ခန်းဝင်ပစ္စည်း
Vol. 28 Ch. 387
အခန်း(၃၈၇) - ခန်းဝင်ပစ္စည်း
"မလိုပါဘူး။ အဲ့တာ နင့်စတုတ္ထဦးလေးနဲ့ ငါ့အဝတ်တွေလောက်ပါပဲ။ နင့်စတုတ္ထဦးလေးပဲ လျှော်ပါစေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"သမီး စတုတ္ထဒေါ်လေးနဲ့ စကားသွားပြောလေ။" ဟု ကျိုးချင်းပိုင်က သူ့တူမကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ကျိုးစန်းနီက နှုတ်ခမ်းကို ခပ်ဖွဖွလေး စုဝိုင်းကာ ခေါင်းငြိမ့်လိုက်ပြီး အထဲဝင်သွား၏။
လင်းချင်းဟယ်သည် လိုရင်းကို စမပြောခင် သူမကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။ "နင့်အကြီးဆုံးနဲ့ တတိယဒေါ်လေးဆီက နင့်မင်္ဂလာကိစ္စအကြောင်း ကြားခဲ့ရတယ်။"
"စတုတ္ထဒေါ်လေး၊ သမီးကို မဖျောင်းဖျပါနဲ့။ သမီး လီအိုက်ကော်ကိုပဲ လက်ထပ်မှာပါ။ သူ့ကိုပဲ လက်ထပ်ချင်တယ်။" ဟု ကျိုးစန်းနီက မျက်နှာလွှဲကာ ပြောလိုက်သည်။
လင်းချင်းဟယ်က သူမကို တားမည်ဟု ထင်နေသောကြောင့်ဖြစ်သည်။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "အမှန်တိုင်းပြောရရင် မြို့ထဲမှာ နင့်တတိယဒေါ်လေး ပြောတာကြားတုန်းက ငါ သေချာပေါက် လက်မခံချင်ခဲ့ဘူး။ ဒါပေမယ့် ဒီပြန်ရောက်တော့ နင့်အကြီးဆုံးဒေါ်လေးနဲ့ ပြောကြည့်မှ ဒီမင်္ဂလာကိစ္စက အဲ့လောက်လည်း မဆိုးပါဘူးလို့ ခံစားလိုက်ရတယ်။"
ကျိုးစန်းနီက စိတ်အေးစွာဖြင့် အသက်ရှူထုတ်ပြီးနောက် ခေါင်းငုံ့လိုက်သည်။
"စတုတ္ထဒေါ်လေးက နင့်ကို ပြောစရာရှိလို့ ဒီနေ့ည ခေါ်လိုက်ရတာ။ ဒေါ်လေးရဲ့ စကားတွေကို နားထောင်ချင်လား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"ဟုတ်ကဲ့" ကျိုးစန်းနီက ခေါင်းငြိမ့်လိုက်သည်။
"စတုတ္ထဒေါ်လေး၊ သမီးကို မေးချင်တာ ရှိတယ်၊ လီအိုက်ကော်တို့ မိသားစုမှာ သားဘယ်နှယောက်ရှိလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"သုံးယောက်ပါ။ သူက အငယ်ဆုံး၊ ဒါပေမယ့် သူ့အမေက သူ့ကို ဦးစားမပေးဘူး။" ဟု ကျိုးစန်းနီက ပြန်ဖြေလိုက်သည်။
"ဒါဆို သူက အငယ်ဆုံးပေါ့၊ ဘာဖြစ်လို့ ဦးစားပေး မခံရတာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"သူ့အမေ သူ့ကို မွေးတုန်းက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့လို့ သူ့ကို သဘောမကျဘူးလို့ပြောတယ်။" ဟု ကျိုးစန်းနီက ပြန်ဖြေခဲ့သည်။
"တခြားကော ဘာပြောသေးလဲ။" ဟု လင်းချင်းဟယ်က ပြုံးကာ မေးလိုက်သည်။
ချက်ချင်းဆိုသလို လီအိုက်ကော်က တကယ်ပဲ လူကောင်းတစ်ယောက်ဟု သူမ ခံစားလိုက်ရသည်။ သူ့ဇနီးကို အိမ်သို့ မခေါ်လာခင် အိမ်၏ အခြေအနေကို ထုတ်ဖော်ပြောရဲသည်။
သေချာပေါက် ကျိုးစန်းနီအပေါ် ထားသည့် သူ့ခံစားချက်များက အစစ်အမှန်ပင်။
ကျိုးစန်းနီလည်း အားလုံးပြန်ပြောပြလိုက်သည်။
လီအိုက်ကော်က သူမကို အများကြီး ပြောပြခဲ့၏။ ဥပမာအားဖြင့် ယခု သူ့မိဘများနှင့် သူ မနေထိုင်တော့ပါ။ သူ့ရှေ့က အစ်ကိုကြီး နှစ်ယောက်လည်း အိမ်ခွဲနေထိုင်ကြတာ ဖြစ်သည်။
ထိုအချိန်တုန်းက သူ လက်မထပ်ရသေးသဖြင့် ထိုကဲ့သို့ ခွဲနေရသောအခါ ကိုယ့်ဖာသာကိုယ် ထွက်သွားလို့ ရခဲ့ပါသည်။
လက်ရှိတွင် သူသည် မြေယာတစ်ခု စာချုပ်ချုပ်ထားပြီး ထိုလယ်မြေတွင် အလုပ်လုပ်နေသည်။ သူ့တွင် တခြား ဘာမှ မလိုအပ်တော့ပါ။ ဇနီးတစ်ယောက်သာ လိုအပ်နေသည်။
သူက အလွန်ငယ်သော ယောက်ျားတစ်ယောက် ဖြစ်နေသောကြောင့် ထိုကဲ့သို့သော မုဆိုးမများနှင့် ကွာရှင်းထားသော အမျိုးသမီးများနှင့် နေထိုင်မည့်အစား တစ်ယောက်တည်းသာ နေထိုင်ချင်မိခဲ့သည်။ ထို့ကြောင့် အောင်သွယ်တော်များ၏ ပါးစပ်ဖျားတွင် သူ့ဂုဏ်သတင်းကလည်း ပုပ်ပွလာခဲ့၏။
သူ့လို ဒုက္ခိတတစ်ယောက်ကို မုဆိုးမတစ်ယောက်က လက်ထပ်ချင်တာကပင် ကံကောင်းသည်ဟု ဆိုကြသည်။ ပြီးတော့ သူက တောင်ရွာငယ် တစ်ရွာတွင် နေထိုင်နေသည်။ စျေးသို့ သွားမည်ဆိုလျှင် တောင်များကို ဖြတ်ရမည်ဖြစ်သဖြင့် ဘယ်လို လတ်လတ်ဆတ်ဆတ် ပန်းကလေးက သူ့ကို လက်ထပ်ချင်မည်နည်း။
သို့သော်လည်း လီအိုက်ကော်က သူ့ကိုယ်သူ အဲ့လောက် ဆိုးဆိုးရွားရွား မတွေးပါ။ ဘာပဲဖြစ်ဖြစ် သူ့ကံကြမ္မာ ရောက်မလာသေးတာဟု ခံစားခဲ့မိသည်။
သူ့ကံကြမ္မာရောက်လာသောအခါ သူ့ဇနီးသည် ပေါ်လာပြီပဲ မဟုတ်ပါလား။ ပြီးတော့လည်း ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့သည်။
လင်းချင်းဟယ်က သူမ ကြားရသည့် စကားများကို ကျေနပ်ပြီး ကျိုးစန်းနီကို ကြည့်ကာ ပြောလိုက်သည်။ "မိန်းမတစ်ယောက်ရဲ့ ဘဝမှာ မွေးဖွားခြင်း အခွင့်အရေးနှစ်ခု ရှိတယ်။ တစ်ခုက သူ့မိဘတွေက မွေးဖွားပေးပြီး ပြုစုပျိုးထောင်ပေးတာ၊ အဲ့တာက ရွေးချယ်လို့မရဘူး။ နောက်တစ်ခုက တစ်ယောက်ယောက်ကို လက်ထပ်တဲ့ အချိန်ပဲ။ မင်းရဲ့ လက်တွဲဖော်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဒါက မင်းရဲ့ ရွေးချယ်မှုပဲ။”
အမှန်ပင်။
အမျိုးသမီးများ ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့က အလွန်အရေးကြီးသည်။ သို့သော်လည်း ထိုအချက်က ဘယ်လိုလူမျိုးလဲဆိုသည့်အပေါ်မှာလည်း မူတည်နေသေးသည်။ အချို့ သန်မာသော အမျိုးသမီးတချို့က မိမိဖာသာမိမိ ရုန်းကန်နိုင်ကြသည်။ အခြားသူများကတော့ မဟုတ်ပါ။
သို့သော်လည်း ကျိုးစန်းနီကဲ့သို့ တစ်ခါမှ စာမသင်ဖူးသည့် မိန်းကလေးမျိုးအတွက် မင်္ဂလာပွဲက အရမ်းအရေးကြီးပါသည်။
ထိုကဲ့သို့ မိန်းကလေးမျိုး လက်ထပ်လိုက်သည်နှင့် တစ်ဘဝစာဖြစ်သွားပြီဖြစ်သည်။ ကွာရှင်းမှုများက မဖြစ်သလောက် ရှားပါးပါသည်။
"စတုတ္ထဒေါ်လေး ပြောချင်တာကတော့ မိသားစုအရင်းမှာ ဖြတ်သန်းခဲ့တဲ့အချိန်တွေကို မေ့ပြစ်လိုက်လို့ရပါတယ်။ နင်လက်ထပ်ပြီးတာနဲ့ နင့်ရဲ့ ကိုယ်ပိုင်မိသားစုလေးကလွဲပြီး ဘာမှအရေးမကြီးတော့ဘူး။ ဘယ်အရာမဆို စိတ်ကိုဖွင့်ထားရမယ်။ ဒီကမ္ဘာကြီးထဲမှာ ကျော်ဖြတ်ဖို့ ဘယ်အရာမှ မခက်ခဲပါဘူး။"
"ဟုတ်" ကျိုးစန်းနီက ခေါင်းငြိမ့်လိုက်သည်။
"ပြီးတော့ နင့်မိသားစုအရင်းနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာက နင့်မိသားစုရင်းက နင့်ကိုကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် သူတို့ကို နင့်နှလုံးသားထဲ ထည့်ထားတာ မှန်တယ်။ ဒါပေမယ့် နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်ဆိုရင်တော့ လက်ထပ်ပြီးတာနဲ့ ငွေပမာဏတစ်ခုလောက် ပေးခဲ့လိုက်ပါ။ နင့်ခံစားချက်တွေ အားလုံးကို ရှင်းထုတ်တဲ့ ငွေလို့ သဘောထားလိုက်။ နင့်မိသားစုအရင်းအတွက် ဘာမှစိတ်ပူစရာမလိုတော့ဘူး။" ဟု လင်းချင်းဟယ်က အကြံပေးလိုက်သည်။
"စတုတ္ထဒေါ်လေးကတော့ သမီးကို အိမ်ကို ခဏခဏ ပြန်လာလည်စေချင်မယ်လို့ ထင်ထားခဲ့တာ။" ဟု ကျိုးစန်းနီက နှုတ်ခမ်းကိုစူပြီး ပြောလိုက်သည်။
လင်းချင်းဟယ်က ရယ်မောလိုက်ကာ သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒေါ်လေးလည်း ဒေါ်လေးကိုယ်တိုင် ဒေါ်လေးရဲ့ မိသားစုရင်းကို အဆက်အသွယ် ဖြတ်ခဲ့တာပဲ။ ဒေါ်လေးရဲ့ တတိယမောင်လေးက ဒေါ်လေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လေ။ အဲ့တာကြောင့် သူနဲ့တော့ အဆက်အသွယ်ရှိတုန်းပဲ။ ကျန်တဲ့သူတွေကို ဂရုစိုက်တာ သမီး မြင်ဖူးလို့လား။ ကြင်နာမှုနဲ့ နာကျဥ်းမှုတွေကို ခွဲခြားနိုင်ရမယ် မဟုတ်လား။"
ကျိုးစန်းနီက ဘာမှပြန်မပြောပါ။
"နင်လက်ထပ်ပြီးရင် ချွေးမတစ်ယောက်ရဲ့ ဝတ္တရားရှိသမျှ ကျေပွန်အောင် ထမ်းဆောင်ရမယ်။ ချွေးမတစ်ယောက်ရဲ့ တာဝန်နဲ့ ဘာမှမဆိုင်ရင် နည်းနည်းလေးတောင် လုပ်စရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် လီအိုက်ကော်က အငယ်ဆုံးသားမလား။ အရှေ့က နှစ်ယောက်ရဲ့ စံနှုန်းတွေအတိုင်း လိုက်လုပ်လို့ရတာပဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ဟုတ်" ကျိုးစန်းနီက ခေါင်းငြိမ့်၏။
"မျက်စိတစ်မှိတ်အချိန်အတွင်း နင်တောင် လက်ထပ်တော့မှာပါလား။" လင်းချင်းဟယ်က သူမကို ကြည့်လိုက်ပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ထကာ အထဲဝင်သွားပြီး လက်ပတ်နာရီတစ်လုံးနှင့် ငွေတချို့ ယူလာခဲ့၏။
"စတုတ္ထဒေါ်လေး" ကျိုးစန်းနီက ဒါကို သတိထားမိသွားပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ သူမ၏ စတုတ္ထဒေါ်လေးကို ကြည့်လိုက်သည်။
"ထိုင်ပါ" လင်းချင်းဟယ်က ပြောလိုက်၏။
ကျိုးစန်းနီက နှုတ်ခမ်းစူကာ ပြန်ထိုင်လိုက်ပါသည်။
"နင် လီအိုက်ကော်နဲ့ လက်ထပ်ရင် နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ပြန်လာနိုင်မှာ မဟုတ်လောက်ဘူး။ ဒီနာရီက နင့်စတုတ္ထဦးလေးကနေ သူ့တူသားမက်ကို ပေးတာ။ နင် သေသေချာချာ ဖွက်ထားပါ။ အချိန်တန်ရင် လီအိုက်ကော်ကို ထုတ်ပေးပြီး မြို့တော်က စတုတ္ထဦးလေး လက်ဆောင်ပေးတာလို့ ပြောပြလိုက်ပါ။" ဟု လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။
ဤကဲ့သို့ ဆောင်ရွက်ရခြင်းသည် အဝေးတွင် လက်ထပ်နေထိုင်ရမည်ဖြစ်သော ဒီတူမအား မိသားစုထဲက ဘယ်သူကမှ ဂရုမစိုက်ဘူးဟု မတွေးမိအောင် သတိပေးသည့်သဘောပင်။
"ဒါက စျေးကြီးလွန်းပါတယ်။" ကျိုးစန်းနီက ခေါင်းကို ဆက်တိုက်ခါရမ်းလိုက်သည်။
နာရီတစ်လုံးက ဘယ်လောက်တောင် ကုန်လိုက်မလဲ။ များပြားလွန်းလှပါသည်။ လိုလည်း မလိုအပ်ပါ။
"နင့်အတွက် မဟုတ်ဘူးလေ။ လီအိုက်ကော်အတွက်ပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်ပြီး ငွေဆယ်ပေါင်ကို ကျိုးစန်းနီအား ကမ်းပေးလိုက်သည်။ "ဒီယွမ်တစ်ရာက စတုတ္ထဒေါ်လေး နင့်ကိုပေးတဲ့ လက်ဖွဲ့ပါ။ နင့်ရဲ့ ခန်းဝင်ပစ္စည်းထဲ ထည့်ထားလို့ ရတာပေါ့။ စတုတ္ထဒေါ်လေး အခြားပစ္စည်းတွေတော့ ဝယ်မပေးတော့ဘူး။ နင် ငွေကို လက်ခံပေးပါ။"
"သမီး လက်မခံပါရစေနဲ့။" ကျိုးစန်းနီက ခေါင်းခါကာ ထပြီး ထွက်သွားဖို့ပြင်သည်။
"စန်းနီ၊ နင့်စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေး၊ ပြီးတော့ အကြီးဆုံးဦးလေးနဲ့ အကြီးဆုံးဒေါ်လေးတို့ကို မိသားစုအရင်းအဖြစ် မသတ်မှတ်ဘူးလား။" ဟု လင်းချင်းဟယ်က သူမကို ကြည့်ကာ မေးလိုက်၏။
ကျိုးစန်းနီ၏ မျက်လုံးများ အနည်းငယ် နီမြန်းလာပြီး ပြန်ဖြေလိုက်၏။ "မဟုတ်ပါဘူး စတုတ္ထဒေါ်လေး၊ စတုတ္ထဦးလေး၊ အကြီးဆုံးဦးလေး၊ အကြီးဆုံးဒေါ်လေး၊ တတိယဦးလေး၊ တတိယဒေါ်လေးတို့က သမီးအပေါ် အရမ်းကောင်းပါတယ်။"
"သမီးစတုတ္ထဒေါ်လေး ပြောတာ နားထောင်လိုက်ပါ။" ဟု အဝတ်လျှော်ပြီးသွားပြီ ဖြစ်သည့် ကျိုးချင်းပိုင်က သူ့တူမကို ပြောလိုက်သည်။
လင်းချင်းဟယ်က သူမအနား လျှောက်လာပြီး ငွေနှင့် နာရီကို ကျိုးစန်းနီ၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။ "နင်လက်ထပ်ရတော့မယ်။ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့က နင့်ဘဝလမ်းခရီး သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်။ မတွေးသင့်တာတွေတော့ တွေးမနေနဲ့။ ဒါက နင့်အတွက် ဘဝအသစ် တစ်ခု ဖြစ်လာမှာပါ။"
ကျိုးစန်းနီက နှုတ်ခမ်းလေး စူကာ ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေး။"
"နောက်ကျနေပြီ ပြန်တော့လေ။" လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
ကျိုးစန်းနီလည်း ခေါင်းငြိမ့်လိုက်ပြီး မပြန်ခင် စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့ကို ဦးညွှတ်ဂါရဝပြုသွားခဲ့သည်။
သူမ ထွက်သွားသည်နှင့် လင်းချင်းဟယ်က ကျိုးချင်းပိုင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။ "ဒီလို လိမ္မာရေးခြားရှိတဲ့ ကောင်မလေးတောင် ဒီလောက်အရွယ်ရောက်လာပြီပဲ။"
ယခင်က အချိန်တွေကို သူမ မှတ်မိနေသေးသည်။ ကျိုးစန်းနီက ကျောင်းမတက်သော်လည်း ဒီနေရာသို့ လာကာ တာ့နီ၊ အာ့နီ၊ အခြားသူများနှင့် စာလာကြည့်တတ်သည်။
ထိုအချိန်တုန်းက စန်းနီမှာ ဒီလိုပုံစံမျိုး မဟုတ်ပါ။
သို့သော် စန်းနီကို တစ်ချိန်လုံး သူမစောင့်ကြည့်ပေးခဲ့သော်လည်း ဒေါ်လေးဖြစ်သည့် သူမက ဘယ်လိုလုပ်ပြီး အကူအညီပေးနိုင်မည်နည်း။
ဒုတိယမရီးက အလွန်အမင်း သဘောထား သေးသိမ်လာသောအခါ သူမကို အလုပ်များ ခေါ်လုပ်ခိုင်းသည်။ မကြာခဏ ဆူပူရိုက်နှက်ခြင်းများပင် ပြုလုပ်တတ်သည်။ သို့သော်လည်း ရွာတွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးက ပုံမှန်ပင်ဖြစ်ပါသည်။
အမေတစ်ယောက်အနေနှင့် ဒုတိယမရီးက သမီးဖြစ်သူကို အသေအလဲ ရိုက်နှက်ပြီး အငတ်ထားခြင်း မဟုတ်သဖြင့် ဘယ်သူက ဝင်ပါနိုင်မည်နည်း။