← Chapters

မြို့တော်ကသားမက်

Vol. 29 Ch. 395

မြို့တော်ကသားမက်

Vol. 29 Ch. 395

အခန်း(၃၉၅) - မြို့တော်က သားမက်

ဒီတစ်ခေါက် မာချန်းမင်က တစ်စုံတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ အလုပ်ရုံငယ်ကို စီမံရန် ကူညီးသော ဒေါ်လေးရှုကိုယ်စား ညွှန်းဆိုပေးခြင်းဖြစ်သည်။ ထိုလူမှာ ဒေါ်လေးရှု၏ အကြီးဆုံး မြေးမလေးဖြစ်၏။

သူမက ဒီနှစ်ထဲ အသက် ၁၇ နှစ်ပြည့်ပြီဖြစ်ပြီး အိမ်ကိစ္စများ ကူညီရင်း နေထိုင်သည်။ လူကောင်း တစ်ယောက်ဖြစ်ပါသည်။

လင်းချင်းဟယ်က သူမကို မြင်ဖူးသည်။ သူမက သာမန်ပုံစံဟုထင်ရသော်လည်း သွက်သွက်လက်လက်ရှိသော အလုပ်သမား တစ်ယောက်ဖြစ်သည်မှာ သိသာသည်။ လူတွေကို ကြိုဆိုသောအခါ ပြုံးပြလေ့ရှိသည်။

ထို့ကြောင့် ဒေါ်လေးရှုက ဒီကိစ္စကို ထုတ်ပြောသောအခါ လင်းချင်းဟယ်က သူမကို ခေါ်လာကြည့်ခိုင်းခဲ့၏။

ဒေါ်လေးရှု ခင်ပွန်း၏ မျိုးရိုးအမည်က ချန်းဖြစ်သည်။ သူတို့ခေါ်လာသည့် မြေးမလေး၏ အမည်က ချန်းရှန်ရှန်ဖြစ်သည်။

နာမည်က နူးညံ့သည့်အရိပ်အယောင်ပေါ်သော်လည်း လင်းချင်းဟယ်က သူမ၏ လက်ကို ကြည့်လိုက်သည်။ အသားမာများတက်နေသဖြင့် အလုပ်ကြိုးစားသူတစ်ဦးဖြစ်ကြောင်း သိနိုင်ပါသည်။

"သမီးက လူသစ်မို့လို့ လစာက အလုပ်သမားဟောင်းတွေနဲ့တော့ တူမှာမဟုတ်ဘူး။ ဒေါ်လေး သမီးကို တစ်လ ယွမ် ၃၀ ပဲပေးနိုင်ဦးမယ်။ အခုချိန်ကစပြီး သမီးရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်တယ်။ အလုပ်ကောင်းကောင်းလုပ်ရင် သေချာပေါက် လစာတိုးပေးခံရမှာပါ။" ဟု လင်းချင်းဟယ်က သူမကို ကြည့်ကာ ပြောလိုက်သည်။

ချန်းရှန်ရှန်က အရပ်သိပ်မရှည်ပါ။ ၅ပေ ၃လက်မ လောက်သာရှိသည်။ သို့သော်လည်း လူမကြောက်တတ်ဘဲ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "သမီးသိပါတယ်။ ဒီကိုလာတုန်းက အမေပြောလိုက်တယ်။"

သူမအမေက လီယုဖန်ဖြစ်သည်။ သူမ၏ ယောက္ခမ ဒေါ်လေးရှုနှင့် အတူတူရှိနေသူဖြစ်သည်။ တစ်ယောက်က ညဆိုင်းဆင်းပြီး တစ်ယောက်က နေ့ဆိုင်းဆင်းသည်။

လင်းချင်းဟယ်က ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့ကြောင့် ချန်းရှန်ရှန်အား ကျိုးအာ့နီ၏ အထည်ဆိုင်ဘက်တွင် နေရာချထားပေးလိုက်သည်။

သို့သော် အလုပ်ကတော့ ပုံသေမဟုတ်သေးပါ။ လင်းချင်းဟယ်က မကြာခဏ ကျိုးအာ့နီနှင့် ချန်းယွဲ့တို့ကို လူလဲပြီး ချန်းယွဲ့ကို အထည်ဆိုင်ကြည့်ခိုင်းကာ ကျိုးအာ့နီအား ဖျော်ရည်ဆိုင် ကြည့်ခိုင်းသည်။

ဟူကျစ် သို့မဟုတ် ကန်းကျစ်တို့ကိုလည်း ဖျော်ရည်ဆိုင်သို့ သွားခိုင်းသည်။ အမြဲတမ်း မဟုတ်ဘဲ မကြာခဏသာ အလုပ်များပြောင်းခြင်းဖြစ်ပါသည်။

စက်တင်ဘာလအကုန်တွင် ရှုရှန့်မိန်နှင့် ကျောက်ကျွင့်တို့ ပြန်ရောက်လာခဲ့၏။ သူတို့နှင့်အတူ ပထမအစ်မနှင့် သူမမိသားစုတို့လည်း ပါလာကြသည်။

မိသားစုတစ်စုလုံး ရောက်လာကြခြင်း ဖြစ်သည်။

လင်းချင်းဟယ်က ၎င်းကိုမြင်သောအခါ ရယ်ချင်စိတ်များသွားသည်။ ဒီနှစ် ဘယ်အချိန်ရှိနေပြီလဲ။ နွေဦးရာသီကောက်ရိတ်သိမ်းချိန် ရောက်ခါနီးနေပြီ။ ဤအချိန်အခါ လယ်သမားမိသားစု တစ်စုအတွက် အရေးကြီးဆုံးအချိန်ဖြစ်သည်။ သူတို့အားလုံး ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။

ဒီမင်္ဂလာပွဲကို တကယ်ပဲ တန်ဖိုးထားနေကြသည့်ပုံပင်။

အံ့သြစရာမရှိပါ။ သူတို့မြို့တော်မှ သားမက်တစ်ယောက် ရခဲ့လေပြီ။ ဘာဖြစ်လို့ ဒီလိုမလာဘဲ ကံကောင်းအောင် မနေရမှာလဲ။

လင်းချင်းဟယ်က သူမကို ဧည့်ခံဖို့ စိတ်ကူးမရှိပါ။ သူမ၏ ဆက်ဆံပုံက နွေးလည်းမနွေးထွေးသလို အေးလည်းမအေးစက်ပါ။ ပထမအစ်မကလည်း အနားမလာသဖြင့် သူမ၏ ဆက်ဆံပုံကို သတိထားမိလောက်သည်။

သူတို့အားလုံး အဖေကျိုးနှင့် အမေကျိုးတို့ အိမ်၌ စုပြုံနေထိုင်ကြဖို့ သွားကြသည်။

အမေကျိုးက သူမရဲ့ မြေးမကို သိပ်မဆူတော့သော်လည်း သူမ၏ အကြီးဆုံးသမီးကိုတော့ သည်းမခံပါ။

ပထမအစ်မသည် ဆူပူကြိမ်းမောင်းခံရသောကြောင့် ခေါင်းပင် မဖော်နိုင်တော့ချေ။ သူမ အနည်းငယ်ပင် စိတ်ထိခိုက်သွားပြီး ပြောလိုက်သည်။ "အမေ၊ ရှန့်မိန် မဟုတ်တာ လုပ်ခဲ့တာ သမီးသိပါတယ်၊ ဒါပေမယ့် သူ အခု လက်ထပ်တော့မှာပဲကို။"

"ဒီလက်ထပ်ဖို့ကိုပဲ ခေါင်းထဲ ရှိတာလား။ ဒါမျိုးသာ ရွာမှာ ဖြစ်ခဲ့ရင် တစ်သက်လုံး ခေါင်းဖော်ဖို့တောင် စိတ်မကူးကြနဲ့တော့။ အရင်တုန်းက အချိန်တွေသာဆို သူ အကျင့်စာရိတ္တမကောင်းလို့ ဘယ်လောက်ထိ ဝေဖန်ခံရမလဲဆိုတာ နင်တို့ မသိကြဘူးလား။”

အမေကျိုးက ပြောဆိုလိုက်သည်။

"အရင်တုန်းက အချိန်တွေမှ မဟုတ်တော့တာ အခုခေတ်အခြေအနေတွေက ပြောင်းလဲနေပါပြီ။" ဟု ပထမအစ်မက အားနည်းစွာ ပြန်ဖြေလိုက်သည်။

"ဒီတော့ နင်တို့က မှန်တယ်ပေါ့။ မိသားစုဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တုန်းက ကျိုးမိသားစုအကြောင်းကို နည်းနည်းများ စဥ်းစားပေးဖူးသလား။ သူ့ဒေါ်လေးက သူ့ကို ဒီမှာအလုပ်လုပ်ဖို့ ခေါ်ထားတာ။ သူကတော့ ငါတို့အားလုံးကို လျှို့ဝှက်ထားပြီး တစ်ယောက်ယောက်နဲ့ ခိုးပြီး အတူတူနေရုံတင်မကသေးဘူး ဗိုက်ပါ ကြီးသွားသေးတယ်။" ဟု အမေကျိုး ဒေါသပေါက်ကွဲသွားခဲ့သည်။

"စတုတ္ထယောင်းမက ရှန့်မိန်ကို ဒီခေါ်လာတာ ဆိုတော့ အရာအားလုံးကို စတုတ္ထယောင်းမလက်ထဲပဲ အပ်ထားခဲ့တာပေါ့။ ဒီလိုကိစ္စမျိုး ဖြစ်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်မှာလဲ။" ဟု ပထမအစ်မက မျက်နှာလွှဲကာ ပြောလိုက်သည်။

အမေကျိုးက သူမကို အားပြင်းပြင်းဖြင့် ပါးရိုက်ပြစ်လိုက်ချင်သွားသည်။ သူမကို စိုက်ကြည့်လိုက်ပြီး "နင်အသိစိတ်ကော ရှိသေးရဲ့လား။ စတုတ္ထသားရဲ့ မိန်းမက ဒီကိုခေါ်လာပြီး စားစရာ၊ နေစရာ၊ ဝတ်စရာ၊ နေ့စဥ်လိုအပ်သမျှကို ပေးထားတယ်။ နင်တို့အိမ်မှာတောင် သူ့ကို ဒီလိုအခြေအနေမျိုး ပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့အတွက် လတိုင်းလည်း လစာတွေ အများကြီး ပေးထားသေးတယ်။ ငါသာဆိုရင် တစ်ပြားမှ ပေးခိုင်းမှာ မဟုတ်ဘူး။ တူမက အဒေါ်အတွက် အလုပ်အလကား လုပ်ပေးရမှာပေါ့။"

အမေကျိုးက စနောက်ပြောနေခြင်းမဟုတ်ပါ။ အစကတည်းက ဒီလိုအတွေးမျိုးရှိခဲ့သည်။ သူမ၏ သားအငယ်ဆုံး လစာတွေအများကြီး ပေးနေသည်ကို သည်းမခံနိုင်ပါ။

သို့သော်လည်း စတုတ္ထသားရဲ့ မိန်းမက ပေးခိုင်းသဖြင့် ပေးရပြီး သူမလည်း ဘာမှမပြောခဲ့ပါ။

"သူ့မွေးရပ်မြေကနေ မြို့တော်လို မြို့ကြီးပြကြီးကို ခေါ်လာပေးတာ သူ့ကို ပေးထားသမျှ ကောင်းကောင်းမွန်မွန်တွေချည်းပဲ။ နေ့တိုင်း မိုးဒဏ်လေဒဏ်မခံရဘဲ ဆိုင်ပဲ ကြည့်ပေးရတာ။ ရွာမှာ လုပ်ကိုင်စားသောက်ရတာထက် အမျာကြီးသာတယ်။ အခုတော့ နင်က အပြစ်လွှဲချပြီး စတုတ္ထသားရဲ့ မိန်းမက သူ့ကို ဒီခေါ်လာလို့ ဖြစ်တာလို့ ပြောပြီလား။" အမေကျိုး၏ အကြည့်များက သူ့အကြီးဆုံး သမီးပေါ်တွင် ကျရောက်လို့နေသည်။ "မမေ့လိုက်နဲ့ဦး။ အဲ့ဒီတုန်းကလည်း နင့်သမီးကောင်းလေးကို ကျိုးအိမ်ဟောင်းဆီခေါ်လာပြီး စတုတ္ထသားရဲ့မိန်းမကို ခေါ်သွားဖို့ တောင်းဆိုခဲ့တာလည်း နင်ပဲ။ စတုတ္ထသားရဲ့ မိန်းမက အစက အာ့နီတစ်ယောက်တည်းကိုပဲ ခေါ်ချင်တာပါအေ။"

ပထမအစ်မသည် သူမ၏ ရဲတင်းမှုတို့ ပျောကွယ်သွားပြီး ပြန်ဖြေလိုက်သည်။ "အမေ ဒီကိစ္စမှာ ရှန့်မိန် မှားတာ သိပါတယ်။ ဒါပေမယ့် ကိစ္စတွေက ဒီလိုတောင် ဖြစ်သွားပြီးပြီလေ။ စတုတ္တယောင်းမကို အမေ မတွေ့သေးဘူးနော်၊ သူမက သမီးတို့ကို မျက်နှာသာတောင် မပေးဘူး။”

ထို့နောက် စတင်အထွန့်တက်လေသည်။

တကယ်တော့ ပထမအစ်မကလည်း အပြစ်ရှိကြောင်း ဝန်မခံလိုပါ။ သူမသည် ကျိုးမိသားစုဟောင်း၏ အကြီးဆုံးသမီးဖြစ်သည်။ အခြားယောင်းမ သုံးယောက်က သူမကို လေးလေးစားစား ဆက်ဆံကြ၏။ စတုတ္ထယောင်းမ တစ်ယောက်တည်းကသာ သူမကို အလေးပေး မဆက်ဆံခြင်းဖြစ်သည်။

ဒီတစ်ခေါက် ပိုဆိုးသည်။ သူမတို့ မိသားစု တစ်စုလုံး အဝေးကြီးမှလာခဲ့သည်ကို မြင်တာတောင်် သူမ ဧည့်မခံခဲ့ပါ။ နှုတ်ဆက် စကားတစ်ခွန်းသာပြောပြီး ပြီးသွားခဲ့သည်။

ဧည့်ဝတ်ကျေခြင်း မကျေခြင်း အသာထားဦး။ သူမ မိသားစုကို ဘယ်လောက်တောင် သဘောမကျတာလဲ။

သူမ၏ စတုတ္ထမောင်က ဒီနှစ်ပြန်လာပြီး သူမအား မြို့တော်သို့ လာချင်သလားဟု မေးခဲ့သည် မဟုတ်ပါလား။

ထိုကဲ့သို့ တော်သော မောင်တစ်ယောက်က ဒီလိုမိန်းမမျိုးကို လက်ထပ်ပြီးမှ ကြောင်သူတော် လုပ်တတ်လာသည်။ သူမတို့ မိသားစုတစ်ခုလုံး ရောက်လာတာတောင် ရေနွေးကြမ်းပင် ချမပေးခဲ့ပါ။ သူတို့ ရောက်လာတော့ ဘာများ ဂရုစိုက်ခဲ့လို့လဲ။

စတုတ္ထယောင်းမအား မကောင်းသူဟု သူမ တွေးလေ့ရှိခဲ့သည်။ သို့သော် ယခုတော့ သူမက ပိုမိုအဆင်ပြေလာသဖြင့် ပိုဆိုးလာသည်မှာ ပြောစရာမလိုပေ။

ရှုရှန့်မိန် ဒီတစ်ခေါက် အိမ်ပြန်လာတုန်းက သူမ မိခင်ဖြစ်သူကို တိုးတိုးတိတ်တိတ် ငိုပြောခဲ့သည်။ ဒေါ်လေးက ဟူကျစ်၊ အာ့နီနှင့် အခြားသူများကိုသာ မျက်နှာသာပေးကြောင်း ပြောခဲ့သည်။ သူမအပေါ်တော့ မကောင်းဘဲ သူမကို ပြန်မောင်းထုတ်ချင်သည်ဟု ပြောလိုက်သည်။ ထို့ကြောင့် သူမစိတ် လေလွင့်သွားပြီး ဒီလိုမကောင်းသည့် အရာမျိုးလုပ်ခဲ့မိသည်ဟု ဆိုသည်။

ထို့ကြောင့် ပထမအစ်မ၏ အမြင်တွင်တော့ ဒီလိုကိစ္စမျိုးဖြစ်လာတာတောင် စတုတ္ထယောင်းမက သူမ တာဝန်မဟုတ်ဟု ပြောရဲသေးသလား။

အမေကျိုးက သူမ ဘာတွေ တွေးနေသလဲ မသိခဲ့ပါ။ အမေကျိုးတစ်ယောက် ဒါကိုသာ သိများသာသိသွားခဲ့လျှင် သည်းမခံနိုင်ဘဲ ပါးရိုက်ပြီးနေပြီ ဖြစ်သည်။

သို့သော် သူမ၏ အကြီးဆုံးသမီး စကားများကို ကြားသောအခါ သူမလက်မခံခဲ့ပါ။ "သူက ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဒီလို ကျိုးမိသားစုဟောင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ မျက်လုံးဖြူ ဝံပုလွေမကို ပျိုးထောင်ပေးခဲ့မိတာပဲ။ ဒီတော့ စတုတ္ထသားရဲ့ မိန်းမအကြောင်းကို မပြောနဲ့။ ရှန့်မိန် လက်ထပ်ပြီးတာနဲ့ သူ့ဘဝသူ ကောင်းကောင်း နေပါစေ။ ဒီကိုလည်း ခဏခဏ မလာစေနဲ့။"

ပထမအစ်မ၏ မျက်နှာထား ပြောင်းလဲသွားပြီး အလျင်စလို ပြောလိုက်သည်။ "အမေ သမီးတို့ စတုတ္ထယောင်းမဘက်ကို မေ့ချင် မေ့ထားလို့ရတယ်။ အမေကတော့ သူ့ကို ဒီတိုင်း ပစ်ထားလို့ မဖြစ်ဘူးလေ။ သူက အမေ့မြေးမလေ။"

သူမမိသားစုက ယခုရောက်လာခဲ့သော်လည်း မင်္ဂလာကိစ္စပြီးသည်နှင့် အိမ်ပြန်ပြီး ပုံမှန်အတိုင်း နေရတော့မည်ဖြစ်သည်။ အနာဂတ်တွင် သူ့သမီးက ဒီမှာတစ်ယောက်တည်း ကျန်ခဲ့မည်ဖြစ်ပြီး မိသားစုအရင်း၏ ဂရုစိုက်မှုကို မလိုအပ်ပေဘူးလား။

ထိုသားမက်ဖြစ်သူက ဒီမင်္ဂလာပွဲကို သိပ်ကျေနပ်ပုံမရပါ။ သူတို့မွေးရပ်မြေကို ရောက်တော့လည်း သူတို့အိမ်ကို အလွန်သဘောမကျခဲ့ပါ။ အချိန်တိုင်း ဒီဟာ မကြိုက် ဟိုဟာ သဘောမကျ ဖြစ်နေခဲ့သည်။

သို့သော်လည်း သူမသည် ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ ဆက်ဆံခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီသားမက်က မြို့တော်က ဖြစ်သည်။ ဘာကြောင့် မပြုံးမရယ်ဘဲ ဧည့်ခံရမှာလဲ။

သို့သော် သူမ ဘယ်လိုပဲ ဧည့်ခံပါစေ၊ ထိုသားမက်က သူတို့အိမ်ကို တကယ်သဘောမကျလှပါ။ နောက်ပိုင်းတွင် သူမတို့ မိသားစုက အိမ်ထောင်ရေးတွင် ကူညီနိုင်မည် မဟုတ်သဖြင့် မိသားစုအရင်းအချာ၏ ဂရုစိုက်မှုကို လိုအပ်သည် မဟုတ်ပါလား။

All Chapters