← Chapters

အမှန်တရား

Vol. 28 Ch. 385

အမှန်တရား

Vol. 28 Ch. 385

အခန်း(၃၈၅) - အမှန်တရား

သမီးယောက်မနှစ်ယောက်သား စကားပြောပြီးနောက် ထွက်လာခဲ့ကြသည်။ လင်းချင်းဟယ်က အထည်အိတ်ထဲမှ မိန်းကလေးဝတ် လက်ပတ်နာရီတစ်လုံးကို ထုတ်ကာ ပြောလိုက်သည်။ "ဒီနာရီကို ဝူနီအတွက် ဝယ်ပေးတာ၊ ဝူနီက ကောလိပ်သွားရတော့မှာ ဆိုတော့ လက်ပတ်နာရီတစ်လုံးတော့ ရှိသင့်တယ်လေ။"

"မဟုတ်တာပဲ..." တတိယမရီးက ရှက်ရွံ့စွာ ရေရွတ်လိုက်သည်။

တတိယအစ်ကိုအတွက်လည်း တစ်လုံးဝယ်ပေးခဲ့သည်။ ယွမ် ၁၀၀ ကျော် ကုန်ကျသဖြင့် သူမ ခဏတာမျှ နာကျင်သွားရသော်လည်း မတတ်နိုင်ပေ။ သူ အချိန်ကိုသိဖို့ လက်ပတ်နာရီ လိုအပ်သည်။

နှိုင်းယှဥ်ကြည့်ရလျှင် တတိယမောင်လေးလင်းနှင့် တတိယယောင်းမလင်းတို့က ငွေရေးကြေးရေး ချွေတာကြသည်။ သူတို့က တတိအစ်ကိုထက် စောစော စတင်ခဲ့ကြ၏။ သူတို့၏အစ်မ လင်းချင်းဟယ်သာ ဝယ်မပေးဘူးဆိုလျှင် သူတို့သည် လက်ပတ်နာရီဝယ်ဖို့ ခြစ်ကုတ်နေကြဦးမည်ဖြစ်သည်။

ယွမ် တစ်ရာကျော်တန် နာရီက အလွန်စျေးကြီးလွန်းလှပါသည်။

"ယန်ယန်နဲ့ ဝူနီတို့ နှစ်ယောက်စလုံး တစ်ယောက်တစ်လုံးစီ ရကြမှာပါ၊ သူတို့ကောလိပ်ကို တက်နိုင်သွားတဲ့အတွက် လက်ဆောင်လို့ သဘောထားလိုက်ပေါ့။” ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

တတိယမောင်လေးလင်းက ခေါင်းကုတ်လိုက်မိသည်။ သူ့အစ်မက သူ့ကိုလည်း တစ်လုံး ပေးခဲ့သေးသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အိမ်ဟောင်းကိုသာ ပြန်လာချင်မိသည်။ ဘာပဲဖြစ်ဖြစ် တတိယအစ်ကိုက ဒီနေရာတွင် အဆင်ပြေနေသဖြင့် ဘာမှ စိတ်ပူစရာမလိုပါ။

ပြန်လာရဖို့က အခွင့်အရေး နည်းပါးသဖြင့် သူတို့ ရွာကို ပြန်ပြီး ကြည့်ရဦးမည်။ သူတို့ ပြန်သွားသောအခါ အမေကျိုး မေးလျှင် ဖြေနိုင်အောင်ဖြစ်သည်။

"ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဒီနေ့ည ညစာစားဖို့ ဒီမှာနေပါဦးဟယ်။ နင်တို့ စားပြီးမှ ပြန်ရင်လည်း နောက်မကျသေးပါဘူး။" ဟု တတိယမရီးက အလျင်စလို ပြောလိုက်သည်။

"ငါတို့အိမ်ပြန်ရောက်ရင် အကြီးဆုံးမရီးကလည်း ငါတို့ကို အငတ်မထားပါဘူးနော်။” ဟု လင်းချင်းဟယ်က ပြုံးကာ အာမခံလိုက်သည်။

"ဒါပေမယ့်လည်း အဆင်မပြေပါဘူး။ ဒီတစ်ခေါက် ပြန်လာပြီး ငါတို့အိမ်မှာ တစ်နပ်တောင် စားမသွားဘူးဆိုရင် ဘယ်လိုလုပ်ဖြစ်မှာလဲ။" ဟု တတိယမရီးက ပြောလိုက်သည်။

"ညနေစောစော စားသောက်ကြပြီး ဗိုက်ပြည့်မှ အိမ်ပြန်လိုက်ကြလေ။" ဟု တတိယအစ်ကိုကလည်း သူမကို ထောက်ခံကာ ပြောပေးသည်။

သူတို့နှစ်ယောက်၏ သဘောကောင်းသော ကမ်းလှမ်းမှုကို လက်မခံပါက ရိုင်းရာကျမည်ဖြစ်သဖြင့် လင်းချင်းဟယ်တို့ လင်မယားသည် တတိယအစ်ကိုတို့မိသားစုနှင့်အတူ ညစာ အတူတူ စားခဲ့ကြသည်။

ညစာစားပြီးနောက် ၅နာရီသာ ရှိသေးသည်။ တတိယမောင်လေးလင်းက မော်တော်ဆိုင်ကယ်ဖြင့် သူ့ယောက်ဖနှင့် အစ်မတို့ကို အိမ်ပြန်လိုက်ပို့ခဲ့သည်။ မနက်ဖြန် ပစ္စည်းများ လိုက်ပို့ဖို့ စက်ဘီးကိုသာ သုံးမည် ဖြစ်သည်။

လင်းချင်းဟယ်က သူ့အပေါ် ထွေထွေထူးထူး မယဥ်ကျေးပြခဲ့ပေ။

တတိယအစ်ကိုသည် ငြူစူ၍ မဆုံးနိုင်ပေ။ "ဒီမော်တော်ဆိုင်ကယ်ကြီးက အရမ်းမြန်ပြီး လူလည်း သက်သာတယ်နော်။"

"ချင်းဟယ်ပြောတာတော့ တစ်စီးကို ယွမ် ၇၀၀ ကျော်တောင် ကုန်ကျတယ်တဲ့။ စျေးကြီးလွန်းပါတယ်။" ဟု တတိယမရီးက ပြန်ပြောလိုက်သည်။

"ယွမ် ၇၀၀ ကျော်တောင်လား။" တတိယအစ်ကိုလည်း မထိန်းနိုင်ဘဲ တောက်ခေါက်လိုက်မိသည်။

ယခုအချိန်မှာတော့ တောက်ခေါက်ချင် ခေါက်နေလိမ့်မည်။ သို့သော် တတိယမောင်လေးလင်းတစ်ယောက် စက်ဘီးမှ ဆိုင်ကယ်ပြောင်းပြီး ပစ္စည်းများစွာကို လေလိုအလျင်ဖြင့် သွားလိုက်ပြန်လိုက် သယ်နေတာကို တွေ့သောအခါ သူ့ဘဝခက်ခဲနေမှန်း ခံစားလာရလိမ့်မည်။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ ရွာသို့ပြန်ရောက်လာသောအခါ အကြီးဆုံးမရီးနှင့် အကြီးဆုံးအစ်ကိုတို့က အလုပ်ဆင်းပြီဖြစ်ကာ အိမ်တွင် စားသောက်နေကြပြီဖြစ်သည်။

ကျိုးချင်းပိုင်က ကျိုးအိမ်ဟောင်းဖက်သို့ တန်းမောင်းလာခဲ့သည်။

မော်တော်ဆိုင်ကယ်ဆိုသည်မှာ ရှားပါးသော အရာဖြစ်သဖြင့် ရွာထဲတွင် အုံးအုံးကြွကြွ ဖြစ်သွားစေခဲ့သည်။ လက်ရှိကျေးရွာတွင် ညစာစားချိန် ရောက်နေပြီ ဖြစ်သဖြင့် အားလုံးက ထမင်းပန်းကန်လုံးများကိုင်ကာ ကျိုးအိမ်ဟောင်းသို့ ရောက်လာကြသည်။

လင်းချင်းဟယ်က ထိုကိစ္စကို ဘယ်တော့မှ မရှင်းချင်သဖြင့် ကျိုးချင်းပိုင်သာ အားလုံး ရှင်းပြခဲ့ရသည်။ သူမက အကြီးဆုံးမရီးနှင့် ခြံဝန်းထဲဝင်လာခဲ့သည်။

ပထမဆုံး အဝတ်အိတ်ထဲမှ သကြားလုံးများနှင့် မုန့်ပဲသရေစာများကို ထုတ်ကာ ပထမမိသားစုနှင့် ဒုတိယမိသားစုတို့ရှိ ကလေးများအား ဝေမျှစားသောက်ဖို့ ဝေငှပေးလိုက်သည်။

ထို့နောက် အိမ်ထဲသို့ အကြီးဆုံးမရီးနှင့်အတူ ဝင်လာခဲ့၏။

ဒုတိယမရီးက ကလေးများ ပြန်ယူလာသော ပစ္စည်းများကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပါ။

ကျိုးလျို့နီက ပါးစပ်ထဲတွင် သကြားလုံး တစ်လုံးတောင် ဝါးနေပြီဖြစ်သည်။ ထို့နောက် သူမက "နှစ်တိုင်း သကြားလုံးနှစ်ထုတ်နဲ့ မုန့်တစ်ဗူးချည်းပဲ။ အခု သူတို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်နေတာတောင် ငါတို့ကို ဒီလောက်ပဲ ပေးချင်စိတ်ရှိတယ်။ ကပ်စေးနှဲလိုက်တာ။”

ကျိုးစန်းနီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ဆက်စားနေလိုက်သည်။ သူမ မျက်လုံးထဲတွင် ရွံရှာမှုများ ပေါ်လွင်နေပါသည်။

လင်းချင်းဟယ်က ဒုတိယမိသားစုကို အာရုံမစိုက်ပါ။

အကြီးဆုံးမရီးနှင့် စကားပြောဖို့ အခန်းထဲသာ ဝင်လာခဲ့သည်။

ယခုရွာတွင် လျှပ်စစ်မီးရနေပြီဖြစ်သဖြင့် အိမ်တိုင်းတွင် လျှပ်စစ်မီးအလင်းရောင်များ လင်းနေပြီဖြစ်သည်။

"ယန်ယန်ပြောတာ ကြားမိတယ်။ နင်နဲ့ သူ့ဦးလေးတို့ တောင်ပိုင်းကို သွားကြပြန်ပြီဆို။ နင်ပြန်လာမှာ ငါသိနေတယ်။" ဟု အကြီးဆုံးမရီးက ရွှင်ပျစွာ ပြောလိုက်သည်။

"နှစ်ကုန်ရဲ့ အားလပ်ရက်ကာလ ရောက်ရင် ပြန်လာရမှာပေါ့၊ တစ်နှစ်လုံးမှာမှ ဒီခရီးတစ်ခုပဲ ကျွန်မတို့ လာလို့ရတာကိုး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"အရင်ထိုင်ပါဦး။ ငါခေါက်ဆွဲသွားချက်လိုက်ဦးမယ်။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။

"အလုပ်ရှုပ်မခံနဲ့။ ကျွန်မတို့ တတိယမရီးအိမ်မှာ စားပြီးမှ အိမ်ပြန်လာခဲ့တာ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

"ပြန်ရောက်လာပြီ ဆိုမှတော့ သူတို့အိမ်မှာ စားဖို့မလိုပါဘူး။ ငါတို့အိမ်ကလည်း နင်တို့နှစ်ယောက်အတွက် ကြက်တစ်ကောင် သတ်ထားပြီးပြီ။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။

"တတိယမရီးက တိုက်တွန်းလို့ပါ။ မဟုတ်ရင် ဒီနေ့ည ကျွန်မနဲ့ ချင်းပိုင်တို့ အကြီးဆုံးမရီးလက်ရာကို စားမလို့ပါ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

ထို့နောက် အကြီးဆုံးမရီးနှင့် ကျိုးအာ့နီအကြောင်း ပြောကြသည်။ "အာ့နီကို စိတ်မပူပါနဲ့။ အကြီးဆုံးမရီး သူမ အခြေခိုင်နေပါပြီ။ အနာဂတ်မှာ ဘာမှ ဆိုးဆိုးရွားရွားဖြစ်မှာ မဟုတ်ဘူး။"

အကြီးဆုံးမရီးက သွားပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "နင့်ရဲ့ လမ်းညွှန်ပေးမှုကြောင့်ပါ။ ငါ့လမ်းညွှန်မှုအောက်မှာသာ ဆိုရင် သူက ကလေးတစ်ယောက်တောင် ရပြီးနေလောက်ပြီပေါ့။"

သူမ၏ စတုတ္ထဒေါ်လေးနှင့် မြို့တော်သို့ လိုက်မသွားခဲ့ဘူးဆိုလျှင် ကျိုုးအာ့နီတစ်ယောက် အခုလောက်ဆို အိမ်ထောင်ကျပြီး ဖြစ်နေလောက်ပြီ။

"တတိယမရီး ပြောတာ ကြားခဲ့ရတယ်။ စန်းနီ စေ့စပ်ထားပြီဆို။" လင်းချင်းဟယ်က ထိုအကြောင်း ထုတ်ပြောသည်။

"ဟုတ်တယ်၊ မဆိုးပါဘူး။" ဟု အကြီးဆုံးမရီးက ပြန်ဖြေလိုက်သည်။

"ကျွန်မကြားတာတော့ သူက အသက် ၁၀ နှစ်ပိုကြီးပြီး ခြေထောက်လည်း မသန်ဘူး။ ပြီးတော့ စိတ်ဓာတ်ကလည်း မကောင်းဘူးဆို။" လင်းချင်းဟယ်က မျက်မှောင်ကြုတ်သွား၏။

"အားလုံး အမှန်ပါပဲ။ ဒါပေမယ့် သူ စန်းနီကိုတော့ အရမ်း ဂရုစိုက်ပါတယ်။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။

လင်းချင်းဟယ်၏ သဘောမတူသော မျက်နှာကို မြင်သောအခါ သူမ သက်ပြင်းချလိုက်သည်။ "နင် မသိပါဘူး။ မင်္ဂလာကိစ္စက စီစဥ်ပြီးသွားပြီ။ ဒါပေမယ့်လည်း အရမ်းကြီးတော့ မဆိုးပါဘူးလို့ ပြောလို့ရပါတယ်။"

အကြီးဆုံးမရီးက တတိယမရီးထက် ပိုသိပါသည်။ တတိယမရီးက မြို့တော်သို့ ပြောင်းလာခဲ့ပြီပဲ မဟုတ်ပါလား။ ယောက်ျားလေးဘက်က ဤနေရာနှင့် အနည်းငယ်ဝေးသော တောင်တန်းတွေဘက်မှာ ရှိသည်။ လမ်းလျှောက်သွားမည်ဆိုလျှင် တစ်ရက်လောက်ကြာနိုင်သည်။

"ငါ နင့်ရဲ့ အကြီးဆုံးအစ်ကိုကို စက်ဘီးနဲ့ လွှတ်ပြီး အဲ့ဒီပတ်ဝန်းကျင်မှာ သွားစုံစမ်းခိုင်းပြီးပြီ။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။

သူမနှင့် အကြီးဆုံးအစ်ကိုတို့က သူတို့တူမအတွက် မိဘအရင်းဖြစ်ကြသော ဒုတိယအစ်ကိုနှင့် ဒုတိယမရီးထက်တောင် ပိုစိတ်ပူသေးသည်ဟု ပြောနိုင်ပါသည်။

ယောက်ျားဘက်က ဒီနှစ်ဆို အသက် ၂၈နှစ်ပြည့်ပြီ ဖြစ်သည်။ သေချာပေါက် ၁၈ နှစ်အရွယ် ကျိုးစန်းနီထက် အသက် ၁၀ နှစ်ပိုကြီးပါသည်။

သို့သော်လည်း ဆိုးဆိုးရွားရွား မဟုတ်လှပါ။

သူ့ကျေးရွာကသာ အဆင်မပြေခြင်းဖြစ်သည်။ အခြေအနေများက မဆိုးလျှင်တောင် တောင်လမ်းများကို ဖြတ်သွားရသည်။ မိန်းကလေးများက ထိုနေရာက လူကို လက်မထပ်ချင်ခြင်းသာဖြစ်သည်။

သူတို့မိသားစုထံသို့ ပြန်ချင်သောအခါ တောင်တက်လမ်းများစွာကို လျှောက်ရမည််ဖြစ်ပြီး ဂရုမစိုက်ပါက ပြုတ်ကျသွားနိုင်သဖြင့် အလွန်အန္တရာယ်များပါသည်။

"သူက လက်ထပ်ရမယ့်သူ မတွေ့တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း ယောက်ျားမရှိတော့တဲ့ မုဆိုးမတွေကို လက်မထပ်ချင်လို့၊ အဲ့တာကြောင့် အသက်က ဒီလောက်ထိ ကြီးသွားခဲ့တာပေါ့။ လူတွေက ခဏခဏ သူ့ကို မုဆိုးမတွေနဲ့ မိတ်ဆက်ပေးတတ်တယ်လေ။ အဲ့တာကြောင့် သူကလည်း ဒီအတိုင်း အဲ့ဒီအောင်သွယ်တော်တွေကို မောင်းထုတ်တော့တာပေါ့။ အဲ့တာကြောင့် စိတ်ဓာတ် မကောင်းဘူးဆိုပြီး နာမည်ဆိုးရသွားတာပဲ။" ဟု အကြီးဆုံးမရီးက ရှင်းပြလိုက်သည်။

"သူက အဲ့လောက် ဝေးတာတောင် စန်းနီကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ။" လင်းချင်းဟယ်က မျက်မှောင်ထပ်ကြုတ်လိုက်ပြန်သည်။

"စန်းနီကိုယ်တိုင် ရွေးချယ်ခဲ့တာ။" အခန်းထဲတွင် အကြီးဆုံးမရီးနှင့် လင်းချင်းဟယ်တို့သာ ရှိသော်လည်း အကြီးဆုံးမရီးက အသံကို တိုးလိုက်သည်။

"ဟင်" လင်းချင်းဟယ်က အံ့အားသင့်သွား၏။

"နင့်ရဲ့တတိယမရီးက ဒီအကြောင်းကို မသိသေးဘူး။ ငါစန်းနီကို မေးပြီးပြီ။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။

ကျိုးစန်းနီနှင့် ထိုယောက်ျားတို့က စျေးသွားတုန်း ဆုံတွေ့ခဲ့ကြသည်။ တကယ်တော့ သူတို့ဘက်မှာရှိတဲ့ ခရိုင်မှာ မဟုတ်ဘဲ တခြားခရိုင်တစ်ခုမှာဖြစ်သည်။

တိုက်ဆိုင်မှုလည်း ဖြစ်ပါသည်။ ကျိုးစန်းနီက ဒုတိယမရီး၏ အမိန့်ကြောင့် မြို့တော်တက်ပြီး ပဲပိစပ်များ သွားရောင်းခဲ့ရသည်။

ဒုတိယမရီးသည် တတိယမရီးထံ ရောင်းချချင်သော်လည်း ဆက်ဆံရေး မကောင်းသဖြင့် သူမမျက်နှာကို အောက်မကျို့နိုင်ပါ။ ထို့ကြောင့် အလုပ်ကြိုးစားသော သူ့သမီး ကျိုးစန်းနီကိုသာ ခိုင်းစေခဲ့သည်။

ကျိုးစန်းနီက စကားအများကြီး သိပ်မပြောခဲ့ပါ။ ကျောပေါ်တွင်သာ သယ်ပြီး မြို့သို့ တက်သွားခဲ့သည်။ သို့သော်လည်း ပဲပိစပ်တစ်အိတ်က ကျင်းအတော်လေး လေးလံသည်။ ကျိုးစန်းနီက အလုပ်လုပ်ရတာ အသားကျနေပြီဟု ဆိုလျှင်တောင် ဘယ်လိုလုပ်ပြီး လွယ်ကူပါ့မည်နည်း။

All Chapters