အသက်၁၀နှစ်ပိုကြီးသူနှင့်လက်ထပ်ခြင်း
Vol. 28 Ch. 384
အခန်း(၃၈၄) - အသက် ၁၀ နှစ် ပိုကြီးသူနှင့် လက်ထပ်ခြင်း
အမှန်ပင်။ ဤသက်တောင့်သက်သာရှိသော နေ့ရက်များထက် ပိုအရေးကြီးသည့် အချက်က ဒုတိယမရီးနှင့် တစ်မိုးအောက်တည်း နေစရာ မလိုတော့ခြင်းဖြစ်သည်။
သူတို့၏ ဘဝက ပိုမိုကောင်းမွန်လာသဖြင့် တတိယမရီး စိတ်ရှည်မှု ကုန်ခန်းလာပြီ ဖြစ်သည်။
သူမကို မဆိုဦးနှင့်။ စိတ်ရှည်တတ်သော အကြီးဆုံးမရီးကပင် သူမကို သည်းမခံနိုင်တော့ပါ။ မဟုတ်လျှင် ဒီနှစ်ထဲ ဘာကြောင့် ငွေတွေ သိမ်းကျုံးစုဆောင်းနေတာ ဖြစ်မည်နည်း။ သူတို့ လယ်ယာအလုပ်နားသည့် ကာလတွင် အိမ်အသစ်တစ်လုံး ဆောက်ပြီး ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။
အမှန်ပင် အကြောင်းအရင်းကတော့ မိသားစုထဲမှ ကလေးများက အရွယ်ရောက်လာကြပြီ ဖြစ်ပြီး အခန်း မလုံလောက်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း မကြာခဏဆိုသလို အကြောင်းအရင်းက ဒုတိယမရီးနှင့် အဆင်မပြေသောကြောင့် ဖြစ်သည်။
"ဒီမှာ စီးပွားရေး အဆင်ပြေရဲ့လား။" ဟု လင်းချင်းဟယ်က ပြုံးကာ မေးလိုက်သည်။
"ပင်ပန်းပေမယ့် မဆိုးပါဘူး။" ဟု တတိယမရီးက ရွှင်ပျစွာ ပြောလိုက်သည်။
အခြားတစ်ယောက်ယောက်သာဆိုလျှင် ၁၀ခါတွင် ၉ခါလောက် သူတို့ဘယ်လောက် ဆင်းရဲမှန်း ငိုကြွေးပြလိမ့်မည်။ စီးပွားရေး လုပ်ရတာ အဆင်မပြေမှန်း မငတ်ရုံတမယ် ဖြစ်မှန်း ပြောလိမ့်မည်။ ထို့နောက် ပိုက်ဆံချေးလိမ့်မည်။
သို့သော်လည်း ဒါမျိုးကို လျစ်လျူရှုတတ်သည့် လင်းချင်းဟယ်လို ယောင်းမမျိုး ဖြစ်သဖြင့် ထိုကဲ့သို့ ဟန်ဆောင်မှုမျိုးက မလိုအပ်ပါ။ သူတို့လည်း ဂရုစိုက်လိမ့်မည်မဟုတ်ပါ။
"ငါ့မောင်လေးအတွက် မော်တော်ဆိုင်ကယ်တစ်စီး ဝယ်ထားတယ်။ ရှေ့လျှောက် မြို့နဲ့ ရွာကို သွားလာဖို့ ပိုအဆင်ပြေသွားလိမ့်မယ်။ သူက စောစော ကြိုတင် မှာထားတာလေ။ အဲ့ဒီအချိန်တုန်းက တတိယမရီးတို့ ဆိုင်မဖွင့်ရသေးဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ရှင်းမပြသင့်သည်ကို ရှင်းမပြဘဲ ပြောသင့်သည်ကိုသာ ပြောလိုက်သည်။ စကားက နှစ်ခွန်းသာ ရှိလိမ့်မည်။
"မော်တော်ဆိုင်ကယ် ဟုတ်လား။" တတိယမရီး၏ မျက်လုံးများ ဝိုင်းစက်သွားသည်။
"အင်း ငါ့မောင်နဲ့ ယောင်းမတို့က အရမ်းမဝယ်ချင်ဘူး ဖြစ်နေတာ၊ ဒါပေမယ့် နောက်ဆုံးတော့လည်း သူတို့ ငါ့စကားနားထောင်ပြီး တစ်စီး ဝယ်လာပေးဖို့ ငါ့ကိုပြောခဲ့တယ်လေ။" လင်းချင်းဟယ်က ခေါင်းငြိမ့်သည်။
"အများကြီး ကုန်သွားလား" တတိယမရီးက မေး၏။
"ယွမ် ၇၀၀ ကျော်တယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
"ယွမ် ၇၀၀ ကျော်တောင်လား။" ဟု တတိယမရီးက ရေရွတ်လိုက်သည်။ စျေးက လုံးဝမနည်းပါ။
"စျေးသာ နည်းရင် တတိယအစ်ကို စက်ဘီးစီးနေတာကို ဒီတိုင်းကြည့်မနေဘဲ သူ့အတွက်ပါ တစ်စီးဝယ်လာပေးမလို့ပါ၊ ဒါပေမယ့် စျေးကြီးလွန်းနေတယ်။ နင်တို့အထင်အမြင်ကိုလည်း ငါတို့ မေးရဦးမယ်လေ။ ငါ့မောင်နဲ့ ယောင်းမတို့တုန်းကလည်း ဒီလိုပဲ တုံ့ဆိုင်းနေခဲ့ကြတာပါပဲ။ နင်တို့ဝယ်ချင်တယ်ဆိုရင် ငါ့ကို ကြိုပြောပေါ့။ အခုလောလောဆယ်တော့ ဝယ်လို့ မရလောက်သေးဘူး။ နောက်နှစ် ဒီအချိန်လောက်ထိ စောင့်ရလိမ့်မယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"အင်း၊ ငါ နင့်ရဲ့ တတိယအစ်ကိုနဲ့ ဆွေးနွေးကြည့်ပါဦးမယ်။ လိုချင်ပေမယ့် ဒါက စျေးကြီးနေတာလေး တစ်ခုပဲ။" ဟု တတိယမရီးက ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံးလိုက်ပြီး ဝူနီ၏ ကောလိပ်အကြောင်း ပြောကြသည်။
ထိုအကြောင်းပြောသောအခါ တတိယမရီးက ရယ်ကြဲကြဲဖြင့် "နင့်ကိုကျေးဇူးတင်ရမယ်၊ ဝူနီက အရေးကြီးတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဖြေနိုင်ခဲ့တယ်လေ။ လောင်အာ့၊ သူ့ကို ရှင်းပြပေးထားတဲ့ အပုဒ်မျိုးနဲ့ အတူတူပဲတဲ့။ ပြီးတော့ အင်္ဂလိပ်စာ နားထောင်ရတဲ့ အပိုင်းလည်း ရှိတယ်။ သူအမှတ်ပြည့်ဖို့ ၃မှတ်ပဲလိုတယ်။ နင်ဝယ်ပေးခဲ့တဲ့ တိပ်ခွေဖွင့်စက်ရဲ့ ကျေးဇူးကြောင့်ပေါ့။"
လင်းချင်းဟယ်က ပြောလိုက်သည်။ "ဝူနီနဲ့ ယန်ယန်တို့ ကောလိပ်တက်ရင် သူတို့စတုတ္ထဒေါ်လေး တစ်ယောက်အနေနဲ့ ငါလည်း မျက်နှာရတာပေါ့၊ ဒါကို စကားထဲ ထည့်ပြောစရာ မလိုပါဘူး။"
"ဒီအချိန်လောက်ဆို သူ့အတန်းဖော်အိမ်မှာ ရှိနေလောက်တယ်။ သူ့အတန်းဖော်တစ်ယောက်ကလည်း အဲ့ဒီကျောင်းကိုပဲ လျှောက်ခဲ့တာလေ။ သူတို့ အတူတူ ကျောင်းသွားကြဖို့ တွေးနေကြလို့ ငါမတားခဲ့တာ။" ဟု တတိယမရီးက ပြုံးကာ ပြောလိုက်သည်။
ထို့ကြောင့် ဝူနီတစ်ယောက် အိမ်တွင် ရှိမနေခြင်း ဖြစ်သည်။ လင်းချင်းဟယ်ကလည်း ဒါကို စိတ်ထဲ မထားပါ။
"နင် အိမ်ပြန်ပြီး သွားကြည့်ဦးမှာလား။" တတိယမရီးက ထပ်မေးလိုက်သည်။
"ပြန်မှရမယ်" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
"နင်ပြန်ရင် ဒုတိယမရီး တစ်ခုခုပြောခဲ့သည်ရှိသော် ဘာမှနားထောင်စရာ မလိုဘူးနော်။" ဟု တတိယမရီးက အကြံပေးလိုက်သည်။
"ဘာဖြစ်လို့လဲ" လင်းချင်းဟယ်က မျက်ခုံးပင့်သွား၏။
"အရင်တစ်ခေါက် ငါပြန်သွားတုန်းက ငါကပဲ သူ့ဆီက အကြွေးယူထားတဲ့လေသံမျိုးနဲ့ စကားပြောတာဟယ်။ ငါလည်း သူ့ကို ဘာမှမလုပ်ထားဘဲနဲ့၊ အဲ့မိန်းမ တော်တော်ဆိုးဆိုးပဲ။" ဟု တတိယမရီးက ရှင်းပြသည်။ "ပြီးတော့ သူ စန်းနီအတွက် ဘယ်လိုမင်္ဂလာပွဲမျိုး စီစဥ်ပေးထားလဲ နင်မသိဘူးနော်။"
ထိုအကြောင်းပြောရင်း တတိယမရီးက စိတ်ပျက်သလို ခံစားမိသည်။
"စန်းနီက စေ့စပ်လိုက်ပြီလား။" လင်းချင်းဟယ်လည်း အံ့အားသင့်သွားမိသည်။ သို့သော် သာမန်ထက်တော့ မပိုပါ။ စန်းနီက အာ့နီအောက် အနည်းငယ်သာ ငယ်ပြီး လက်ထပ်နိုင်သည့် အရွယ်ရောက်နေပြီဖြစ်သည်။
"သူ ဒီနှစ်ကုန်ကျ လက်ထပ်လိမ့်မယ်။" တတိယမရီးက ခေါင်းငြိမ့်လိုက်သည်။
"ဘယ်လိုလူမျိုးနဲ့ စေ့စပ်ထားတာလဲ။" လင်းချင်းဟယ်က မေးလိုက်သည်။
လင်းချင်းဟယ်က ထိုတူမ စန်းနီနှင့် ပတ်သက်ပြီး အစကတည်းက အကောင်းမြင်စိတ်ရှိသည်။ သူမက ရိုးသားပြီး သူမအဖေလို စိတ်ဓာတ်မျိုးရှိသည်။
ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ စိတ်နေစိတ်ထားက ပို၍ တည်ငြိမ်လာပြီး စကားတစ်ခွန်းမှ မပြောဖြစ်တော့ဘူး။
သူမ အရင်က အဆင်ပြေပေမယ့် ဘာတွေ ဖြစ်သွားပြီး သူမ ဘာကြောင့် ဒီလိုဖြစ်လာမှန်း မသိပါ။
"သူ့ထက် ၁၀ နှစ်လောက်ကြီးတဲ့ လူတစ်ယောက်နဲ့ စေ့စပ်ပေးထားတယ်တဲ့။ အဲ့လူက ခြေထောက်ကလည်း မသန်ဘူးတဲ့။ သူ့စိတ်ထားကလည်း သိပ်မကောင်းဘူးလို့ ကြားတယ်။" ထိုစကားပြောရင်း တတိယမရီး၏ ရင်ထဲ မီးတောက်နေသည်။
သူမသည် စန်းနီ၏ အဒေါ်တစ်ယောက် ဖြစ်နေတာတောင် ဒါကို သူမ သည်းမခံနိုင်ပါ။ သို့သော်လည်း သူမ ဘာလုပ်နိုင်မည်နည်း။ ကောင်းကင်နှင့် မြေကြီးကိုသာ စီမံ၍ ရနိုင်မည်။ အမေတစ်ယောက် သမီးအတွက် စီစဉ်ပေးထားသော မင်္ဂလာပွဲကိုတော့ ဝင်ရောက်စွက်ဖက်လို့ မရပေ။
ထိုလူ၏ အခြေအနေကို ကြားသောအခါ လင်းချင်းဟယ်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ "ဘာဖြစ်လို့ အဲ့လို မင်္ဂလာကိစ္စကို သူသဘောတူခဲ့တာလဲ။"
"ဟိုဘက်က ငွေတွေ အများကြီး တင်တောင်းတယ်လေ။" ဟု တတိယမရီးက ပြန်ဖြေသည်။
ကျေးရွာဘက်တွင် ကြီးမားသော လက်ဖွဲ့ပစ္စည်းများဖြင့် တင်တောင်းရမည်ဟူသော စည်းမျဥ်းစည်းကမ်းများ မရှိသော်လည်း ထိုလူက ပေးချင်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ငယ်ရွယ်သော အမျိုးသမီးတစ်ယောက်အတွက် ယွမ် ၄၀၀ ကို တင်တောင်းငွေအဖြစ် ပေးမည် ဖြစ်သည်။
ထိုခေတ်က ယွမ် ၄၀၀ မှာ အမှန်တကယ်ပင် အလွန်များပြားလှသော တင်တောင်းငွေ ဖြစ်ပါသည်။ အမျိုးသမီးဘက်ကို သေသေချာချာ ဂရုစိုက်ပေးထားသည်ဟု ဆိုနိုင်သည်။ မဟုတ်လျှင် ဘာကြောင့် ဒီလောက် ငွေအများကြီးကို တင်တောင်းငွေအဖြစ် ပေးလိမ့်မည်နည်း။
သို့သော်လည်း တတိယမရီးက မကျေနပ်သေးပါ။ လင်းချင်းဟယ်ဆို ပိုဆိုးပြီဖြစ်သည်။
"ဒါ သူ့သမီးကို ရောင်းစားနေတာပဲ မဟုတ်ဘူးလား။" လင်းချင်းဟယ်က ထင်ကြေးပေး၏။
တတိယမရီးလည်း သက်ပြင်းချလိုက်သည်။ "ငါ့ယောက်ျားကို ပြန်ခိုင်းပြီး ဒုတိယအစ်ကိုကို မေးခိုင်းပြီးပြီ။ နင်သိတဲ့အတိုင်း ဒုတိယအစ်ကိုကလည်း အိမ်မှာ အာဏာမရှိဘူးလေ။"
လင်းချင်းဟယ်သည် ထိုစကားကို ကြားသောအခါ ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ဒုတိယအစ်ကို၏ စိတ်ဓာတ်ကို ကောင်းမွန်သည်ဟု သူမ ထင်ခဲ့ဖူး၏။ ယခု ဒီလိုကိစ္စမျိုး ဖြစ်လာပြီ ဖြစ်သဖြင့် သူမသည် ဒုတိယအစ်ကိုကို သိပ်သဘောမကျတော့ပါ။
စန်းနီက သူ့သမီးအရင်း ဖြစ်သည်။ စန်းနီထက် အသက် ၁၀ နှစ်ကြီးခြင်း၊ ခြေထောက်မသန်ခြင်းက ပြဿနာမရှိသေးသော်လည်း စိတ်ဓာတ် မကောင်းသည်ကတော့ အဆင်မပြေပါ။
တတိယမရီး သိထားသော အချက် ဖြစ်သဖြင့် မမှားနိုင်ပါ။ စန်းနီကို အကြမ်းဖက်တာမျိုး လုပ်ခဲ့သည်ရှိသော် ဘယ်လိုလုပ်မည်နည်း။
ကျိုးစန်းနီ၏ စိတ်ဓာတ်မျိုးနှင့် အနိုင်ကျင့်ခံရလျှင်တောင် ပြောရမည်မဟုတ်ပါ။
ဒုတိယအစ်ကိုက ထိုဖြစ်နိုင်ချေကို မစဥ်းစားမိဘူးလား။ သူ့စိတ်လည်း ယွမ် ၄၀၀ ကြောင့် အမှောင်ဖုံးလွှမ်းနေပြီ ထင်သည်။
"ငါ ဒီမင်္ဂလာပွဲကို သဘောမကျဘူး၊ ယောက်ျားလေးဘက်က အဆင်မပြေဘူး။ ဒါပေမယ့် အခု တင်တောင်းငွေတောင် ပေးပြီးပြီဆိုတော့ အလုပ်နားကာလကျရင် လက်ထပ်ဖြစ်လိမ့်မယ်ထင်တယ်။ စန်းနီ လက်ထပ်ရဖို့ သိပ်မကြာတော့ဘူး။" ဟု တတိယမရီးက ခေါင်းကိုခါလိုက်သည်။
လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်၏။ သူမလည်း ဝင်မပါနိုင်ပါ။ သမီးယောက်မက သမီးယောက်မပဲဖြစ်သည်။ သူတို့သမီး၏ မင်္ဂလာကိစ္စကို တားမြစ်ဖို့ သူမက ဘယ်နေရာရှိပါ့မည်နည်း။
အထူးသဖြင့် ယောက်ျားဘက်က ယွမ် ၄၀၀ တင်တောင်းငွေ ပေးအပ်ပြီးပြီဖြစ်သဖြင့် ဤရိုးသားမှုက လုံလောက်နေပြီဖြစ်သည်။
"ဒီအကြောင်းကို မပြောရအောင်။ ဒီနှစ်ထဲ အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့က အိမ်အသစ်တစ်လုံး ဆောက်တော့မယ်လို့ကြားတယ်။ ငါတို့မိသားစုလည်း မြေတစ်ခုရှိတော့ ငါတို့လည်း အိမ်အသစ်တစ်လုံး ဆောက်ရင် ကောင်းမလားလို့ စဥ်းစားနေတာ။” ဟု တတိယမရီးက ပြောလိုက်သည်။
ဒီနှစ်ထဲ သူတို့ ဝင်ငွေ အများကြီး ရခဲ့သည်။ ထို့ကြောင့် အိမ်အသစ်ဆောက်ခြင်းက ပြဿနာ မဟုတ်ပါ။
"နင်တို့ ရွာမှာ ဆောက်ပြီးသွားရင်လည်း နေဖြစ်မှာမှ မဟုတ်တာ။ နင်တို့ နှစ်သစ်ကူး ရက်ပိုင်းလောက်ပဲ ပြန်ကြရမှာလေ။ မြို့တော်မှာ အိမ်ဝယ်လိုက်တာက ပိုကောင်းလိမ့်မယ်။ ရှောင်မိန်တို့အိမ်မှာပဲ နေတာက ရေရှည်ဆို အဆင်မပြေနိုင်ဘူး။" ဟု လင်းချင်းဟယ်က ပြောလိုကသည်။
"အိမ်က အသေးအဖွဲကိစ္စတွေနဲ့ စိတ်ပူနေရလွန်းလို့ ယောက်မလေးနဲ့ မတ်လေးတို့အကြောင်းတောင် ငါ မမေးမိဘူး။ ပြီးတော့ အဖေနဲ့ အမေကော အဲ့မှာ အဆင်ပြေရဲ့လား။" ဟု တတိယမရီးက မေးလိုက်သည်။
"အားလုံး အဆင်ပြေကြပါတယ်။ အဲ့ဒီမှာ ဘေးကင်းပြီး လုံခြုံကြတယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းတာပေါ့" ဟု တတိယမရီးက ပြန်ပြောလိုက်ပြီး မြို့တော်တွင် အိမ်ဝယ်ဖို့ကိစ္စ ဆက်ပြောကြသည်။ သူမနှင့် တတိယအစ်ကိုတို့ တွေးထားသည်က မြို့တော်တွင် အိမ်ထောင်စုစာရင်း မရှိသဖြင့် မြို့တော်တွင် အိမ်ဝယ်ဖို့ စိတ်ချရမလား ဆိုတာပင်။
"ဘာကို စိတ်မချရမှာလဲ။ အတူတူပဲကို မခြားနားပါဘူး။ ငါ့မောင်လေးလည်း အိမ်တစ်လုံးလောက် ဝယ်ဖို့ စီစဥ်နေတာ။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။
တတိယမရီးက ခေါင်းငြိမ့်လိုက်ပြီး စိတ်ထဲတွင်လည်း သိနေခဲ့ပါသည်။