စတုတ္ထလက်သီးချက် နတ်ဆိုးဇီဝိန်ချုပ်လက်သီး
Vol. 103 Ch. 1436
ဤအခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
၎င်းက အသက်နုတ်လက်သီးမှတစ်ပါး အခြားမဟုတ်ပေ။
လက်သီးတစ်ချက်တည်းက သူ့ကို ဖြစ်ညစ်ဆုပ်ကိုင်ထားသည့် လေထုကို မဖြိုခွင်းနိုင်သဖြင့် မန်ဟိုက ဒုတိယလက်သီး ခန္ဓာစတေးလက်သီးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် တတိယလက်သီး နတ်ဘုရားသုတ်သင်လက်သီး။ ဆက်တိုက်ထွက်သွားသော လက်သီးသုံးချက်သည် တိုက်ကွက်တစ်ကွက်တည်းအဖြစ် ပေါင်းစည်းသွား၏။ စွမ်းအားပေါက်ကွဲသွားသည့်အခါ သူက အချုပ်ခံထားရာမှ ရုန်းထွက်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။
ထိုအခိုက်အတန့်မှာပင် သူ၏ပတ်ပတ်လည်ရှိ လေထုသည် စုတ်ဖြဲခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် အနောက်မှ ကြောက်ခမန်းလိလိစွမ်းအားတစ်လုံးက မန်ဟို့ဆီ ပြေးဝင်လာသည်။ ၎င်းက ... ကောင်းကင်စုတ်ဖြဲခြင်းစွမ်းအားပင် ဖြစ်လေသည်။
ကြည့်သရွေ့ ထိုစွမ်းအားသည် မန်ဟိုကို အပိုင်းပိုင်းစုတ်ဖြဲမပစ်နိုင်မချင်း မရပ်မည့်အလားပင်။
မန်ဟိုက ရှောင်လိုက်သော်လည်း ကောင်းကင်စုတ်ဖြဲခြင်းစွမ်းအားက သူ့ထံ ဆက်လက်ရွေ့လျားလာသည်။ လေထုသည် ပြိုကွဲစုတ်ပြဲလာပြီး မန်ဟိုမှာ ရှောင်နိုင်စွမ်းမရှိတော့သည့်ပုံပေါ်နေ၏။
အောက်ရှိ ရှန့်ကွမ်းဟုန်နှင့် ကျန်ပါရာဂွန်များမှာ ပင့်သက်ရှိုက်မိသွားကြသည်။ သူတို့သည် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပါရာဂွန်များ အစွမ်းပြသသည်ကို တစ်ခါမှမမြင်ခဲ့ဖူးခြင်းမဟုတ်သော်လည်း မြင်လိုက်ရတိုင်း သူတို့မည်မျှသေးနုပ်အားနည်းကြောင်း သဘောမပေါက်မိဘဲ မနေပေ။
မန်ဟို နောက်တစ်ကြိမ် လွတ်သွားပြန်သည်ကို မြင်လျှင် ကျင်ယွင်ရှန်းက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်သည်။ “မသေသေးဘူးလား”
သူသည် စုတ်ဖြဲလိုက်ဟန် ထပ်မံလုပ်လိုက်သဖြင့် အဆုံးမဲ့ရွှေအလင်းရောင်က သူ၏လက်နှစ်ဖက်မှ ဖြာထွက်လာသည်။
တဂျုန်းဂျုန်းထစ်ချုန်းသံများက မန်ဟို့ကို ဝန်းရံသွားပြီး အသက်ဘေးအန္တရာယ်အား သူ ခံစားလိုက်ရ၏။ သို့သော် သူ မကြောက်ပေ။ အမှန်တွင် ထိုအသက်ဘေးအန္တရာယ်က ရွှေတုန်းလျှို၏အမွေအတွင်းရှိ တစ်စုံတစ်ခုကို လှုံ့ဆော်လိုက်၏။
“နတ်ဘုရားသုတ်သင်လက်သီးသုံးချက်က မလုံလောက်ဘူး။ စတုတ္ထလက်သီးချက်ကို ငါ လိုအပ်မယ်။ ပဉ္စမမြောက်ကိုတောင် လိုရင်လိုနေမှာ” မရေမတွက်နိုင်သောအတွေးများ မန်ဟို့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး တစ်ချိန်တည်းမှာပင် လင်းလက်ပြိုးပြက်နေသည့် နိမိတ်အလင်းအား သူ၏မျက်လုံးများတွင် မြင်လာရ၏။
“ပထမလက်သီးက အသက်နုတ်လက်သီး။ ဒုတိယလက်သီးက ခန္ဓာစတေးလက်သီး။ တတိယလက်သီးက နတ်ဘုရားသုတ်သင်လက်သီး။ ဆိုတော့ စတုတ္ထလက်သီးက .... နတ်ဆိုးဇီဝိန်ချုပ်လက်သီး ဖြစ်သင့်တယ်
“နတ်ဆိုးတွေက ညအမှောင်ထုလိုပဲ။ နတ်ဆိုးဇီဝီန်ချုပ်လက်သီးက အမှောင်ထုကို ဖြိုခွင်းမယ့်လက်သီးလို ဖြစ်လိမ့်မယ်” မန်ဟိုသည် ဆဋ္ဌမပါရာဂွန် ထုတ်လွှတ်ခဲ့သော နတ်ဘုရားစွမ်းရည်ကို ပြန်တွေးရင် အသက်ရှူမြန်လာ၏။ ရွှေတုန်းလျှို၏အမွေမှ မှော်အတတ်တစ်ခုနှင့်အတူ လွန်ခဲ့သည့်နှစ်များက ရှိခဲ့သောဉာဏ်အလင်းများ ပေါင်းစည်းသွားသည့်အခါ .... သူ၏စိတ်ထဲတွင် အတွေးတစ်ခု၏ကောက်ကြောင်း ပေါ်လာသည်။
အချိန်ဆွဲဆင်ခြင်သုံးသပ်နေရန် အချိန်မရှိပေ။ ကောင်းကင်စုတ်ဖြဲခြင်းစွမ်းအား သူ၏ပတ်ပတ်လည်တွင် စတင်စုဝေးနေစဉ် မန်ဟို၏ညာလက်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်သည်။
“စတုတ္ထလက်သီး နတ်ဆိုးဇီဝိန်ချုပ်လက်သီး” မန်ဟိုက ဟိန်းဟောက်ရင်း ထိုးချလိုက်သည်။ စတုတ္ထလက်သီးချက်သည် ထွက်သွားသောအခါ အနက်ရောင်လှိုင်းဂယက်များကို ပတ်ဝန်းကျင်အပြည့် ဖြန့်ကျက်လိုက်၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ညပမာ မှောင်မိုက်သွားလေပြီ။
ထို့နောက် ထိုပိတ်ပိန်းနေသည့်အမှောင်ထုအတွင်း၌ သူ၏လက်သီးက လင်းလက်တောက်ပလာသည်။
အရောင်အဝါသည် အဖြူရောင်မဟုတ်၊ အနီရောင်ဖြစ်၏။ ညအမှောင်တွင်သာ အရေပြားရှိလျှင် အရေခွံလှန်ခံလိုက်ရ၍ နီနီရဲရဲအသားများပေါ်လာသကဲ့သို့ ဖြစ်ပေသည်။ ဤလက်သီးကား မန်ဟို ယခုလေးတင် ဉာဏ်အလင်းရရှိခဲ့သော စတုတ္ထလက်သီး နတ်ဆိုးဇီဝိန်ချုပ်လက်သီးဖြစ်ချေ၏။
၎င်းသည် ည၏အမှောင်ထုကို ဖြိုခွင်းဖို့ မိုးသောက်အလင်းရောင်ကို မသုံး။ ထိုအစား ညအမှောင်၏အရေခွံကို စုတ်ဖြဲနေလေသည်။ ကျင်ယွင်ရှန်း၏ ကောင်းကင်စုတ်ဖြဲခြင်းမှော်အစွမ်းပင် လုံးလုံးလျားလျား ဖျက်စီးခံလိုက်ရသည်။ မန်ဟို၏စတုတ္ထလက်သီးက ကျင်ယွင်ရှန်းအပေါ် ကျရောက်လာပြီး ကျင်ယွင်ရှန်း၏စွမ်းအားကို အားဖြည့်ပေးနေသော ရွှေအလင်းရောင်လည်း ဖယ်ခွာခံလိုက်ရ၏။
ပေါက်ကွဲသံများ ဟိန်းထွက်နေစဉ် ကျင်ယွင်ရှန်းက စူးစူးဝါးဝါးအော်သည်။ သူ့လက်နှစ်ဖက်လုံး တုန်ရီနေပြီး သူသည် ပါးစပ်မှသွေးများစီးကျနေလျက် အလိုလိုနောက်ဆုတ်မိသွား၏။ မန်ဟို့ကို ပြန်မော့ကြည့်သောအခါ သူ၏မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် တောက်ပနေလေသည်။
“အဲဒါ ဘာနတ်ဘုရားစွမ်းရည်လဲ” အံ့ဩထိတ်လန့်မှုက သူ၏နှလုံးသားကို ဖြစ်ညစ်လိုက်၏။ ကောင်းကင်စုတ်ဖြဲခြင်းမှော်အစွမ်းသည် တော်ရုံတန်ရုံလူများ ဘယ်တော့မှ မချိုးဖျက်နိုင်သော သူ၏ဝှက်ဖဲတစ်ချပ်ဖြစ်သည်။ တကယ်တမ်း ဤသည်မှာ ယခုလို ပထမဆုံးအကြိမ် ဖျက်စီးခံလိုက်ရခြင်းပင်။
ယခင်တုန်းက ၎င်းကို ဖြတ်ကျော်နိုင်ခဲ့သူများ ရှိခဲ့သော်လည်း ဖျက်စီးနိုင်ခဲ့သူကတော့ မန်ဟို ပထမဆုံးဖြစ်သည်။
ကျင်ယွင်ရှန်း နောက်ဆုတ်သွားသည့်အချိန်မှာပင် မန်ဟိုသည် မျက်လုံးများနီရဲနေလျက် ပို၍ပင် တိုက်ခိုက်ချင်နေသောပုံစံဖြင့် အမှောင်ထုထဲမှ ထွက်လာ၏။ ထို့နောက် တဝုန်းဝုန်းပေါက်ကွဲသံများကို ထုတ်လွှတ်ရင်း ရှေ့လျှောက်လာသည်။
“မင်း နတ်ဘုရားစွမ်းရည်တွေကို သုံးသင့်သလောက် သုံးပြီးပြီ။ အခု ငါ့အလှည့်ပဲ” ထို့နောက် သူသည် ကျင်ယွင်ရှန်းကို လက်ညှိုးထိုးကာ မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ မိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်၏။ ၎င်းကား အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှတစ်ပါး အခြားမဟုတ်ပေ။
ချက်ချင်းပင် ဟင်းလင်းပြင်က လှုပ်မရအောင် ချုပ်လိုက်သဖြင့် ကျင်ယွင်ရှန်း မျက်စိမျက်နှာပျက်သွားပြီး အန္တရာယ်အာရုံက သူ့ရင်ထဲတွင် ပေါက်ဖွားလာတော့သည်။
ကျင်ယွင်ရှန်းက တခဏလေးပင် မတွန့်ဆုတ်ပေ။ သူသည် မျက်လုံးများလင်းလက်တောက်ပနေလျက် လျှာထိပ်ကို ကိုက်၍ သွေးတစ်လုပ်ထွေးလိုက်၏။ သွေးများက လွင့်စင်နေစဉ် သွေးရောင်ချုပ်နှောင်အမှတ်တစ်မှတ်ဖြစ်လာကာ ပျံတက်သွားပြီး သူ့နဖူးပေါ် သက်ဆင်းလာသည်။
မိုးနှင့်မြေကို တုန်လှုပ်စေနိုင်သော အရှိန်အဝါတစ်ခုပေါ်လာသဖြင့် ထစ်ချုန်းသံများ ကြားရနိုင်သည်။ အဆိုပါအရှိန်အဝါသည် ကျင်ယွင်ရှန်းထံမှ ဖြာထွက်လာသည်နှင့် မရေမတွက်နိုင်သော ရွှေရောင်မိုးကြိုးတန်းများ ဖြစ်လာ၏။
ဤမိုးကြိုးတန်းများကား ရွှေပြစ်ဒဏ်မှ ရွှေရောင်မိုးကြိုးများ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ရှေးဆန်သော သွေးရောင်ချုပ်နှောင်အမှတ်မှ အခိုးအငွေ့များ စတင်ပျံ့လွင့်လာသည်။ ထိုအခိုးအငွေ့များအရ ဤအမှတ်သည် အချိန်ဟူ၍ ဖြစ်မလာခင်ကတည်းက တည်ရှိခဲ့သည့်အလားပင်။ အခိုးအငွေ့များသည် လွန်စွာအားကောင်းလှသဖြင့် သင်္ချိုင်း၏အပြင်ရှိ အာကာပြင်ကျယ်ပင်လျှင် တုန်ရီလာသည်။ တစ်ချိန်တည်းမှာပင် တိမ်တိုက်များ ကျဆင်းစပြုလာ၏။
သင်္ချိုင်း၏အပြင်တွင် တိမ်တိုက်များ အလိပ်လိပ်ထနေသည်။ တဖွေးဖွေးလှုပ်နေသော ထိုတိမ်တိုက်များသည် သင်္ချိုင်းဗိမာန်ထံ ဦးတည်လျက် ကျုံ့ဝင်နေကြ၏။
မျက်စိတစ်မှိတ်အတွင်း ထိုတိမ်များက သင်္ချိုင်းထဲ၌ ဖုံးကွယ်ထားသည့် မမြင်ရသောအတားအဆီးများကို ထိုးဖောက်ပြီးနောက် ကျင်ယွင်ရှန်း၏အနောက်တွင် ပေါ်လာကြကာ ပို၍ပင်များပြားသောမိုးကြိုးများအဖြစ် စတင်စုဝေးနေကြသည်။
“ငါ့ရဲ့ ကိုးခုမြောက်အနှစ်သာရက အာကာပြင်ကျယ်ပြစ်ဒဏ်မိုးကြိုးပဲ။ ပြစ်ဒဏ်မိုးကြိုးကို ဉာဏ်အလင်းရဖို့ ငါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသလို၊ ဖြစ်စဉ်ပြီးမြောက်ဖို့ အာကာပြင်ကျယ်ရဲ့ မြူတွေကိုပါ စားခဲ့ရတယ်။ တာအိုအရင်းအမြစ်နယ်ပယ်ကို တက်လှမ်းနိုင်ရင် ငါဟာ အာကာပြင်ကျယ်ပြစ်ဒဏ်မိုးကြိုးအရှင် ဖြစ်လာလိမ့်မယ်။ အာကာပြင်ကျယ်စကြဝဠာအတွင်းမှာရှိတဲ့ သက်ရှိသတ္တဝါတိုင်း ငါ့ရဲ့ပြစ်ဒဏ်မိုးကြိုးကို ကြောက်ကြရမယ်”
ကျင်ယွင်ရှန်းက လက်နှစ်ဖက်လုံးကို ဘေးသို့ဖြန့်ကားလိုက်ရာ သူ၏ပတ်ပတ်လည်တွင် ပြစ်ဒဏ်မိုးကြိုးများစွာ ပိုမိုစုဝေးလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုးခုမြောက်အနှစ်သာရ၏အရှိန်အဝါလည်း အလိပ်လိပ်ထလာသည်။
မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ဤကိုးခုမြောက်အနှစ်သာရ မည်မျှအစွမ်းထက်သလဲ သူ ပြောနိုင်သလို၊ မိုးကြိုးများ၌ အသိစိတ်ပင် ရှိနေကြောင်းလည်း ပြောနိုင်သည်။
ဘာကြောင့်မှန်းမသိသော်လည်း ဥမင်ထဲရှိ ပန်းချီများထက်၌ မြင်ခဲ့ရသော ပုံရိပ်တစ်ခု သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာ၏။
လက်ချောင်းတစ်ချောင်းတည်းဖြင့် ကမ္ဘာတစ်ခုကို ဖျက်စီးလိုက်သော လောကပါလနတ်မင်း၏ ပုံရိပ်
ဤအခိုက်အတန့်တွင် မိုးကြိုးအရှိန်အဝါသည် လောကပါလနတ်မင်းလက်ချောင်း၏ အရှိန်အဝါနှင့် ထပ်တူမကျသော်လည်း လွန်စွာဆင်တူကြောင်း မန်ဟို သဘောပေါက်လိုက်၏။
“ပြစ်ဒဏ်မိုးကြိုး အနှစ်သာရကိုးခုဇီဝိန်ခြွေ တိုက်ကွက်” ကျင်ယွင်ရှန်းက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးကို မန်ဟို့ထံ ညွှန်လိုက်သည်။ ချက်ချင်း သူ၏ကိုးခုမြောက်အနှစ်သာရ အာကာပြင်ကျယ်စကြဝဠာမှ ဖြစ်ပေါ်လာသော မိုးကြိုးများသည် တဂျိန်းဂျိန်းမြည်လျက် တဟုန်ထိုးထွက်သွား၏။ မရေမတွက်နိုင်သော မိုးကြိုးများက မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော ဧရာမရွှေရောင်လက်ချောင်းကြီးအသွင်ပြောင်းကာ စုဝေးလာသည်။ ထို့နောက် ၎င်းက မြူခိုးမြူငွေ့များအလိပ်လိပ်ထလျက် မန်ဟို့ထံ ထိုးဆင်းလာချေပြီ။
အရာအားလုံး တုန်ခါနေပြီး မိုးမှောင်ကျလာ၏။