← Chapters

နောက်တစ်ကြိမ်ဆိုတာ မရှိဘူး ၊ အခုပဲ စာရင်းရှင်းကြတာပေါ့

Vol. 40 Ch. 564

နောက်တစ်ကြိမ်ဆိုတာ မရှိဘူး ၊ အခုပဲ စာရင်းရှင်းကြတာပေါ့

Vol. 40 Ch. 564

အခန်း (၅၆၄) နောက်တစ်ကြိမ်ဆိုတာ မရှိဘူး ၊ အခုပဲ စာရင်းရှင်းကြတာပေါ့

ကန်းဟွေနှင့် မျက်နှာချင်းဆိုင်တွင် မတ်တတ်ရပ်နေသူက တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် လျို‌စော ဖြစ်၏။

လျိုစောက ကန်းဟွေကိုကြည့်ရင်း...

“မင်း ဘာဖြစ်ချင်တာလဲ  ရှင်းရှင်းပြောစမ်း ၊ ဒီ နဂါးသင်္ချိုင်းက ရတနာတွေကို အတူလက်တွဲပြီး ရှာဖွေချင်တာလား ၊ အဲဒီလိုဆိုရင်တော့ ရလာတဲ့ရတနာပစ္စည်းတွေကို ဘယ်လိုခွဲဝေယူမလဲ အရင်ဆုံး ဆွေးနွေးရလိမ့်မယ် ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကိုရှင်းပစ်ဖို့ လက်တွဲချင်တာဆိုရင်တော့ မင်းရဲ့ ပစ်မှတ်က ဘယ်သူလဲ ၊ ခြေရာမဲ့တိမ်တိုက်’ရန်ယွင်ကျုန်း’ လား”

သူက ဆက်ပြောသည်။

“နဂါကိုးကောင်လက်ချောင်းကိုင်ထားတဲ့ နျန်ချန်နဲ့အတူ မင်းတို့တွေ အုပ်စုလိုက် ဝိုင်းတိုက်တာတောင် သူ့ကို မနိုင်တာ ၊ အခုချိန် သူ့ကို တိုက်ခိုက်မယ်ဆိုရင် အသက်မပျောက်ရင်တောင် ကံကောင်းပဲ ၊ ဒီအဘိုးကြီးက တခြာသူတွေဆန္ဒနဲ့ လူတစ်ဖက်သားကို တိုက်ခိုက်ရတာကို သဘောမကျဘူး ၊ ဒါပေမဲ့ မင်းနဲ့ငါ နှစ်ယောက်ပေါင်းလည်း ခြေရာမဲ့တိမ်တိုက် ‘ရန်ယွင်ကျုန်း’ ကို သတ်နိုင်မှာ မဟုတ်ဘူး”

ကန်းဟွေက...

“ဓားအသင်္ချေရေကန်က ယန်ကန်းက အားလုံးထဲမှာ အားအနည်းဆုံးပဲ ၊ ငါတို့နဲ့ပူးပေါင်းဖို့ ယန်ကန်းကိုလည်း ဖိတ်ခေါ်လိုက်မယ်လေ ၊ အဲဒီ ရန်ကျောက်ကဲက လွှမ်းမိုးနိုင်စွမ်းမြင့်မားလွန်းပေမယ့် ယန်ကန်းကိုရော ကျန်လုန်ဂိုဏ်းချုပ် ကျောက်ကျုန်းကိုပါ ခေါ်လိုက်မယ်ဆိုရင် ငါတို့အတွက် အခွင့်အရေးတစ်ခုခုတော့ ရမှာပေါ့”

လျိုစောက သူ့မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ကန်းဟွေကိုကြည့်ကာ ပြုံးလိုက်သည်။

“ဟက်... ကြည့်ရတာ မင်းက အကုန်စီစဉ်ထားပုံပဲ ၊ ဘာလဲ လင်ချန်းချန်သေသွားတာ အားမရသေးလို့ မင်းတို့က ခြေရာမဲ့တိမ်တိုက်’ရန်ယွင်ကျုန်း’ နဲ့ ရန်ငြိုးဆက်ချက်နေတာလား”

“မင်းနဲ့ ခြေရာမဲ့တိမ်တိုက်’ရန်ယွင်ကျုန်း’ ကြားက ရန်ငြိုးကိုရှင်းချင်တာနဲ့ ဒီအဘိုးကြီးနဲ့ ကျန်လုန်ဂိုဏ်းချုပ်’ကျောက်ကျုန်း’ ကို ဆွဲထည့်ချင်တာလား ၊ ဆုတောင်းလေ... ဆုတောင်း ၊ ရန်ယွင်ကျုန်းလို ကြောက်စရာပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်ရင် ငါတို့အတွက် ဘာမှအကျိုးမရှိဘူး”

လျိုစောက ကန်းဟွေကို စူးစိုက်ကြည့်ရင်း ဆက်ပြောသည်။

“မင်း လက်စားချေချင်တယ်ဆိုလည်း ကိုယ့်ဟာကိုယ်လုပ်လေ ၊ ငါတို့ ဆွဲမထည့်နဲ့...”

ထိုစကားကိုကြားတော့ကန်းဟွေက လျိုစောကို ဒေါသတကြီး ကြည့်လိုက်သည်။

ကန်းဟွေက သမုဒ္ဒရာကမ္ဘာ၏ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ထိပ်တန်း (၁၀) ယောက်တွင် နံပါတ် (၁) ဖြစ်ပြီး သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် အဖြစ်နိုင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ခံရသူဖြစ်၏။

လျိုစောကတော့ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် ထိပ်တန်း (၁၀)ယောက်တွင် အောက်ဆုံးအဆင့်တွင်ရှိသူဖြစ်ပြီး ယခင်ကဆိုလျှင် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတို့တွင် စွမ်းအားအနည်းဆုံးသူ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခင်က ကန်းဟွေသည် လျိုစောကို အရေးပင် မစိုက်ခဲ့ပေ။

ယခုတော့ လျိုစောက ကန်းဟွေကို လုံးဝ အရေးမစိုက်ပေ။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော တစ္ဆေဝိညာဉ်သေတ္တာက လျိုစောလက်ထဲတွင်ရှိနေလေရာ ကန်းဟွေက မကျေမနပ်ဖြစ်နေသည့်တိုင် အရမ်းကာရော တိုက်ခိုက်ရဲမည် မဟုတ်ပေ။

ကန်းဟွေက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး လေးလံသောအသံဖြင့်...

“သူ့ကို အခုချိန် ရှင်းမပစ်ရင် ရေသလင်းနန်းတော်က လင်ရှီးနဲ့ ဓားအသင်္ချေရေကန်က ယန်ကန်းတို့နဲ့ ပူးပေါင်းသွားတဲ့အထိ စောင့်ချင်တာလား ၊ မင်းတို့တွေသာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် အဲဒီ ‘ရန်’ မျိုးနွယ်ကို သတ်ပစ်ဖို့ ငါကိုယ်တိုင် ငါးစာလုပ်ပြီး အန္တရယ်ကို ရင်ဆိုင်ပစ်မယ်ကွာ”

လျို‌စောက ရယ်မောရင်း...

“အမလေး... ချန်လီတောင် ၊ ရေသလင်းနန်းတော်နဲ့ ဓားအသင်္ချေရေကန်တို့က ခြေရာမဲ့တိမ်တိုက်’ရန်ယွင်ကျုန်း’ ကို အမိန့်ပေးစေခိုင်းလို့ရမယ်များ ထင်နေသလား ၊ ဝေးပါသေး...”

ကန်းဟွေ မျက်မှောင်တစ်ချက်ကြုတ်ရင်း...

“ငါ သဘောပေါက်ပြီ ၊ ငါတို့သာ သူ့ကိုသွားပြီး မနှောက်ယှက်ရင် သူကလည်း ငါတို့ကိစ္စတွေကို ဝင်စွက်မှာမဟုတ်ဘူး ၊ သူက ချန်လီတောင် အင်အားကြီးလာဖို့အတွက်လည်း ကူညီမှာမဟုတ်ဘူး ၊ ချန်လီတောင်ကို တစ်ယောက်ယောက်က တိုက်ခိုက်မယ်ဆိုရင်တော့ သူတို့ကြားက ခင်မင်မှုကြောင့် ကူညီပေးလိမ့်မယ် ၊ ဒါပေမဲ့ လမ်းမှန်ဂိုဏ်းတွေအနေနဲ့ သူ့ကို လှည့်ပတ်ပြီး ခိုင်းလို့မရနိုင်ဘူး”

လျိုစောက ခေါင်းညိတ်ရင်း...

“ငါတို့ တစ္ဆေဝိညာဉ်ဂိုဏ်းက သူ့ကို တစ်ခါမှ ရန်မစခဲ့ဖူးဘူး ၊ ပြီးတော့ ရှားလော်ဂိုဏ်း ၊ သွေးနီနဂါးဂိုဏ်းနဲ့ ချန်လီတောင်ရဲ့ ရန်ငြိုးရန်စတွေမှာလည်း ဝင်မပါဖူးဘူး”

“ပြီးတော့ အဲဒီ ‘ရန်’ မျိုးနွယ်က လမ်းမှန်ဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေကြားက တိုက်ပွဲတွေကို တကယ်စိတ်ဝင်စားမယ်များ ထင်နေသလား ၊ ငါတော့ မထင်ဘူး ၊ အနည်းဆုံး သူက လှုပ်ရှားမယ်ဆိုရင်တောင်မှ အရင်က သူနဲ့ ရန်ငြိုးရှိခဲ့ဖူးတဲ့ ရှားလော်ဂိုဏ်း ၊ ဒါမှမဟုတ် မင်းတို့ လေ့ဟွမ်ဂိုဏ်းကိုပဲ တိုက်ခိုက်မှာပဲ ၊ ငါတို့ တစ္ဆေဝိညာဉ်ဂိုဏ်းနဲ့ ကျန်လုန်ဂိုဏ်းကို စိတ်ဝင်စားမှာတောင် မဟုတ်ဘူး”

လျိုစောက ကန်းဟွေကိုကြည့်ရင်း...

“ဆိုတော့... ငါတို့က သူ့ကို ဘာလို့ သွားပြီး ရန်စရမလဲ”

“ဟုတ်တယ်... ငါတို့တွေ ဒီ နဂါးသင်္ချိုင်းက ရတနာပစ္စည်းတွေအတွက်ဆိုရင် တိုက်ပွဲဝင်သင့်တယ် ၊ ကံကောင်းရင် ကောင်းကင်တစ်ခုလုံးတုန်လှုပ်စေတဲ့ ရတနာပစ္စည်းမျိုး ရရှိနိုင်တယ် ၊ ဒါပေမဲ့ မင်း အဲဒီ ‘ရန်’ မျိုးနွယ်ကို သတ်ဖို့စဉ်းစားနေရင်တော့ မေ့လိုက်သင့်တယ်”

သူက ခဏနားပြီး ဆက်ပြောသည်။

“ဒါမှမဟုတ် မင်း ကျန်လုန်ဂိုဏ်းချုပ် ‌’ကျောက်ကျုန်း’ ကို မေးချင်ရင်မေးကြည့်ပေါ့ ၊ မင်း သူ့ကို စည်းရုံးလို့ ရချင်ရမှာပေါ့ ၊ သူက မင်းတို့ဂိုဏ်းကို ကူညီချင်လို့တော့ ခြေရာမဲ့တိမ်တိုက် ‘ရန်ယွင်ကျုန်း’ ကို တိုက်ခိုက်မှာ မဟုတ်ဘူး ၊ ‘ရန်ကျောက်ကဲ’ က ငါတို့ သမုဒ္ဒရာကမ္ဘာရဲ့ လောကပထမဆိုတဲ့ ကျောက်ကျုန်းရဲ့ နေရာကို ယူတော့မှာမို့လို့ တိုက်ခိုက်ချင် တိုက်ခိုက်လိမ့်မယ် ၊ ကျန်လုန်ဂိုဏ်းချုပ်က မာနကြီးတဲ့သူပဲ ၊ အဲဒီနေရာကို တော်ရုံနဲ့ စွန့်လွှတ်မှာ မဟုတ်ဘူး”

ကန်းဟွေက ခေါင်းခါယမ်းရင်း...

“မင်းက ဒီလိုပြောတယ်ဆိုတော့ ငါတို့ကြားမှာ နောက်ထပ် ဆွေးနွေးစရာ မရှိတော့ဘူး ၊ ဒါပေမဲ့ ဒီလိုဆုံးဖြတ်တဲ့အတွက် အနာဂတ်မှာ နောင်တမရပါစေနဲ့”

သူ့စကားမဆုံးခင်မှာပင် အဝေးတစ်နေရာမှ ပဲ့တင်ထပ်ထွက်ပေါ်လာသော အသံတစ်သံက သူတို့နားထဲသို့ ဝင်ရောက်လာသည်။

“နောက်တစ်ကြိမ်ဆိုတာ မရှိဘူး ၊ အခုပဲ စာရင်းရှင်းကြတာပေါ့”

ထိုအသံကိုကြားတော့ လျို‌စောရော ကန်းဟွေပါ မျက်နှာပျက်သွားကြသည်။ ထိုအသံပိုင်ရှင်က သူတို့နှင့် အလွန်နီးကပ်စွာ ရှိနေသည့်တိုင် ထိုသူရောက်ရှိနေကြောင်း သူတို့နှစ်ယောက်လုံး သတိမမူခဲ့မိပေ။

ဗလာနယ်ထဲမှ ပုံရိပ်ယောင်မြင်ကွင်းများကြားတွင် အဝါရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ကန်းဟွေနှင့် လျိုစောတို့ရှေ့သို့ ရောက်ရှိလာသည်။

အဝါရောင်နဂါးကြီး၏ကျောပေါ်တွင် လူတစ်စု မတ်တတ်ရပ်နေပြီး အဖြူရောင်ဝတ်စုံထက်တွင် အနက်ရောင်အနားသတ်များပါရှိသည့် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ကန်းဟွေကို ပြုံးလျှက် စိုက်ကြည့်နေသည်။ ထိုသူက အတိအကျ ‘ရန်ကျောက်ကဲ’ ပင် ဖြစ်၏။

ရန်ကျောက်ကဲက လျိုဟောကို တစ်ချက်ပြုံးပြလိုက်ပြီး ကန်းဟွေကို လှမ်းကြည့်လိုက်သည်။ ကန်းဟွေ၏မျက်နှာက ချက်ချင်းပင် မဲမှောင်သွားသည်။

ချန်လီတောင်ဂိုဏ်းချုပ် ကောင်းထျန်းကျုန်းက အဝါရောင်နဂါးကြီးပေါ်မှ ခုန်ဆင်းလိုက်ပြီး ကန်းဟွေကို ရင်ဆိုင်လိုက်သည်။

သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ထိပ်တန်း (၁၀)ယောက်တွင် ကန်းဟွေက နံပါတ် (၁) ဆိုလျှင် ကောင်းထျန်းကျုန်းက နံပါတ် (၂) ဖြစ်သည်။ သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်း မရှိသော်လည်း ဤအဆင့်သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ကောင်းကျုန်းထျန်းက သိပ်တော့ ကျေနပ်လှသည် မဟုတ်ပေ။

ထို့ပြင် နဂါးသင်္ချိုင်းနယ်မြေအတွင်းသို့ ရန်ကျောက်ကဲနှင့်အတူတူ ခရီးထွက်လာသည်ဆိုသော်လည်း အရာအားလုံး ရန်ကျောက်ကဲကို အားကိုး၍ မဖြစ်နိုင်ပေ။

တစ်ချက်မှာ ရန်ကျောက်ကဲက အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိခဲ့လျှင် အခြားသူများကို အလွယ်တကူ ခွဲဝေပေးမည်မဟုတ်ပေ။ နောက်တစ်ချက်မှာ သူတို့ ချန်လီတောင်အနေဖြင့် ရန်ကျောက်ကဲ၏ လက်အောက်ခံအဖြစ် အထင်မခံနိုင်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုင်ဆောင်ထားသော လျိုစောကို ရင်ဆိုင်ချိန် သူက ကန်းဟွေနှင့်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့၏။

သို့သော် ရန်ကျောက်ကဲက ကောင်းထျန်းကျုန်းကို လက်ကာပြလိုက်ပြီး...

“’လျို’ ဂိုဏ်းချုပ်က မတိုက်ခိုက်ချင်ဘူး မဟုတ်လား ၊ ဒီတော့ နောက်မှ ဆုံကြမယ်လေ ၊ ဒါပေမဲ့... သွေးနီမိုးကြိုးဘုရင် ကတော့ ဒီမှာ နေခဲ့ရမယ်”

လျိုစော အနည်းငယ် တုံ့ဆိုင်းနေချိန်မှာပင် ရန်ကျောက်ကဲက စတင်တိုက်ခိုက်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စူးရှသောလေပြင်းတစ်ချက် တိုက်ခိုက်သည့်ပမာ ရုတ်တရက် လှုပ်ရှားလိုက်ပြီး ချက်ချင်း ကန်းဟွေရှေ့သို့ ရောက်လာသည်။

ကန်းဟွေက ဒေါသတကြီး ကြုံးဝါးလိုက်ပြီးသူ၏ သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲ ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’ကို ထုတ်ဖော်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ကာကွယ်လိုက်သည်။

ထို့နောက် ကန်းဟွေကိုယ်တိုင်ကာ နောက်သို့ တစ်ချက်မကြည့်ဘဲ ထွက်ပြေးလေတော့၏။

သူ၏ အရှိန်အဟုန်က အလွန်လျှင်မြန်သော်လည်း ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြုံးဝါးသံတစ်ချက်ပြုရင်း ရေထဲမှခုန်ထွက်လာသည့် ဂဠုန်ငှက်ကြီးတစ်ကောင်ပမာ ကောင်းကင်ကိုးထပ်ကို ထိုးခွင်းပျံသန်းသွားသည်။

သူက ချက်ချင်းပင် ကန်းဟွေ၏အစစ်အမှန်သိုင်းကိုယ်ခွဲ ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’ကို ကျော်ဖြတ်ပြီး ကန်းဟွေအနားသို့ ရောက်ရှိလာ၏။

ကန်းဟွေ အံတင်းတင်းကြိတ်လိုက်ပြီး လက်သီးများကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များကဲ့သို့ ပူလောင်ပြင်းထန်သော မိုးကြိုးစွမ်းအားများ ထွက်ပေါ်လာသည်။ သူ ထုတ်လွှတ်လိုက်သော မိုးကြိုးစွမ်းအားက သာမန်မိုးကြိုးစွမ်းအားထက် များစွာပြင်းထန်၏။

သို့ပေသိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြန်လည်ထိုးဖောက်တိုက်ခိုက်လိုက်သည်နှင့် သွေးနီရောင်မိုးကြိုးများ တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။ သူ၏လှုပ်ရှားမှု ခဏမျှ တုံ့ဆိုင်းသွားသည့်တိုင် ချက်ချင်းပင် ကန်းဟွေအနားသို့ ရောက်ရှိသွားပြီး ရန်သူ၏ ရင်ဝကို တံတောင်ဆစ်ဖြင့် ထိုးစိုက်ချလိုက်သည်။

ကန်းဟွေ၏ အစစ်အမှန်သိုင်းကိုယ်ခွဲ ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’က အနောက်မှ ဝင်ရောက်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ချေမှုန်းရန် ကြိုးစားလိုက်သည်။ သို့သော် ရန်ကျောက်ကဲ၏ အင်္ကျီလက်အတါင်းမှ စိမ်းပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ‘ကောင်းကင်ကိုးထပ်မိုးကြိုးသွား’ ကိုယ်ခွဲကို ပိတ်ဆို့ထားသည်။

“ဘန်း...”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တံတောင်ဆစ်က ကန်းဟွေ၏ နှလုံးသားတည်ရှိရာနေရာကို လှံရှည်ကြီးတစ်စင်းပမာ ထိုးဖောက်ဝင်ရောက်သွားသည်။

သိုင်းသူတော်စင်တစ်ယောက်၏ ထိုးနှက်ခြင်းကို ခံရသည့်တိုင် ကန်းဟွေက မသေသေးဘဲ တန်ပြန်တိုက်ခိုက်ရန် စွမ်းအားကို စုစည်းလိုက်၏။ သူ၏မျက်လုံးများက တစ်ချက်လှုပ်ရှားလည်ပတ်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ထက်သို့ လက်သီးဖြင့် ထိုးစိုက်ချလိက်သည်။

“ငါ သေရင်တောင် မင်းရဲ့ သိုင်းသူတော်စင်ကိုယ်ပွားကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပစ်မယ် ၊ ဒီကိုယ်ပွားမရှိရင် မင်းဟာ ရွှံ့ထဲတိုးနေတဲ့ ကြွက်တစ်ကောင်လိုပဲဆိုတာ တစ်လောကလုံး သိစေလိုက်မယ်”

ကန်းဟွေက ကြုံးဝါးသံတစ်ချက်ပြုလိုက်ရာ သူ၏ဦးခေါင်းထက်တွင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး ခရမ်းရောင်မိုးကြိုးစက်ဝန်းတစ်ခု တောက်ပစွာထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ဝမ်းသာအားရဖြင့်...

“ဟက်... တကယ်ပဲ ဒီမှာ ရှိနေတာကိုး...”

ကန်းဟွေက နောက်ဆုံးအကြိမ် ရုန်းကန်တိုက်ခိုက်နေချိန် ရန်ကျောက်ကဲကတော့ ပြာယာခတ်ခြင်းလည်းမရှိသလို ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိပေ။

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ ပျံသန်းထွက်ပေါ်လာသည့် ခရမ်းရောင်စက်ဝန်းက ကန်းဟွေ၏ ခရမ်းရောင်မိုးကြိုးစက်ဝန်းထက် များစွာကြီးမားလေရာ ကန်းဟွေ၏ မိုးကြိုစက်ဝန်းက ဆတ်ခနဲ တုန်ခါသွားပြီး ရန်ကျောက်ကဲ၏ မိုးကြိုးစက်ဝန်းရှိရာသို့ ပျံသန်းရောက်ရှိလာတော့သည်။

ထို့နောက် အသိုင်းအမြုံရှိရာသို့ ပြန်ရောက်လာသည့် ငှက်တစ်ကောင်ပမာ မိုးကြိုးစက်ဝန်းနှစ်ခု အတူတကွ ပေါင်းစပ်သွားတော့၏။

***

(T/N - ခြေရာမဲ့တိမ်တိုက် ‘ရန်ယွင်ကျုန်း’ ဆိုတာ ရန်ကျောက်ကဲကို သမုဒ္ဒရာကမ္ဘာကခေါ်ဆိုတဲ့နာမည်ပါ -)

All Chapters