← Chapters

နဂါးကိုစီးနှင်၍

Vol. 40 Ch. 563

နဂါးကိုစီးနှင်၍

Vol. 40 Ch. 563

အခန်း (၅၆၃) နဂါးကိုစီးနှင်၍

ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစအကြောင်း ခေါင်းထဲအမြဲထည့်ထားသူ ဖြစ်သည်။ ထိုအပိုင်းအစများ ပိုမိုရရှိသဖြင့် သူ့အတွက် မပျော်နိုင်စရာ အကြောင်းမရှိပေ။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဆိုသည်က ထိပ်တန်းအဆင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော ကြယ်တာရာသန့်စင်ချီဝတ်ရုံ ၊ မဟာနေမင်းတိုင်းတာခြင်းပေတံ ၊ နဂါးကိုးကောင်လက်ချောင်း ၊ မျောလွင့်ဓားတို့ထက် အဆပေါင်းများစွာ သာလွန်သည်။

ဟုတ်ပေ၏။

မိုးကြိုးဧကရာဇ်မျက်လုံးသာ အစုံအလင် ပြီးပြည့်စုံသွားလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် မျောလွင့်ဝိညာဉ်ကမ္ဘာတို့က ထိုအရာကို ထိန်းထားနိုင်တော့မှာမဟုတ်ကြောင်း ရန်ကျောက်ကဲ သိရှိပြီးသားပင်။

မိုးကြိုးဧကရာဇ်မျက်လုံးသည် ထူးကဲယန်စည်းတံဆိပ် သို့မဟုတ် ထူးကဲယင်သရဖူတို့၏ တည်ရှိမှုများနှင့် တူညီခြင်းမရှိပေ။ လက်ရှိတွင် ထိုရတနာပစ္စည်းများ၏စွမ်းအားက အပြည့်အဝထွက်ပေါ်လာခြင်းမရှိသေးဘဲ  ငိုက်မျည်းအိပ်ပျော်နေသည့် အဆင့်တွင်သာ ရှိနေသေးသည်။

မကြာသေးမီနှစ်များအတွင်း ရန်ကျောက်ကဲသည်လည်း ကျင့်ကြံခြင်းအဆင့်များ မြင့်တက်လာပြီး မိုးကြိုးကရာဇ်မျက်လုံးအပိုင်းအစ၏ စွမ်းအားကို ပိုမိုအားကောင်းလာစေရန် ဆွဲထုတ်အသုံးပြုနိုင်ခဲ့သည်။ ရလဒ်ကတော့ ထိုရတနာပစ္စည်းအပိုင်းအစသည် သူ့အတွက် အသုံးမဝင်တော့ခြင်း ဖြစ်၏။

သို့သော် မျောလွင့်ဝိညာဉ်ကမ္ဘာတွင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစတစ်ခု ထပ်မံရရှိခဲ့ပြီး သူပိုင်ဆိုင်သည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက နောက်ထပ်တစ်ဖန် စွမ်းအားများ မြင့်တက်လာခဲ့သည်။ ယခု သမုဒ္ဒရာကမ္ဘာတွင် နောက်ထပ်အပိုင်းအစတစ်ခု ထပ်မံတွေ့ရှိရမည်ဆိုလျှင် ပို၍ပင် စွမ်းအားမြင့်မားလာမည် ဖြစ်၏။

ရန်ကျောက်ကဲ သူ၏ ညာဘက်မျက်လုံးကို အသာကျဉ်းမြောင်းလိုက်သည်။

သူ့မျက်လုံးအတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် အချိန်မရွေး ခုန်ထွက်သွားတော့မည့်အလား တုန်လှုပ်နေပြီး မိုးကြိုးအလင်းတန်းများ အဆက်မပြတ် တောက်ပနေသည်။

“သွားကြစို့...”

ရန်ကျောက်ကဲက တည်ငြိမ်သည့်မျက်နှာထားဖြင် ရှေ့ဆုံးမှဦးဆောင်သွားစဉ် ဖူအန်းစု ၊ ကောင်းထျန်းကျုန်းနှင့် အခြားသူများက သူ့အနောက်မှ လိုက်ပါသွားကြသည်။

သူတို့ရှေ့တါင် တဟုန်းဟုန်းမြင့်တက်လျှက်ရှိသော နဂါးချီများက ကြီးမားသောနဂါးခေါင်းကြီးများအဖြစ် ပြောင်းလဲသွားပြီး အသံမဲ့ကြုံးဝါးမှုများ ထုတ်ဖော်နေသည်။ ရန်ကျောက်ကဲတို့အုပ်စု လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာကြရင်း နဂါးဝမ်းဗိုက်အတွင်း ဝင်ရောက်လာသည့်အလား ခံစားကြရသည်။

လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး ရက်စက်ကြမ်းတမ်းသော နဂါးချီများက ပျက်ဆီးယိုယွင်းနေသည့် မရဏချီများနှင့် ရောယှက်လျှက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သိမ်မွေ့သော မျှခြေတစ်ခု ဖန်တီးထားသည်။

အထဲသို့ဝင်ရောက်လာသူများအားလုံးက မရဏချီများကို တတ်နိုင်သမျှ ရှောင်တိမ်းသွားကြသည်။

သို့သော် နဂါးချီများကတော့ ကျင့်ကြံသူများအတွက် များစွာအသုံးဝင်သည်။ ထိုနဂါးချီများက ကျင့်ကြံသူများ၏ စိတ်နှင့်ခန္ဓာကို သန့်စင်စေပြီး ဝိညာဉ်ကို အသစ်တစ်ဖန် ပြန်လည်လန်းဆန်းလာစေသည်။ စိတ်ကိုတည်ငြိမ်အောင်ထားနိုင်သရွေ့ နဂါးချီက လူများကို ဒုက္ခပေးမည်မဟုတ်ဘဲ နဂါးချီဖြင့် သန့်စင်ခြင်းခံလိုက်ရသည့် ခန္ဓာ ၊ စိတ် ၊ ဝိညာဉ်အားလုံးက အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည့်အလား ပြန်လည်အားပြည့်လာမည် ဖြစ်၏။

လမ်းလျှောက်လာရင်း ကောင်းထျန်းကျုန်းနှင့် အခြားသူများက သူတို့ရှေ့မှ ရန်ကျောက်ကဲကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်ချီစွမ်းအားများ ထွက်ပေါ်လာပြီး နဂါးချီများက ထိုအနက်ရောင်ချီစွမ်းအားများကို သန့်စင်ပစ်လိုက်သည်။

ဤသို့ဖြစ်ရသည်မှာ ရန်ကျောက်ကဲက မိစ္ဆာလမ်းစဉ်သိုင်းပညာ ကျင့်ကြံနေခြင်း မဟုတ်ပေ။ သူက နဂါးချီကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်နေခြင်း ဖြစ်သည်။ သူ၏ သွေးကြောဆုံချက်တိုင်းတွင်ရှိနေသော ညစ်ညမ်းမှုများအားလုံးကို နဂါးချီဖြင့် သန့်စင်နေခြင်းပင်။

လူသားခန္ဓာကိုယ်ဆိုသည်က လူများ၏နေထိုင်မှုပုံစံအလိုက် အလွန်တရာ ညစ်ညမ်းသောအရာ ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်တိုင် ခန္ဓာကိုယ်က သေးငယ်သောအပြစ်အနာအဆာအမျိုးမျိုးကို မသိမသာ စုဆောင်းမိခြင်း ရှိတတ်သည်။

ထိုသို့ သေးငယ်သည့် အပြစ်အနာအဆာလေးများကို အချိန်မီရှာတွေ့လျှင် အန္တရယ်မဖြစ်နိုင်သော်လည်း အချိန်မီ ရှာမတွေ့ပါက တဖြည်းဖြည်းချင်း ထုထည်ကြီးမားလာမည် ဖြစ်သည်။

ထို အပြစ်အနာအဆာ ညစ်ညမ်းမှုများက သာမန်အချိန်များတွင် ထွက်ပေါ်မလာတတ်သော်လည်း အသက်သေခါနီးအချိန် ၊ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရသည့်အချိန်များတွင် သဲမှုံများစုစည်းရာမှ ဖြစ်ပေါ်လာသည့် မျှော်စင်ကြီးအလား သိသိသာသာအစိုင်အခဲ ဖြစ်ပေါ်နေပြီး ဖယ်ရှားရခက်ခဲပေလိမ့်မည်။

ထို့ပြင် ကျင့်ကြံခြင်းတွင် တစ်စုံတစ်ခု မှားယွင်းသွားပါက ၎င်းအသွေးအမွှားပြဿနာလေးများက အဓိကပြဿနာတစ်ခု ဖြစ်လာနိုင်သလို အိုမင်းရင့်ရော်လွယ်ခြင်း ၊ ဒဏ်ရာများပျောက်ကင်းမှု နှေးကွေးခြင်း ၊ ရောဂါဝေဒနာများ အမြစ်မပြတ်နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

ယခု ရန်ကျောက်ကဲက ထိုအသွေးအမွှားပြဿနာလေးများကိုပင် သန့်စင်ပစ်နေခြင်း ဖြစ်သည်။ လူတိုင်းက ထိုသို့ ထိုသို့ပြုလုပ်ချင်ကြသော်လည်း ရန်ကျောက်ကဲကဲ့သို့ ထိရောက်စွာပြုလုပ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။

ရန်ကျောက်ကဲ ရှေ့ဆက်သွားရင်း တိတ်ဆတ်စွာပင် နဂါးသင်္ချိုင်းနယ်မြေအတွင်းမှ အခြေအနေကို လေ့လာနေသည်။

“ဗလာနယ်ပုံပျက်နေတာကြောင့် ဒီနေရာက အချိန်ကာလကြိမ်နှုန်းက အတော်လေး ဖရိုဖရဲ ဖြစ်နေတာပဲ ၊ တချို့နေရာတွေက ပြင်ပကမ္ဘာထက်ပိုမြန်နေသလို တချို့နေရာတွေကတော့ ပြင်ပကမ္ဘာထက်ပိုနှေးနေတယ် ၊ အတိအကျ ဆုံးဖြတ်ရခက်တယ်”

ရန်ကျောက်ကဲ အခြေအနေကို တဖြည်းဖြည်း နားလည်လာသည်။

“မြန်တာကမြန် ၊ နှေးတာကနှေးဆိုပေမယ့် တစ်ခုနဲ့တစ်ခု အဆင်ပြေနေကြတော့ ပြဿနာတော့ သိပ်မရှိပါဘူး”

အစွန်းရောက်ရှစ်ပါးကမ္ဘာအခြေအနေကို စိတ်ပူပန်နေသည့်တိုင် ရန်ကျောက်ကဲက ပြာယာခတ်ခြင်း ၊ ထိတ်လန့်တုန်လှုပ်နေခြင်းမျိုးမရှိဘဲ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်၏။

သူ့အရှေ့ ဗလာနယ်မှ မြင်ကွင်းများက အဆက်မပြတ် ပြောင်းလဲနေသည်။

ကောင်းကင်ကိုးထပ်အထက်မှ ကြည်လင်နေသည့်ကောင်းကင်ပြာပြာ ၊ ပြီးတော့ အဆုံးမရှိ ထူထပ်သည့် တိမ်ပင်လယ်များ။

လှိုင်းလေပြင်းထန်နေသော မြစ်များ ၊ ရေကန်များနှင့် ပင်လယ်ပြင်များ ၊ ပြီးတော့ နှေးကွေးစွာစီးဆင်းနေသော ရေခဲမြစ်များ။

လူတိုင်း ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့်ပင် မရေမတွက်နိုင်သော နေရာဒေသများစွာသို့ ဖြတ်သန်းရောက်ရှိသွားသည့်အလား အမျိုးမျိုးသောမြင်ကွင်းများကို တွေ့မြင်ကြရသည်။ နောက်ပြန်ဆုတ်မည်ဆိုလျှင်လည်း စောစောက သူတို့တွေ့ခဲ့သော မြင်ကွင်းများကို ထပ်မံတွေ့မြင်ရခြင်းမရှိဘဲ မြင်ကွင်းအသစ်များကိုသာ တွေ့မြင်ရမည် ဖြစ်သည်။

“ဒီမြင်ကွင်းတွေက သေဆုံးသွားတဲ့နဂါးမျိုးနွယ်တွေ အသက်ရှင်သန်စဉ်တုန်းက သူတို့သွားလာနေထိုင်ခဲ့တဲ့နေရာတွေကို မှတ်ဉာဏ်တွေကနေတစ်ဆင့် ထင်ကျန်ရစ်စေတာပဲ”

ဖူအန်းစု ရေရွတ်လိုက်သည်။

“ဒီ နဂါးသင်္ချိုင်းမှာ သေဆုံးသွားတဲ့နဂါးတွေ မရေမတွက်နိုင်အောင် များပြားလွန်းတယ်ထင်တယ် ၊ ဒါကြောင့် အရောင်အသွေးစုံလင်တဲ့ မြင်ကွင်းတွေအများကြီး တွေ့မြင်ရတာ အံ့သြစရာ မရှိပါဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဖြစ်နိုင်ပါတယ်...”

ဤမြင်ကွင်းများက အချိန်နှင့် ဗလာနယ်အာကာသအတွင်း ပရမ်းပတာဖြစ်မှုကို ညွှန်ပြနေခြင်းသာဖြစ်ပြီး အချိန်မရွေး အလွယ်တကူ ပျောက်ဆုံးသွားသည်။

နဂါးသင်္ချိုင်းနယ်မြေတစ်ခုလုံးက ကြီးမားသော ဝင်္ကပါကြီးနှင့် ဆင်တူသည်။ အခြေအနေကို နားမလည်ပါက ဖြတ်ကျော်သွားလာနိုင်ခြင်းမရှိဘဲ တဝဲလည်လည် ရှိနေပေလိမ့်မည်။

ရှေ့ဆက်သွားနေရင်း ရန်ကျောက်ကဲစိတ်အစဉ် ရုတ်တရက် တုန်လှုပ်သွားသည်။

သူက ချက်ချင်းပင် အရိပ်ကျုံ့အိတ်အတွင်းမှ ကျိုးပဲ့နေသော နဂါးအကြေးခွံအချို့ကို ထုတ်ယူလိုက်သည်။ ထိုနဂါးအကြေးခွံများက ရေခဲနဂါးသူတော်စင်၏နန်းတော်ဟောင်းအတွင်းမှ ရရှိခဲ့ခြင်း ဖြစ်၏။

ရေခဲတိုင်လုံးကြီးအတွင်း အလုံပိတ်ခံထားရသော ရေခဲနဂါးကြီးမှ အကြေးခွံများမဟုတ်ဘဲ အခြားနဂါးတစ်ကောင်နှင့် သက်ဆိုင်သော အကြေးခွံများ ဖြစ်သည်။ ထိုနဂါးအကြေးခွံများကို ဆက်စပ်ကြည့်ရန် ရန်ကျောက်ကဲက အမြဲတမ်း ကြိုးစားကြည့်ခဲ့သော်လည်း ယခုအချိန်ထိ အောင်မြင်ခြင်း မရှိခဲ့ပေ။

ယခု နဂါးသင်္ချိုင်းနယ်မြေတွင် ၎င်းနဂါးအကြေးခွံအကျိုးအပဲ့များ လှုပ်ရှားလာသည်ကို ကြည့်ခြင်းအားဖြင့် ရေခဲနဂါးသူတော်စင် ပျောက်ဆုံးသွားမှုသည် ဤနေရာနှင့် ဆက်စပ်နေဖွယ်ရှိသည်။

နဂါးအကြေးခွံများကိုကိုင်ရင်း ရန်ကျောက်ကဲ နဂါးသင်္ချိုင်းထဲတွင် စိတ်ရှည်လက်ရှည်ဖြင့် တည်ငြိမ်စွာ လမ်းဆက်လျှောက်နေသည်။

ခဏအကြာတွင်တော့ ရန်ကျောက်ကဲလက်ထဲမှ နဂါးအကြေးခွံများ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်သွားသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရှည်လျားသည့် မြစ်ကမ်းဘေးတစ်နေရာသို့ သူတို့ရောက်ရှိနေကြောင်း တွေ့ရ၏။

မြစ်ရေများက ရုတ်တရက် မြင့်တက်လာပြီး ရန်ကျောက်ကဲလက်ထဲမှ နဂါးအကြေးခွံများက မမြင်ရသောစွမ်းအားတစ်ခုဖြင့် ဆွဲယူခံရသည့်အလား မြစ်ရေအတွင်းသို့ ခုန်ဆင်းသွားကြသည်။

ယခင်က သူတို့နေထိုင်ခဲ့ရာနေရာသို့ ပြန်လည်ရောက်ရှိလာသည့်အလားပင်။

ရန်ကျောက်ကဲက နဂါးအကြေးခွံများ ရေထဲကျသွားသည်ကို ငြိမ်သက်စွာပင် ကြည့်နေသည်။ အတန်ကြာပြီးနောက် မြစ်ရေများ တဟုန်ထိုးမြင့်တက်လာပြီး ရေထဲမှ အဝါရင့်ရောင်နဂါးကြီးတစ်ကောင် ခုန်ထွက်လာသည်။

ထိုနဂါးကြီးက မြစ်ရေများသိပ်သည်းရာမှ ဖြစ်ပေါ်လာဟန်ရှိပြီး အနည်းငယ် နှေးကွေးဟန်ရှိသည်။ သို့ပေသိ သူက ရန်ကျောက်ကဲတို့အုပ်စုကို တိုက်ခိုက်ခြင်းမရှိဘဲ နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး ဖူအန်းစု ၊ ကောင်းထျန်းကျုန်းနှင့် အခြားသူများကတော့ အံ့အားသင့်စွာဖြင့် တက်တခေါက်ခေါက် လုပ်နေကြသည်။

အဝါရောင်နဂါးကြီးက ရန်ကျောက်ကဲတို့အုပ်စုကို သူ့ကျောထက်သယ်ဆောင်သွားပြီး မြစ်တစ်လျှောက် ဖြတ်သန်းခေါ်ဆောင်သွားသည်။

ရန်ကျောက်ကဲတို့အုပ်စု စိတ်ကူးယဉ်ဆန်သည့် မြင်ကွင်းများစွာကို ကြည့်မြင်ရင်း မြစ်ကမ်းကို ချောမွေ့စွာဖြတ်ကျော်လာခဲ့ကြသည်။ အဝါရောင်နဂါးကြီးက သူတို့ကို နဂါးသင်္ချိုင်းနယ်မြေကိုတစ်လျှောက် ဖြတ်ကျော်ခေါ်ဆောင်လာသည်။

ပတ်ဝန်းကျင်မှ နဂါးချီနှင့် မရဏချီများက သူတို့အပေါ် အပျက်သဘော သက်ရောက်မှု မရှိတော့ပေ။

အဝါရောင်နဂါးကိုစီးနှင်ရင်း ညာဘက်မျက်လုံးအတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ပိုပြီး လှုပ်ရှားလာကြောင်း ရန်ကျောက်ကဲ သိသိသာသာ ခံစားရသည်။

သူက အဝါ‌ရောင်နဂါးကြီးကို ထိန်းချုပ်ရင်း များပြားလှစွာသောအလွှာများနှင့် ရစ်ပတ်နေသည့် ပရမ်းပတာ ဗလာနယ်ကို ဖြတ်ကျော်လာပြီး နောက်ဆုံးမှာတော့ ရေခဲနှင့် ဆီးနှင်းများပြည့်နက်နေသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် လူနှစ်ယောက်ရှိနေပြီး တစ်ယောက်က လေ့ဟွမ် ဂိုဏ်းချုပ် ‘သွေးနီမိုးကြိုးဘုရင်’ ကန်းဟွေ ဖြစ်သည်။

အဝါရောင်နဂါးကြီးက ကာကွယ်ပေးထားသည့်အတွက် ကန်းဟွေက ရန်ကျောက်ကဲတို့အုပ်စု ရောက်ရှိလာသည်ကို ချက်ချင်း အာရုံခံနိုင်ခြင်း မရှိပေ။

ကန်းဟွေက သူ့အရှေ့မှလူကို စူးစိုက်ကြည့်ရင်း...

“ချန်လီတောင်ကဧည့်သည်တော် ရန်ကျောက်ကဲက သွေးနီနဂါးဂိုဏ်းက နဂါးကိုးကောင်လက်ချောင်းကို အပိုင်သိမ်းလိုက်ပေမယ့် နောက်ဆုံးတော့ လမ်းမှန်ဂိုဏ်းသားတွေဘက်က ရပ်တည်သွားတာပဲလေ ၊ လင်ချန်းချန်ကို ငါတို့ သဘောမကျပေမယ့် သူသေသွားတော့ လမ်းမှန်သိုင်းဂိုဏ်းတွေက ငါတို့ထက်အင်အားများသွားပြီ ၊ ဒီအတိုင်းသာဆက်သွားရင် ငါတို့တွေအကုန်လုံး မျိုးပြုတ်သွားနိုင်တယ်”

သူက ဆက်ပြောသည်။

“ဒီတော့ လျိုစော... မင်း ဘယ်လိုသဘောရလဲ”

All Chapters