ချစ်ကြည်နူးတစ်တီတူးခြင်းသက်သေ
Vol. 29 Ch. 396
အခန်း(၃၉၆) - ချစ်ကြည်နူး တစ်တီတူးခြင်း သက်သေ
ထို့ကြောင့် အမေကျိုးက သူမ၏ မြေးမကို မစောင့်ရှောက်ချင်ဘူးဟု ကြားသောအခါ ပထမအစ်မ စိတ်သောက ရောက်သွားသည်။
"ငါ့ကို ဘာလုပ်စေချင်လို့လဲ။" အမေကျိုးက နားလည်ရခက်စွာ မေးလိုက်သည်။ "သူသာ ငါ့စကား တကယ်နားထောင်ရင် ဒီလိုကိစ္စမျိုး လုပ်မလား။ ဘယ်လိုဆင်ခြေပေးပေး၊ ဒါက စရိုက်ဆန်တဲ့ ပြဿနာပဲ။”
ထို့နောက် အမေကျိုးသည် သွေးအေးစွာ နှာခေါင်းရှုံ့လိုက်သည်။
သူမ၏ ကလေးများကို ပြုစုပျိုးထောင်စဥ်က သူမ အလွန် စည်းကမ်းတင်းကြပ်ခဲ့သည်။ သူမလက်အောက်တွင် သူမ၏ သားလေးယောက်နှင့် သမီးသုံးယောက်တို့ ဘယ်သူမှ ဒီလိုလုပ်ရပ်မျိုး လုပ်ရဲမည်မဟုတ်ပါ။
အားလုံး အကျင့်စရိုက် ကောင်းမွန်ခဲ့ကြသည်။
"ပြန်သွားတုန်းက နင့်သမီး နင့်ကို ဘာတွေ ပြောလိုက်လဲတော့ ငါ မသိဘူး။ အဲ့ကလေးမက သူ့အဒေါ်ကို အမြဲတမ်း မကောင်းပြောနေကြပဲ။ ဒါပေမယ့် ငါ့အမြင်မှာတော့ အမေဖြစ်တဲ့ နင်က သူ့ဒေါ်လေးလောက်တောင် သူ့ကို ကောင်းကောင်းမွန်မွန် မပျိုးထောင်နိုင်ဘူး။ ကျန်တာတော့ ငါ မပြောချင်ဘူး။ သူ့ကို လက်ထပ်ပေးလိုက်ပြီး သူ့ဘဝနဲ့သူ နေပါစေတော့။" ဟု အမေကျိုးက လက်ရမ်းပြလိုက်သည်။
ပထမအစ်မနှင့် သူမမိသားစုတို့ မြို့တွင် သုံးရက်ကြာ နေခဲ့သည်။ ရှုရှန့်မိန်နှင့် ကျောက်ကျွင့်တို့၏ မင်္ဂလာပွဲလည်း ပြီးဆုံးသွားပြီဖြစ်သည်။
လင်းချင်းဟယ်နှင့် သားနှစ်ယောက်တို့က ပွဲပင်မတက်ခဲ့ပါ။ ကျိုးချင်းပိုင်ကတော့ အကြီးဆုံးအစ်မ၏ မျက်နှာကို ထောက်ထား၍ ဦးလေးတစ်ယောက်အဖြစ် တက်ရောက်ခဲ့သည်။
နောက်ပိုင်းမှ လင်းချင်းဟယ် သိခဲ့ရသည်က ရှုရှန့်ချမ်းသည် သူ့ဦးလေးကို တွယ်ကပ်ပြီး အိမ်မပြန်ချင်ဘဲ ဒီမှာပဲနေချင်သည်ဟု ဆိုခဲ့သည်။
သို့သော်လည်း ကျိုးချင်းပိုင်က လက်မခံခဲ့ပါ။ နွေဦးကောက်ရိတ်သိမ်းချိန်အတွက် အမြန်ဆုံး ပြန်ဖို့သာ ပြောလိုက်သည်။
ရှုရှန့်မိန်က ဒီလိုလက်ထပ်ခဲ့လျှင်တောင် ကျိုးမိသားစုက ဝေးကွာနေသေးသည်။ သူတို့ ဒီကို တကူးတက မလာသရွေ့ တစ်ဦးနှင့်တစ်ဦး တွေ့ဖို့က မလွယ်ကူပါ။
အချိန်အတော်ကြာပြီးနောက် လင်းချင်းဟယ်သည် အဝတ်လျှော်စက်ကဲ့သို့သော ပစ္စည်းများအားလုံးကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။
အဝတ်လျှော်စက်အား အမေကျိုးတို့ အိမ်သို့ ပို့ပေးလိုက်၏။
ကျိုးရှောင်မိန်က ၎င်းကိုမြင်သောအခါ စိတ်မသက်သာသလို ခံစားရပြီး ပြောလိုက်သည်။ "စတုတ္ထယောင်းမ ငါတို့ ဒီအတွက် ပိုက်ဆံကို အညီအမျှ ခွဲပေးကြမလား။"
"အညီအမျှ ခွဲပေးစရာ မလိုပါဘူး။ အခုလောလောဆယ်တော့ နင်တို့ သုံးလို့ရပါတယ်။ နင်တို့မိသားစု အိမ်တစ်လုံးဝယ်ပြီး ပြောင်းတဲ့အချိန်ကျရင် ဒီပစ္စည်းတွေကိုတော့ အဖေနဲ့အမေ့အတွက် ထားခဲ့ပေါ့။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
"ငွေတွေအများကြီး ကုန်တာကို" အမေကျိုးက အပြစ်တင်စွာ သူ့ချွေးမကို ကြည့်လိုက်သည်။
"အဖေနဲ့အမေတို့ သုံးဖို့ပဲ။ ပိုက်ဆံကုန်တာ ဘာမှမဟုတ်ပါဘူး။ အမေတို့ သက်တောင့်သက်သာ သုံးနိုင်ရင် အဆင်ပြေပါပြီ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ယောက္ခမဖြစ်သူက တစ်ခါတစ်ရံ အတွေးများတတ်သူဖြစ်သော်လည်း သဘောထားအမြင်နှင့် ပတ်သက်လာလျှင်တော့ သိပ်ကို ဖြောင့်မတ်ဆဲပါပဲ။
သူမ၏ မြေးမ ရှုရှန့်မိန်၏ ပြဿနာနှင့် ပတ်သက်ပြီး သူမ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဒါကို သိနိုင်သည်။
အမေကျိုးက ပြုံး၍သာ နေတော့သည်။
လင်းချင်းဟယ်က အိမ်ပြန်သွားသည်။ ကျိုးရှောင်မိန်က အဝတ်များကို အဝတ်လျှော်စက်ထဲ ထည့်ပြီး ပြောလိုက်သည်။ "အမေ ချွေးမ ဘယ်လိုရွေးရလဲ သမီးကို သင်ပေးစမ်းပါ။ သမီး အမေ့လို အသက်အရွယ်ရောက်ပြီး သမီးကို တီဗီ၊ ရေဒီယို၊ လျှပ်စစ်ပန်ကာနဲ့ အဝတ်လျှော်စက်တောင် ဝယ်ပေးတဲ့ ချွေးမမျိုး ရှိလို့ကတော့ အပျော်လွန်ပြီး သေမှာပဲ။"
"နင့်စတုတ္ထယောင်းမက နည်းနည်း စိတ်ဆတ်တတ်ပေမယ့် ငါ့အဖေနဲ့ ငါ့ကို ဆက်ဆံတဲ့ ပုံစံကတော့ အပြစ်ဆိုစရာမရှိပါဘူး။" ဟု အမေကျိုးက ချီးကျူးလိုက်သည်။
"စတုတ္ထယောင်းမက စိတ်ဓာတ်ကောင်းပါတယ်။ သူ သမီးကို တစ်ခါမှ စိတ်မဆိုးဖူးဘူးလေ။ တစ်ယောက်ယောက်က သူ့ကို ရန်စရင်သာ သည်းမခံနိုင်တာပါ။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
ထို့နောက် နှုတ်ခမ်းစူလိုက်ပြီး "ပထမအစ်မက ဒီရက်ပိုင်းထဲ သမီးကို စတုတ္ထယောင်းမရဲ့ မကောင်းကြောင်းတွေ ခဏခဏ ပြောနေတယ်။ သူ ပွစိပွစိလုပ်နေတာ သမီး သည်းမခံနိုင်တော့ဘူး။" ဟု ပြောလိုက်သည်။
ပထမအစ်မနှင့် ဒုတိယအစ်မတို့က အကြီးဆုံးတွေဖြစ်သည်။ သူတို့ကြားတွင် သူမနှင့် သူမ၏ စတုတ္ထအစ်ကိုကြီးရှိ၏။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးက မိန်းကလေးများ ဖြစ်ကြသော်လည်း လေးလေးနက်နက် ဆက်ဆံရေးမရှိပါ။ သူမ၏ အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မတို့ လက်ထပ်သွားတုန်းက ကျိုးရှောင်မိန် ငယ်ငယ်လေးပဲ ရှိသေးသည်။
သို့သော် အဆုံးကျတော့လည်း ညီအစ်မများ ဖြစ်နေဆဲဖြစ်သည်။ ဘာမှပြောစရာမလိုပါ။ သူမ ရောက်လာသည့်အခါ ဧည့်ခံလိုက်ပြီး ဆိုးဆိုးရွားရွား မဆက်ဆံဖို့ပဲ လိုသည်။
သူမ၏ အကြီးဆုံးအစ်မကသာ စတုတ္ထယောင်းမ၏ မကောင်းကြောင်းများကို ပြောတတ်သည်။ သူမ ဒါကို လက်မခံနိုင်ပါ။
အထူးသဖြင့် ရှုရှန့်မိန်၏ ကိစ္စကို စတုတ္ထယောင်းမအား လွှဲချသည်ဟု ကြားသောအခါ သူမ၏ စတုတ္ထယောင်းမ မမှားကြောင်း ကျိုးရှောင်မိန် အော်ပြောလိုက်ချင်သည်။
အာ့နီ၊ ဟူကျစ်နှင့် နောက်မှ ရောက်လာသည့် ကန်းကျစ်တို့ထဲက ဘယ်သူက ပြဿနာ ရှာခဲ့ဖူးသလဲ။ ရှုရှန့်မိန် တစ်ယောက်တည်းသာ ဖြစ်နေသည်။ ထို့ကြောင့် ပြဿနာက ဘယ်သူ့ဆီမှာလဲ။
"စတုတ္ထအစ်ကိုက ပထမအစ်မ မြို့ကိုလာပြီး ဘန်းမုန့်ရောင်းချင်ရင် ကူညီပေးချင်တယ်လို့ စတုတ္ထယောင်းမဆီက ကြားခဲ့ရတယ်။ သူသာ ရောက်လာမယ်ဆိုရင် ဒီဒရာမာက ပြီးပါဦးမလား။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"နင့်အကြီးဆုံးအစ်မက ဘယ်လိုစီးပွားရေးမျိုး လုပ်နိုင်မှာလဲ။ နင့်အကြီးဆုံးခဲအိုကလည်း စီးပွားရေးလုပ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် အဲ့ဒီ လယ်ဧကတွေနဲ့ သူတို့ မငတ်ပါဘူးအေ။ ဒီကိုလာပြီး စီးပွားရေးလုပ်ဦးမယ်ပေါ့။ စိတ်ကူးယဥ်နေတာတွေ တော်လိုက်စမ်းပါ။" ဟု အမေကျိုးက မျက်မှောင်ကြုတ်သွားသည်။
"အဲ့ဒါ အရင်တစ်ခေါက်က အမေ့ရဲ့ မြေးမကောင်းလေးက ဘန်းမုန့်လုပ်တတ်ရုံနဲ့ စီးပွားရေးလုပ်လို့ရပြီ ထင်နေလို့ မဟုတ်ဘူးလား။" ကျိုးရှောင်မိန်က ပြုံးလိုက်သည်။ ထိုတူမ၏ စရိုက်အရ ၁၀ ပုံတွင် ၉ ပုံလောက် သူမ ရင်ထဲတွင် ကျိုးရှောင်မိန်ကိုသာ ဂရုစိုက်ပြီး သူမတို့၏ မိသားစုကို ဂရုမစိုက်ဘူးဟု တွေးနေမှာ သေချာသည်။
သို့သော်လည်း စီးပွားရေးလုပ်ရသည်က လွယ်ကူသလား။ မလွယ်ကူပါ။
သူမခင်ပွန်း တာ့လင်း၏ ပါးနပ်မှု၊ သဘောထားကြီးမှုနှင့် အလုပ်ကြိုးစားမှုတို့ကြောင့်သာ အဆင်ပြေနေခြင်းဖြစ်သည်။
တာ့လင်းက စကားကောင်းကောင်း မပြောနိုင်သော်လည်း စျေးဝယ်သူများက သူ့အကြောင်း ပြောသည့်အခါ လက်မထောင်လေ့ရှိကြသည်။ အဲ့ဒီလောက် သူမခင်ပွန်း တာ့လင်းက တော်သည်၊ ထက်မြက်သည်။
"သူ့ကို စိတ်ထဲထားမနေပါနဲ့တော့။ သူ လက်ထပ်ပြီးသွားပြီပဲ။ ငါတို့နဲ့ မဆိုင်တော့ဘူး။" ဟု အမေကျိုးက လက်ရမ်းပြလိုက်သည်။
"သမီးတာ့လင်းနှင့် တွေ့တုန်းက စတုတ္ထယောင်းမက သူက တော်တယ်လို့ပြောပြီး စဥ်စားပေးလိုက်ဖို့ ပြောခဲ့တာ သူမှန်တယ်။" ဟု ကျိုးရှောင်မိန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
တာ့လင်းအား လက်ထပ်ခဲ့ခြင်းက မှန်ကန်သည့် ရွေးချယ်မှုဟု ကျိုးရှောင်မိန် ခံစားမိသည်။
ထိုညစ်ပတ်သော ခင်ပွန်းက သူမကို ကလေး ၄ ယောက် မွေးခိုင်းခဲ့သည့်အခါတွင်တောင် စိတ်ထဲမထားပါ။ သူ့ငယ်စဥ်ဘဝတုန်းက အထီးကျန်သဖြင့် ကလေးအများကြီး လိုချင်နေသည်ဟုသာ မှတ်ထားလိုက်သည်။
အမေကျိုးက သူ့သမီး ရုတ်တရက်ကြီး ဘာကြောင့် ဒီအကြောင်းတွေ ပြောနေသလဲ မသိပါ။ သူမ ဘာမှမပြောခဲ့ပါ။ သားမက်သုံးယောက်ထဲတွင် ပထမနှစ်ယောက်က အောင်သွယ်မှတဆင့် စီစဥ်ခဲ့ခြင်း ဖြစ်သည်။ ရိုးသားပြီး ကြိုးစားသည့်ပုံပေါ်သည့် လူနှစ်ယောက်ကို သူမ ရွေးချယ်ခဲ့သည်။
နောက်ဆုံးတစ်ယောက်ဖြစ်သည့် သူမ၏ သမီးအငယ်ဆုံးကတော့ စတုတ္ထယောင်းမနှင့် တိုင်ပင်ကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူက ပထမနှစ်ယောက်ထက် အများကြီး ပိုကောင်းပါသည်။
"လောင်တ ဒီနှစ်များ ပြန်လာမလား မသိဘူးနော်။ နွေရာသီအားလပ်ရက်တုန်းကလည်း ပြန်မလာဘူး။ သူ့ကို ချက်ကျွေးဖို့ ငါကြက်နှစ်ကောင် ပြင်ထားတယ်။" အမေကျိုးက အကြီးဆုံးမြေးအကြောင်း စဥ်းစားမိပြန်သည်။
မိသားစုထဲ ဖူးဖူးမှုတ် အချစ်ခံရဆုံးလူက အကြီးဆုံးမြေး လောင်တ ဖြစ်သည်။ အထူးသဖြင့် သူက အံ့အားသင့်ဖွယ်ကောင်းအောင် တော်ပြီး ထက်မြက်သောကြောင့်ဖြစ်သည်။
သူက အမေကျိုးကို ဂုဏ်ယူရအောင် ကြိုးစားပေးခဲ့သည်။ သူမ၏ ကျိုးမိသားစုမှာ ထိုကဲ့သို့သော မြေးမျိုး ရှိနေသည်။ ထို့ကြောင့် အနာဂတ်တွင် ဘယ်လိုဆိုးရွားမှုမျိုး ရှိနိုင်ဦးမည်လဲ။
"စတုတ္ထယောင်းမလည်း သူ့ကိုလွမ်းနေတယ်။" ဟု ကျိုးရှောင်မိန်က ပြန်ဖြေလိုက်သည်။
"မနက်ဖြန် နင့်စတုတ္ထယောင်းမ အိမ်ကို သွားမှာလား။" ဟု အမေကျိုးက မေးလိုက်သည်။
"တာ့လင်းက အသားသွားယူမယ် ထင်တယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
လောလောဆယ် သူတို့ ဘန်းမုန့်ဆိုင်တွင် ကိုယ်ပိုင် ရေခဲသေတ္တာမရှိသေးပါ။ အသားများနှင့် အခြားပစ္စည်းများကို ထိုနေရာတွင်သာ ထားရသည်။
"ရပါတယ်။ အမေကြက်တစ်ကောင် ပြင်ထားလိုက်မယ်။ အဲ့ဒီအချိန်ကျ တာ့လင်းကို သူတို့ ဟင်းချက်ဖို့အတွက် ဒီလာယူခိုင်းလိုက်ပေါ့။ အဲ့ဒီမှာ ပြင်စရာမလိုတော့ဘူး။" ဟု အမေကျိုးက ညွှန်ကြားလိုက်သည်။
ကျိုးရှောင်မိန်က သဘောတူလိုက်၏။
စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့သည် အခုလောလောဆယ် ပြဿနာမရှိကြပါ။ သူတို့သည် ဆိုင်ကို ဝယ်ပြီးပြီ ဖြစ်သည်။ ထိုအချိန် ဆိုင်ဝယ်ခဲ့တုန်းက ငွေပြောင်သွားခဲ့သော်လည်း လက်ရှိစီးပွားရေးအခြေအနေကြောင့် သူတို့ ပိုမို တည်ငြိမ်လာပြီဟု ခံစားရစေသည်။
သို့သော်လည်း ယွမ် ရာကျော်တန် ရေခဲသေတ္တာကို ဝယ်ယူဖို့ကိုတော့ စိတ်ကူးမရှိသေးပါ။ နောက်နှစ်တော့ စဥ်းစားမည်။ ဒီနှစ်တော့ ဒီနည်းလမ်းဖြင့်သာ ဆောင်ရွက်နိုင်သေးသည်။
လင်းချင်းဟယ်က နောက်နေ့ ယောက္ခမ ချက်ထားသော ကြက်စွပ်ပြုတ်ကို သောက်လိုက်သည်။ တကယ်ပဲ မွေးကြိုင်လှပါသည်။
"အမေပဲ သိမ်းထားပြီး သောက်ပါစေ။ ဒါတွေ ငါ့ဆီ ယူလာစရာ မလိုပါဘူးဟယ်။" ဟု လင်းချင်းဟယ်က သဘောတကျ ပြုံးရယ်ကာ ပြောလိုက်သည်။
"အမေကိုယ်တိုင် မင်းအားရှိအောင် တကူးတက ယူလာခိုင်းတာ။" ကျိုးချင်းပိုင်က နွေးထွေးသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။
'ချလပ်' ဟူသောအသံ ရုတ်တရက် ပေါ်လာ၏။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ နှစ်ယောက်စလုံး အသံလာရာကို ကြည့်လိုက်ကြသည်။ ကျိုးကွေ့လိုင်သည် သူ့လက်ထဲက ကင်မရာအား ကြည့်လိုက်ပြီး သူ့မိဘများကို နောက်ပြောင်လိုက်သည်။ "နောက်ဆုံးတော့ နှစ်ယောက်သား ချစ်ကြည်နူးနေကြတဲ့ သက်သေ ရပြီကွ။"