လေကြွားခြင်း
Vol. 5 Ch. 61
အခန်း(၆၁) - လေကြွားခြင်း
ယန်ရှစ်မြို့တော် လုံထျင်ဒေသ
ဖန်းယွမ်သည် ဆိုဖာပေါ်တွင် မှီထိုင်နေပြီး ဖုန်းကိုင်ကာ ကျူကျူအက်ပ်ကို ဖွင့်လိုက်သည်။
ဖလတ် တီဗီကြီး၏ ကြီးမားသော မျက်နှာပြင်ကြီးပေါ်တွင် ပြဇာတ်တစ်ခုလာနေ၏။
သူ့အဖေနှင့် အမေတို့ကတော့ စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
ဖန်းယွမ်က ကျူကျူစကားပြောခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။
၎င်းမှာ တက္ကသိုလ်မှ သူငယ်ချင်းတွေ အုပ်စုဖွဲ့ထားသည့် စကားပြောခန်းတစ်ခု ဖြစ်သည်။
အားလုံးက ကောလိပ်အတန်းဖော်များ ဖြစ်ကြ၏။
သို့သော်လည်း အသက်ဝင်သော မန်ဘာတချို့သာ ရှိပြီး ကျောင်းသားအများစုက စကားသိပ်မပြောကြပေ။
ဖန်းယွမ်က ထိုစကားပြောခန်း၏ အက်ဒမင်များထဲမှ တစ်ယောက်ဖြစ်သည်။
"လေးစားတယ်ကွာ။ တကယ့်လူထဲက လူပဲ။ အရမ်းစိတ်တိုတယ်၊ ညီကိုတို့၊ ဒီနေ့ ငါ အနိုင်ယူခံလိုက်ရပြီး တော်တော် ထိသွားတယ်ကွာ။"
သူ @မန်ဘာအားလုံး ကို ပို့လိုက်သည်။
"သြော် ဖက်တီးဖန်း မင်းက ဒီလောက်အောင်မြင်နေတာ သေချာတဲ့အလုပ်နဲ့ အစားကောင်း အသောက်ကောင်းတွေတောင် စားနိုင်တယ် ဒါတောင် မင်းက ထိတယ်လို့ပြောနေတော့ ငါတို့က ဘယ်လိုနေရမလဲ"
"ဖက်တီးဖန်း ဘယ်လိုတွေဖြစ်လို့ ထိသွားတာလဲကွ"
"သူပြောတာ နားထောင်မနေနဲ့ ကြွားနေတာ နေမှာပေါ့"
"သြော် ဒါနဲ့ ဖက်တီးဖန်း အရင်တစ်ခေါက်က မျိုးစေ့တွေ ပြဿနာတစ်ခုခု ဖြစ်နေတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား အလုပ်ထုတ်ခံလိုက်ရပြီလား"
"ဟားဟား အလုပ်မထုတ်ခံရရုံတင် မဟုတ်ဘူး အထက်လူကြီးတွေက လာညှိနှိုင်းတာပါခံလိုက်ရတယ်"
"ဖက်တီးလို အဆင့်မျိုးက ဒီလို အကျိုးခံစားခွင့်မျိုးရရတယ်လို့ကွာ မနာလိုလိုက်တာ"
နဂိုက တိတ်ဆိတ်နေသော စကားပြောခန်းမှာ ရုတ်တရက် တက်ကြွလာကြသည်။ မန်ဘာများစွာက စကားပြောနေကြပြီး မက်ဆေ့ချ်များစွာလည်း တက်လာသည်။
"ဟားဟား ဘာတွေဖြစ်ခဲ့လဲ မင်းမသိပါဘူးကွာ ငါပြောရင်တောင် မင်းတို့ ယုံမှာမဟုတ်ဘူး"
ဖန်းယွမ်က လူတွေအများကြီး မက်ဆေ့ချ်ပို့နေသည်ကို မြင်လိုက်ရသောအခါ အလွန်ကျေနပ်သွားသည်။
"ဘာဖြစ်လို့လဲ ညီကို ငါ့အချိန်က တန်ဖိုးအရမ်းရှိတယ်နော်"
"ဟုတ်တယ် မင်းလို စားနိုင်သောက်နိုင် ပျော်ရွှင်နေနိုင်တာမဟုတ်ဘူး ညီကိုတို့က အလုပ်ကြမ်းလုပ်ရတာ မနက်ဖြန်မနက်လည်း အလုပ်သွားလုပ်ရဦးမယ်"
"နောက်မနေဘဲ ပြောစမ်းပါဟ"
စကားပြောခန်းထဲက မက်ဆေ့ချ်များက မရပ်မနား ပေါ်လာနေသည်။
"မင်းတို့ယဲ့ရှောင်ချန်းကို မှတ်မိကြလား"
ဖန်းယွမ်က ပြုံးကာ မက်ဆေ့ချ်ပို့လိုက်သည်။
"အမ် ယဲ့ရှောင်ချန်းက ဘယ်သူလဲ"
"ဟျောင့် သိတော့သိသလိုပဲ"
"ဟျောင့် အဲတုန်းက ငါ့အတန်းဖော် မဟုတ်ဘူးလား ဒီကိစ္စက ယဲ့ရှောင်ချန်းနဲ့ ဘာဆိုင်လို့လဲ ဒီကောင်က စကားပြောခန်းထဲတောင် ဝင်ပြီး စကားမပြောသလောက်ပဲ၊ ဘယ်မှာသေပြီလဲတောင် မသိဘူး"
"သြော် သူကိုး။ မင်းသာ မပြောရင် ငါမေ့တောင် မေ့လုနီးပါးဖြစ်နေပြီ။"
"ဖက်တီးဖန်း ယဲ့ရှောင်ချန်းနဲ့ တွေ့ခဲ့လို့လား သူဘာတွေလုပ်နေလဲ"
ဖန်းယွမ်က ကျေနပ်သွားသည်။ တက္ကသိုလ်ကျောင်းသားများ၏ စိတ်ဝင်စားမှု မြင့်တက်လာသည်ကို မြင်သောအခါ သူချက်ချင်း စာရိုက်လိုက်သည်။
"မင်းတို့တွေးကြည့်နိုင်မှာ မဟုတ်ဘူ ယဲ့ရှောင်ချန်း အခုလယ်သမား ဖြစ်နေပြီကွ"
"သူအရောင်းဝန်ထမ်း လုပ်တယ်လို့ ကြားခဲ့သလိုပဲနော်"
"အဲ့တာကြာလှပါပြီ ဟိုးတုန်းကတည်းက အလုပ်ထွက်ခဲ့တာလို့ ကြားတယ် အဲ့ကတည်းက သူ့အကြောင်း မကြားရတော့တာပဲ"
"ယဲ့ရှောင်ချန်း လယ်သမားဖြစ်တာနဲ့ မင်းထိတာနဲ့ ဘာဆိုင်လို့လဲ"
လူအများကြီးက သိချင်နေမိသည်။
ယဲ့ရှောင်ချန်းက အတန်းထဲတွင် တစ်ယောက်ယောက်က သူ့နာမည်မခေါ်မချင်း လူသိနည်းသော သူတစ်ယောက်ဖြစ်သည်။ ယဲ့ရှောင်ချန်းလို လူမျိုးအကြောင်းကို တွေးဖို့က ခက်ခဲလှပါသည်။
"ဒါပေါ့ ငါတို့ အဆက်အသွယ်ရှိတယ်၊ ဒီတစ်ခေါက် ဂလိုဘယ်ကုမ္ပဏီက မျိုးစေ့မှာ ချို့ယွင်းပြီး ငါပြဿနာတက်တော့ ပြဿနာကို ဘယ်သူရှင်းပေးလိုက်တယ် ထင်လဲ"
ဖန်းယွမ်က ပြုံးနေ၏။
တက္ကသိုလ်တွင် ယဲ့ရှောင်ချန်းက လူသိနည်းပြီး လူကြောက်တတ်သည်ကို ရုတ်တရက် သတိရသွားသည်။ ဒီကိစ္စကလည်း သူ လူသိမခံချင်သောကြောင့် ဖြစ်နိုင်လောက်သည်။
လူသိမခံချင်ဘူးဆိုလျှင် သူ့ရုက္ခဗေဒအသိပညာက အဘယ်ကြောင့် အလွန်များပြားနေရသနည်း။
အမှန်ပင်။ တကယ့်အမှားကြီးဖြစ်ပါသည်။
"ယဲ့ရှောင်ချန်းတော့ မဟုတ်ပါဘူးနော်"
"ဟားဟား ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးသမားပဲကို၊ မင်းပြောနေတဲ့ ချွတ်ယွင်းတဲ့မျိုးစေ့ကို စိုက်မှာမဟုတ်ပါဘူးနော်"
"ယဲ့ရှောင်ချန်းက ချို့ယွင်းချက်ကို ဖြေရှင်းပေးခဲ့လို့လား"
"မဟုတ်ဘူး ဖက်တီး မျိုးစေ့တွေရဲ့ချို့ယွင်းချက်က ပြင်လို့မရဘူးလို့ မပြောခဲ့ဘူးလား ဂလိုဘယ်ကုမ္ပဏီက ထိပ်တန်း ပညာရှင်ကြီးတွေတောင် ဘာမှမလုပ်နိုင်ဘူးလေ"
"မဖြစ်နိုင်တာ ဖက်တီးရဲ့မက်ဆေ့ချ်က သေချာပေါက် မရိုးရှင်းဘူး ယဲ့ရှောင်ချန်းကို သုံးပြီး အခြားကိစ္စတစ်ခုခုနဲ့ ဆက်နွယ်ချင်တာ ဖြစ်မယ်..."
သုတေသနပညာရှင်များစွာ မဖြေရှင်းနိုင်ခဲ့သော ပြဿနာကို ယဲ့ရှောင်ချန်းက ဖြေရှင်းနိုင်လိမ့်မည်ဟု အားလုံးနီးပါးက မယုံကြည်ကြပေ။
"ဟားဟား မင်းတို့အားလုံး အထင်မှားနေကြတုန်းပဲ မျိုးစေ့ချို့ယွင်းချက်ကို ဖြေရှင်းပေးခဲ့တာ ယဲ့ရှောင်ချန်းကွ၊ ပိုအံ့သြဖို့ကောင်းတာက အဲဒီအကြောင်းသိပြီးတဲ့နောက် ဂလိုဘယ်ကုမ္ပဏီရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲသိလား"
ဖန်းယွမ်က အလွန်ဂုဏ်ယူနေ၏။
မက်ဆေ့ချ်များစွာ ဝင်လာသည်။
"ဟားဟား ဂလိုဘယ်ကုမ္ပဏီရဲ့ သုတေသန ပညာရှင်တွေက ယဲ့ရှောင်ချန်းနည်းလမ်းရဲ့ နိယာမကို အခုထိ မသိကြသေးဘူးတဲ့ မထူးဆန်းဘူးလား"
ဖန်းယွမ်က ချက်ချင်း နောက်ထပ် မက်ဆေ့ချ် တစ်စောင်ပို့လိုက်သည်။
"မဖြစ်နိုင်တာ"
"ယဲ့ရှောင်ချန်းက အဲလောက်တော်လို့လား"
"ဖက်တီး မင်းသက်သက်မဲ့ ပုံပြင်ပြောနေတာ မဟုတ်လား"
"မယုံဘူးကွာ"
"ဂလိုဘယ်ကုမ္ပဏီက ယဲ့ရှောင်ချန်းကို အထူးအကြံပေးတစ်ယောက်အဖြစ် ငှားဖို့ စီနီယာဝန်ထမ်းတစ်ယောက်ကို လွှတ်ခဲ့တာ မယုံနိုင်ဘူးပေါ့၊ ငါလည်းရှိနေခဲ့တာကွ၊ ဂလိုဘယ် ကုမ္ပဏီက ဘယ်လိုမျိုး အကျိုးခံစားခွင့်ကို ကမ်းလှမ်းခဲ့သလဲသိလား"
ဖန်းယွမ်က သက်သောင့်သက်သာ ရှိအောင် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
"တစ်နှစ်ကို ယွမ်တစ်သန်း၊ အဆင့်မြင့် တိုက်ခန်း၊ ဇိမ်ခံကားတောင်ပါတယ် အားလုံးပဲ အခုတော့ ဘယ်လိုခံစားရပြီလဲဟမ်"
ဖန်းယွမ်က မက်ဆေ့ချ် ပို့လိုက်သည်။
"ဘုရားရေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်တာ"
"မျက်မှန်တောင် ကျွတ်ကျတယ်ကွ"
"ငါဒူးထောက်လျက်သား ကျသွားပြီ"
"လခွမ်း တစ်သန်းဆိုတာ ၁၀ နှစ်လောက် ထိုင်စားလို့ရတယ်"
"ငါ့ဘဝရည်မှန်းချက်က တိုက်ခန်း တစ်ခန်းနဲ့ သာမန်ကားတစ်စီး ဝယ်နိုင်ဖို့ပဲ"
"မဖြစ်ဘူး ငါတော်တော်ထိသွားပြီ"
စကားပြောခန်းထဲမှ မက်ဆေ့ချ်များ၏ အမြန်နှုန်းက ရူးလောက်အောင် မြန်ဆန်လာသည်။ မက်ဆေ့ချ်များ ပို့ခဲသည့်လူများတောင် ပေါ်လာကြပြီ ဖြစ်သည်။
ရှားမြို့တော် တိုက်ခန်းတစ်ခုတွင် ဝမ်ယွမ်တုန်းကလည်း စကားပြောခန်းထဲမှ မက်ဆေ့ချ်များကို ဖတ်နေသည်။
သူကလည်း စကားပြောခန်း၏ အတက်ကြွဆုံးဖြစ်သော လူထဲတွင်ပါသည်။ အုပ်စုလိုက် စကားပြောခန်းထဲတွင် မကြာခဏ ပါလေ့ရှိပြီး အခြားသူများက သူ့ကို ချီးကျူးကြသောအခါ ပျော်လေ့ရှိသည်။
သို့သော် ဒီတစ်ခါတော့ သူ မပျော်တော့ပေ။
ယဲ့ရှောင်ချန်းက ဖယောင်းဖြူဘွန်ဆိုင်းပင်ကို ကုသပေးခဲ့သည်။ သည်ကိစ္စကတော့ ရိုးရိုးသားသားဖြစ်နိုင်သည်။
သူ့အဆက်အသွယ်များဖြင့် မကြာခင် အမှန်တရားကို သိနိုင်တော့မည်။
သူနေထိုင်လို့ မကောင်းတော့ပေ။
ဘာကြောင့် ယဲ့ရှောင်ချန်းက ကောလိပ်အတန်းဖော်တွေကြားထဲ ရေပန်းစားလာရ ပြန်တာလဲ။
ထိုအချိန်တွင် ဖန်းယွမ်က နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
"ဟားဟား မင်းတို့မသိပါဘူးကွာ ထင်မထားစရာပဲ၊ ယဲ့ရှောင်ချန်းက ဂလိုဘယ်ကုမ္ပဏီက ကမ်းလှမ်းတဲ့ အထူးအကျိုးခံစားခွင့်တွေကို ငြင်းလိုက်တယ်ကွ၊ ဟာကွာ ငါဘယ်လိုခံစားခဲ့ရလဲသိလား ဒီကောင့်ကို သေနတ်နဲ့ပစ်ချင်စိတ်ပေါ်လာတာ ဘာလို့ ငြင်းလိုက်ရတာလဲ၊ ယွမ် ၁ သန်းတောင်ကွာ ငါသာဆိုရင်ချက်ချင်း လက်ခံပြီး တစ်စက္ကန့်တောင် စဥ်းစားမှာ မဟုတ်ဘူး"
"ငြင်းလိုက်တာလား"
ဝမ်ယွမ်တုန်းက အနည်းငယ် ကြက်သေသေသွားရသည်။
လတ်တလော ဟင်းသီးဟင်းရွက် ရောင်းချနှုန်းနှင့်တောင် သူဌေးဖြစ်ဖို့ အဝေးကြီးလိုသေးသည်။
ယွမ် ၁ သန်းက ယဲ့ရှောင်ချန်းအတွက် အလွန်များပြားသော လစာဖြစ်သည်။
သူဘယ်လို ငြင်းနိုင်တာလဲ။ ဘာကြောင့် ငြင်းလိုက်ရတာလဲ။
ဝမ်ယွမ်တုန်းပင်မကဘဲ စကားပြောခန်းထဲက လူအများစုက မယုံနိုင်ကြပေ။ တစ်နှစ်ကို ယွမ် ၁သန်းတောင်။ အဲလောက်ငွေ ရဖို့ ဘယ်လောက်တောင် စုလိုက်ရမလဲ။
အဆင့်မြင့် တိုက်ခန်းနဲ့ ဇိမ်ခံကားပင် ပါသေးသည်။ အလွန်ကောင်းလွန်း၏။
ယဲ့ရှောင်ချန်းက ငြင်းခဲ့သည်။
ဘာကြောင့် ဒီလိုဘဝမျိုးနဲ့ မနေချင်ရတာလဲ။