တာဝန်ယူခြင်း
Vol. 28 Ch. 391
အခန်း(၃၉၁) - တာဝန်ယူခြင်း
တကယ်ပဲ လင်းချင်းဟယ်၏ မှန်းဆချက်များက ချက်ကောင်းထိသလို မှန်ကန်ပါသည်။
ကျောက်ကျွင့်က ရှုရှန့်မိန်၏ အလှကို သဘောကျခဲ့သည်။ ရှုရှန့်မိန်ကလည်း နာမည်နှင့်လိုက်အောင် လှပသည်။ အသွင်အပြင်အရတော့ လင်းချင်းဟယ် ငယ်စဥ်ကနှင့် မယှဥ်နိုင်သော်လည်း သေချာပေါက် လှပပါသေးသည်။
ထို့အပြင် ဒီနှစ်ထဲ သူမ အသက် ၁၈ နှစ် အတိ ပြည့်ပြီဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်ဆိုသည်မှာ မိန်းကလေးတစ်ယောက်၏ ဘဝတွင် အရေးကြီးဆုံး အရွယ်ကောင်း ဖြစ်သည်။ ဒီအသက်အရွယ် မိန်းကလေးမျိုးက မလှစရာ အကြောင်းမရှိပါ။
အထူးသဖြင့် အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး တစ်ကိုယ်တည်းသမား ဖြစ်နေဆဲဖြစ်သော ကျောက်ကျွင့်အတွက် ဖြစ်သည်။
သူက လက်မထပ်ရသေးဘဲ တစ်ကိုယ်တည်းသမား ဖြစ်သော်လည်း ယခင်က မိန်းမများနှင့် မပတ်သတ်ဖူးပါဟု မဆိုလိုပါ။ သူက မိန်းမတွေနှင့် ပတ်သတ်ဖူးပြီး အတွေ့အကြုံလည်း ရှိသည်။ သူ့ကို မြာပွေသူဟု သတ်မှတ်နိုင်သည်။ သို့သော် သူက လက်တော့မထပ်ပါ။ တကယ်ပဲ လူယုတ်မာလို လုပ်ရပ်ဖြစ်ပါသည်။
ရှုရှန့်မိန်၏ ပုံစံကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ သဘောကျသွားပြီး ရှုပ်ပွေချင်သွားခဲ့သည်။
သို့သော် သူ မထင်ထားခဲ့သည်က ရှုရှန့်မိန်ကလည်း ဝှက်ဖဲနှင့် အကြံကြီးသူတစ်ဦးဖြစ်သည်။ သူမခန္ဓာကိုယ်အကြောင်း သူတွေးနေစဥ် သူမကလည်း စဥ်းစားချင့်ချိန်မှုများ ပြုလုပ်ခဲ့၏။
သူမသာ ကျောက်ကျွင့်ကို အောင်အောင်မြင်မြင် လက်ထပ်နိုင်ပါက သူမသည် မြို့သူ အစစ်အမှန် ဖြစ်လာလိမ့်မည်။
ကျောက်မိသားစုက ချမ်းသာသည်။ အဘွားဟူက သူမကို ပြောပြထားသည်။ သူမ လက်ထပ်ပြီးသွားသည်နှင့် အလုပ်လုပ်စရာ မလိုဘဲ စိတ်ကြိုက် ငွေဖြုန်းလို့ရပြီဖြစ်သည်။ ရှေ့လျှောက် သူ့ဦးလေးနှင့် အဒေါ်များက သူမကို အထင်သေးနိုင်ဦးမလား။
ထိုအခါ သူ့မောင်လေးကိုပါ မြို့တော်သို့ ခေါ်နိုင်မည်ဖြစ်သည်။ သူ့မောင်လေးတင်မကဘဲ မိသားစု တစ်စုလုံးကိုပါ ခေါ်လာနိုင်မည်။
အချိန်ကျပါက သူမတို့၏ မိသားစုဝင်များကို မြို့တော် အိမ်ထောင်စုစာရင်း ပြောင်းလဲနိုင်အောင် ကူညီပေးနိုင်လိမ့်မည်။ ထို့နောက် သူမ၏ မိသားစုဝင်များသည် မြို့သားများ ဖြစ်လာနိုင်ကြပြီဖြစ်သည်။
ထိုအတွေးများကြောင့် ရှုရှန့်မိန်က အများကြီး မမူဘဲ အကြိမ်အနည်းငယ်လောက် ဆုံပြီးသည်နှင့် လိုက်လျောပေးခဲ့သည်။
သို့သော်လည်း ရှုရှန့်မိန်က မရိုးအပါ။ သူမ အသက်ငယ်သေးသော်လည်း ကျောက်ကျွင့်ကို မည်သို့ဆွဲဆောင်ရမည်ကို သိနေသည်။ ဒါမှ သူက သူမကို စိတ်မကုန်မှာ ဖြစ်သည်။
တကယ်တော့ ဒီကိုယ်ဝန်က ကျောက်ကျွင့်နှင့် နှစ်ကြိမ်လောက် မှားပြီးသည်နှင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်ကျွင့်ကကော ဘယ်လိုလဲ။ သေချာပေါက် ရှုရှန့်မိန်ကို လက်ထပ်ဖို့ စိတ်ကူးမရှိပါ။ ယခု သူမကို အပိုင်ရပြီးဖြစ်သဖြင့် အချိန်တစ်ခုကြာလျှင် နောက်တစ်ယောက် ပြောင်းမည်ဖြစ်သည်။
ဘယ်ခေတ်ဖြစ်ဖြစ် လူယုတ်မာများကတော့ ရှိနေဆဲဖြစ်သည်။
သို့သော်လည်း ဘဲငန်းများကို နေ့တိုင်း အမဲလိုက်ပါက ဘဲငန်းနှုတ်သီးကြောင့် မျက်ကန်း ဖြစ်နိုင်သေးသည်။ ရှုရှန့်မိန်ရဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်းက အရမ်းကောင်းနေလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။ ထိုအကြိမ် အပါအဝင် သူမ၏ အပျိုစင်ဘဝကို ယူခဲ့သည့်နေ့က သူ ကံစမ်းမဲပေါက်ခဲ့သည်။
သူမ၏ အပျိုစင်ဘဝကြောင့် ကျောက်ကျွင့်က သူမဟုတ်ဘူးဟု ငြင်းချင်ရင်တောင် ငြင်းမရတော့ပါ။ ရှုရှန့်မိန်တွင် သူကလွဲပြီး အခြား ယောက်ျားမရှိပါ။
ဒီတစ်ခါတော့ ထိုပြဿနာကို ရှုရှန့်မိန်က ဖော်ဆောင်ခြင်းဖြစ်သည်။
ရှုရှန့်မိန်က အရူးမဟုတ်ပါ။ သူမလည်း ကြံစည်နေခဲ့ခြင်းဖြစ်သည်။ ကျောက်ကျွင့်က တကယ်တမ်း သူမကို လက်မထပ်ချင်သည်ကို သိသွားခဲ့သည်။
ထို့ကြောင့် သူမ နေမကောင်းဘူးဟုဆိုကာ အဘွားဟူကို ပြောပြပြီး ဆေးရုံသို့ သွားစစ်လိုက်သည်။
ဒီလိုနှင့် သူမမှာ ကိုယ်ဝန်ရှိနေမှန်း သိရှိသွားခဲ့ခြင်းဖြစ်ပါသည်။
မျှမျှတတပြောရလျှင် အဘွားဟူကလည်း ရှုရှန့်မိန်ကို သူ့တူမြေးနှင့် မိတ်ဆက်ပေးချင်နေသည်။ သူမသည် သူ့တူမြေးကို ရှုရှန့်မိန်နှင့်သာ လက်ထပ်စေချင်သည်။ သူမက ရှုရှန့်မိန်ကို အလားအလာရှိသည်ဟု ထင်နေသည်။
ရှုရှန့်မိန်ကလည်း သရုပ်ဆောင်ကောင်းသည်။ အပြင်လူများရှေ့တွင် အမြဲတမ်း လိမ္မာပြီး ကျိုးနွံသည့်ပုံပေါ်သည်။ အိမ်ပြင်ထွက်ပြီး တံခါးဝနှင့် ခြံဝန်းထဲ မကြာခဏ တံမြက်စည်း လှည်းတတ်သည်။ ထို့အပြင် အဘိုးဟူကလည်း တီဗီလာကြည့်တတ်ပြီး အမေကျိုးက ပန်းကန်ဘာညာ ကူဆေးခိုင်းနေသည်ကိုလည်း တွေ့ခဲ့ရသည်။
အတိုချုံးပြောရလျှင် ဒီကောင်မလေးက အလွန်တော်ပြီး သူ့တူမြေးနှင့် သင့်လျော်မည်ဟု အဘွားဟူက တွေးလိုက်သည်။
ထို့အပြင် သူ့တူမြေး၏ မိသားစု အခြေအနေကလည်း မဆိုးလှပါ။ လူငယ်နှစ်ယောက် မျက်လုံးချင်း ဆုံပါက ပြဿနာရှိမည်မဟုတ်ပါ။
ထို့ကြောင့် အဘွားဟူက ဆန်စိမ်းချက်သည့် လှည့်ကွက်မျိုးကို သုံးဖို့ တစ်ခါမှ စိတ်မကူးခဲ့ပါ။ ဒီခေတ်လူများက အတွေးအခေါ် ရှေးရိုးဆန်ကြသဖြင့် ဒီလိုလှည့်ကွက်မျိုးကို သုံးရဲပါ့မလား။
သူတို့စကားအနည်းငယ်လောက် ပြောလိုက်လျှင် အဆင်ပြေသွားလောက်မည်ဟုသာ တွေးပြီး ဘာမှ အများကြီး သိပ်မတွေးခဲ့ပါ။ ဒီကောင်မလေး ရှုရှန့်မိန်က သူ့တူမြေးကြောင့် ဗိုက်ကြီးသွားလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။ ဆရာဝန်က ထိုသို့ ပြောသောအခါ အဘွားဟူ အလွန်ရှက်သွားမိသည်။
အဲ့ဒီနောက် ဘာဆက်ဖြစ်သလဲ ဆိုတာတော့ ပြောစရာ လိုတော့မည် မထင်ပါ။
ရှုရှန့်မိန်၏ ကိုယ်ဝန်သတင်း ထွက်လာခဲ့သည်။ ကျိုးခိုင်နှင့် တခြားသူများက ကျောက်ကျွင့်ကို သွားထိုးကြိတ်ပြီး ဆေးရုံတင်လိုက်ရသည်။
အမေကျိုးကလည်း ထိုအကြောင်းသိကာ နေရာမှာတင် ဆေးရုံသို့ ပို့လိုက်ရသည်။ ကျောက်မိသားစုက အပြစ်တောင် မရှာရဲတော့ပါ။ ကျောက်ကျွင့်တစ်ယောက် အသေထိုးကြိတ်ခံထားရသည်။
အစကတော့ ကျောက်ကျွင့်က အနည်းငယ် ခုခံပြီး ရှုရှန့်မိန်နှင့် လမ်းခွဲဖို့ စီစဥ်ထားသည်။ သူ အထိုးကြိတ်ခံနေရသည့်အချိန်ထိ ရှုရှန့်မိန်တစ်ယောက် ဗိုက်ကြီးနေမှန်း မသိသေးပါ။
သူ လက်စားချေဖို့ အသံကောင်းဟစ်နေပြီး နောက်မှ စာရင်းရှင်းမည်ဟုဆိုသည်။ နောက်တော့ ရှုရှန့်မိန် ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရသည်။ ရက်များကို တွက်ကြည့်လိုက်သော်လည်း သူမ၏ အပျိုစင်ဘဝကို ယူလိုက်သည့်နေ့နှင့် ကိုက်ညီနေသည်။
ထို့ကြောင့် သူတောင် အောက်ကျို့ပေးလိုက်ရသည်။
ကျောက်မိသားစုဟောင်းကတော့ အစက ဒေါသထွက်ခဲ့ကြသည်။ သူတို့ကျောက်မိသားစုကို ဘယ်သူက အနိုင်ကျင့်နှိပ်စက်ရဲသလဲဟု တွေးခဲ့ကြသည်။ သို့သော်လည် အဘွားဟူက အကြောင်းစုံ ရှင်းပြပြီးသောအခါ ကျောက်မိသားစုဟောင်း စိတ်လျော့သွားကြသည်။
ကျောက်ကျွင့်က မိသားစု၏ ဒုတိယမြောက်သားဖြစ်သည်။ အထက်တွင် အစ်ကိုကြီး တစ်ယောက်ရှိပြီး အောက်တွင် ညီနှစ်ယောက် ရှိသည်။ အားလုံး လက်ထပ်ပြီးကြပြီဖြစ်သည်။ အငယ်ဆုံးညီကပင် လက်ထပ်ပြီးလေပြီ။
ကျောက်ကျွင့်ကသာ လက်မထပ်ချင်သေးပေ။ သူက အသက် ၂၅ နှစ်ရှိနေပြီဖြစ်သည်။ သူ လက်မထပ်ရသေးသဖြင့် သူတို့ စိတ်မပူဘဲ နေနိုင်မည်လား။
ဒီကိစ္စကို ကြားရသည်မှာ ရှက်ဖို့ကောင်းသော်လည်း အဖေကျောက်နှင့် အမေကျောက်တို့က ရှုရှန့်မိန်ကို မိသားစုထဲ လက်ခံချင်စိတ်ရှိပါသည်။ သူမကို လက်ထပ်လိုက်သည်နှင့် ပြဿနာတွေအားလုံးကို အမြန်ဆုံး ဖြေရှင်းနိုင်သွားမည် မဟုတ်ပါလား။
ထိုအချိန်မှစပြီး မိသားစုနှစ်ခုက ဆွေမျိုးများဖြစ်လာပြီ ဖြစ်သဖြင့် မကျော်လွန်နိုင်သော ပြဿနာဆိုတာ မရှိနိုင်လောက်တော့ပါ။
ကျောက်ကျွင့်ကလည်း သူ့မိဘများ၏ ရည်ရွယ်ချက်ကို သတိထားမိသည်။ ကျောက်ကျွင့်က ရှုရှန့်မိန်ကို လက်ထပ်ဖို့ ဆန့်ကျင်ချင်သေး၏။
စဥ်းစားကြည့်လျှင် သူသည် ရှုရှန့်မိန်ကို အဲ့လောက် သဘောမကျပေ။ သို့သော်လည်း သူမက လိမ္မာပါးနပ်ပြီး အောက်ကျို့တတ်သည်။ မဟုတ်ပါက သူမ သူနှင့် အလွယ်တကူ အိပ်ခဲ့မည် မဟုတ်ပါ။
ထို့ကြောင့် ကျောက်ကျွင့် ခေါင်းငြိမ့်ခဲ့ရသည်။ ကျောက်ကျွင့်က ရှုရှန့်မိန်ကို လက်ထပ်ဖို့ သဘောတူလိုက်သောကြောင့် ပြဿနာက နှစ်ရက်အတွင်း တည်ငြိမ်သွားခဲ့သည်။
အခြေအနေ အလုံးစုံက ဒီလိုပဲ ဖြစ်ပါသည်။
ကျိုးရှောင်မိန် ပြန်ပြောပြချက်များကို ကြားသောအခါ လင်းချင်းဟယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီကိစ္စမှာ သူ့ကိုယ်စား ငါဆုံးမဖြတ်ပေးရဲဘူး။ သူ့မိဘတွေကို ခေါ်ပြီးမှ အခြေအနေတွေအားလုံးကို တာဝန်ယူခိုင်းရမယ်။"
ကျိုးရှောင်မိန်ကလည်း သူမ၏ စတုတ္ထယောင်းမနှင့် အတွေးတူသည်။ သူ့တူမ ဒီလိုမျိုး လုပ်ခဲ့သည်က အတော်ရှက်စရာကောင်းပါသည်။ သူမ ပြောလိုက်သည်။ "အဲ့ဒီအကြောင်းပြောဖို့ မနေ့တစ်နေ့က ဖုန်းခေါ်ပြီးပါပြီ။"
"နင်တို့နှစ်ယောက် အလုပ်လုပ်လိုက်ကြဦး။ နင့်စတုတ္ထအစ်ကိုနဲ့ငါ အဖေနဲ့အမေကို သွားတွေ့လိုက်ဦးမယ်။" လင်းချင်းဟယ်က ပြဿနာကို နားလည်သွားပြီးနောက် မတ်တပ်ထကာ ပြောလိုက်သည်။
သူ့ယောက္ခမတစ်ယောက်တော့ စက်ဆုပ်ရွံ့ရှာနေလောက်မည်ဟု ခံစားနေရသည်။ အိမ်နီးချင်း နှစ်ယောက်က သူ့မြေးနှင့် မြေးမ နှစ်ယောက်စလုံးကို ချိန်ရွယ်နေကြေသောကြောင့်ပင်။
သူမ၏ မြေးကိုတော့ အောင်အောင်မြင်မြင် မသိမ်းပိုက်နိုင်ခဲ့ကြသော်လည်း မြေးမကတော့ သူများနှင့် အိပ်ပင်အိပ်ခဲ့သည်။ သူမ မိတ်ဆွေများ ရွေးရာတွင် သတိမထားမိခဲ့သောကြောင့် ဖြစ်နိုင်ပါသည်။
ခက်ထန်နေသော မျက်နှာဖြင့် ကျိုးချင်းပိုင်က သူ့မိန်းမကို ခေါ်လာခဲ့သည်။ လောလောဆယ် ရှုရှန့်မိန်က အထည်ဆိုင်တွင် မရှိဘဲ သူ့အဘိုးအဘွားများနှင့်အတူ ရှိနေပါသည်။
လင်မယားနှစ်ယောက်သား အမေကျိုးတို့အိမ်ကို ရောက်သွားသည်နှင့် တပြိုင်နက် သစ်သီးများ စားနေသော ရှုရှန့်မိန်ကို တွေ့လိုက်ရသည်။ ဘေးတွင် အဘွားဟူ ရှိနေ၏။ အဘွားဟူက သူမအတွက် ဝယ်လာပေးခြင်း ဖြစ်နိုင်သည်။
"ဦးလေး ဒေါ်လေး" ရှုရှန့်မိန်က သူတို့နှစ်ယောက်ကို တွေ့သော်လည်း လိပ်ပြာမလုံစွာ မတ်တပ်ရပ်လိုက်သည်။
အဘွားဟူကလည်း အနည်းငယ် ရှက်ရွံ့နေကာ ပြောလိုက်သည်။ "ကလေးမလေးရဲ့ ဦးလေးနဲ့ ဒေါ်လေးတို့ စိတ်မပူပါနဲ့။ ကျောက်ကျွင့် ဆေးရုံက ဆင်းလာတာနဲ့ ရှန့်မိန်နဲ့အတူ အိမ်ပြန်ပြီး မိဘတွေကို သွားခေါ်ခိုင်းလိုက်ပါ့မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်မတို့ မင်္ဂလာပွဲကျင်းပပါ့မယ်။ ကျွန်မတို့ဖက်က သေချာပေါက် ရှန့်မိန်ကို တာဝန်ယူပေးမှာပါ။"