သူဌေးနှင့်တူလာခြင်း
Vol. 28 Ch. 383
အခန်း(၃၈၃) – သူဌေးနှင့်တူလာခြင်း
ဒါကို ကြားတော့ တတိယယောင်းမလင်းသည် အခုထိ အံ့သြမိနေဆဲဖြစ်သည်။ အလွန် များပြားလွန်းသည်။
ယွမ် ၄၀၀၀ တဲ့လား။ သူမတို့ မိသားစု ပြီးခဲ့တဲ့ နှစ်နှစ်တာလုံး ဝင်ငွေအများကြီး ရှိခဲ့သည်ဆိုလျှင်တောင် သူတို့၏ စုဆောင်းငွေများက ထိုပမာဏ ရောက်ဖို့ အများကြီး လိုနေပါသေးသည်။
မြို့တော်က ဆိုင်တွေက ဒီလောက်တောင် တကယ်ပဲ စျေးကြီးတာလား။
"ဆိုင်အကျယ်အဝန်းက နင့်ဆိုင်ထက်တော့ နည်းနည်းသေးတယ်။ နင်တို့က ဒီမှာနေလို့ရသေးတယ်၊ ဒါပေမယ့် အဲ့ဒီဆိုင်မှာ လူနေလို့တောင် မရဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"အဲ့ဒီက ဆိုင်တွေက ဘာဖြစ်လို့ အရမ်းစျေးကြီးရတာလဲ။" ဟု တတိယယောင်းမလင်းက မရေရွတ်ဘဲ မနေနိုင်တော့ပေ။
"စျေးကြီးရမှာပေါ့။ ဘာဖြစ်လို့ မြို့ကြီးတွေက ဆိုင်တွေက စျေးမကြီးဘဲ နေမှာလဲ၊ ပြီးတော့ လူတစ်ယောက် ရှာနိုင်တဲ့ ဝင်ငွေကလည်း နင့်ဆိုင်လောက် မများဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူမယောက်ျား ချင်းပိုင်ဖြစ်ဖြစ် စုတာ့လင်း၏ ပေါက်စီဆိုင်ပဲဖြစ်ဖြစ် အများဆုံး တစ်လ ဝင်ငွေက ယွမ် ၄၀၀ လောက်ပဲ ရှိသည်။ ယွမ် ၅၀၀ ထက်တော့ မကျော်ပါ။
သူမ၏ တတိယမောင်လေးဆိုရင် တစ်ရက်ကို နှစ်ခါလောက် ရွာကို အသွားအပြန် လုပ်တာနဲ့ တစ်လကို ယွမ် ၅၀၀ မှ ၆၀၀ အထိ ရနိုင်လိမ့်မည်ဟု ခန့်မှန်းမိပါသည်။
သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ကြက်များ၊ ဥများက အမြတ်အစွန်း နည်းပါးသော်လည်း မှာယူသည့် ပမာဏများက အလွန်များပြားလွန်းသည်။ နေ့တိုင်း ထိုကဲ့သို့ ထောက်ပို့ရမှုမျိုးနှင့်ဆိုလျှင် အမြတ်ငွေက နည်းပါးမည် မဟုတ်ပါ။
"အဲ့ဒီနေရာက ကြည့်ကောင်းပါတယ်၊ နင် ဝယ်လိုက်စမ်းပါဟယ်။ ကလေးတွေလည်း ကြီးနေပြီပဲ၊ ငွေကိစ္စကို စိတ်မပူပါနဲ့တော့။" ဟု လင်းချင်းဟယ်က သူ့ယောင်းမကို ကြည့်ကာ တိုက်တွန်းလိုက်သည်။
"အခုချိန်ထိ ရောင်းမထွက်သေးဘူး ဆိုတော့လေ ရှေ့လျှောက် စျေးကျသွားမလား မသိဘူးနော်။" ဟု တတိယယောင်းမက ထင်ကြေးပေးလိုက်သည်။
"ဒီဆိုင်အစက ဘယ်လောက်မို့လို့လဲ။ ဒါကို နင် ကြက်ကန်းဆန်အိုးတိုးပြီး အများကြီး စျေးသက်သက်သာသာနဲ့ ရခဲ့တာ။ အခု ကြည့်လိုက်ပါဦး။ နင် ဒီဆိုင်ကို အရင်စျေးနဲ့ ပြန်ဝယ်ချင်လို့ ရဦးမှာတဲ့လား။" ဟု လင်းချင်းဟယ်က ရယ်ကာ ပြောလိုက်သည်။
အိမ်တစ်လုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဝယ်သင့်သည်။ ငွေတန်ဖိုးက တဖြည်းဖြည်း ကျသထက် ကျဆင်းလာပြီဖြစ်၏။ ထိုကဲ့သို့ နေရာကောင်းတွင်ရှိသော အိမ်တစ်လုံးကတော့ တန်ဖိုးကျသွားစရာ အကြောင်းမရှိပါ။
အိမ်ဝယ်ရင် အတက်၊ အဆင်း၊ လူသိပ်မများသရွေ့တော့ စျေးလျော့သွားလည်း ကိစ္စမရှိပါဘူး။
ဘာပဲဖြစ်ဖြစ် တူနှင့် တူမတွေက အရွယ်ရောက်လာကြပြီဖြစ်သည်။ ထို့ကြောင့် တစ်နေရာထဲတွင် ကျဥ်းကျဥ်းကြပ်ကြပ် နေထိုင်၍ မဖြစ်တော့ပေ။
"တတိယယောင်းမ၊ ငါတို့ဝယ်သင့်တယ်လို့ နင်ထင်လား။" တတိယယောင်းမလင်းသည် သူ့ယောင်းမကို ယုံကြည်သဖြင့် မေးလိုက်သည်။
"နင် ဝယ်သာဝယ်လိုက်ပါဟယ်။" ဟု လင်းချင်းဟယ်က ပြတ်သားစွာ တိုက်တွန်းသည်။
သမီးယောင်းမနှစ်ယောက်သား ခဏလောက် စကားပြောနေလိုက်ကြသည်။ ထိုစဥ် ကျိုးချင်းပိုင်နှင့် တတိယမောင်လေးတို့ ပြန်ရောက်လာကြ၏။
တတိယမောင်လေးလင်းက အရမ်းပျော်နေတယ်ဆိုတာ သိသာထင်ရှားပြီး သူ ဆိုင်ကယ်ကို စတင် စီးတက်နေပြီဖြစ်ကာ ဆိုင်ကယ်မောင်းရတာ တကယ် မခက်ပါဘူး၊ နောက်ထပ်နှစ်ရက်လောက် လေ့ကျင့်လိုက်ရင် အခြေခံအားဖြင့်တော့ ဘာပြဿနာမှ မရှိနိုင်လောက်ပါ။
"ငါ့အစ်မအတွက် ပိုက်ဆံ ၇၇၀ သွားယူပေးလိုက်ပါဦး။" တတိယမောင်လေးလင်းက သူ့မိန်းမကို ပြောလိုက်သည်။
"နင့်မိန်းမ ငါ့ကို ပေးပြီးပါပြီဟယ်။" လင်းချင်းဟယ်က ကြားဖြတ်ပြောလိုက်သည်။ ဒီနှစ်ထဲ တတိယမောင်လေးလင်း ကိုယ်အလေးချိန် အတော်ကျသွားပြီး အသားလည်း ညိုလာသဖြင့် လင်းချင်းဟယ်က ပြောလိုက်သည်။ "နင်လည်း အသက်ပဲ ၃၀ ဖြစ်နေပြီ၊ နင့်ကိုယ်နင် ဂရုစိုက်ဦး၊ ပိုက်ဆံရှာဖို့က အရေးကြီးပေမယ့် နင့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သင့်တယ်၊ မဟုတ်ရင် နောက်မှ နောင်တရမယ်နော်။"
"ကျွန်တော် သိပါတယ်၊ အစ်မရာ။ ကျွန်တော့်မိန်းမက တစ်လကို နှစ်ခါလောက် ကျွန်တော့်ခန္ဓာကိုယ် အားရှိဖို့ ကြက်သားဟင်း ချက်ကျွေးတယ်လေ။ အခြားအချိန်တွေဆိုရင်လည်း မကြာခဏ ဝက်သားနဲ့ ကြက်ဥတွေ စားရပါတယ်။" တတိယမောင်လေးလင်းက ပြုံးကာ ပြောလိုက်သည်။
တတိယမောင်လေးလင်းသည် ငွေတွေ အများကြီး ရှာနိုင်ခဲ့သော်လည်း သူတို့၏ လစဥ် နေထိုင်စရိတ်အတွက် အနည်းငယ် အသုံးပြုရပါသေးသည်။
တတိယယောင်းမလင်း၏ နေထိုင်မှုပုံစံက ချွေတာတတ်သော်လည်း သူ့ခင်ပွန်းဖြစ်သူကိုတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပါသည်။ ဘာပဲဖြစ်ဖြစ် သူမ၏ ခင်ပွန်းသည်က အရမ်း အလုပ်များရသည် မဟုတ်ပါလား။ ဘာဖြစ်လို့ အသားဟင်းတွေကို ချက်မကျွေးနိုင်ရမှာလဲ။
ထို့ကြောင့် ကြက်ဥများနှင့် အခြားဟင်းလျာများကို မကြာခဏ ချက်ကျွေးလေ့ရှိသည်။
လင်းချင်းဟယ်က မျက်စပစ်ကာ ပြောလိုက်သည်။ "တစ်လကို ကြက်နှစ်ကောင်က အများကြီး မဟုတ်ဘူးနော်။ နင့်ယောက်ဖက ငါ့ကို ကျောင်းမှာ စာသင်ရတာ ပင်ပန်းနေမှာပဲဆိုပြီး သုံးရက်ကို တစ်ကောင်လောက် ချက်ကျွေးတယ်။"
"သုံးရက်ကို တစ်ကောင်လား။" တတိယမောင်လေးလင်းက အံ့အားသင့်သွားသည်။
"အများကြီး မဟုတ်ပါဘူး။" ကျိုးချင်းပိုင်က အရေးမကြီးသလို ပြောလိုက်သည်။
အထူးသဖြင့် သူ့မိန်းမကလည်း သိပ်မကြိုက်တတ်သဖြင့် သူ့တိုက်တွန်းမှုကြောင့် အများဆုံး ကြက်တောင်ပံ နှစ်ခုလောက်သာ စားပြီး ကြက်စွတ်ပြုပ် နှစ်ပန်းကန်လောက်သာ သောက်သည်။ ကျန်တာကိုတော့ မိသားစုဝင်များ ဝေမျှစားသောက်ကြ၏။
ထို့ကြောင့် အိမ်တွင် သုံးရက်တစ်ခါ ကြက်သားစားရခြင်းက ရေးကြီးခွင်ကျယ် မဟုတ်ပါ။
"နင့်မိန်းမ အိမ်ကိစ္စ ပြောတာ ငါ ကြားပြီးပြီ။ ယွမ် ၁၈၀၀ က စျေးမကြီးပါဘူး။ အဲဒါကို ဘယ်သူ ဝယ်ပြီးပြီလဲ သွားကြည့်လိုက်၊ ဘယ်သူမှ မဝယ်ရသေးရင် နင်တို့ဝယ်လိုက်ကြချေ။" ဟု လင်းချင်းဟယ်က တတိယမောင်လေးလင်းကို ပြောလိုက်သည်။
တတိယမောင်လေးလင်းက ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "ကောင်းပြီ၊ အစ်မစကား နားထောင်လိုက်ပါ့မယ်။ ကျွန်တော် အချိန်အားရင် သွားမေးလိုက်ပါ့မယ်။"
"နင့်အတွက် ဒီမော်တော်ဆိုင်ကယ်ထဲ ထည့်ဖို့ ဓာတ်ဆီတစ်ပုံး ယူလာပေးတယ်။ နောက်ပိုင်းကျရင်တော့ နင့်ဟာနင် မြူနီစီပယ်မြို့မှာ အချိန်ယူပြီး သွားဝယ်မှ ရလိမ့်မယ်။ ဘတ်စ်ကားဂိတ် ဘေးနားလေးတင်ပဲ ရောင်းတာ ဆိုတော့ သိပ်မဝေးပါဘူး။ နေ့လည်ခင်း သွားရင်တောင် ညနေဘက် ပြန်ရောက်တယ်။" ဟု လင်းချင်းဟယ်က လမ်းညွှန်ပေးလိုက်သည်။
"ကျွန်တော် ဓာတ်ဆီဖိုး မပေးရသေးဘူး။" ဟု တတိယမောင်လေးလင်းက ပြောလိုက်သည်။
"အထဲမှာ တွက်ထားပါတယ်။" လင်းချင်းဟယ်က လက်ခါပြလိုက်သည်။ ထို့နောက် သူမ တစ်ခုခုကို သတိရသွားပြီး အဝတ်ထုပ်ထဲမှ လက်ပတ်နာရီတစ်လုံးကို ထုတ်ကာ တတိယမောင်လေးကို ပေးလိုက်သည်။
ပြောရမည်ဆိုလျှင် သူမ မောင်လေး၏ ဘဝက အလွန်ချင့်ချိန်နေခဲ့ရသည်။ လက်ရှိတွင် အချိန်ကို သိရဖို့ ကောင်းကင်ကြီးကိုသာ မှီခိုနေရသည်။ ယခုအချိန်ထိ လက်ပတ်နာရီတစ်လုံးမှ မရှိသေးပါ။
"ဒါ နင့်အတွက် လက်ဆောင်ပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"မဟုတ်တာ" တတိယမောင်လေးလင်းသည် ထိုနာရီကို ကြည့်ကာ သူ့ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။
"နင်တစ်ယောက်တည်းကိုပဲ ပေးတာ မဟုတ်ပါဘူး။ အခြားသူတွေလည်း ရမှာပါ။ နင် ယူလိုက်ပါဟယ်။" လင်းချင်းဟယ်က သူ့လက်ထဲ အတင်း ထိုးထည့်ပေးလိုက်သည်။ ထို့နောက် အဝတ်ထုတ်များကို ကျိုးချင်းပိုင်အား ပေးလိုက်ပြီး ပြောလိုက်သည်။ "ငါ စကားပြောဖို့ အချိန်မရတော့ဘူး။ တတိယမရီးတို့ရဲ့ ဆိုင်ကို သွားရဦးမယ်။"
"အစ်မ၊ ဒီနာရီက စျေးကြီးလွန်းပါတယ်။" ဟု တတိယမောင်လေးလင်းက ပြောလိုက်သည်။
"ငါ့တတိယမရီးရဲ့ ဆိုင်က ဘယ်နားမှာလဲ၊ ငါ မသိသေးဘူး၊ ငါ့ကို ခေါ်သွားပေးဦး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
လက်ပတ်နာရီများကဲ့သို့ ဇိမ်ခံပစ္စည်းများ၏ စျေးနှုန်းက အလွန်မြင့်တတ်သည်။ သူမ မိသားစုအတွက် အများအပြား ဝယ်ယူခဲ့သောကြောင့် လက်ကားစျေးဖြင့် ရရှိကာ တစ်လုံးကို ယွမ်၂၀၀နှင့် ရခဲ့ပါသည်။
သို့သော်လည်း ကုန်တိုက်တစ်ခုသို့ သွားပြီး ကိုယ်တိုင် ဝယ်ယူမည်ဆိုပါက စျေးအပေါဆုံး နာရီကပင် ယွမ် ၁၈၀ လောက် ကုန်ကျမည်ဖြစ်သည်။ စျေးကြီးသည့် နာရီက ယွမ် ၂၀၀ - ၃၀၀ လောက် ကုန်ကျပေမည်။ ထို့ထက်တောင် များနိုင်သေးသည်။
တတိယအစ်ကို၏ အိမ်က တတိယမောင်လေးလင်းတို့၏ ဆိုင်နှင့် သိပ်မဝေးလှပါ။
အချိန်ကလည်း မစောတော့သဖြင့် ကျိုးယန်နှင့် ကျိုးဝူနီတို့ နှစ်ယောက်စလုံး မြို့တော်မှ ပြန်ရောက်လာကြပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နှစ်ရက်အတွင်း သူတို့နှစ်ယောက်စလုံး မြို့နယ်ကောလိပ် တက်ကြရတော့မည်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံး၏ အဆင့်က အတူတူလောက်ရှိပြီး မြို့နယ်ရှိ ဆရာအတတ်သင်ကောလိပ်ကို အတူတူတက်ရောက်ခဲ့ကြသည်။ ဒါကို သာမန်တက္ကသိုလ်ဟု သတ်မှတ်ထားကြသော်လည်း သိပ်မဆိုးလှသော တက္ကသိုလ် ဖြစ်ပါသည်။
ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ယခုခေတ်အချိန်အခါတွင် ကောလိပ်ကျောင်းသား ဖြစ်လာသည်ဆိုတာနှင့်ပင် အံ့သြဖို့ကောင်းလှပါပြီ။
မောင်နှမဝမ်းကွဲနှစ်ယောက်စလုံး ဝင်ခွင့်ရခဲ့ကြသည်။
ပထမမိသားစုရော၊ တတိယမိသားစုတို့ပါ အပျော်လွန်ခဲ့ကြပါသည်။
ကျေးရွာဘက်က အကြီးဆုံးမရီးဆိုလျှင် ပြောစရာပင်မလိုပါ။ မြို့တော်သို့သွားပြီး လောင်အာ့ကလည်း သူတို့ကို သင်ပြပေးသဖြင့် အဆင့်များ တက်သွားကြောင်း နှစ်ယောက်စလုံးက ပြောပြကြသည်။ ထို့အပြင် သူတို့၏ စတုတ္ထဒေါ်လေးကလည်း သူတို့ကို သင်ထောက်ကူပစ္စည်းများစွာ ပေးကာ အင်္ဂလိပ်စာ နားထောင်ရန် တိပ်ခွေဖွင့်စက်ပါ ပေးခဲ့သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရောက်လာတော့ တတိယအစ်ကိုနှင့် တတိယမရီးတို့သည် ထုံးစံအတိုင်း ဝမ်းသာအားရဖြစ်သွား၏။
ထိုလင်မယားနှစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာမှာ အရင်ကထက် အများကြီး ပြောင်းလဲသွားကြပြီ ဖြစ်သည်။
ထို့အပြင် ထိုပြောင်းလဲမှုက ဝင်ငွေများပြားလာပြီး ယုံကြည်မှုများ ရှိလာခြင်းကြောင့်ဖြစ်သည်။
တတိယမရီးက အခန်းထဲတွင် စကားပြောဖို့ လင်းချင်းဟယ်ကို ဆွဲခေါ်လာခဲ့သည်။
"တတိယမရီး ဒီနှစ် တတိယအစ်ကိုက သူဌေးတစ်ယောက်နဲ့ ပိုတူလာတယ်နော်။" ဟု လင်းချင်းဟယ်က စနောက်လိုက်သည်။
တတိယမရီး၏ ခန္ဓာကိုယ်က အတော်လေး ဖွံ့ထွားလာခဲ့သည်။ သူမ၏ ကိုယ်အလေးချိန်က ကျိုးရှောင်မိန် ကလေးမွေးပြီးစဥ်ကာလက ကိုယ်အလေးချိန်နှင့် နှိုင်းယှဥ်နိုင်လောက်သည်။ ၁၅၀ ကျင်း (၇၅ ကီလိုဂရမ်) လောက်ရှိနိုင်သည်။
"ဘယ်က သူဌေးနဲ့ ပိုတူမှာလဲ။ သူက ဟင်းသီးဟင်းရွက် အရောင်းသမားပါပဲ။" ဟု တတိယမရီးက ရယ်ကာမောကာ ပြန်ပြောလိုက်သည်။
ပြောရမည်ဆိုလျှင် သူတို့မြို့ကို ပြောင်းလာကတည်းက တတိယမရီး၏ ဘဝက တကယ် သက်တောင့်သက်သာ ရှိလာခဲ့ပါသည်။
သူတို့မြို့တော်သို့ ရောက်လာတော့ ငွေပိုရှာနိုင်ရုံတင်သာမက သူတို့၏ နေထိုင်မှု စံနှုန်းလည်း မြင့်တက်လာခဲ့သည်။
တတိယမရီးက ချွေတာတတ်သော စရိုက်ရှိသော်လည်း ယခုအခါ သူမ ငွေသုံးချင်စိတ် ပေါ်လာခဲ့ပါသည်။ တတိယယောင်းမလင်းထက်ပင် ပိုအသုံးကြီးလောက်သည်။ မဟုတ်လျှင် ဒီလိုခန္ဓာကိုယ်မျိုး ရရှိလာလိမ့်မည် မဟုတ်ပါ။
တစ်ချက်ကြည့်လိုက်ရုံနှင့် မိသားစုတစ်စုလုံးကို ထိန်းချုပ်နိုင်သောလူမျိုး ဖြစ်ပါသည်။