← Chapters

ကမ္ဘာတစ်ခုကို ချုပ်နှောင်၍ လက်‌ချောင်းကို ချေမှုန်းခြင်း

Vol. 103 Ch. 1437

ကမ္ဘာတစ်ခုကို ချုပ်နှောင်၍ လက်‌ချောင်းကို ချေမှုန်းခြင်း

Vol. 103 Ch. 1437

မိုးကြိုးသည် အတော်လေး ရိုးရှင်းသောအနှစ်သာရ ဖြစ်၏။ ၎င်းကို ပထမအနှစ်သာရအဖြစ် ဉာဏ်အလင်းရကြသည့် တာအိုနယ်ပယ်ပညာရှင်အရေအတွက် အတော်များသည်။ အကြောင်းရင်းများထဲမှ တစ်ခုကတော့ နားလည်ရလွယ်ကူခြင်းပင်။ ထို့ကြောင့် မိုးကြိုးအနှစ်သာရကား အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် မရှားလှချေ။ တောင်ပင်လယ်လောက သို့မဟုတ် တခြားကမ္ဘာများတွင်ပင် မိုးကြိုးအနှစ်သာရနှင့် တာအိုနယ်ပယ်ပညာရှင်များအား လက်ညှိုးထိုးမလွဲ ရှာတွေ့နိုင်၏။

သို့သော် မိုးကြိုးအနှစ်သာရကို ကျင်ယွင်ရှန်း သူ၏ကိုးခုမြောက်အနှစ်သာရအတွက် ပြောင်းလဲခဲ့သလို ပြောင်းလဲနိုင်သူများကတော့ .... ဖီးနစ်ငှက်မွှေး သို့မဟုတ် ချီလင်ချိုများလို ရှားပါးပေသည်။

ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ကျင်ယွင်ရှန်း၏ ရည်မှန်းချက်များ မည်မျှမြင့်မားသလဲ မြင်နိုင်၏။

ကျင်ယွင်ရှန်းပြောခဲ့သည့်အတိုင်း သူ၏ကိုးခုမြောက်အနှစ်သာရသည် သာမန်မိုးကြိုးအနှစ်သာရမဟုတ်။ အာကာပြင်ကျယ်စကြဝဠာ၏ ပြစ်ဒဏ်မိုးကြိုးဖြစ်သည်။ သူသာ တာအိုအရင်းအမြစ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့၍ တာအိုဖြစ်လာခဲ့လျှင်တော့  သူသည် ပြစ်ဒဏ်မိုးကြိုးအရှင်အဖြစ် အာကာပြင်ကျယ်စကြဝဠာကို ကိုယ်စားပြုနိုင်လိမ့်မည်။

ထိုအချိန်ရောက်ပါက သူ၏အာဏာကို စိတ်ကူးဖြင့်ပင် မှန်းဆကြည့်နိုင်မည်မဟုတ်ပေ။ ‌လောလောဆယ်တော့ သူ့အထင်သက်သက်သာ ရှိသေးသော်လည်း ထိုအတိုင်းဖြစ်လာအောင် လုပ်နိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။

တိုက်ပွဲအတွင်း မန်ဟို၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းများက ထူးဆန်းစွာ အားကောင်းသည်ကို သူ သတိထားမိခဲ့၏။ ထို့ကြောင့် ကျင်ယွင်ရှန်းသည် သူ၏ကိုးခုမြောက်အနှစ်သာရဆင့်ခေါ်ရန် တဒင်္ဂလေးပင် တွန့်ဆုတ်မနေခဲ့ပေ။

အဆုံးမဲ့ပြစ်ဒဏ်မိုးကြိုးများသည် အရာအားလုံးကို ဖျက်စီးပစ်နိုင်ပုံရသော ဧရာမလက်ချောင်းကြီးတစ်ချောင်းအဖြစ် အတူတကွ စုဝေးသွားကြ၏။ ဤလက်ချောင်းကို ဖီဆန်ခြင်းသည် အာကာပြင်ကျယ်စကြဝဠာကို ဖီဆန်သကဲ့သို့ဖြစ်သည့်အလား အာကာပြင်ကျယ်စကြဝဠာ၏ အငွေ့အသက်တချို့ကိုပင် လက်ချောင်းအပေါ်၌ ခံစားရနိုင်သည်။

လက်ချောင်းက ဝုန်းခနဲ မန်ဟို့ထံ ထိုးဆင်းသွားသည်။ အဝေးမှကြည့်လျှင် ၎င်းသည် ကြယ်တာရာကောင်းကင်ကို ဖျက်စီး၍ ကောင်းကင်ကို စုတ်ဖြဲနေသည်နှင့် တူ၏။ လက်ချောင်းသဏ္ဍာန်မိုးကြိုးတန်းကြီး ထိုးဆင်းလာသည့်အချိန်မှာပင် မန်ဟို့လက်နှစ်ဖက်က မုဒြာလက်ကွက်များ တဖျတ်ဖျတ်ဖော်ကာ ချုပ်နှောင်မှော်အစွမ်းအား ထုတ်လွှတ်လိုက်သည်။

“သတ္တမန္တန်” သတ္တမမန္တန်က စောစောကလေးတင် လက်ချောင်းကို ချုပ်နှောင်ဖို့ စေလွှတ်ခံခဲ့ရသော အဋ္ဌမမန္တန်နှင့်အတူ ‌ပေါ်ထွက်လာသည်။ တဖြည်းဖြည်း လက်ချောင်းကို ရစ်ပတ်နေသည့် အမျှင်နှစ်မျှင်အား မြင်လာရ၏။

လက်ရှိကျင့်ကြံအဆင့်အရ မန်ဟိုသည် ချုပ်နှောင်မန္တန်ရှစ်ခုကို ပေါင်းစည်းကာ သူ၏အစွမ်းထက်ဆုံးနတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်လေပြီ။ လက်ချောင်းက ကမ္ဘာများကို ဖျက်စီးနိုင်သည့် စွမ်းအားကို ထုတ်လွှတ်လျက် မန်ဟို့ထံ တဟုန်ထိုးကျဆင်းနေသဖြင့် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေပြီး သူတို့အောက်ရှိ မြေထုတစ်ခုလုံးလည်း လှုပ်ခတ်နေတော့သည်။

မန်ဟိုမှာ ဧရာမဖိအားကြီးဖြင့် ဖိချခံနေရသကဲ့သို့ တုန်ရီနေပြီး ဒဏ်ရာများမှ သွေးများပန်းထွန်နေသည်။ သူက ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး နောက်ဆုတ်လိုက်သည့် သူ၏ခြေလှမ်းတစ်လှမ်းတိုင်းက ခြေထောက်ကျသွားသောမြေကြီးကို ကြေမွအက်ကွဲသွားစေသည်။

“သေစမ်း” ကျင်ယွင်ရှန်းက ဟိန်းဟောက်သည်။ ဖိအားသည် တိုးပွားလာပြီး မိုးကြိုးလက်ချောင်းသည်လည်း တဂျုန်းဂျုန်းအော်မြည်လျက် ဆက်လက်ထိုးဆင်းလာနေ၏။

မန်ဟို၏မျက်လုံးများ နီရဲသွားသည်။ ပန်းချီထဲမှမြင်ကွင်းကို သူ တွေးနေမိသော်လည်း အသေးစိတ်စဉ်းစားရန် အချိန်မရပေ။ သေရေးရှင်ရေးအခိုက်အတန့်ဖြစ်၍ သူ လုပ်နိုင်သမျှမှာ လက်ကွက်များဖော်လျက် ချုပ်နှောင်မှော်အစွမ်းများ ထုတ်လွှတ်နေရုံသာ ရှိသည်။

“ဆဋ္ဌမမန္တန်”

“ပဉ္စမမန္တန်”

ယခုတွင် လက်ချောင်းသည် သူ့ထံမှ မီတာသုံးသောင်းအကွာတွင် ဖြစ်၏။ ဤအခိုက်အတန့်၌ ဆဋ္ဌမမန္တန်နှင့် ပဉ္စမမန္တန်က လက်ချောင်းအပေါ် ဝုန်းခနဲ ပြိုင်တူကျရောက်သွားသည်။ ချုပ်နှောင်မှော်အစွမ်းနှစ်ခုက လက်ချောင်းကို ရစ်ပတ်လိုက်သော နောက်ထပ်အမျှင်နှစ်မျှင်ကို ဖန်တီးလိုက်၏။

လက်ချောင်းနီးသထက် နီးလာသည်နှင့်အမျှ ကမ္ဘာပျက်သုဉ်းခြင်းအဆင့်စွမ်းအား ပေါ်ထွက်လာသဖြင့် မန်ဟို၏မျက်လုံးများ ပြူးကျယ်သွားသည်။ အာကာပြင်ကျယ်စကြဝဠာမတည်ရှိတော့ဘဲ ဤဧရာမပြစ်ဒဏ်မိုးကြိုးလက်ချောင်းသာ ကမ္ဘာပေါ်တွင် တစ်ခုတည်းကျန်ခဲ့သည့်အလား ခံစားရသည်။

မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ လှုပ်မရသည့်အပြင် သူ့ခြေထောက်အောက်ရှိ မြေကြီးမှာလည်း စိစိညက်ညက်နေသည့်တိုင် မန်ဟိုသည် နည်းနည်းလေးမှ နောက်မတွန့်ပေ။ သူ၏လက်များက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ ချုပ်နှောင်မှော်အစွမ်းများ ထုတ်လွှတ်သည်။ စတုတ္ထမန္တန် ပေါ်လာသည်။ ထို့နောက် တတိယမန္တန်။ နောက်ထပ်အမျှင်နှစ်မျှင်က ဧရာမလက်ချောင်းကြီးကို ရစ်ပတ်လိုက်၏။ ဤအခိုက်အတန့်တွင် အမျှင်ခြောက်မျှင်သည် ပိုက်ကွန်သဖွယ် တစ်မျှင်ပေါ်တစ်မျှင် ထပ်လျက် လက်ချောင်းအား ရစ်ပတ်တုပ်နှောင်ထားလေပြီ။

မန်ဟိုမှာ အုန်းခနဲ ဖိချခံလိုက်ရပြန်သည်။ လက်‌‌ချောင်းက မီတာ ၆၀၀၀ သာ ကွာတော့သည်အထိ ကျဆင်းလာသဖြင့် မန်ဟို့ခြေထောက်အောက်တွင် ချောက်နက်ကြီး ပွင့်ထွက်သွား၏။

လက်ချောင်းသည် ကြယ်တာရာကောင်းကင်တမျှ ကြီးမားသည့်တိုင် မန်ဟိုတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနေ၏။ ကျန်ရှိသူများအပေါ် သက်ရောက်မှုတစ်စုံတရာမရှိပေ။

ထို့နောက် လက်ချောင်းက ဝုန်းခနဲ မီတာ ၃၀၀၀ အကွာသို့ ရောက်လာသည်။ ဤအခိုက်အတန့်တွင် ဒုတိယမန္တန်ပေါ်လာကာ လက်ချောင်းကို ရစ်ပတ်လိုက်ရင်း ပိုက်ကွန်အား ပို၍တောင့်တင်းသွားစေသည်။

မန်ဟို့ကိုယ်ထဲရှိ အရိုးများမှ ကျိုးအက်သံများ စတင်ထွက်လာသော်လည်း မန်ဟိုသည် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသော သွေးအေးအေးမျက်လုံးများဖြင့် လက်ချောင်းကို စိုက်ကြည့်နေဆဲပင်။ ပုံမှန်အားဖြင့် သူ၏မိစ္ဆာချီက သူ၏ကိုယ်ထဲ၌သာ ငုပ်လျှိုးနေတတ်သော်လည်း ယခုတွင် အပြင်ထွက်လာပြီး သူ၏သူငယ်အိမ်များအား နီရဲတောက်ပလာလာစေ၏။ ထိုမျှသာမက ... အင်မော်တယ်လိုလို၊ နတ်ဆိုးလိုလို၊ နတ်ဘုရားလိုလို အရှိန်အဝါတစ်ခုက သူ့ထံမှ ဖြာထွက်လာသည်။

တကယ်တော့ ထိုအရှိန်အဝါသည် မိစ္ဆာချီပင် ဖြစ်၏။

မိစ္ဆာချီဖြာထွက်သွားသည့်အခါ လက်ချောင်းအပေါ်တွင် တည်ရှိသော အာကာပြင်ကျယ်စိတ်ဆန္ဒက ရုတ်တရက် လှုပ်ရှားလာပြီး တစ်ချိန်တည်းမှာပင် သူတို့ရောက်နေသည့် ပထမမြေထုသည်လည်း တသိမ့်သိမ့် တုန်ခါကာ ပြောင်းလဲစပြုလာသည်။

ပြောင်းလဲမှုကို မန်ဟို ခံစားရသော်လည်း အကဲခတ်ရန် အချိန်မရှိပေ။ သူသည် တင်းမာခက်ထန်သောအမူအရာဖြင့် လက်ချောင်းကို မော့ကြည့်၏။ ထို့နောက် ဟားတိုက်ရယ်သည်။ ရယ်သံတွင် အမျက်ဒေါသ၊ သတ်ဖြတ်လိုမှုနှင့် ရက်စက်ကြမ်းတမ်းမှု ပြည့်နှက်နေသည်။

မန်ဟို့အရှိန်အဝါနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ကျင်ယွင်ရှန်းကို ရင်တဒိန်းဒိန်းခုန်လာစေသည်။ သူတစ်ယောက်သာမဟုတ်။ ကြည့်ရှုနေသူတိုင်းလည်း ရင်ထဲ မတင်မကျဖြစ်လာကြ၏။

ထိုစဉ်မှာပဲ ဂိုဏ်းချုပ်က မျက်လုံးဖွင့်၍ လှမ်းအော်သည်။ “ကျင်ယွင်ရှန်း တော်တော့”

“ဒီကောင့်ကို မသတ်အောင် ဘယ်သူ့မှ ငါ့ကို မတားနိုင်ဘူး” ကျင်ယွင်ရှန်းကလည်း ပြန်အော်ပြောသည်။ “သင်္ချိုင်းဂူကနေ သူ့ကို ချိန်ရွယ်ထားတဲ့ အသတ်အဖြတ်စိတ်ဆန္ဒကို မင်း မခံစားခဲ့ရဘူးဆိုတာ ငါ မယုံဘူး

“သူ့ကို သတ်တာက အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့အလိုဆန္ဒကို ဖြည့်ဆည်းပေးရာရောက်လိမ့်မယ်” ကျင်ယွင်ရှန်းသည် မုဒြာလက်ကွက်နောက်တစ်ကွက်ဖော်ရင်း အားပိုထည့်လိုက်သည်။ သူ၏စွမ်းအားကို လွန်ကျူးစွာဆင်ခေါ်နေမိသည့်အချက်ကို အဖက်မလုပ်ဘဲ သူသည် လက်ချောင်းအား တွန်းချလိုက်ရာ လက်ချောင်းသည် မန်ဟိုထံမှ မီတာ ၁၅၀ သာ ကွာဝေးတော့၏။

မန်ဟို၏ဒဏ်ရာဒဏ်ချက်များမှ သွေးများသည် ရေပန်းလို ပန်းထွက်ကုန်သည်။ သူသည် ပြင်းထန်သောအမျက်ဒေါသကြောင့် မျက်လုံးများနီစွေးလျက် တုန်ရီစွာ ရပ်နေ၏။ ဤအချိန်တွင် လက်ချောင်းကား သူ့ကို ထိပေတော့မည်။

“ပထမမန္တန်” သူက လက်ချောင်းကို ဝှေ့ယမ်းရင်း ဟိန်းဟောက်သည်။ နောက်ဆုံးတော့ ပထမမန္တန်က လက်ချောင်းကို ရစ်ပတ်လိုက်သော အမျှင်တစ်မျှင် ဖြစ်သွားချေပြီ။

ဤအခိုက်အတန့်တွင် ချုပ်နှောင်မန္တန်ရှစ်ခု၏အမျှင်များသည် ဧရာမပိုက်ကွန်ကြီးတစ်ခုကို ဖော်ဆောင်လိုက်၏။

မန်ဟို စောင့်နေခဲ့သည်မှာ ဤအခိုက်အတန့်ပင် ဖြစ်သည်။ သူသည် လက်နှစ်ဖက်လုံးကို ဘေးသို့ဖြန့်ကားလိုက်ပြီး သူ၏မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေ၏။ တိုက်ပွဲစကတည်းက ယခုအချိန်အထိ သူသည် ကြောက်လန့်သွားသောအရိပ်အ‌ယောင် မြူမှုန်‌လေးမျှ မပြသခဲ့ပေ။ ကျင်ယွင်ရှန်းကို တိုက်ခိုက်လိုသည့် စိတ်ဆန္ဒသည်လည်း တစ်ပြားသားမှ လျှော့မသွားခဲ့။

“မန္တန်ရှစ်ခု ပေါင်းစည်းလော့” သူ့လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် လိမ်ယှက်နေသောအမျှင်ရှစ်မျှင်သည် ရုတ်တရက် ကျုံ့လာ၏။ ၎င်းတို့က ကျုံ့နေစဉ် ၎င်းတို့လမ်းကြောင်းထဲရှိ မည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်သည်။ ပြစ်ဒဏ်မိုးကြိုး၊ အာကာပြင်ကျယ်မြူများ၊ အသွေးအသား သို့မဟုတ် ဝိညာဉ်များ၊ မည်သည့်အရာပင် ဖြစ်စေကာမူ ဖြတ်တောက်ခံရလိမ့်မည်သာ။

မန္တန်ရှစ်ခု စတင်လှုပ်ရှားသည်နှင့် တဂျုန်းဂျုန်းမြည်သံများ ကြားလိုက်ရသည်။ မန်ဟို၏မိစ္ဆာချီသည်လည်း ချုပ်နှောင်မန္တန်များအတွင်း စိမ့်ဝင်ကာ အမျှင်ရှစ်မျှင်ကို မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်လောက်အောင် ထက်မြသောအရာဝတ္ထုများ ဖြစ်လာစေသည်။ တခဏလေးအတွင်း ... ၎င်းတို့သည် မန်ဟို့ခေါင်းထံမှ မီတာသုံးဆယ်သာ ကွာတော့သော လက်ချောင်းကို ဖြတ်တောက်လိုက်၏။ လက်ချောင်းမှာ ... ချက်ချင်းလက်ငင်း အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်သွား‌တော့သည်။ မိုးကြိုးမှာလည်း အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည့် မီးပွားများအသွင်ပြောင်းသွား၏။

“မဖြစ်နိုင်ဘူး” ကျင်ယွင်ရှန်း၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူ၏အမူအရာမှာ အံ့ဩမယုံနိုင်သောအမူအရာ ဖြစ်သွားသည်။

“မင်းက ငါ့ကို သတ်ဖို့ အရည်အချင်းမပြည့်မှီဘူး” မန်ဟိုက အင်္ကျီလက်ခါကာ ပြောသည်။ မိုးကြိုးပြိုကွဲသွားသည်နှင့် သူ့ကို ချုပ်ထားသော အနှောင်အဖွဲ့အားလုံး ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် သူသည် အံ့မခန်းလိလိအမြန်နှုန်းဖြင့် တဟုန်ထိုး ရှေ့ထွက်သွားတော့၏။

All Chapters