← Chapters

အခမဲ့

Vol. 5 Ch. 63

အခမဲ့

Vol. 5 Ch. 63

အခန်း(၆၃) - အခမဲ့

ဒင်...

ဖုန်းမှ သတိပေးချက်အသံတစ်ခု ထွက်လာသည်။

တာ့ပေါင်မှ မက်ဆေ့ချ် ဖြစ်၏။

ယဲ့ရှောင်ချန်းက အလုပ်များနေသဖြင့် ဂရုမစိုက်ခဲ့ပေ။ အလိမ်အညာ သို့မဟုတ် ကြော်ငြာ တက်သည်သာ ဖြစ်နိုင်သည်။

ထိုအချိန်တွင် သူက အင်မော်တယ် မုန်လာဥ အပင်ပေါက်များ၏ အမြင့်ကို တိုင်းတာနေခြင်း ဖြစ်သည်။

အနီးအနားရှိ မှတ်စုစာအုပ်တစ်အုပ်တွင် အချက်အလက်များကို ပြွတ်သိပ်စွာ ရေးသားထားသည်။ အင်မော်တယ် မြေမှ အပင်များအကြောင်းဖြစ်သည်။

နောက်ထပ် မှတ်စုစာအုပ် တစ်အုပ်လည်း ရှိ၏။ ထိုစာအုပ်တွင်တော့ သာမန် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ပျိုးထောင်ခြင်း အချက်အလက်များကို ရေးသားထားသည်။

"ကြည့်ရတာ မြေသြဇာရဲ့ အာနိသင်က မသေးဘူးထင်တယ်"

ယဲ့ရှောင်ချန်း တိုင်းတာပြီးသွားသောအခါ ဂရုတစိုက် အချက်အလက်များကို ယှဥ်ကြည့်လိုက်သည်။

သာမန်မြေသြဇာများကတော့ ဘာမှမရှိသည်ထက် ကောင်းသေးပြီး အာနိသင်နည်းသည်။

ဒါက အင်မော်တယ် အပင်များပေါ်တွင် သာမန်မြေသြဇာများကပင် အာနိသင် အလွန်နည်းကြောင်း ပြသနေသည်။

ယဲ့ရှောင်ချန်းက လက်ရှိ အင်မော်တယ် အပင်များနှင့် ယခင်အပင်များကိုလည်း နှိုင်းယှဥ်ကြည့်သည်။ အရင်နှစ်သုတ်ထက် ဒီတစ်ခေါက်က ပိုကောင်းသည်။

သူ့ပါရမီများ တဖြည်းဖြည်း တိုးတက်လာသည်ဟုလည်း ခန့်မှန်းမိသည်။

ဥပမာအားဖြင့် သူ့ သန့်စင်ခြင်း ပါရမီက ၀.၇၉ တွင်ရှိနေပြီး ၁ ပြည့်သည်နှင့် အာနိသင် ပေါ်လာမည်ဖြစ်သည်။

အခြားပါရမီများကတော့ သေချာပေါက် ၁ ထက်များပြားလိမ့်မည်။

ညနေခင်းတွင်ဖြစ်၏။

ယဲ့ရှောင်ချန်း နောက်ဆုံးတော့ အားလပ်ချိန် အနည်းငယ်ရပြီး ဖုန်းကြည့်ဖို့ အချိန်ရသွားသည်။

ယဲ့ရှောင်ချန်းသည် တာ့ပေါင်အက်ပ်ကို ဖွင့်ကြည့်လိုက်သည်။

မက်ဆေ့ချ်တစ်စောင် ဝင်နေ၏။

"ခင်ဗျားရဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ထုတ်ပိုးပုံက ဆိုးရွားလွန်းတယ်၊ ပုံတွေကလည်း လင်းထိန်နေတာပဲ ၇ ယွမ်တောင် မတန်ဘူး ၅ ယွမ်နဲ့ရင် ဝယ်ပြီး ရောင်းအား တိုးဖို့ ကူညီပေးမယ်"

ထိုမက်ဆေ့ချ်ကို မြင်သောအခါ ယဲ့ရှောင်ချန်း ရယ်ရမလား ငိုရမလား မသိတော့ပေ။

လခွမ်း၊ သူတကယ်ကြီး စျေးကို လျှော့ပစ်ချင်တာလား။

၇ ယွမ်က ပို့ဆောင်ခ ပင်မရှိပေ။

ပို့ဆောင်ခများက စျေးမနည်းပေ။ ဒါကမြို့ကြီးပြကြီးမဟုတ်ဘဲ သာမန်မြို့ငယ် ဖြစ်သဖြင့် ပို့ဆောင်ခက အနည်းဆုံး ၁၀ ယွမ်ခန့် ရှိလိမ့်မည်။

တစ်နည်းအားဖြင့် ပို့ဆောင်လျှင် အရှုံးပေါ်မည်ဖြစ်သည်။

"ကောင်းပါပြီ မှာယူမယ်ဆိုရင် ကျွန်တော် စျေးပြောင်းလဲပေးပါ့မယ်"

ယဲ့ရှောင်ချန်း အလွယ်ဒေါသထွက်နေ၏။

ဒီလူကို သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက် ဝယ်စေပြီးမှ နောင်တရအောင်လုပ်ရမည်။

ထိုလူက လိုင်းပေါ်ရှိ၊ မရှိမသိသော်လည်း သူ အလျင်အမြန် စာပြန်လိုက်သည်။

"ဟုတ်လား ရုတ်တရက်ကြီး ၅ ယွမ်ကတောင် စျေးကြီးလွန်းတယ်လို့ ခံစားမိတယ် ၃ ယွမ်ဆိုရင်ကော"

ပြန်လာသော စာကိုမြင်ပြီး ယဲ့ရှောင်ချန်း သွေးအန်လုနီးပါးဖြစ်သွားသည်။

လခွမ်း ဒီ့ထက်အရှက်မရှိတာမျိုးကော ရှိသေးရဲ့လား။

သည်းခံထား။

စိတ်ရှည်ရှည်ထား။

ယဲ့ရှောင်ချန်း အသက်ဝဝရှူလိုက်ပြီး စာပြန်လိုက်သည်။ "ကောင်းပါပြီ ကျွန်တော့်ရဲ့ ပထမဆုံး စျေးဝယ်သူဆိုတော့ အကြီးမားဆုံး လျှော့စျေး ချပေးပါ့မယ်"

ဟိုင်းဒေသ၊ ရှေးဟောင်းပုံသဏ္ဌာန် အဆောက်အဦတွင်

လင်ချန်းက ရှပ်အင်္ကျီလက်တိုဖြင့် စီးကရက်ကိုင်ကာ ကွန်ပျူတာပေါ်တွင် တာ့ပေါင် ဖွင့်သုံးနေပြီး ရောင်းသူထံမှ မက်ဆေ့ချ်ကို မြင်လိုက်ရသည်။

"ဘုရားရေ သူလက်ခံတယ်လား"

သူပျင်းရိနေသဖြင့် တာ့ပေါင် မှဆိုင်များကို လိုက်ကြည့်နေခဲ့ပြီး ထူးဆန်းသော ဆိုင်တစ်ဆိုင်အား တွေ့လိုက်ရသည်။

ဆိုင်က အလွန်နုံချာပြီး ဆိုင်ပိုင်ရှင်က ပျင်းရိသည်မှာ သိသာလှပြီး အပြင်အဆင်လည်း မလုပ်တတ်ပေ။

ထုတ်ကုန်များ၏ ပုံများကလည်း ဆိုးရွားလို့နေသည်။

ပိုပြီး လက်မခံနိုင်စရာကောင်းသည်က ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းဖြစ်သည်။ ပထမဆုံးတစ်ထုတ်က အခမဲ့ဖြစ်သည်။ ဒုတိယအထုတ်က ထင်မထားနိုင်စရာ ၁၈၈ ယွမ်တောင်ဖြစ်ပြီး တတိယအထုတ်က ပို၍ပင် တရားလွန်သေးသည်။

ပြီးတော့ စျေးဝယ်သူ တစ်ယောက်ချင်းစီကလည်း တစ်လကို သုံးထုတ်သာ ဝယ်နိုင်သည်။

လခွမ်း ဒီလောက်မွဲနေတဲ့ ဆိုင်မှာများ ကန့်သတ်ချက်တွေက များလိုက်တာ။

ဖြစ်ချင်တော့ ဆိုင်ရောင်းအားက သုည ဖြစ်နေသည်။

"ငါ့ကောင်၊ ငါက မင်းရဲ့ ပထမဆုံး စျေးဝယ်သူလေ။ ငါ့ကို အလကား ပေးလိုက်ပါလား။ မင်းရဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက အရသာရှိရင် ကြော်ငြာပေးပါ့မယ်လို့ ငါ ကတိပေးပါတယ်ကွာ။"

လင်ချန်းက ဆိုင်ရှင်၏ ဆက်ဆံရေးကို မြင်သောအခါ မနေနိုင်တော့ဘဲ ရယ်မောမိသည်။ ဒီချစ်ဖို့ကောင်းသော ဆိုင်ရှင်ကို ဆက်ပြီး စနောက်ဖို့ ဆုံးဖြတ်လိုက်သည်။

တစ်ဖက်တွင်တော့ ယဲ့ရှောင်ချန်းက အံကြိတ်နေပြီဖြစ်သည်။ သူ့ကို ခုချက်ချင်း ဘလော့ပစ်လိုက်ချင်သည်။

သို့သော်လည်း သူ့ကို လက်လွှတ်လိုက်ရမည့် အကြောင်း စဥ်းစားမိသောအခါ အလွန်စိတ်ရှုပ်မိသည်။ သူက ချက်ချင်း စာပြန်လိုက်၏။

"ကောင်းပါပြီ လိပ်စာပို့လိုက်ပါ ပစ္စည်းကို ပို့ပေးလိုက်ပါ့မယ်"

သူ ပထမတစ်ထုပ် ရပြီးသွားသည်နှင့် ဒုတိယနှင့် တတိယအထုပ်များကို ဝယ်ယူဖို့ တောင့်ခံနိုင်မည် မဟုတ်ကြောင်း ယုံကြည်သည်။

ဟင်း...

"ဘုရားရေ ဆိုင်ရှင်ကြီး တကယ်ဒေါသ ဖြစ်နေပြီပဲ"

လင်ချန်းက လိပ်စာပို့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ့လိပ်စာမဟုတ်။

သူ့ အချစ်ဆုံး သူငယ်ချင်း၏ လိပ်စာဖြစ်သည်။

ဆိုင်ရှင်က သူ့ကိုပြဿနာရှာဖို့ မဟုတ်တာ တစ်ခုခုပို့လိုက်မည်ကို ကြောက်နေသည်။

ရလဒ်အနေဖြင့် အချစ်ဆုံးသူငယ်ချင်းအား နောက်ကျော ဓားဖြင့်ထိုးလိုက်သည်။

နောက်တစ်နေ့မနက် ယဲ့ရှောင်ချန်းက ရိုးသားသော ဓားပြဟူသော နာမည်ဖြင့် စျေးဝယ်သူအား ဆားရည်စိမ် ဟင်းသီးဟင်းရွက်ငယ် တစ်ထုပ် ပို့လိုက်သည်။

လခွမ်း ပို့ဆောင်ခတွေက စျေးကြီးလိုက်တာ၊ ၁၅ ယွမ်တောင် တောင်းတယ်။

ယဲ့ရှောင်ချန်း ရင်ထဲတွင် ဆက်တိုက် ကျိန်ဆဲနေမိပြီး သူ့ဆီကသာ ဘာမှပြန်မရဘူးဆိုလျှင် သူ့မျိုးရိုးအမည်က ယဲ့မဟုတ်လောက်တော့ပေ။

ပို့ဆောင်သောနေရာ အပြင်သို့ ထွက်လိုက်သည်နှင့် ညီအစ်ကိုကျဲထံမှ ဖုန်းတစ်ကော ဝင်လာသည်။

"ရှောင်ချန်း မင်းရဲ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက တကယ်အရသာရှိတာပဲ ငါ့သူငယ်ချင်းတွေလည်း စားပြီးကြပြီး အရသာရှိတယ်လို့ ပြောနေကြတယ် ဟုတ်သားပဲ မင်းဆိုင်နာမည်က ဘာလဲ"

ယဲ့ကျဲ၏ အသံက ဖုန်းထဲမှ ထွက်လာသည်။

"ညီလေးကျဲ ငါမင်းကို ပို့ပေးလိုက်ပါ့မယ်ကွာ"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"တစ်ခေါက် အလကားစားပြီးရရင် တော်ပါပြီ မင်းလည်း စီးပွားရေးလုပ်နေတာပဲကို ပြီးတော့ ငါ့သူငယ်ချင်းတွေလည်း ဝယ်ချင်နေတာ"

ယဲ့ကျဲက ရယ်မောရင်း ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက နှာခေါင်းတို့လိုက်မိသည်။ သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက စျေးကြီးသည်ဟု တဲ့တိုး မပြောနိုင်ပါ။

မရင်းနှီးသော စျေးဝယ်သူများ အတွက်တော့ ဝယ်ချင်ဝယ် မဝယ်ချင်နေ ဆက်ဆံရေးမျိုး လုပ်လို့ရသော်လည်း ဆွေမျိုးများကိုတော့ ဒါမျိုးလုပ်လို့မဖြစ်ပါ။

သူ့ညီအစ်ကို ယဲ့ကျဲသာ ဆိုင်က အဆမတန် စျေးများကို မြင်သွားပါက မည်သို့ဖြစ်သွားမည်နည်း။

ယဲ့ရှောင်ချန်း အနေခက်သလို ခံစားလိုက်ရသည်။ သူ ဆားရည်စိမ် ဟင်းသီးဟင်းရွက် အထုပ်များ ထပ်ပို့ပေးလိုက်တာမှ ပိုကောင်းဦးမည်။

အကြာကြီး ချင့်ချိန် စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းက ညီအစ်ကိုကျဲထံသို့ အွန်လိုင်းဆိုင် လိပ်စာကို ပို့ပေးလိုက်သည်။

ရှန်ဟိုင်းမြို့ အဆင့်မြင့် အဆောက်အဦတစ်ခုတွင်။

ယဲ့ကျဲက သူငယ်ချင်းများနှင့် သောက်စားနေသည်။

စားပွဲပေါ်တွင် ဟင်းသီးဟင်းရွက် များစွာဖြင့် ပြည့်နှက်နေ၏။

သို့သော်လည်း ပန်းကန်တစ်ချပ်က ဗလာဟင်းလင်းဖြစ်နေသည်။

လေထဲတွင်လည်း ထူးဆန်းသည့်အနံ့တစ်ခုက သူတို့ကို သွားရည်ကျစေနေသည်။

"အဘိုးကြီးယဲ့ကျဲ၊ မင်း ဆိုင်လိပ်စာ တောင်းလိုက်ပြီလား။"

အနီးအနားတွင် ကြည့်လိုက်ရုံနှင့် အစားသောင်းကျန်းသူမှန်း သိနိုင်သူတစ်ယောက်ရှိနေသည်။ ထိုဖက်တီးက သူ့ကို မေးလိုက်ခြင်းဖြစ်သည်။

အခြားသူများကလည်း အတူတူပင်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ အရသာရှိမှုကို စွဲလမ်းနေကြသည်။

"အေး ငါမင်းတို့ကို ဝီချက်မှာ ပို့လိုက်မယ်"

ယဲ့ကျဲက ပြုံးကာပြောလိုက်သည်။

အလျင်အမြန်ပင် အခြားသူများအား လိပ်စာပေးလိုက်သည်။

သူတို့ ချက်ချင်းဆိုသလို တာ့ပေါင်ဆိုင်ကို ဖွင့်ကြည့်လိုက်သည်။

"ဘုရားရေ မှားများမှားနေတာလား"

ဖက်တီးက ထအော်သည်။

အခြားသူများလည်း ကြက်သေသေသွားကြရသည်။

"တစ်ထုပ်ကို ၁၈၈ ယွမ် ဟုတ်လား"

ယဲ့ကျဲကလည်း အသက်ပင် မရှူနိုင် ဖြစ်သွားသည်။

သာမန်ဆိုင်တစ်ဆိုင်တွင်ဆိုလျှင် ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ထုပ်ကို ယွမ်အနည်းငယ်သာ ပေးရသည်။

"ပထမအထုပ်က အလကား၊ ဒုတိယအထုပ်က ၁၈၈ ယွမ်၊ တတိယအထုပ်က ၂၈၈ ယွမ်၊ တစ်လကို ဝယ်သူတစ်ယောက်က ၃ ထုပ်ပဲ ဝယ်လို့ရတယ် ဟုတ်လား။"

ထွားထွားကြိုင်းကြိုင်း အခြားလူတစ်ယောက်က အညွှန်းကိုဖတ်လိုက်သည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

"ဒါပေမဲ့ စျေးကြီးတယ်ဆိုပေမဲ့လည်း ဖြစ်သင့်တယ်လို့ ငါထင်တယ်။ အဲ့လောက်အရသာရှိတာမျိုး မင်းတို့စားဖူးလို့လား။"

"မစားဖူးဘူး ဆားရည်စိမ်မပြောနဲ့ အခြားအရသာရှိတဲ့ အစားအသောက်တွေ စားဖူးရင်တောင် ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်နဲ့ ယှဥ်ရင် ခြေဖျားတောင် မမီသလောက်ပဲ"

ဖက်တီးက ရုတ်တရက် ထပြောလိုက်သည်။

"အင်း မင်းပြောမှ တစ်ထုတ် ၁၈၈ ယွမ်ဆိုလည်း တတ်နိုင်သေးတယ်လို့ ထင်မိရော"

"ဟုတ်တယ် ဒါမျိုးစားဖူးတာ ပထမဆုံးပဲ ၁၈၈ ယွမ်မကလို့ ၂၈၈ ယွမ်ဖြစ်ဖြစ် ၃၈၈ ယွမ်ဖြစ်ဖြစ် ဝယ်ကိုဝယ်မယ်"

"ငါလည်း မနေနိုင်ဘူး ၃ထုပ်လောက် ဝယ်မှဖြစ်မယ်"

အခြားသူများလည်းစဥ်းစားနေကြသည်။ ထိပ်တန်း စားသောက်ဆိုင်ကြီးများမှ ထိပ်တန်းအရသာရှိသော ဟင်းပွဲများကလည်း တစ်ပွဲကို ရာချီ ထောင်ချီ ပေးရသည် မဟုတ်ပါလော။

ဒီ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကဲ့သို့ အရာမျိုးတော့ တစ်ခုမှမရှိပါ။

မကြာမီ ထိုနေရာမှာပင် မှာယူသူများအချို့ ရှိလာသည်။

ယဲ့ကျဲကပင် ယဲ့ရှောင်ချန်းထံမှ အလကား ရနိုင်သော်လည်း ခြွင်းချက်မထားခဲ့ပါ။

သို့သော်လည်း ဒီလို စျေးကြီးသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို တစ်ခါ အလကားစားပြီး နောက်တစ်ခါ ထပ်တောင်းပါက လောဘကြီးရာ မကျနိုင်ဘူးလား။

ထို့အပြင် လက်ရှိသူ့ဝင်ငွေနှင့်ဆို တစ်လကို ဆားရည်စိမ် ဟင်းသီးဟင်းရွက် တချို့ဝယ်ယူဖို့က ပြဿနာမရှိလှပါ။

All Chapters