လူခေါ်ခြင်း
Vol. 29 Ch. 394
အခန်း(၃၉၄) - လူခေါ်ခြင်း
အတိုချုံးပြောရရင် လင်းချင်းဟယ်က သူမကို နှစ်သိမ့်ပေးခဲ့သည်။ ကျိုးမိသားစုဟောင်း၏ အနာဂတ် တောက်ပပြီး မျှော်လင့်ချက် ပြည့်ဝနေသည်ကိုမြင်သောအခါ အမေကျိုး အများကြီး အားအင်များ ပြည့်ဝလာရသည်။
ထို့ကြောင့် တီဗီပင် ထွက်ကြည့်နိုင်ပြီ ဖြစ်သည်။
ရှုရှန့်မိန်လည်း ဧည့်ခန်းထဲတွင် ရှိနေသည်။ သူတို့ထွက်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် အလျင်အမြန် မတ်တပ် ထရပ်လိုက်သည်။
လင်းချင်းဟယ်က သူမ စိုးရိမ်နေလိမ့်မည်ဟု မထင်ပါ။ ထို့အစား ဂရုတစိုက် ချင့်ချိန်ပြီးမှ ဒီလို ခြေလှမ်းမျိုး လှမ်းရဲသည်ဟု ထင်နေသည်။ ကျိုးမိသားစုဟောင်းက သူမကို ဘာမှမလုပ်နိုင်ကြောင်း သေချာသိသည်။
ထို့ကြောင့် အခုလို ကျိုးနွံနေသည့် ပုံစံမှာ ဟန်ဆောင်ခြင်းကလွဲပြီး ဘာမှမဟုတ်ပါ။
လင်းချင်းဟယ်ကလည်း သူမကို အပြစ်မတင်တော့ပါ။ ဒီလိုဖြစ်ပြီးသွားမှတော့ ထပ်ပြီး အပြစ်တင်နေလို့ ဘာထူးဦးမှာလဲ။ လက်ထပ်စရာရှိတာ လက်ထပ်ပြီး ပြီးပါစေတော့။
အမေကျိုးလည်း ရှုရှန့်မိန်ကို ဂရုမစိုက်ဘဲ သူ့သားအငယ်ဆုံး ကျိုးချင်းပိုင်နှင့် စကားသွားပြောနေလိုက်သည်။
အဖေကျိုး၊ အမေကျိုးတို့နှင့် ခဏလောက် ထိုင်စကားပြောပြီးသွားသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိမ်ပြန်သွားကြသည်။
အိမ်မပြန်ခင် လင်းချင်းဟယ်က ရှုရှန့်မိန်ကို ပြောလိုက်သည်။ "အခုလောလောဆယ် နင့်အဘွားနဲ့ပဲ နင် ဆက်နေလိုက်။ ငါ နင့်လုပ်အားခနဲ့ ကျန်တာတွေကိုတော့ ရက်အရေအတွက်အရ ရှင်းပေးမယ်။ အခုကနေစပြီး အလုပ်လာစရာမလိုတော့ဘူး၊ ငါ နင့်ကို လစာလည်း ပေးတော့မှာ မဟုတ်ဘူး။"
"သမီး မနက်ဖြန် အလုပ်ဆင်းမှာပါ။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။
"ငါတို့ဘက်က နင့်ကို မလိုတော့ဘူး။ ကျောက်ကျွင့် နင့်ကိုခေါ်ပြီး နင့်မိဘတွေကို သွားတွေ့မယ့်အချိန်ကိုသာ စောင့်နေလိုက်။" ဟု လင်းချင်းဟယ်က အပြတ်ပြောပြီး သူမကို လျစ်လျူရှုလိုက်သည်။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ ပြန်လာပြီး သုံးရက်ကြာသောအခါ ရှုရှန့်မိန်နှင့် ကျောက်ကျွင့်တို့သည် ပထမအစ်မနှင့် သူမခင်ပွန်းတို့ကို တွေ့ရန် ထွက်သွားကြသည်။
ထိုပြဿနာများတွင် လင်းချင်းဟယ် ဝင်ပါရန် မလိုအပ်တော့ပါ။
ကျိုးရှောင်းမိန်က ပြဿနာများ ပြီးသွားသည့်အထိပင် မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။ သူမ လင်းချင်းဟယ်နှင့်အတူ ရေချိုးအိမ်ကို ရေချိုးသွားတုန်းက သည်းမခံနိုင်ဘဲ ပြောလိုက်သည်။ "သူက ဘာတွေ မျှော်လင့်နေတာလဲ။ ဒီလိုလူမျိုးကို သေချာပေါက် လက်ထပ်လို့မှမဖြစ်တာ။"
"မြို့တော်ရဲ့ အိမ်ထောင်စုစာရင်း၊ မြို့တော်က ဘဝကို လိုချင်လို့ပေါ့။" ဟု လင်းချင်းဟယ်က အတိအကျ ထောက်ပြလိုက်သည်။
ရှုရှန့်မိန်သည် မြို့တော်သို့တက်လာပြီးနောက် မြို့ကြီးပြကြီး၏ ကြွယ်ဝမှုကို မြင်ကာ သူမမွေးရပ်မြေက ဆင်းရဲမှုကို ခံနိုင်ရည်မရှိတော့ပေ။ လင်းချင်းဟယ်က ကောင်းကောင်း နားလည်ပါသည်။
ဒါက သာမန်စိတ်ကူးပဲဖြစ်သည်။ ဒီလို ကြွယ်ဝသော နေရာမျိုးတွင် ဘယ်သူက မနေချင်ဘဲ ရှိပါ့မလဲ။
သို့သော် ဒီလိုနေရာမျိုးတွင် နေချင်ပါက စကားတစ်လုံးနှင့် မရနိုင်ပါ။ အားထုတ်မှုများနှင့် ချွေးစက်များ ပေးဆပ်ရသည်။
ဤသည်က လင်းချင်းဟယ် သူတို့ကို လေ့ကျင့်ပေးချင်သော အကြောင်းပြချက်လည်း ဖြစ်သည်။ ၁၉၈၀ ခုနှစ်များ ရောက်သည့်တိုင် သူတို့၏ ပညာအရည်အချင်းများကို အဆင့်မြှင့်တင်ရမည်။
သို့သော်လည်း ရှုရှန့်မိန်က ဘယ်လိုစရိုက်မျိုးရှိခဲ့သလဲ။
ရှင်းရှင်းပြောရလျှင် သူမက ဒီတိုင်းထိုင်နေပြီး ရလဒ်များကို ပျော်ပျော်ကြီး လက်ခံချင်သော လူမျိုးဖြစ်သည်။ ပိုတိတိကျကျေပြောရလျှင် ပျင်းရိသူဖြစ်သည်။
ထို့ကြောင့် မြို့တော်တွင် နေနိုင်ဖို့ မြို့တော်ထဲက လူတစ်ယောက်နှင့် လက်ထပ်နိုင်ဖို့က သူမအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ အထူးသဖြင့် ကျောက်မိသားစု အခြေအနေက အတော်လေး ကောင်းမွန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမကလည်း ကျောက်ကျွင့်လောက်နီးပါး ဉာဏ်နီဉာဏ်နက်များခဲ့သည် မဟုတ်ပါလား။ ထို့နောက် အကောင်အထည်ကို အလွန်ကောင်းကောင်း ဖော်နိုင်ခဲ့သည် မဟုတ်ပါလား။
"ကျောက်ကျွင့်က ဒီကိစ္စတွေကို လေးလေးပင်ပင် လုပ်နေပုံရရင်တော့ နောက်ပိုင်း ပဋိပက္ခတွေ အမျာကြီး ဖြစ်လာလိမ့်မယ်။" ဟု ကျိုးရှောင်မိန်က ထင်ကြေးပေးသည်။
သူ့ဒဏ်ရာတွေက အများကြီး မပြင်းထန်ပါ။ ခရီးသွားဖို့ကို အချိန်ဆွဲနေသည်ကို ကြည့်ခြင်းအားဖြင့် ရှင်းရှင်းလင်းလင်း မသိနိုင်ပေဘူးလား။ သူ မကျေမနပ် ဖြစ်နေသည်မှာ သိသာပါသည်။
ရှုရှန့်မိန်က ယခု ကိုယ်ဝန်ရှိနေခြင်း ကြောင့်သာဖြစ်သည်။ သူ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်ခံဖို့သာရှိသည်။ အဖေကျောက်နှင့် အမေကျောက်တို့က ဖိအားပေးသဖြင့် ကျောက်ကျွင့်သည် ရှုရှန့်မိန်နှင့်အတူ လိုက်သွားခဲ့သည်။
လင်းချင်းဟယ်က ဘာမှမပြောပါ။
"သူ့မိဘတွေကတော့ အဆင်ပြေတယ်လို့ ထင်တယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
လင်းချင်းဟယ်က ပြုံးလိုက်၏။ အဖေကျောက်နှင့် အမေကျောက်တို့က အခုချိန်ထိတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြနေသေးသည်။ သို့သော် ကမ္ဘာကြီးထဲတွင် မိစ္ဆာများနှင့် မကောင်းဆိုးဝါးများက အများကြီး ရှိနေကြပါသည်။
သူမ၏ ယခင်ဘဝတုန်းက ယောက္ခမအကြောင်း ပြောပြသော မိတ်ဆွေတစ်ယောက်၏ စကားကို ကြားဖူးသည်။
လက်မထပ်ရသေးခင်က သူမအပေါ် အလွန်ကောင်းပြခဲ့သည်။ သူမကို သမီးအရင်းလို ဆက်ဆံပေးသည်။ ထိုကဲ့သို့ ယောက္ခမမျိုးကို ကမ္ဘာကြီးထဲတွင် ရှာဖို့ ခက်လောက်သည့်အထိ ဖြစ်ခဲ့သည်။
သို့သော် လက်ထပ်ပြီးသွားသည်နှင့် လုံးဝ အခြားတစ်ယောက်လို ပြောင်းလဲသွားသည်။
ထို့ကြောင့် ကောင်းသည် မကောင်းသည်ကို နောက်မှ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သို့သော် ဒါတွေအားလုံးက ရှုရှန့်မိန် ရင်ဆိုင်ရမည့် အရာများဖြစ်သည်။ လင်းချင်းဟယ် ဂရုမစိုက်ပါ။
ထို့နောက် ကျိုးရှောင်မိန်ကို ကျိုးစန်းနီအကြောင်း ပြောပြလိုက်သည်။
ထိုအကြောင်းကြားသောအခါ ကျိုးရှောင်မိန်က နှုတ်ခမ်းတွန့်လိုက်ပြီး ပြောလိုက်သည်။ "ဒုတိယမရီးရဲ့ ဗိုက်ထဲမှာ သန္ဓေတည်တာ စန်းနီတစ်ယောက် ကံဆိုးတာပဲ။"
လင်းချင်းဟယ်က ပြောလိုက်သည်။ "သူက လူကောင်းနဲ့ တူပါတယ်။ သူ့အနာဂတ်ဘဝက သိပ်ပြီး မဆိုးလောက်ပါဘူး။"
သူမ ဒီတစ်ခေါက် ပြန်သွားတုန်းက ဒုတိယမရီးကို စကားပင် မပြောခဲ့ပါ။ စာတစ်စောင်ပင် မပေးပါ။ ဒုက္ခသက်သာခဲ့ပါသည်။
သို့သော် ကျိုးလျို့နီကိုတော့ တွေ့ခဲ့၏။ အရွယ်ရောက်လာလေလေ လူဆိုးဖြစ်လာလေလေ ဖြစ်သည်။ အကြီးဆုံးမရီးက သူမအကြောင်းပြောရင်း ခေါင်းခါကာ သက်ပြင်းများ ချခဲ့မိပါသည်။
လင်းချင်းဟယ် ခန့်မှန်းမိသည်က နောက်ပိုင်းတွင် ကျိုးလျို့နီလည်း ရှုရှန့်မိန်လို ဒရမ်မာ ခင်းလိမ့်မည်။ သူမ၏ မျက်လုံးများက အလွန် ဂနာမငြိမ် ဖြစ်လွန််း၏။ တစ်ချက် ကြည့်လိုက်ရုံနှင့် စရိုက်မကောင်းသည့် မိန်းကလေးမှန်း သိနိုင်သည်။
လင်းချင်းဟယ်က ထိုဒုက္ခများသော ကိစ္စများကို စိတ်ထဲထားပြီး တွေးမနေတော့ပါ။ ရေချိုးသန့်စင်ပြီးနောက်တွင် သူမနှင့် ကျိုးရှောင်မိန်တို့ လမ်းခွဲကာ အိမ်သို့ ပြန်ခဲ့ကြ၏။ ထို့နောက် လင်းချင်းဟယ်က စာရင်းများ စတင်စစ်ဆေးခဲ့သည်။
သူမတို့ အိမ်မှ တစ်လလောက် ဝေးကွာနေခဲ့သောကြောင့် ယခုမှ စာရင်းစာအုပ်များကို စစ်နိုင်ပေသည်။
စာရင်းများကို စစ်ကြည့်ပြီးသောအခါ စာရင်းစာအုပ်တွင် ကွာဟမှုများ အနည်းငယ် ရှိနေသည်ကို သတိထားမိ၏။ အလုပ်ရုံငယ်၏ စာရင်းဖြစ်သည်။ သွင်းကုန်ပမာဏက ထွက်ကုန်ပမာဏနှင့် ကိုက်ညီမှု မရှိပါ။
လင်းချင်းဟယ်က မာချန်းမင်ကို ခေါ်လိုက်သည်။
စာရင်းစာအုပ်တွင် စာရင်းများ ကိုက်ညီမှု မရှိကြောင်း ကြားလိုက်ရသောအခါ မာချန်းမင်လည်း ထိတ်လန့်သွားပြီး အမြန်ယူကာ စစ်လိုက်သည်။
"အရင်လ ပိတ်စတွေနဲ့ ဖဲတွေ ဝယ်ထားတာ။ အသင့်ဝတ် အဝတ်အထည် ၃၀၀၀ လောက် ထုတ်နိုင်ရလိမ့်မယ်။ ဒါပေမယ့် ဘာဖြစ်လို့ အသင့်ဝတ် အထည် ၂၀၈၀ ပဲ ရှိနေရတာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
သူမ မကြီးကြပ်တော့သည်မှာ မှန်သည်ဖြစ်သော်လည်း ချည်ဘယ်လောက်မှ အထည်ဘယ်လောက် ထုတ်လုပ်နိုင်သလဲဆိုတာကို အတိအကျ သိထားပါသည်။ သူမသည် ဒီနှစ်မှ အလုပ်ရုံပိုင်လာသည့်လူ မဟုတ်ပါ။
"ဟင်" မာချန်းမင်၏ မျက်နှာ ပျက်လာသည်။ "ကျွန်တော့်ကို အချိန် နည်းနည်းလောက် ပေးပါဦး။”
လင်းချင်းဟယ်က သူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
မာချန်းမင်က ချက်ချင်း အလုပ်ရုံငယ်ထံသို့ စက်ဘီးစီးကာ ထွက်သွားခဲ့သည်။ အမျိုးသမီးဝတ် အထည်ဆိုင်နှင့် အမျိုးသားဝတ် အထည်ဆိုင်တို့၏ စာရင်းများကိုလည်း စစ်ဆေးကြည့်လိုက်သည်။
ညနေ ၉ နာရီလောက်မှ သူ ပြန်ရောက်လာပြီး အိမ်တံခါးလာခေါက်လေသည်။
မျက်နှာပေါ်တွင် စိတ်သက်သာမှုနှင့် တောင်းပန်မှုများ ပေါ်လွင်နေသည်။ "စာရင်းမှားတာပါ။ ဒါပေမယ့် အမြတ်ငွေက မလွဲပါဘူး။ နံပါတ်တွေက ကိုက်ညီပါတယ်။"
လင်းချင်းဟယ်က စာရင်းစာအုပ်ကို မြင်ပြီးပြီ ဖြစ်သည်။ စျေးနှုန်းက ပုံသေဖြစ်သဖြင့် ငွေကတော့ တိကျသည်။ စျေးစစ်၍ မရပါ။ အထည်ဘယ်လောက် ရရှိမှန်း သိသာပါသည်။
စာရင်းထဲက ငွေက မလျော့ပါ။ သို့သော် စာရင်းစာအုပ်ထဲတွင် အထည် ၂၀ကျော် ပျောက်ဆုံးနေသဖြင့် လင်းချင်းဟယ် ပြောလိုက်ခြင်းဖြစ်သည်။
မာချန်းမင်က မတော်တဆအမှားလုပ်မိပြီး သူမကို သတိထားမိမလား စမ်းသပ်တာ မဟုတ်ကြောင်း ယုံကြည်ပါသည်။
"နောက်တစ်ခါဆို တိတိကျကျမှတ်နော်။" လင်းချင်းဟယ်က မှတ်တမ်းများကို စစ်ဆေးပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့" မာချန်းမင်က အကြီးအကျယ် စိတ်အေးသွားသည်။ ဒီလိုအမှားမျိုးက မဖြစ်သင့်ပါ။
"ချန်းယန်နဲ့ ချန်းယွဲ့တို့ကလည်း ဘယ်ဆိုးလို့လဲ။ ကျွန်မ သူတို့လစာ တိုးပေးပါ့မယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ကောင်းပါပြီ။" မာချန်းမင်က ထိုအကြောင်းကို ကြားသောအခါ အပျော်လွန်သွားခဲ့သည်။
နောက်ကျနေပြီဖြစ်ပြီး လင်းချင်းဟယ် မနက်ဖြန် အတန်းရှိသဖြင့် မာချန်းမင်က ဆက်ပြီးမနေတော့ပါ။ ခဏလောက် ထိုင်ပြီး အိမ်တန်းပြန်လာခဲ့၏။
"အဘိုးဝမ်ကို ကျွန်မတို့ ပေးစရာရှိတဲ့ ပိုက်ဆံကို နှစ်ကုန်လောက်ကျရင် ပြန်ပေးနိုင်မယ်ထင်တယ်။" ဟု လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။
"ဟုတ်ပြီ" ကျိုးချင်းပိုင်ကလည်း မကန့်ကွက်ပါ။ သူက စာရင်းစာအုပ်ကို ယူကာ ကြည့်လိုက်ပြီး ထင်ကြေးပေးလိုက်သည်။ "အဆင်ပြေတဲ့ပုံပါပဲ။"
လင်းချင်းဟယ်က ခေါင်းငြိမ့်၏။ သူမ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ဟူကျစ်နှင့် ကန်းကျစ်တို့ ပြန်လာကြသည်။
ညနေအတန်းက ၉ နာရီဆင်းသည်။ ၉ နာရီခွဲအချိန်တွင် သူတို့အမြဲတမ်း အိမ်ပြန်ရောက်သည်။
ပထမဆုံး သူတို့နှစ်ယောက် အနားမယူခင် ကျိုးအာ့နီကို ဖက်ထုပ်ဆိုင်သို့ ပြန်ပို့ပေးသည်။
ပြီးတော့ လင်းချင်းဟယ်က ဒီရက်ပိုင်းထဲ စတင် လူခေါ်နေပြီဖြစ်သည်။ ချန်းယွဲ့က အာ့နီကို အမျိုးသမီးအထည်ဆိုင်တွင် ယာယီ ကူညီပေးနေသည်။ ဟူကျစ်ကတော့ ဖျော်ရည်ဆိုင်သို့သွား၏။
သို့သော်လည်း အမြဲတမ်း လူလုပ်အားက လိုအပ်နေသဖြင့် လင်းချင်းဟယ် နောက်ထပ် တစ်ယောက်လောက် ထပ်ခေါ်ရန် စီစဥ်လိုက်သည်။