်မှုနည်းလမ်းများသည် မတူညီသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေ၏။

ဘယ်လိုရလဒ်မျိုးတွေ လိုအပ်လဲ၊ လိုအပ်သော ရလဒ်ကို ရရှိဖို့ လိုအပ်သော လမ်းညွှန်မှုတွေကို ပြုလုပ်ပေးဖို့ လိုအပ်သည်။

အထွက်နှုန်း တိုးဖို့လား၊ အရည်အသွေး မြင့်စေဖို့လား၊ ဒါမှမဟုတ် အရသာ၊ အသွင်အပြင်၊ အရွယ်အစား အစရှိသည်တို့ကိုပင် ပြောင်းလဲပေးနိုင်သည်။ အလိုရှိရာ အားလုံးကို ပြုလုပ်နိုင်သည်။

အမှန်ပင် ဒီလို စွမ်းရည်လမ်းညွှန်မှုနည်းလမ်းမျိုးတွင် အကန့်အသတ်များစွာ ရှိနေဆဲ ဖြစ်သည်။ အားသာချက်ကို တိုးမြှင့်ပေးနိုင်သော်လည်း နိယာမကို ပြောင်းလဲဖို့ကိုတော့ မဖြစ်နိုင်သေးပါ။

ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်၏ အချိုအရသာကို အစပ် သို့မဟုတ် အခါး အရသာဖြစ်အောင် ပြောင်းလဲနိုင်မည် မဟုတ်ပါ။

ထိုနည်းတူစွာ အေးသော ဂုဏ်သတ္တိကို ပူသော ဂုဏ်သတ္တိအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပါ။

ဂုဏ်သတ္တိ တစ်ခုစီတိုင်းက ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားသော လက္ခဏာများ ရှိသည်။

ယဲ့ရှောင်ချန်း လုပ်နိုင်သည်က လမ်းညွှန်မှုကို အသုံးပြုကာ ၎င်းတို့၏ အကျိုးအာနိသင်တချို့ကို တိုးမြင့်ပြီး အန္တရာယ်ရှိသော အာနိသင်များကို လျှော့ချပေးနိုင်ရန် ဖြစ်သည်။

"ဒီစွမ်းရည်လမ်းညွှန်မှုနည်းလမ်းက တကယ်ကောင်းတာပဲ။ ဒီနည်းလမ်းကို သုံးပြီး သာမန် ဟင်းသီးဟင်းရွက်တွေမှာတောင် တိုးတက်မှုတချို့ ပြုလုပ်လို့ ရတယ်။"

ယဲ့ရှောင်ချန်းသည် အလေးအနက် စဥ်းစားလိုက်သည်။

စွမ်းရည်လမ်းညွှန်မှုနည်းလမ်းက အင်မော်တယ် အပင်များအတွက်သာ အသုံးဝင်သည် မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ သာမန်အပင်များအတွက်လည်း အသုံးဝင်သည်။

အမှန်ပင်။ သူက အခုလောလောဆယ် ကျင့်ကြံသူတစ်ယောက် မဟုတ်သေးပေ။ သို့သော် စိတ်ဝိညာဥ်စွမ်းအင် + 1 ကြောင့် သူ အတင်းအကျပ် အသုံးပြုလို့တော့ ရသေးသည်။ အများဆုံး အားနည်းသော အကျိုးသက်ရောက်မှုများကိုသာ ဖြစ်စေလိမ့်မည်။

အပင်များကို အမှန်တကယ် တိုးတက်စေရန် သို့မဟုတ် ဤကောင်းမွန်သောအပင်များကို တည်ငြိမ်သော မျိုးရိုးဗီဇများကို ထုတ်လုပ်ရန်တော့ မဖြစ်နိုင်သေးပါ။

ဤအဝါရောင် အင်မော်တယ် ပဲပင် သုံးပင်နှင့် အသိစိတ်ချင်း ဆက်သွယ်လိုက်ရုံဖြင့် ယဲ့ရှောင်ချန်းသည် စိတ်စွမ်းအင် အများကြီး ဆုံးရှုံးသွားသလို ခံစားရစေပြီး ပင်ပန်းနွမ်းနယ်လာခဲ့သည်။

ယဲ့ရှောင်ချန်းသည် သူ့မျက်ခုံးကို ပွတ်လိုက်ပြီး သူ့မျက်လုံးတွေကို ခဏလောက် ပိတ်ထားလိုက်သည်။ ထိုသို့ ပြုလိုက်ပြီးနောက် သူ နေလို့ ထိုင်လို့ ပိုကောင်းသွားပါသည်။

ယဲ့ရှောင်ချန်းသည် စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။

ဘာပဲဖြစ်ဖြစ် စွမ်းရည်လမ်းညွှန်မှုနည်းလမ်းကြောင့် နောက်ပိုင်းကျလျှင် ပိုမို အရည်အသွေး မြင့်မားသော အင်မော်တယ် အပင်များကို စိုက်ပျိုးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေပါသည်။

ယဲ့ရှောင်ချန်းသည် အလွန်ပင်ပန်းနေသောကြောင့် ဝါးကုလားထိုင်ကို ထုတ်ပြီး အနားယူလိုက်၏။

ယဲ့ရှောင်ချန်းသည် ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းပင် မသိတော့ဘဲ ဖုန်းသံကြားမှ လန့်နိုးလာခဲ့ပါသည်။

သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ကောင်းကင်ကြီးက မဲမှောင်နေပြီဖြစ်သည်။

ညနေစောင်းလေပြီ။

ယဲ့ရှောင်ချန်း ဖုန်းကိုင်လိုက်သည်။ သူ့အမေ ဖြစ်နေ၏။ ညစာပြန်လာစားခိုင်းခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်းသည် မတ်တပ်ထရပ်လိုက်ပြီး အညောင်းဆန့်လိုက်သည်။ အိပ်လို့ အရမ်းကောင်းခဲ့သည်။

သူ့ရဲ့ စိတ်စွမ်းအင်တွေ အားလုံး ပြန်ပြည့်သွားသလို ခံစားလိုက်ရသည်။

သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးပြုပြီးတိုင်း အနားယူလိုက်သည်နှင့် စိတ်စွမ်းအင်များ ပိုမို ပြည့်ဝလာသည်ဟု ခံစားရသည်။ သူစိတ်ဝိညာဥ်စွမ်းအင်ကို သုံးသည့်အခါတိုင်း သူ့စိတ်ဝိညာဥ်က တဖြည်းဖြည်း တိုးမြင့်လာသည်ဟု သံသယဖြစ်မိသည်။

သူ့အမေက အလွန်ကောင်းမွန်သော ညစာကို ချက်ပြုတ်ပြင်ဆင်ထားသည်။

"ထပ်ပြီး ဆာလာမီပဲလား။"

ယဲ့ရှောင်ချန်းသည် ဂေါ်ဖီချဥ်နှင့် ငါးခြောက် တစ်ပန်းကန်ကို တွေ့လိုက်သည်။ သူ့မျက်လုံးတွေ ချက်ချင်း လင်းလက်လာပြီး ပါးစပ်ထဲမှ သွားရည်များပင် ထွက်ကျလုမတတ် ဖြစ်သွားခဲ့သည်။

ဒါက သူအကြိုက်ဆုံးဟင်း ဖြစ်သည်။

သူတို့မိသားစုက ငါးကန်ကို ဆောက်ပြီးကတည်းက သူတို့အိမ်တွင် ငါးဟင်းက ပုံမှန်ဟင်းလို ဖြစ်လာခဲ့သည်။

ရုတ်တရက်ဆိုသလို ယဲ့ရှောင်ချန်းသည် မှော်ဆားရည်စိမ်ပုလင်းဖြင့် ပြုလုပ်ထားသည့် ဆားရည်စိမ်အကြောင်း တွေးမိသွားသည်။ ၂၄ နာရီကျော်သွားပြီ ဖြစ်သဖြင့် အခုအချိန်လောက်ဆို အဆင်သင့် ဖြစ်နေလောက်ပြီ။

ချက်ချင်း သူ မတ်တပ်ထရပ်လိုက်သည်။ မီးဖိုချောင်ထဲသို့ သွားကာ ပန်းကန်လုံးကြီး တစ်လုံးနှင့် တူများကို ယူကာ အိမ်ပြင်သို့ ပြေးထွက်သွား၏။

"ရှောင်ချန်း၊ နင် ဘယ်သွားဦးမလို့လဲ။ ဘာဖြစ်လို့ ထမင်း မစားသေးတာလဲ။"

သူ့အမေက ထွက်လာပြီး မေးလိုက်သည်။

"ကျွန်တော် မြန်မြန် ပြန်လာခဲ့မယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

စိုက်ပျိုးရေးခြံသို့ ရောက်သောအခါ ယဲ့ရှောင်ချန်းသည် သိုလှောင်နေရာကွက်ထဲမှ မှော်ဆားရည်စိမ်ပုလင်းကို ထုတ်ယူလိုက်သည်။

မှော်ဆားရည်စိမ်ပုလင်းကြီးက တောက်ပ မနေတော့ဘဲ သာမန်ပုလင်းတစ်လုံးလို ဖြစ်သွားပြီ ဖြစ်သည်။

ဆားရည်စိမ်များက အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။

"ဒီမှော်ဆားရည်စိမ်ပုလင်းက ဘယ်လောက်မှော်ဆန်လဲ ဆိုတာ ငါကြည့်ချင်လှပြီ။"

ယဲ့ရှောင်ချန်းသည် လက်နှစ်ဖက်ကို ပွတ်ပြီး မှော်ဆားရည်စိမ်ပုလင်း၏ အဖုံးကို ဖွင့်လိုက်သည်။

အဖုံးကို ဖွင့်လိုက်သောအခါ ပြောပြ၍ငှာ မစွမ်းသာနိုင်သည့် ရနံ့တစ်ခု ပုလင်းထဲမှ ထွက်လာခဲ့သည်။

ယဲ့ရှောင်ချန်းသည် ထိုရနံ့ကို ရှူရှိုက်မိသောအခါ မျက်လုံးများကို မပိတ်ဘဲ မနေနိုင်တော့ပေ။ ဖော်မပြနိုင်သော ရွှင်လန်းမှုနှင့် ပျော်ရွှင်မှု ခံစားချက်တို့က သူ့အလိုလို ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို သူ့လျှာပေါ်ရှိ အရသာခံဖုများ နိုးထလာပုံရပြီး သွားရည်များပါ စိမ့်ထွက်လာပြီဖြစ်သည်။

"မွှေးနေတာပဲကွာ။"

ယဲ့ရှောင်ချန်းတစ်ယောက် မျက်လုံးများ ဝိုင်းစက်သွား၏။

ဆားရည်စိမ်များက ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အနံ့ကို ကြည့်ခြင်းအားဖြင့် မဆိုးရွားလောက်ပါ။

ယဲ့ရှောင်ချန်းသည် တံတွေးကို မျိုချလိုက်ပြီး တူဖြင့် ပုလင်းထဲသို့ နှိုက်လိုက်သည်။

ခဏကြာတော့ ပဲစိမ်းတောင့်ကြီးတစ်ခု ပါလာခဲ့သည်။

ပဲစိမ်းများသည် ဆားရည်မစိမ်ရသေးခင်ကထက် ပိုမို တောက်ပနေသည်။

ယဲ့ရှောင်ချန်းသည် ပဲစိမ်းများထံမှ ထူးခြားသော ရနံ့ကို အနံ့ခံလိုက်မိသည်။

ယဲ့ရှောင်ချန်းသည် တံတွေးမျိုချလိုက်ပြီး ခေါင်းကို ငုံ့ကာ ပဲစိမ်းကို တစ်ကိုက် ကိုက်စားလိုက်သည်။

ပဲစိမ်းက ခြောက်သွေ့ပြီး ကြွပ်ဆတ်သည်။

ဒါက ယဲ့ရှောင်ချန်းရဲ့ ပထမဆုံး ထင်မြင်ချက်ပါပဲ။

ချိုမြိန်ပြီး လတ်ဆတ်သည်။

ဒါက ယဲ့ရှောင်ချန်းရဲ့ ဒုတိယ ခံစားချက်ဖြစ်သည်။

ချဥ်နံ့စူစူး ရသည်။

ဒါက ယဲ့ရှောင်ချန်းရဲ့ တတိယ ခံစားချက်ဖြစ်သည်။

နတ်ပြည်သို့ တက်သွားတော့မလို ခံစားရသည်။

ဒါက ယဲ့ရှောင်ချန်းရဲ့ စတုတ္ထ ခံစားချက်ဖြစ်သည်။

ဒါတင်မကဘဲ ပဲစိမ်း၏ အရသာတွင် ငရုတ်သီးနှင့် သခွားသီးများ၏ အရသာပါ ရောစပ်ပါဝင်နေပြီး အလွန်အရသာရှိသော ပေါင်းစပ်မှု ဖြစ်ပါသည်။

အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များဖြင့်သာ ပြုလုပ်ပါက ၈၀ မှတ် ရနိုင်သည်။

ဒါဆို ဒီဆားရည်စိမ်က ၉၉ မှတ်လောက် ရသွားနိုင်ပြီဖြစ်သည်။

အလွန်ထူးခြားကောင်းမွန်သော အစားအသောက်ဟု ခေါ်နိုင်ပါသည်။

"တကယ် အရသာရှိတာပဲ။ အိုး... ဘုရားသခင်၊ ဒီကမ္ဘာကြီးထဲမှာ ဒီလောက် အရသာရှိတဲ့ ဆားရည်စိမ် ဘာဖြစ်လို့များ ရှိနေရတာလဲ။"

ယဲ့ရှောင်ချန်းသည် သည်းမခံနိုင်‌တော့ဘဲ ပဲစိမ်းတစ်ခုလုံးကို စားပြစ်လိုက်သည်။

ယဲ့ရှောင်ချန်းသည် ပဲစိမ်းတစ်ခုလုံးကို စားပြီးသွားသောအခါ ချွေးပေါက်တွေ ပွင့်လာတာကို ခံစားရပြီး လေထဲကို ပျံသန်းနိုင်တော့မလို သက်တောင့်သက်သာ ခံစားလိုက်ရသည်။

ထို့နောက် သခွားသီး၊ ငရုတ်သီးများကိုလည်း စားကြည့်လိုက်သည်။ တစ်ခုချင်းစီတွင် ၎င်းတို့၏ ကွဲပြားခြားနားသော စိတ်ခံစားချက်ကို ပေးစွမ်းနေပါသည်။

"ဟားဟား... ငါ့ရဲ့ တန်ဖိုးကြီး မှော်ဆားရည်စိမ်ပုလင်းလေး၊ ငါ မင်းကိုတော့ အရမ်းချစ်သွားပြီကွာ။"

ယဲ့ရှောင်ချန်းသည် ဟက်ဟက်ပက်ပက် ရယ်မောင်ပြီး မှော်ဆားရည်စိမ်ပုလင်းကို ဖက်ထားလိုက်မိတော့သည်။

ရုတ်တရက်ဆိုသလိုပင်၊ ယဲ့ရှောင်ချန်းသည် ကံစမ်းမဲလှည့်တုန်းက မှော်ဆားရည်စိမ်ပုလင်း ပေါက်ခဲ့သည်က မဆိုးလှပါဘူးဟု ခံစားလိုက်ရသည်။

ထိုပုလင်းကြောင့် ကမ္ဘာပေါ်ရှိ အရသာအရှိဆုံး ဟင်းလျာများကို သူ စားသုံးနိုင်တော့မည်။

ထိုအချက်အားလုံးထက် အရေးကြီးဆုံးကတော့ သူသည် ကြီးမားသော စီးပွားရေးအခွင့်အလမ်းတစ်ခုကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။

ညီအစ်ကိုတို့... ဆားရည်စိမ်ဟင်းသီးဟင်းရွက်တွေ ဝယ်ကြဦးမလား။

ဘာဖြစ်တယ်၊ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို ဝယ်ရတာ နိမ့်ကျတယ်လို့ မင်းတို့က ထင်နေတာလား။

မဟုတ်ပါဘူး၊ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ရဲ့ အဆင့်အတန်းက နိမ့်ကျတာ မဟုတ်ဘူး၊ အခြားသူတွေ လုပ်တဲ့ ဆားရည်စိမ်တွေကသာ စုတ်ချာနေတာ။

ဆားရည်စိမ် အစစ်အမှန်ဆိုတာ ဒါမျိုးကိုမှ ခေါ်တာကွ။

အနာဂတ်ကျလျှင် သူ့ဆားရည်စိမ်များက ပြိုင်ဘက်ကင်း ဆားရည်စိမ်ဘုရင်ဖြစ်လာလိမ့်မည်။

ယဲ့ရှောင်ချန်းသည် ရင်ထဲတွင် အော်ဟစ်လိုက်မိသည်။

တစ်ယောက်ယောက်ကသာ ဒီဆားရည်စိမ်ကို မြည်းစမ်းကြည့်လိုက်သည်နှင့် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ဟု ယုံကြည်နေမိပါသည်။

အရည်အသွေးမြင့် ဟင်းသီးဟင်းရွက် အစီအစဥ်ကို အခုလောလောဆယ် အကောင်အထည် မဖော်နိုင်သေးသဖြင့် ဤအစ်ကို၏ စည်းစိမ်ချမ်းသာသို့ သွားရာလမ်းသည် အထူးအရည်အသွေးမြင့် ဆားရည်စိမ်တွေကို ရောင်းချရင်း စလိုက်ကြစို့လား။

All Chapters