နောက်ကွယ်တွင်အတင်းအဖျင်းပြောခြင်း
Vol. 28 Ch. 392
အခန်း(၃၉၂) - နောက်ကွယ်တွင် အတင်းအဖျင်းပြောခြင်း
ဒီအဘွားကြီးက ပြောနိုင်သည်။
စကားတစ်ခွန်းတည်းနှင့် သူမတို့မိသားစု မှားသည်ဟု ဝန်ခံရုံသာမကဘဲ ကျောက်ကျွင့် အထိုးခံရသည့် ကိစ္စကိုပါ ထည့်ပြောသွားသည်။ ကျောက်ကျွင့်က မှားသော်လည်း ကျောက်ကျွင့်က ဒီကိစ္စကို အပြည့်အဝ တာဝန်ယူမည်ဟူသည့်သဘောလည်း သက်ရောက်သည်။
ထို့အပြင် ဖြစ်ပြီးသွားပြီဖြစ်သဖြင့် ဘယ်လောက်ပဲ ဒီကိစ္စကို ရှေ့ဆက်ဖို့ကြိုးစားပါစေ အသုံးဝင်မည်မဟုတ်တော့ပါ။ ရလဒ်ကောင်းတစ်ခု ရှိနေတာနဲ့ပင် အဆင်ပြေလှပါပြီ။
လင်းချင်းဟယ်ကလည်း စိတ်ထဲတွင် အစီအစဥ်ချထားပြီးသားဖြစ်သည်။ သူမ၏မိသားစုက ရှုရှန့်မိန်၏ မင်္ဂလာဧည့်ခံပွဲကို လုံးဝ တက်ရောက်မည် မဟုတ်ပါ။ သို့သော် ယခုအခိုက်အတန့်တွင်တော့ ရှုရှန့်မိန်ကို မျက်နှာသာ အနည်းငယ် ပေးရမည်ဖြစ်သည်။ ဒါမှသာ သူ လျင်လျင်မြန်မြန် ချောချောမွေ့မွေ့ဖြင့် လက်ထပ်နိုင်မည်ဖြစ်ပြီး အားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။
ရှေ့လျှောက် သူမ ကောင်းကောင်းနေထိုင်ခြင်း မနေထိုင်ခြင်းက သူမနှင့် မသက်ဆိုင်တော့ပါ။ သူ့ကို ရှုရှန့်မိန်ကိုယ်တိုင် ရွေးချယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို ဆွဲအထည့်မခံနိုင်ပါ။ သူမက လူကြီးတစ်ယောက်ဖြစ်နေပြီး ကလေးလည်း မဟုတ်တော့ပေ။ သူမ၏ လုပ်ရပ်များကို သူမကပဲ ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ထို့နောက် ပထမအစ်မနှင့် ပထမခဲအိုတို့ ရောက်လာခဲ့သော် လင်းချင်းဟယ်က သူတို့ကို သေသေချာချာ ရှင်းပြဖို့ စိတ်ကူးထားသည်။ ဒီကိစ္စထဲတွင် သူမကိုယ်သူမ ဘယ်လို ချို့ယွင်းချက်မှ အရှိမခံနိုင်ပါ။
"အန်တီက ယဥ်ကျေးလိုက်တာ။ အခုပြဿနာတွေက ဖြေရှင်းသွားပြီဆိုတော့ ဖြေရှင်းသွားပြီပဲပေါ့။ အဲ့တာထက် ကျွန်မတို့ရဲ့ အကြီးဆုံးအစ်မနဲ့ အကြီးဆုံးခဲအိုတို့လည်း ဒီအကြောင်းကို သိပြီးသွားကြပါပြီ။ အခုကျောက်ကျွင့်က သူ့ဇနီးလောင်းကိုခေါ်ပြီး ယောက္ခမတွေကို သွားတွေ့ဖို့ပဲ ကျန်ပါတော့တယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
အဘွားဟူက သူမ၏စကားများကို ချောမွေ့လှသည်ဟု ထင်မိသည်။ သို့သော် အဓိပ္ပာယ်ကတော့ သူမ ဝင်ပါမည်မဟုတ်ဟု ပြောလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ ဒေါသထွက်နေမှန်း သိသာပါသည်။
သို့သော်လည်း သူမ ဘာမှမပြောနိုင်ခဲ့ပါ။ နောက်ဆုံးတော့လည်း ဒီလို ရှက်ရွံ့စရာ ကိစ္စကို ကျူးလွန်ခဲ့သူက သူမ၏ တူမြေးပဲ မဟုတ်ပါလား။
အဘွားဟူ အိမ်ပြန်သွားတော့ လင်းချင်းဟယ်က ရှုရှန့်မိန်ဘက်သို့ အကြည့်ပြောင်းလိုက်သည်။
ရှုရှန့်မိန်က နှုတ်ခမ်းကိုက်လိုက်၏။ သူမ၏ ဦးလေးနှင့် အဒေါ်တို့ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ငါတို့နှစ်ယောက်စလုံး မသေသေးဘူး။ နင် ဒူးထောက်လို့ ပါးချခံရရင် ငါ့ကို အပြစ်မတင်နဲ့နော်။" လင်းချင်းဟယ်က သည်းခံတတ်သော လူမျိုးမဟုတ်ပါ။ အထူးသဖြင့် ရှုရှန့်မိန်ကို ယခု စက်ဆုပ်ရွံရှာနေပြီ ဖြစ်သဖြင့် ပိုဆိုးသည်။
သူမ ဘဝတွင် ဒီလောက် တစ်ခါမှ သိက္ခာမကျဖူးပါ။ ဒီတစ်ခေါက်သာ ဖြစ်ဖူးသည်။ သူမ စိတ်ပျော့ပြီး သူမ၏ တူမကို အဆင့်မြှင့်တင်ပေးချင်သောစိတ်ကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
မထင်မှတ်ထားလောက်စရာပင် ထိုကဲ့သို့သော မျက်လုံးဖြူ ဝံပုလွေတစ်ကောင်က အရွယ်ရောက်လာလေပြီ။
ရှုရှန့်မိန်၏ မျက်နှာက ဖြူဖော်ဖြူဖတ် ဖြစ်နေသည်။ "ဒေါ်လေး သမီး..."
"ငါ့ကို ဘာမှ လာလုပ်မပြနဲ့။ နင် အဲ့လို အပြုအမူမျိုး လုပ်ဖို့ မရွေးချယ်ခင် ငါ့မှာ ဘယ်လိုအကျင့်စရိုက်ရှိလဲဆိုတာကို နင် အရင်စဥ်းစားသင့်တယ်။ နင်က ကျောက်မိသားစုကို လက်ထပ်ပြီး ဝင်ချင်တယ်ပေါ့။ ကောင်းတယ်။ နင်လက်ထပ်ပြီးတာနဲ့ အနာဂတ်မှာ နင် နောင်တမရဖို့ဘဲ မျှော်လင့်ပါတယ်။ ကျန်တာကတော့ ငါ နင်နဲ့ ဘာမှ သိပ်ပြောစရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကျောက်မိသားစုထဲ ဝင်ရမှာ နင်ပဲလေ။" ဟု လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူမက ထိုသို့ပြောပြီးသည်နှင့် လေမဖြုန်းတော့ဘဲ နောက်လှည့်ပြီး အိမ်ထဲဝင်သွားတော့သည်။
"ဦးလေး၊ ဒီကိစ္စမှာ သမီးမှားတာ သမီးသိပါတယ်၊ ဒါပေမယ့် သမီးနားမလည်ဘူး..." ရှုရှန့်မိန်သည် သူမရဲ့ ဒေါ်လေးမှာ ရင်ဆိုင်ဖို့ လွယ်ကူသော လူမျိုး မဟုတ်သည်ကို နားလည်သည်။ ထို့ကြောင့် သူမရဲ့ ဦးလေးကိုသာ နည်းနည်းလောက် ထပ်ရှင်းပြဖို့ ကြံစည်လိုက်မိ၏။
ကျိုးချင်းပိုင်က ထုတ်မပြောသော်လည်း အစကတည်းက သူ့မျက်ခုံးများ တွန့်နေခဲ့သည်။ သူ့အကြည့်တွင်လည်း စိတ်ပျက်မိသော အရိပ်အယောင် ထင်ထင်ရှားရှား ပေါ်လွင်နေပါသည်။
"နင် ဒီကို ရောက်လာကတည်းက နင့်ဒေါ်လေးနဲ့ ငါ၊ နင့်ကို ဆိုးဆိုးရွားရွား မဆက်ဆံဖူးဘူး။ အခု နင်ကိုယ်တိုင် ဒီလမ်းကို ရွေးပြီးမှတော့ ဒီလမ်းကို နင့်ဖာသာနင် ရှေ့ဆက်ပြီး လျှောက်လို့ရတယ်။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
သူ့မိန်းမအကြောင်း သူသိသည်။ တစ်ခါတစ်ရံ သူမက စည်းကမ်းတင်းကြပ်တတ်သော်လည်း ထိုတင်းကြပ်မှုက ဘယ်သူဘယ်ဝါဟူ၍ ပစ်မှတ်ထားခြင်းမရှိပါ။
သူမ၏ သားအရင်းဖြစ်နေရင်တောင် စည်းကမ်းတင်းကြပ်သည့်အခါ မညှာတာတတ်ပါ။
ဟူကျစ်ဖြစ်ဖြစ် အာ့နီဖြစ်ဖြစ် သူတို့ တစ်ခုခုအမှားလုပ်မိပါက သို့မဟုတ် သူမ သင်ပြမှုကို နားမလည်ပါက အမြဲလိုလို လင်းချင်းဟယ် ဆူပူတတ်သည်။ သို့သော် သူမ၏ သွေးသားအရင်း မဟုတ်သဖြင့် အရမ်းမကြမ်းတမ်းခဲ့ပါ။
အများဆုံး စကားတစ်ခွန်းနှစ်ခွန်းဖြင့်သာ အဆူခံရသည်။
သူတို့မြို့ပေါ်သို့ခေါ်ခဲ့သော တူနှင့်တူမများအပေါ် သူမ ထားသော စိတ်ကိုလည်း ကျိုးချင်းပိုင် ကောင်းကောင်း သိပါသည်။ သူမသာ သူတို့ကို ပျိုးထောင်ပေးချင်စိတ်မရှိလျှင် ညနေကျောင်းသွားဖို့ ငွေပင်ထုတ်ပေးပါဦးမလား။
သူတို့အား စာရင်းစာအုပ်ကို သူတို့ထံသို့ လေ့ကျင့်ဖို့ ခဏခဏ ယူလာပေးပြီး စာရင်းကိုင်ပညာကို လေ့လာစေသည်။
အာ့နီနှင့် ဟူကျစ်တို့က စိတ်အားထက်သန််ကြသော်လည်း ဒီတူမကတော့ စိတ်မဝင်စားပါ။
ဒါတွေအားလုံးက ကိုယ်ပိုင်ရွေးချယ်မှုများ ဖြစ်သည်။ သူမ ရွေးချယ်မပေးပါ။ ထို့ကြောင့် ဘာမှပြောစရာလည်း မရှိပါ။ သူမ တီဗီကြည့်ချင်လျှင် သွားကြည့်ပါစေ။
သို့သော် ဒီလိုအရာမျိုး လုပ်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ကျိုးချင်းပိုင်သည် ရှေးရိုးဆန်ပြီး စည်းကမ်းကြပ်မတ်သော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဒီလို အရှက်မဲ့သော မတော်တဆမှုမျိုးကို သူ ဘာမှပြောစရာမရှိပါ။
စကားအများကြီး မပြောဘဲ အမေကျိုးကို ဝင်တွေ့လိုက်သည်။
အဖေကျိုးက တီဗီကြည့်နေပြီး အမေကျိုးက အခန်းထဲတွင် လှဲလျောင်းနေသည်။ ပန်ကာဖွင့်ထားပြီး အနားယူနေခြင်းဖြစ်သည်။ ဘေးတွင်လည်း လိမ္မော်သီးများ ရှိသည်။
ကျိုးချင်းပိုင်က သူ့အမေအတွက် လိမ္မော်သီး အခွံနွှာပေးနေသော သူ့မိန်းမကို လှမ်းကြည့်လိုက်ပြီး အထဲတော့မဝင်ပါ။
"ချင်းပိုင်နဲ့ သမီးတို့ ဒီတစ်ခါ တောင်ပိုင်း သွားတော့ အများကြီး မြင်တွေ့ခဲ့ရတယ်။ သမီးတို့ အဲ့ဒီရောက်တော့ အဖေနဲ့အမေတို့မှာ အဝတ်လျှော်စက်မရှိဘဲ လူတွေအများကြီးအတွက် အဝတ်တွေလျှော်နေရတော့ ဘယ်လောက်တောင် ပင်ပန်းမလဲ တွေးမိတယ် သိလား။ အဲ့တာကြောင့် သမီး အမေတို့အတွက် အဝတ်လျှော်စက်တစ်လုံး ဝယ်ခဲ့တယ်။ နောက်ရက် အနည်းငယ်လောက်ကြာရင် လာပို့လိမ့်မယ်။" ဟု လင်းချင်းဟယ်က အခွံနွှာထားသော လိမ္မော်သီးကို အမေကျိုးအား ကမ်းပေးရင်း ပြောလိုက်သည်။
အမေကျိုးက သူမ၏ အတော်ဆုံးချွေးမ အခွံနွှာပေးသည့် လိမ္မော်သီးကို စားလိုက်သည်။ ရင်ထဲတွင်တော့ အများကြီး သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။ သို့သော်လည်း စိတ်ထိခိုက်သလိုတော့ ရှိဆဲဖြစ်သည်။
"ဘယ်လိုကံမျိုးလဲ မသိပါဘူးအေ။ ဒီအသက်အရွယ်ရောက်တာတောင် ဒီကလေးတွေကို စိတ်ပူနေရတုန်းပဲ။" ဟု အမေကျိုးက ညည်းတွားလိုက်သည်။
"အမေနဲ့ အဖေတို့က ဘဝကို ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်နေနေရတာပဲ။ ဘာကို စိတ်ပူစရာလိုလို့လဲ။ ဒီမြေးမက ရှုမိသားစုရဲ့လူပါ။ သမီးတို့ ကျိုးမိသားစုဟောင်းကမှ မဟုတ်တာ။" ဟု လင်းချင်းဟယ်က ပြောပြလိုက်သည်။
"သူက ကျိုးမိသားစုရဲ့လူ မဟုတ်ပေမယ့်လည်း ငါတို့ကျိုးမိသားစုရဲ့ မြေးမ ဖြစ်နေတုန်းပဲလေ။ အဲ့အကြောင်းကို ကြားရတာ တကယ်ရှက်ဖို့ကောင်းတယ်။ ငါစျေးထဲတောင် စျေးဝယ်ဖို့ မသွားရဲတော့ဘူး။ ငါ့မျက်နှာ ဘယ်နားသွားထားရမှန်း မသိတော့ပါဘူးအေ။" ဟု အမေကျိုးက ရှက်ရွံ့စွာ ရေရွတ်လိုက်သည်။
အမေကျိုးက သူမဘဝတွင် အတော်လေး အောင်မြင်ခဲ့သည်ဟု ခံစားရသည်။ အစောပိုင်းနှစ်များက သူမ ဘဝအခြေအနေ အနည်းငယ် ဆိုးသော်လည်း လူလတ်ပိုင်းအရွယ်တွင် ဘာမှစိုးရိမ်စရာ မလိုခဲ့ပါ။
ပထမဆုံး သူ့အငယ်ဆုံးသားက အရွယ်ရောက်လာပြီး စစ်သားတစ်ယောက် ဖြစ်လာသဖြင့် ထောက်ပံ့ကြေးများ ရခဲ့သည်။ ရွာထဲတွင် ခဏလောက် မနာလိုပင် ဖြစ်ခံရပါသေးသည်။
ထို့အပြင် သူမ သားအငယ်ဆုံး၏ ထောက်ပံ့ကြေးကြောင့်လည်း မိသားစု အခြေအနေက ပတ်ဝန်းကျင်ရှိ ရွာသားများနှင့် ယှဥ်လျှင် အနည်းငယ် ပိုမိုကောင်းမွန်နေခြင်းဖြစ်ပါသည်။
နောက်တော့ သူမသားအငယ်ဆုံး ပင်စည်ယူသွားသောအခါ သူမ အနည်းငယ် ဝမ်းနည်းမိသည်။ သို့သော် အငယ်ဆုံးချွေးမက ရုတ်တရက် တိုးတက်လာပြီး ရပ်ရွာ အလယ်တန်းကျောင်းတွင် ဆရာမတစ်ယောက် ဖြစ်လာခဲ့ပါသည်။
ထို့ကြောင့် သူမတို့ လေးစားခံခဲ့ရပြန်သည်။
ထို့နောက်တွင်တော့ အားလုံးချောချောမွေ့မွေ့ ဖြစ်လာခဲ့သည်။ ချွေးမနှင့် အကြီးဆုံးမြေးတို့က နာမည်ကြီးတက္ကသိုလ်တစ်ခုကိုပင် ရောက်ရှိသွားကြသည်။ ချွေးမဖြစ်သူက ပေကျင်းတက္ကသိုလ်တွင် နိုင်ငံခြားဘာသာ ဆရာမတစ်ယောက်ပင် ဖြစ်လာခဲ့သည်။
ထိုရပ်ရွာတွင် သို့မဟုတ် တစ်နိုင်ငံလုံးကို ပတ်ရှာလျှင်တောင် သူမလို ဒုတိယလူမျိုးကို တွေ့နိုင်မည် မဟုတ်ပါ။
ရပ်ရွာခေါင်းဆောင်များကလည်း မကြာခဏ လာလည်ကာ လေးစားသမှု ဆက်ဆံကြသည်။ ယောက္ခမ တစ်ယောက် အဖြစ်ကော၊ အဘွားတစ်ယောက် အဖြစ်ကော သူမ မျက်နှာ ဘယ်လောက် ရလိုက်သလဲ။ လေးစားမှု ဘယ်လောက် ရလိုက်သလဲ။
နောက်တော့ သားအငယ်ဆုံးနှင့် မိသားစုအားလုံးကို ချွေးမက မြို့တော်သို့ ခေါ်သွားခဲ့သည်။ ၎င်းတို့၏ အိမ်ထောင်စုစာရင်းကိုလည်း ပြောင်းလဲနိုင်ခဲ့ပြီး မြို့သားများ ဖြစ်လာခဲ့ကြသည်။
သူမနှင့် သူမယောက်ျားတို့ကိုလည်း ဒီမှာ သက်တောင့်သက်သာ နေနိုင်အောင် ခေါ်လာခဲ့သည်။
ကောင်းမွန်လှတဲ့ဘဝပါလား။
မြို့တော်က ဒေသခံ အဘွားတချို့နှင့် လမ်းအတူတူ လျှောက်လျှင်တောင် သူတို့အောက် နိမ့်ကျသည်ဟု မခံစားရတော့ပါ။
ထိုဂုဏ်ကျက်သရေများ မာနများက ဒီမြေးမကြောင့် ရိုက်ချိုးခံလိုက်ရသည်။
လက်မထပ်ရသေးဘဲ တစ်စုံတစ်ယောက်နှင့် ကိုယ်ဝန်ရှိသွားခဲ့သည်။ ရပ်ရွာမှာသာဆို သူများတံတွေးခွက်ထဲ သူမ ပက်လက်မျောလောက်ပြီ ဖြစ်သည်။
ထိုယောက်ျားက တာဝန်ယူမည် ဆိုလျှင်တောင် ပြီးသွားဦးမည် မဟုတ်ပါ။ သူမ နောက်ကွယ်တွင် အတင်းအဖျင်း ပြောကြဦးလိမ့်မည်။