အမှာစာများ
Vol. 5 Ch. 64
အခန်း(၆၄) - အမှာစာများ
အိမ်သို့ ကားမောင်းကာ ပြန်လာရင်း ဖုန်းမှ တာ့ပေါင်နိုတီအသံများ ဆက်တိုက်ထွက်နေသည်ကို ယဲ့ရှောင်ချန်း ကြားလိုက်ရသည်။
ယဲ့ရှောင်ချန်း အံ့သြသွား၏။ သူကားကို လမ်းဘေး ချရပ်လိုက်ပြီး ဖုန်းကို ကြည့်လိုက်သည်။
"အော်ဒါတွေ ဘာဖြစ်လို့ အများကြီး တက်နေတာလဲဟ။"
ယဲ့ရှောင်ချန်း ကြက်သေသေသွားသည်။
စုစုပေါင်း အော်ဒါ ၇ ခုရှိပြီး အားလုံးက ၃ ထုပ်မှာယူသူများ ဖြစ်ကြသည်။
တစ်ထုပ်က ၇ ယွမ်၊ ဒုတိယတစ်ထုပ်နဲ့ဆို ၁၉၅ယွမ်၊ နောက်ဆုံးတတိယ တစ်ထုပ်ကိုပါ ပေါင်းလိုက်လျှင် ၄၈၃ ယွမ်ဖြစ်သည်။
လောလောဆယ် အော်ဒါ ၇ခုရှိနေသဖြင့် ၃,၃၈၁ ယွမ်ဖြစ်သည်။
တစ်ချိန်တည်း အော်ဒါ ၇ ခု ရသွားရသည့် အကြောင်းအရင်းကို ယဲ့ရှောင်ချန်း သိချင်သွားမိသည်။
ယဲ့ရှောင်ချန်းသည် ယဲ့ကျဲအကြောင်း ရုတ်တရက် စဥ်းစားမိလိုက်သည်။ သူ့ကို ဖုန်းခေါ်ပြီး အွန်လိုင်းလိပ်စာ ပို့ပေးရန် တောင်းခဲ့သည် မဟုတ်ပါလား။
ယခုတော့ ယဲ့ကျဲ၏ သူငယ်ချင်းများက သူ့အွန်လိုင်းစတိုးထဲသို့ ဝင်ကြည့်သွားသည့်ပုံပေါ်သည်။
ထိုသို့ စဥ်းစားပြီး အော်ဒါများအားလုံးကို သူချက်ချင်း လက်ခံလိုက်သည်။ သေချာပေါက် ယဲ့ကျဲ၏ မေးလ်လိပ်စာနှင့် တူသော စျေးဝယ်သူ တစ်ယောက်လည်း ရှိနေသည်။
"ဟားဟား အစ်ကိုကြီးကျဲက တကယ် သဘောကောင်းတာပဲ"
ယဲ့ရှောင်ချန်း မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
သူ အိမ်သို့ပြန်လာခဲ့သည်။ သိုလှောင်နေရာကွက်မှ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ၂၅ ထုပ်ကို ထုတ်လိုက်သည်။
ဒီလို ပွင့်လင်းပြီး တဲ့တိုးသမား ဈေးဝယ်သူများအတွက်တော့ ယဲ့ရှောင်ချန်းက ရက်ရောတတ်သည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ အားလုံးက အထုပ်ကြီးများ ဖြစ်သည်။
အခမဲ့အထုပ်များကသာ သေးငယ်ကြသည်။
၂၅ ထုပ် ထုတ်လိုက်ရသည့် အကြောင်းအရင်းက သူ့ညီအစ်ကိုကျဲ့အား ၄ထုပ်ပေးရန်ဖြစ်သည်။
သူ့ညီအစ်ကို ယဲ့ကျဲ၏ ကျေးဇူးကြောင့် သူ့လုပ်ငန်း ဒီလောက်မြန်မြန် စနိုင်ခဲ့ခြင်းဖြစ်သည်။
အော်ဒါ ၇ ထုပ်ကို ပို့ဆောင်ရေးထံ အပ်ပြီးနောက် ယဲ့ရှောင်ချန်း အောင်မြင်မှုတစ်ခု ရလိုက်သလို ခံစားလိုက်ရသည်။
နေ့တိုင်း ဒီလို အော်ဒါတွေ အများကြီးရရင်သိပ်ကောင်းမယ်။ ဒါပေမဲ့ လောလောဆယ်တော့ စိတ်ကူးပဲယဉ်နိုင်သေးတယ်။
သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက် ဂုဏ်သတင်း မပျံ့နှံ့သေးပါက ဤကဲ့သို့ ကောင်းမွန်သော အော်ဒါများ အချိန်တိုအတွင်း ရလာရန် မဖြစ်နိုင်သေးပေ။
နောက်ပိုင်း ရက်အတော်ကြာသည်အထိ အော်ဒါတစ်ခုပင် မရခဲ့ပေ။
သို့သော်လည်း ယခင်ကထက်တော့ ဝင်ကြည့်သူများ ပိုများလာသည်။ ထို့အပြင် သူ့တွင် ရောင်းအား ၇ခု ရှိထားပြီ ဖြစ်သဖြင့် သူ အားအနည်းငယ် ရှိနေသည်။
ယဲ့ရှောင်ချန်းက စိတ်မဖိစီးပေ။ ယခင်က အော်ဒါ ၇ ခုနှင့်ဆိုလျှင် အချိန်တန်လျှင် ရောင်းထွက်လိမ့်မည်။ လောစရာ မလိုပေ။
အဝါရောင် အင်မော်တယ် ပဲပင် သုံးပင်ကိုသာ သူ အာရုံစိုက်ထားလိုက်သည်။
အဝါရောင် အင်မော်တယ် ပဲပင် သုံးပင်က ယခု အရွယ်ရောက်နေကြပြီဖြစ်သည်။
အရွယ်ရောက်သည့် လက္ခဏာက ပဲတောင့်များ လုံးဝရွှေရောင် ပြောင်းသွားကြပြီဖြစ်ပြီး ပဲတောင့်များ၏ အစွန်းများတွင် အက်ကွဲကြောင်းများ ပေါ်လာခြင်းဖြစ်သည်။
"ဟ နောက်ဆုံးတော့ ပဲစေ့တွေခူးလို့ရပြီ"
ယဲ့ရှောင်ချန်းသည် ဟင်းသီးဟင်းရွက် ခြင်းတစ်ခု၊ ကတ်ကြေးတစ်ချောင်းတို့ကို ယူလိုက်ပြီး ပဲပင်များထံမှ ပဲတောင့်များကို တစ်ခုချင်းစီ ဖြတ်ယူလိုက်သည်။
သူအလွန် ဂရုစိုက်ကာ ပြုလုပ်နေသည်။
သူ့မျက်နှာပေါ်တွင်လည်း အလွန် တည်တံ့သော မျက်နှာထားက ပေါ်လွင်နေသည်။
ပဲတောင့်များအတွင်းရှိ ပဲစေ့များကို ထိခိုက်အောင် လုပ်မိမည်ကို စိုးရိမ်နေမိသည်။
မကြာမီ ယဲ့ရှောင်ချန်းက စုစုပေါင်း ပဲတောင့် ၁၇၈တောင့်ကို ဖြတ်ယူကာ ခြင်းထဲတွင် ထည့်လိုက်သည်။
ပဲတောင့်များသည် ရွှေဖြင့် ပြုလုပ်ထားသလိုမျိုး ခြင်းထဲတွင် တောက်ပနေသည်။
ယင်းတို့က အင်မော်တယ် ပဲစေ့များဖြစ်ကြသည်။
နောက်တစ်ဆင့်က အခွံကိုခွာပြီး အထဲမှ ပဲစေ့များကို ထုတ်ယူရန်ဖြစ်သည်။
ထိုအဆင့်က မရိုးရှင်းပေ။ အခွံကို ခွာဖို့ကလည်း မလွယ်ကူချေ။ အထဲက ပဲစေ့များကို အလွယ်တကူ ထိခိုက်မိသွားစေနိုင်သည်။
ပဲစေ့များကို ထုတ်ယူရန် အလွန်ထူးခြားသော နည်းလမ်းတစ်ခုတော့ ရှိသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းတွင် သဘာဝလွန်စွမ်းအား ဘာတစ်ခုမှ မရှိသဖြင့် အထူးနည်းလမ်းကိုလည်း သုံး၍ မရပေ။ ထို့ကြောင့် မသေမသပ် နည်းလမ်းကိုသာ သုံးနိုင်ခဲ့သည်။
သူဘွိုင်လာအိုးကို ထုတ်လိုက်ပြီး ဂတ်စ်မီးဖိုပေါ်တွင် တင်လိုက်သည်။ ပဲတောင့်များအားလုံးကို အထဲ လောင်းထည့်လိုက်ပြီး အင်မော်တယ် စမ်းရေတစ်ပုံး လောင်းထည့်လိုက်သည်။
အဖုံးကိုပိတ်ပြီး မီးညှိလိုက်သည်။
မီးက အလွန်အားနည်းသည်။ သူ ပဲစေ့များကို ချက်မိသွား၍ မဖြစ်ပေ။
စိတ်လှုပ်ရှားလွန်းနေသဖြင့် မီးဖိုမှ မျက်လုံးကိုပင် မခွာနိုင်ခဲ့ပေ။ ရေက အလွန်ပူလာပြီး ပဲစေ့များ ပျက်စီးသွားမည်ကို စိုးရိမ်နေသည်။
မိနစ်အနည်းငယ် ကြာသောအခါ ပဲတောင့်များ ကွဲလာပြီး အထဲက ရွှေရောင်ပဲစေ့များကို စတင်မြင်လာရပြီဖြစ်သည်။
ပဲစေ့များက လုံးလုံးဝိုင်းဝိုင်း၊ ကြီးကြီးမားမားဖြင့် တောက်ပလျက် အလင်းလည်း ဖောက်နိုင်သည်။ အလွန်အမင်း ထူးခြားလှသည်။
ယဲ့ရှောင်ချန်းသည် ဒါကိုမြင်သောအခါ မီးဖိုကို ချက်ချင်း ပိတ်လိုက်ပြီး အင်မော်တယ် ပဲတောင့်များနှင့် အင်မော်တယ် ပဲစေ့များကို ခပ်ထုတ်လိုက်သည်။
အဝါရောင် အင်မော်တယ် ပဲစေ့များ အားလုံးကို ရွေးထုတ်ရန် အချိန်အတော် ယူခဲ့ရသည်။
သူရေတွက်ကြည့်လိုက်သောအခါ အဝါရောင်အင်မော်တယ် ပဲစေ့ စုစုပေါင်း ၅၇၃ စေ့ ရှိသည်။
ထိုရွှေရောင်ပဲစေ့များကို ကြည့်ပြီး ယဲ့ရှောင်ချန်း အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားမိသည်။
မလွယ်ကူလှပါ။
ထိုရတနာများ ရလာရန်အတွက် သူ အချိန်အကြာကြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသည်။
"ဒီအင်မော်တယ် ပဲစေ့တွေက ဘယ်စျေးရှိမလဲ မသိဘူး"
ယဲ့ရှောင်ချန်း တွေးလိုက်သည်။
သို့သော်လည်း အင်မော်တယ် ပဲစေ့တစ်လုံးကို ထုတ်ပြီး အရည်အသွေးကို ဆန်းစစ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဓားတစ်ချောင်း ထုတ်ပြီး ပဲစေ့ကို စတင်လှီးဖြတ်ကြည့်သည်။
ဤကဲ့သို့ ပဲစေ့သေးသေးလေးကို ဖြတ်ဖို့က မလွယ်ကူပေ။
ထို့အပြင် ပဲစေ့များက အလွန်မာကျောလှသည်။
ယဲ့ရှောင်ချန်းက ကိုယ့်လက်ကိုယ် လှီးမိမလိုပင် ဖြစ်သွားသည်။
နောက်ဆုံးတော့ ပဲစေ့က နှစ်ခြမ်းကွဲသွားသည်။
ကန့်လတ်ဖြတ်ပိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ လုံးဝန်းသော မျဥ်းကြောင်း နှစ်ခုကို မြင်နိုင်သည်။
"ဟားဟား တကယ့်မျဥ်းဝိုင်းနှစ်ခုပဲ၊ ပြီးတော့ ရှင်းလင်းနေတာပဲ"
ယဲ့ရှောင်ချန်းက အံ့အားသင့်သွားမိသည်။
အရင်တစ်ခေါက်က အင်မော်တယ် မုန်လာဥများတွင် မျဥ်းဝိုင်းနှစ်ကြောင်း ရှိသော်လည်း မရှင်းလင်းဘဲ မှုန်နေသည်။ ဒါက ယခင်အခေါက်နှင့်စာလျှင် သူ့စိုက်ပျိုးရေး နည်းပညာက တိုးတက်လာသည်ကို ပြသနေသည်။
အံ့သြစရာမဟုတ်ပေ။ ဤအချိန်တောအတွင်း သူစွမ်းရည် လမ်းပြ နည်းလမ်းကို လေ့ကျင့်နေခဲ့သည် မဟုတ်ပါလော။
"စျေးက ဘယ်လောက်ရှိမလဲမသိဘူး"
ယဲ့ရှောင်ချန်း မျှော်လင့်နေမိသည်။
သူ မကြာသေးခင်က စစ်ကြည့်ခဲ့သည်။ အင်မော်တယ် ပဲစေ့များကို ခူးယူပြီးသွားသောအခါ အတွေ့အကြုံအမှတ် ၃ မှတ်ရရှိခဲ့သည်။
အဝါရောင် အင်မော်တယ် ပဲစေ့များက အဝါရောင်ဒုတိယအစဥ် အင်မော်တယ် အပင်အမျိုးအစား ဖြစ်သဖြင့် ပထမဆုံးအကြိမ် ခူးယူသောအခါ ၂ မှတ်ရသည်။ သို့သော် မျဥ်းဝိုင်းနှစ်ခုကြောင့် အပိုအမှတ် ၁ မှတ်ရရှိခဲ့သည်။
မလွယ်ကူပေ။ နောက်ဆုံးတော့ အတွေ့အကြုံအမှတ် ၆ မှတ်အထိ ရှိလာပြီဖြစ်သည်။
ယဲ့ရှောင်ချန်းက အင်မော်တယ် ပဲစေ့များကို စျေးနှုန်း စိတ်အပူဆုံးဖြစ်သည်။ သူက စတိုးကို ချက်ချင်း ဆက်သွယ်ကာ ပစ္စည်းအပ်နှံခြင်းသို့ သွားလိုက်သည်။
"ဒင်... အဝါရောင် အင်မော်တယ် ပဲပင်များက အဆင့်နိမ့် အင်မော်တယ် အပင်များတွင် ပါဝင်သောကြောင့် အနည်းဆုံး ပဲစေ့ ၅၀၀ ရောင်းချရန် လိုအပ်သည်။ ပစ္စည်းအပ်နှံချင်ပါသလား"
စနစ်အသိပေးချက် ပေါ်လာသည်။
"ငါးရာဟုတ်လား"
ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူ့တွင် အဝါရောင် ပဲစေ့ ၅၇၃ လုံးရှိပြီး တစ်လုံး လှီးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ၅၀၀ ရောင်းလိုက်ပါက သူ့လက်ထဲတွင် အဝါရောင် အင်မော်တယ် ပဲစေ့ ၇၂ စေ့သာ ကျန်မည်ဖြစ်သည်။
အင်မော်တယ် မုန်လာဥများကဲ့သို့ မဟုတ်ဘဲ ခူးယူထားသော ပဲစေ့များကို ပြန်လည်စိုက်ပျိုးရန် အသုံးပြုနိုင်သည်။ သို့သော်လည်း မျိုးရိုးအရ အထွက်နှုန်းနှင့် အရည်အသွေးကတော့ အတိုင်းအတာတစ်ခုထိ လျော့ကျသွားမည်ဖြစ်သည်။
"အင်းလေ အရင်ဆုံး ၅၀၀ ရောင်းကြည့်ရအောင်လား"
ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ် ပဲစေ့ ၇၂ စေ့ကို သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်း ပြန်လည်စိုက်ပျိုးဖို့ အတွက် သုံးနိုင်သည်။
ချက်ချင်း သူသဘောတူလိုက်၏။
တစ်ပြိုင်နက်တည်း အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀၀ သိုလှောင်နေရာကွက်ထဲမှ ပျောက်ကွယ်သွားသည်။
"ဒင် ယခု ကုန်ပစ္စည်း တန်ဖိုးဖြတ်ခြင်း ဆောင်ရွက်နေပါပြီ ကျေးဇူးပြုပြီး ခေတ္တ စောင့်ဆိုင်းပေးပါ..."
စနစ်အသိပေးချက် ထွက်လာပြန်သည်။
သိပ်မကြာလိုက်ေပ။ တန်ဖိုးဖြတ်ရလဒ် ထွက်ပေါ်လာသည်။ ယဲ့ရှောင်ချန်းက တန်ဖိုးဖြတ်ရလဒ်ကို ကြည့်လိုက်သည်။ အနည်းငယ် အံ့အားသင့်သွားရပြီး ချက်ချင်း ပျော်ရွှင်သော မျက်နှာထား ပေါ်လွင်လာသည်။
အဝါရောင်အင်မော်တယ် ပဲစေ့များ၏ တန်ဖိုးက သူထင်ထားသည်ထက် အများကြီး ပိုမြင့်နေသည်။
နံပါတ် ၁၊ အဝါရောင် အင်မော်တယ် ပဲစေ့၊ အဝါရောင်အတန်းအစား ဒုတိယအဆင့် အင်မော်တယ်အပင်၊ ပစ္စည်းအသွင် ၂.၂၇၊ အနေအထား ၂.၂၅၊ အာဟာရ ၂.၂၁၊ အင်မော်တယ် မျဥ်း ၂.၂၈၊ ချွတ်ယွင်းအဆင့် ပစ္စည်း၊ ထပ်ပေါင်း သန့်စင်မှု ၀.၈၀၊ ထပ်ပေါင်း စိတ်ဝိညာဥ် ၁.၁၉၊ စျေးနှုန်း ၂၄ ဝိညာဥ်ယွမ်။
"ဘာဖြစ်လို့ ထပ်ပေါင်းစိတ်ဝိညာဥ်ဆိုတဲ့ ဟာကြီး ရှိနေတာလဲ။"
ယဲ့ရှောင်ချန်း အံ့အားသင့်သွားမိသည်။ သူ့ စိတ်ဝိညာဥ်ပါရမီက + 1ဖြစ်သည်။
ထိုပါရမီက အဝါရောင် အင်မော်တယ် ပဲစေ့များသို့ ထည့်ပေါင်းလိုက်ခြင်း ဖြစ်နိုင်သလား။
ထို့အပြင် သန့်စင်မှုကလည်း ၀.၇၉မှ ၀.၈သို့ ပြောင်းလဲသွားသည်။ သူ့သန့်စင်မှု တိုးမြင့်လာသည်ဟူသော သဘောဖြစ်သည်။
စိတ်ဝိညာဥ်က ၁.၁၉ ဖြစ်သဖြင့် သူ့စိတ်ဝိညာဥ် ပါရမီက ထိုတန်ဖိုးထိ ရောက်လာပြီဟု ဆိုလိုသည်လော။
သူ့ရှန်းနုန်ပါရမီအကြောင်း ပိုပိုပြီး သိချင်လာမိသည်။
တွက်ချက်ပြီးနောက်တွင် စုစုပေါင်း အင်မော်တယ် ပဲစေ့ ၅၀၀ ရှိနေသဖြင့် စုစုပေါင်း တန်ဖိုးမှာ ၁၂၀ အင်မော်တယ် ယွမ်နှင့် ၆၇ ဝိညာဥ် ယွမ်တို့ ဖြစ်သည်။
ယဲ့ရှောင်ချန်းက စျေးနှုန်းကို အတော်လေး ကျေနပ်မိသည်။
အဝါရောင် အင်မော်တယ် ပဲစေ့ သုံးစေ့သာ ဝယ်ခဲ့ရသည်ဖြစ်ပြီး အင်မော်တယ် မုန်လာဥများအဖြစ် ပြောင်းလဲကြည့်ပါက အထုပ်တစ်ဝက်ခန့် လိုမည်ဖြစ်သည်။
အဝါရောင် အင်မော်တယ် ပဲစေ့များ၏ ကြီးထွားနှုန်းက ပိုမိုကြာမြင့်သော်လည်း အင်မော်တယ် မုန်လာဥများထက် ပိုသာသည့် အချက်က မြေလိုအပ်မှုဖြစ်သည်။
အင်မော်တယ် ပဲပင်များက အင်မော်တယ် မုန်လာဥများစွာ စိုက်ပျိုးနိုင်သည့် အင်မော်တယ် မြေပေါ်တွင်လည်း စိုက်ပျိုးနိုင်သည်။
သို့သော်လည်း အင်မော်တယ် ပဲစေ့များ၏ တန်ဖိုးက အင်မော်တယ် မုန်လာဥများထက် အများကြီးပိုမြင့်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ် ပဲစေ့များ စိုက်ပျိုးခြင်းက အကျိုးကျေးဇူးပိုများသည်။
ယဲ့ရှောင်ချန်း တွေးနေစဥ် စနစ်အသံတစ်သံက ရုတ်တရက် မြည်လာသည်။
"ဒင် ပစ္စည်းများ ရောင်းချပြီးပါပြီ ငွေအား သင့်အကောင့်ထဲ လွှဲပြောင်းပြီးပါပြီ"
ယဲ့ရှောင်ချန်း အနည်းငယ် ကြောင်သွား၏။ မြန်လှချည်လား။
အဝါရောင်အင်မော်တယ် ပဲစေ့များကို ဘယ်သူဝယ်သွားသလဲ ဆိုတာကို ကြည့်ရန်တောင် အချိန်မရှိခဲ့ပေ။
သူ့ခေါင်းထဲတွင် မက်ဆေ့ချ်များစွာက ဆက်တိုက် ဝင်လာနေသည်။
အားလုံးက... အင်မော်တယ် မိတ်ဆွေများထံမှ ဖြစ်သည်။