ဈေးမကြီးပါဘူး
Vol. 28 Ch. 382
အခန်း (၃၈၂) - စျေးမကြီးပါဘူး။
လင်းချင်းဟယ်သည် ယခင်က အလွန်ဖြောင့်မတ်လွန်းသော သူမ၏ မိသားစု ချင်းပိုင်ကို တစ်ချက်ကြည့်လိုက်မိသည်။ သူသည် ယခုထိ ဖြောင့်မတ်နေသေးသော်ငြားလည်း သူသည် ယခုအခါ အလွန် လိုက်လျောညီထွေ ရှိလာခဲ့သည်။
အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ရင် သူမ ပါဝင်စရာ မလိုဘဲ သူ အများကြီး လုပ်ကိုင်နိုင်ပါသည်။
လင်းချင်းဟယ်သည် သူ့လက်မောင်းပေါ် မှီတွယ်လိုက်သည်။ ကျိုးချင်းပိုင်သည် အနားဝန်းကျင်ကို အကြည့်ဝေ့ဝဲ ကြည့်ခဲ့သည်။ ရထားပေါ်၌ မည်သူမျှမရှိသည်ကို တွေ့လိုက်ရသောကြောင့် သူ့ဇနီးသည်ကို ပွေ့ဖက်လိုက်သည်။
သူ့ရဲ့ သေးငယ်တဲ့ လှုပ်ရှားမှုများကို သတိပြုမိသဖြင့် လင်းချင်းဟယ်က ရယ်မောပြီး “ကျွန်မတို့ ဇနီးမောင်နှံတွေပဲ၊ ရှင်က ဘာကို စိုးရိမ်ကြောက်လန့်နေတာလဲ။” ဟု မေးလိုက်သည်။
“လူအများ အမြင် မသင့်တော်ရင် မကောင်းဘူးလေ။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။
အင်း၊ လူအများ အမြင် မသင့်တော်ရင် မကောင်းဘူး ဟုတ်လား။ ဒါဆို အခု သူမခါးကို ပွေ့ဖက်ထားတာ ဘယ်သူလဲ မသိပါဘူး။ ပြီးတော့ ဧည့်ရိပ်သာမှာ တည်းခိုတုန်းက တစ်ညလုံး မရပ်မနား ကြိုးစားနေတာ ဘယ်သူလဲ မသိပါဘူး။
ရထားစီးပြီး ရက်အနည်းငယ်ကြာမှ မြို့ကို ရောက်ပါသည်။ နောက်ကျနေပြီမို့ မြို့ထဲက ဧည့်ရိပ်သာမှာပဲ တစ်ညအိပ်ခဲ့ပါသည်။
ရထားပေါ်က ဆင်းပြီးရင် ကိုယ့်အိပ်ယာခင်းနဲ့ ကိုယ်ပိုင်စောင်နဲ့ အိပ်ဖို့ နေရာရှိတယ်၊ ဘယ်လောက်တောင် သက်တော့သက်သာ ရှိတယ်ဆိုတာ မပြောတတ်တော့ဘူး။
ရထားပေါ်မှာလည်း အနားယူလို့ ရပေမယ့် အိပ်ရာလောက်တော့ မကောင်းပါဘူး။
နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြပြီး နောက်တစ်နေ့ ဆယ်နာရီထိုးတော့ ထမင်းစားသောက်ပြီး ခရိုင်မြို့သို့ ခရီးနှင်လာကြသည်။
သူတို့နှစ်ယောက်သား ခရိုင်မြို့သို့ရောက်သောအခါ မော်တော်ဆိုင်ကယ်ကို နေရာလွတ်ထဲမှ ထုတ်ယူစီးကာ ဓာတ်ဆီပုံကြီးတစ်ပုံးနှင့်အတူ တတိယမောင်လေးတို့ဆိုင်ကို မောင်းသွားကြပါသည်။
ထိုအချိန်က နေ့လည်ပင်ဖြစ်နေပြီဖြစ်၍ တတိယမောင်လေးလင်းတို့ တစ်မိသားစုလုံး အိမ်တွင် ရှိနေကြသည်။
ဆိုင်မှာ နေ့လယ်စာ စားနေတုန်း ဆိုင်ကယ်သံကြားတော့ ထွက်ကြည့်ချိန် သူ့အစ်မနှင့် သူ့ယောက်ဖတို့ ရောက်လာတာကို တွေ့လိုက်ရသည်။
ကျိုးချင်းပိုင်က မော်တော်ဆိုင်ကယ်စီးနည်းကို သိသည်။ သူ့ဇနီးသည်က သူ့ကို သင်ပေးသည်။ ဒါက သိပ်မခက်ပါဘူး။ အချိန်တိုအတွင်း သူ စီးတက်သွားသည်။
“အစ်မ၊ ယောက်ဖ၊ မင်းတို့ စားပြီးကြပြီလား။ လာခဲ့၊ အတူတူ လာစားပါ။” ဟု တတိယမောင်လေးလင်းက ချက်ချင်း ပြောလိုက်သည်။
“မလိုဘူး၊ ငါတို့စားပြီးမှ ဒီကို လာခဲ့ကြတာ။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။
“တတိယအစ်မ၊ စွပ်ပြုတ်တစ်ပန်းကန်လောက် လာသောက်ကြည့်ပါဦး။ ဒါက အလတ်ဆတ်ဆုံး သပွတ်ခါးသီးစွပ်ပြုတ်ပဲ။ အရသာက အရမ်းကောင်းတယ်။” ဟု တတိယယောင်းမလင်းက ကမန်းကတန်းပြောသည်။
“တော်ပါပြီ၊ နင်တို့ပဲ စားကြပါဟယ်။” ဟု လင်းချင်းဟယ်က ပြုံးပြုံးလေး ပြောသည်။
ကျိုးချင်ပိုင်သည် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်လောက် သုံးလို့ရမည့် ဓာတ်ဆီပုံးကြီးကို ချပြီးပြီဖြစ်သည်။
“ထမင်း အရင်ဆုံးစားချေ။ မင်း စားပြီးတဲ့အခါကျမှ စိတ်ကျေနပ်တဲ့အထိ တစ်ဝကြီး ထိုင်ကြည့်နေ။” ဟု လင်းချင်းဟယ်က သူမရဲ့ တတိယမောင်လေးကို ပြောလိုက်သည်။
တတိယမောင်လေးလင်းသည် ပန်းကန်လုံးထဲမှ ထမင်းတွေကို အလျင်စလို စားသောက်ခဲ့ပြီး ဆိုင်ကယ်ကိုကြည့်ရန် စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်။
“ဒီမော်တော်ဆိုင်ကယ်က မဆိုးဘူး မဟုတ်လား။” လင်းချင်းဟယ်က သူ စိတ်လှုပ်ရှားနေတာကို မြင်တော့ အပြုံးနဲ့ ပြောလိုက်သည်။
“အင်း၊ လုံးဝကို မဆိုးတာ၊ အရမ်းကောင်းလွန်းတယ်။” တတိယမောင်လေးက ဤသို့ ထုတ်ဖော်မပြောဘဲ မနေနိုင်ခဲ့ပေ။ တတိယမောင်လေးလင်းသည် ရှက်ကိုးရှက်ကန်းဖြင့် “ငါ ဒါကို မောင်းတတ်ပါ့မလား မသိဘူး။” ဟု ပြောသည်။
“ဘာလို့ မမောင်းတတ်ရမှာလဲ။ နင့်ယောက်ဖက နင့်ကို သင်ပေးလိမ့်မယ်။ ဒါက မခက်ပါဘူး။ ငါတောင် ဒါကို မောင်းနိုင်တယ်၊ တစ်လမ်းလုံး ငါမောင်းလာတာ။” ဟု လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်သည် တတိယမောင်လေးလင်းအား မော်တော်ဆိုင်ကယ်မောင်းနည်းသင်ပေးသည်။
ကားမောင်းနည်းကို သူသိသောကြောင့် ဤဆိုင်ကယ်ကို မောင်းနှင်ရင် အလွန်လွယ်ကူသည်။ တတိယမောင်လေးလင်းကတော့ ပို၍ ကျွမ်းကျင်ရန် လိုအပ်နေကြောင်း သိသာထင်ရှားပါသည်။ သို့တိုင်၊ ဒီမော်တော်ဆိုင်ကယ်က မောင်းနှင်ရတာ မခက်ခဲပါဘူး။ ဒီမော်တော်ဆိုင်ကယ်တွင် ဂီယာ၊ ကလစ်နှင့် ဘရိတ်အနည်းငယ်သာ ရှိသည်။ ကျန်တာကတော့ စက်ဘီးနဲ့ သိပ်မကွာပါဘူး။
လင်းချင်းဟယ်သည် အိတ်ထဲမှ သကြားလုံးနှစ်ထုပ်နှင့် မုန့်ပဲသရေစာ နှစ်ဗူးကို ထုတ်ကာ သူ့တူမကို “ဒါကိုယူပြီး ကလေးတွေကို ဝေပေးလိုက်။” ဟု ပြောလိုက်သည်။
“ကျေးဇူးပါ၊ တတိယဒေါ်လေး။” အကြီးဆုံးတူမက ပြုံးပျော်စွာ ပြောလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူမသည် အရွယ်ရောက်လာသော မိန်းကလေးတစ်ဦးဖြစ်လာပြီး အိမ်တွင်းအိမ်ပြင်ပါ အကူအညီကောင်း ဖြစ်ခဲ့သည်။
“နှစ်တိုင်း ဒါတွေကို တကူးတက ပြန်ယူလာဖို့ မလိုပါဘူး။” တတိယမောင်လေးလင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ဒီနှစ် စီးပွားရေးအခြေအနေ ဘယ်လိုလဲ။ မနှစ်ကနဲ့ ယှဥ်ရင် ပိုကောင်းလာလား။” ဟု လင်းချင်းဟယ်က မေးသည်။
“ဟုတ်တယ်၊ မနှစ်ကထက် စီးပွားရေးက ပိုကောင်းလာပါတယ်။” ဟု တတိယယောင်းမလင်းက ရိုးသားစွာ ပြုံးလိုက်သည်။
မူလက မနှစ်က စီးပွားရေးက တော်တော်ကောင်းပေမယ့် ဒီနှစ်စီးပွားရေးက မနှစ်ကထက် သုံးဆယ်ရာခိုင်နှုန်း ပိုကောင်းသည်။ မနက်တိုင်း သူ့ခင်ပွန်းက အာရုဏ်မတက်ခင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေ ကောက်ဖို့ ကျေးလက်ကို သွားပြီး စက်ဘီးပေါ် ပြန်တင်လာပြီး ဆိုင်တွင်ရောင်းသည်။
ထို့နောက် နေ့ခင်းဘက် ပြန်ထွက်သွားပြီး ဆိုင်မှာ ရောင်းချဖို့ ကြက်အရှင်နှင့် ဥအချို့ကို စုဆောင်းပြီး ပြန်လာခဲ့သည်။
တတိယမောင်လေးလင်းသည် ကျေးလက်ဒေသကို တစ်နေ့လေးကြိမ် အပြန်ပြန် အလှန်လှန် သွားရောက်ရသည်။ အမှန်ပင် ငွေရှာနိုင်ပြီး ယုတ္တိမတန်နိုင်လောက်အောင်ပင် တစ်လလျှင် ယွမ် ၅၀၀ နီးပါး ဝင်ငွေရသည်၊
ဒါပေမယ့် ပင်ပန်းတာက တကယ့်ကို ပင်ပန်းတယ်။ မြို့ကနေ ကျေးလက်ကို သွားရတာ အတော်လေး ဝေးပါသည်။
နေ့တိုင်း ဒီလို လည်ပတ်ခဲ့ရသည်။ ဒါကြောင့် ဒီဆိုင်ကယ်က စျေးမသက်သာဘူးဆိုတာ တတိယယောင်းမလင်း သိနေပေမယ့်လည်း သူမယောကျာ်းအတွက် အံတင်းတင်းကြိတ်ပြီး ဒါကို ဝယ်သင့်တယ်လို့ ခံစားရသည်။
အနည်းဆုံးတော့ အနာဂတ်မှာ သူမ ခင်ပွန်းသည်က ဒီထက်ပိုပြီး အနားယူနိုင်လိမ့်မယ် မဟုတ်လား။
“တတိယအစ်မ၊ ဒီမော်တော်ဆိုင်ကယ်ပ ဘယ်လောက်ကျလဲ။” ဟု တတိယယောင်းမလင်းက မေးသည်။
“ယွမ် ခုနစ်ရာ့ခုနစ်ဆယ်။” လင်းချင်းဟယ်က ပြောသည်။
ဒါက မူရင်းစျေးနှုန်းဖြစ်ပြီး သူမ အနည်းငယ်လေးတောင် အမြတ် မစားခဲ့ပါဘူး။ စျေးကိုလည်း တမင်တကာ လျှော့မပြောခဲ့ပါဘူး။ ဒါက မလိုအပ်ပါဘူး။
ဒီစျေးနှုန်းက အရမ်းစျေးကြီးတယ်။ အဆုံး၌ သူတို့ ယခုနေထိုင်ရောင်းချနေတဲ့ ဒီဆိုင်နဲ့ အိမ် တွဲရက်လေးကို ဝယ်ယူခဲ့စဥ်အခါက ဘယ်လောက် ပေးခဲ့ရလို့လဲ။
“ညီမ တတိယအစ်မကို အခု ပေးလိုက်ပါ့မယ်။” သို့တိုင်၊ တတိယယောင်းမလင်းသည် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။
“ဘာကို အလျင်လိုနေတာလဲ။” လင်းချင်းဟယ်က ပြုံးပြီး “အခုတော့ စီးပွားရေးက အရမ်းအဆင်ပြေနေပြီပဲဟာ၊ နင် ငါ့ကို မပေးချေနိုင်မှာကို စိုးရိမ်နေဖို့ မလိုပါဘူး။” ဟု ပြောလိုက်သည်။
တတိယယောင်းမလင်းက ပြုံးပြပေမယ့် သူမ အိမ်ထဲကို ယူဝင်သွားကာ ပိုက်ဆံကို ထုတ်ယူလာခဲ့သည်။
ယွမ် ၇၀၀ ကို တစ်ကြိမ်တည်း ပေးချေခဲ့သည်။ တစ်ပြားမှ မလျော့ပါဘူး။ ဒါကိုကြည့်လျှင် သူတို့မိသားစုဟာ ဒီမှာ အမှန်တကယ် ငွေရှာနိုင်ခဲ့တာကို တွေ့နိုင်ပါသည်။
လင်းချင်းဟယ်သည်လည်း သူတို့ရှေ့မှာပင် ငွေကို ရေတွက်စစ်ဆေးခဲ့ပြီး အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် အိတ်ထဲသို့ ထည့်လိုက်သည်။
“တကယ်လို့ နင်တို့ ငွေရှာနေနိုင်ပြီဆိုရင် တစ်မိသားစုလုံး ဒီမှာ စုနေစရာ မလိုဘူး။ ဒီအနီးအနားမှာ ကျယ်ဝန်းတဲ့ အိမ်တွေ၊ ခြံတွေ ရှိ မရှိ ကြည့်ပြီး ဝယ်ကြ။ တစ်မိသားစုလုံး အဲ့ကိုပြောင်းပြီး ကျယ်ကျယ်ဝန်းဝန်း နေကြပေါ့။” ဟု လင်းချင်းဟယ်က ပြောသည်။
“စျေးမပေါဘူး။” တတိယယောင်းမလင်းက တုံ့ဆိုင်းသွားသည်။
“နင် စစ်ကြည့်ပြီးပြီလား။ စျေးနှုန်းတွေက ဘယ်လိုရှိလဲ။” ဟု လင်းချင်းဟယ်လည်း မေးလိုက်မိသည်။
“သူ တိုက်ခန်းကို တစ်ချက် သွားကြည့်သေးတယ်။ အခန်းက သိပ်မကျယ်ပေမယ့် ယွမ် ၁၀၀၀ လောက် ကျတယ်။ တိုက်ခန်းက လူနည်းနည်းတော့ ကြပ်တယ်။ ဒီနဲ့နီးတယ်၊ ရှေ့လမ်းလေးတင် ရှိတယ်။” ဟု တတိယယောင်းမလင်းက ပြန်ဖြေသည်။
“အဲ့တာကို မဝယ်ဘူးလား။” ဟု လင်းချင်းဟယ်က မေးသည်။
“ခေါ်စျေးက ယွမ် ၁၈၀၀၊ တစ်ပြားမှ မလျော့ဘူး။ အရမ်းစျေးကြီးတယ်။” ဟု တတိယယောင်းမလင်းက ခေါင်းခါသည်။
သူတို့ဆိုင်က တစ်လကို ယွမ် ၅၀၀ ကျော် ဝင်ငွေရတယ်ဆိုရင်တောင် မြို့ထဲက အိမ်တစ်အိမ်ရဲ့ ခေါ်စျေးက ယွမ် ၁၈၀၀ ဆိုတာ အရမ်းစျေးကြီးသည်။
ကျေးလက်ဒေသတွင် ယွမ်တစ်ထောင်ရှိလျှင် မိသားစုကြီးတစ်ခုအတွက် လူသိပ်မကြပ်သည့် အလွန်ကျယ်ဝန်းသော အုတ်အိမ်တစ်လုံးကို ဆောက်လုပ်နိုင်သည်။
ထို့ကြောင့် တတိယယောင်းမလင်းသည် ယွမ် ၁၈၀၀ က အရမ်းစျေးကြီးတယ်ဟု ခံစားရသည်။
“ငါ မြို့တော်မှာ ဆိုင်တစ်ဆိုင် ဝယ်တာ ဘယ်လောက်ကုန်ကျလဲ နင်သိလား။” ဟု လင်းချင်းဟယ်က သူမကို မေးသည်။
“ဘယ်လောက်လဲ။” ဟု တတိယယောင်းမလင်းက မေးသည်။
ပေကျင်းရှိ အကြောင်းအရာများကိုလည်း သူမ ကြားသိချင်ပါသည်။
“အခု ချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်က နှစ်ထပ်ပါပြီး ငါတို့ ဝယ်တုန်းက ယွမ် ၄၀၀၀ ပေးခဲ့ရတယ်။ အဲ့တုန်းကဆို ငါတို့တစ်မိသားစုလုံး ငတ်လုနီးပါးပဲ။” ဟု လင်းချင်းဟယ်က ပြောသည်။
“၄... ယွမ် ၄၀၀၀ လား။” တတိယယောင်းမလင်းက လင်းချင်းဟယ်ကို ပြူးကြောင်ကြောင်ကြီး စိုက်ကြည့်နေမိသည်။
“ဒါတောင် ငါက စောစော ဝယ်လိုက်မိလို့။ ပေကျင်းမှာ ယွမ် ၄၀၀၀ နဲ့ ဆိုင်တစ်ဆိုင် ဝယ်နိုင်တာ စျေးကြီးတယ်လို့ နင်ထင်လား။ ဒါက မထူးဆန်းဘူး။ ငါ့ယောင်းမ ရှောင်မိန် ဟိုမှာ စီးပွားရေး လိုက်လုပ်တာ နင်သိတယ်မလား၊ သူ ဝယ်လိုက်တဲ့ဆိုင်ဆို ယွမ် ၄၇၀၀ နဲ့မှ အောင်အောင်မြင်မြင် ဝယ်နိုင်ခဲ့တာ။” ဟု လင်းချင်းဟယ်က ပြောသည်။