ဆွေမျိုးများထံအလည်သွားခြင်း
Vol. 29 Ch. 397
အခန်း(၃၉၇) - ဆွေမျိုးများထံ အလည်သွားခြင်း
ဤဓာတ်ပုံသည် နောက်ပိုင်း ကျိုးမိသားစု မျိုးဆက်များအဖို့ အလွန် အဖိုးတန်သော ဓာတ်ပုံဖြစ်လာလိမ့်မည်။
သူတို့၏ အဘိုးအဘွားများ ငယ်စဥ်က ခံစားချက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အထူးသဖြင့် သူတို့အဘိုးက သူတို့အဘွားကို ကြည့်နေသည့် အကြည့်တို့သည် ပျားရည် ၃ ကီလိုလောက်အထိ ချိုမြိန်လှသည်။
လက်ရှိအခိုက်အတန့်ကိုပဲ ပြန်သွားကြရအောင်။
ကျိုးကွေ့လိုင်သည် ကင်မရာတစ်လုံး ရပြီးကတည်းက သူ့ဝါသနာက ဘောလုံးနှင့် ဘတ်စကတ်ဘောမှ ကင်မရာထံသို့ ပြောင်းလဲသွားသည်။
အားလပ်ရက်ဖြစ်ပြီး အလုပ်လုပ်ဖို့ မလိုပါက ကင်မရာကို ယူကာ နေရာအစုံ လျှောက်သွားပြီး ဓာတ်ပုံ ရိုက်လေ့ရှိသည်။
ဒီကောင်စုတ်လေးသည် ဓာတ်ပုံဖလင်ဖိုးများအတွက် ငွေအများကြီး ဖြုန်းနေသည်။
သို့သော်လည်း လင်းချင်းဟယ်က ခွင့်ပြုပေးထားပါသည်။ အသုံးအဖြုန်းကြီးသော စရိုက်မျိုး အရိုးစွဲမလာပါက သူ့ဝါသနာနှင့်သူ လွှတ်ထားပေးမည်ဖြစ်သည်။
"နှစ် ၂၀ လောက်ကြာရင် ကျွန်တော့်ရဲ့ ဒီဓာတ်ပုံတွေက သေချာပေါက် တန်ဖိုးအကြီးဆုံး ဖြစ်လာလိမ့်မယ်။" ဟု ကျိုးကွေ့လိုင်က ဂုဏ်ယူစွာပြောလိုက်သည်။ သူက ဓာတ်ပုံများကို ဖလင်သွားဆေးပြီး ခုမှပြန်ရောက်လာခြင်းဖြစ်သည်။
"မြန်မြန်လုပ်စမ်းပါ။ နင့်အစ်မ အာ့နီဆိုင်ကို သွားပြီး ကူစမ်း။" လင်းချင်းဟယ်သည် သူဓာတ်ပုံတွေ ထည့်ထားသော အဝတ်အိတ်ကို ယူကာ ဆိုင်သွားကြည့်ခိုင်းလိုက်သည်။
"ကြက်စွပ်ပြုတ်ကို အရင်ကုန်အောင် သောက်ပါရစေဦး။" ကျိုးကွေ့လိုင်က ကြက်စွပ်ပြုတ်သောက်ဖို့ သွားခပ်လိုက်သည်။
ကြက်စွပ်ပြုတ် သောက်နေစဥ် သူ့မိဘများက ဓာတ်ပုံများကို အတူတူ ကြည့်နေခဲ့ကြသည်။
"ဘာဖြစ်လို့ တွေ့သမျှ အကုန်လုံးကို ဓာတ်ပုံတွေ လိုက်ရိုက်နေတာလဲ။" ဟု ကျိုးချင်းပိုင်က သူ့သားကို ကြည့်လိုက်သည်။
အိမ်အဟောင်းများ၊ လူကြီးသူမများနှင့် ကလေးများ၏ ဓာတ်ပုံများကို ရိုက်ကူးထားသည်။ အိုဟောင်းစုတ်ပြတ်နေသည့် မီးဖိုများပင် ပါသေးသည်။ ဓာတ်ပုံများအနက် တံခါးဝတွင် မီးသွေးမီးဖိုတည်နေရင်း သွားပေါ်ကာ ပြုံးပြီး ကြည့်နေသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၏ ပုံလည်း ပါသည်။
သူတို့က သူစိမ်းများဖြစ်ကြပါသည်။
"သူတို့ခွင့်ပြုချက်နဲ့ ရိုက်တာပါ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
လင်းချင်းဟယ်က ဒီပုံတွေကို မြင်သွားပြီး အလွန်လှသည်ဟု ထင်မိသည်။ ၎င်းတိုသည့် ဒီခေတ်အချိန်အခါကို ကိုယ်စားပြုနေသည့် အရာများဖြစ်ကြသည်။ လင်းချင်းဟယ်သည် နေရာတချို့ကိုပါ ညွှန်းပေးလိုက်သေးသည်။ "နင့်ခေါင်းကိုင်အဘိုးရဲ့ ခြံထဲကို သွားကြည့်လိုက်။ ပေကျင်းတက္ကသိုလ်နဲ့ ဟွားချောင်းတက္ကသိုလ်ကိုလည်း သွားကြည့်လိုက်၊ နင်ပုံကောင်းကောင်းလေးတွေ ရလာလိမ့်မယ်။"
ဖလင်က စျေးမပေါသော်လည်း ထိုဓာတ်ပုံများကို ရွာတွင် ပြန်ပြနိုင်သည်။ ဓာတ်ပုံများ ထပ်ရိုက်ပြီး ဓာတ်ပုံအယ်လ်ဘမ်များဖြင့် သိမ်းထားလိုက်မည်။ မကြာခဏ ပြန်လှန်ကြည့်ရသည်က အရသာတစ်မျိုးဖြစ်ပါသည်။
"ဟီးဟီး၊ အမေက ကျွန်တော့်အကြောင်း တကယ် သိတာပဲ။ အဘိုးနဲ့ ကျွန်တော်တို့ ချိန်းထားတယ်။ လာမယ့် အမျိုးသားနေ့ကျရင် ကျွန်တော်တို့ သွားကြမှာ။" ဟု ကျိုးကွေ့လိုင်က ပြုံးလိုက်သည်။
အမျိုးသားနေ့က မနက်ဖြန် သဘက်ခါ ဖြစ်သည်။ သုံးရက်သာ ဆိုသော်လည်း လင်းချင်းဟယ်လည်း အားလပ်ရက် ရရှိပါသည်။
လင်းချင်းဟယ်က မှာလိုက်သည်။ "ဒါဆိုလည်း နင့်အဘွား၊ နင့်ဒေါ်လေးနဲ့ ငါတို့အတွက် တစ်ရက်လောက် ချန်ထားပေးဦး။"
"ဟုတ်ကဲ့၊ ဘာလုပ်ကြမလို့လဲ။" ဟု ကျိုးကွေ့လိုင်က မေးလိုက်သည်။ သူက ပစ္စည်းပစ္စယများ သယ်ဖို့ တာဝန်ရှိသူဖြစ်ပြီး ဒါနှင့် အသားကျနေပြီဖြစ်သည်။
"နင့်အဘွားနဲ့နင့်ဒေါ်လေးကို ခေါ်ပြီး မဟာတံတိုင်းကြီးပေါ် တက်ဖို့ စီစဥ်ထားတယ်။ အဲ့ကျရင် နင်က ရေဘူးတွေဘာတွေသယ်ပြီး ငါတို့ကို ဓာတ်ပုံလည်း ရိုက်ပေးရမယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
ကျိုးကွေ့လိုင်က သဘောတူသည့် မျက်နှာထားမျိုး လုပ်ပြလိုက်၏။
ကျိုးချင်းပိုင်က သူ့မိန်းမကို ကြည့်လိုက်သည်။ လင်းချင်းဟယ်က ပြုံးကာ အသက်ကြီးလာလေလေ ပိုမို ဆွဲဆောင်မှု ရှိလာသော သူ့မျက်နှာကို ဖွဖွပုတ်ကာ ပြောလိုက်သည်။ "ရှင်ကတော့ မအားလို့ လိုက်လို့မရဘူး။"
သူမယောက်ျား ချင်းပိုင်၏ ဖက်ထုပ်ဆိုင်က နှစ်သစ်ကူး ရက်အနည်းငယ်မှ လွဲ၍ တစ်နှစ်ပတ်လုံးနီးပါး ဖွင့်သည်။
လောလောဆယ်တော့ ဒီအတိုင်းပဲ ရှိဦးမည်ဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာပါက သူတို့ ဘယ်နေရာမဆို သွားနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် သူမသည် တစ်နှစ်ကို အပန်းဖြေခရီး နှစ်ခါလောက်ထွက်မည်။ သူမ၏ ချင်းပိုင်လည်း အပန်းဖြေခရီး နှစ်ခါ ထွက်ရမည် ဖြစ်သည်။ သူမ အလုပ်ပြန်လာသောအခါ သူ တံခါး ပြန်ဖွင့်ပြီး အချိန်ဖြုန်းဖို့ လုပ်စရာအလုပ် တစ်ခုခုရှာမည်ဖြစ်သည်။
သူတို့၏ အနာဂတ်အစီအစဥ်က အလွန် ခမ်းနားလှပါသည်။
အမျိုးသားနေ့ အားလပ်ရက် နောက်ဆုံးနေ့တွင် လင်းချင်းဟယ်နှင့် ကျိုးရှောင်မိန်တို့သည် အမေကျိုးကို ခေါ်ကာ မဟာတံတိုင်းကြီးပေါ်သို့ တက်ခဲ့ကြသည်။ ကလေးတွေကိုတော့ အဖေကျိုးနှင့် ထားခဲ့လိုက်၏။
အဖေကျိုးက မဟာတံတိုင်းကြီးသို့ ရောက်ဖူးပြီးသားဖြစ်သည်။ အခုဆို ၇ခါ ၈ခါလောက် ရောက်ဖူးပြီးသား ဖြစ်သည်။ အထူးသဖြင့် အစပိုင်းတုန်းက သွားလာရတာ အလွန်သဘောကျခဲ့သည်။
အမေကျိုးကတော့ တစ်ခေါက်သာ ရောက်ဖူးသေးသည်ဖြစ်သဖြင့် ထပ်လာခဲ့ခြင်း ဖြစ်ပါသည်။
အပျော်ကတော့ လွန်နေဆဲပင်။
ကျိုးရှောင်မိန်ကလည်း ရှားရှားပါးပါး အားလပ်ရက် တစ်ရက် အနားယူကာ ကလေးတွေကို ထားခဲ့ပြီး ကိုယ့်ကိုယ်ကို စိတ်အပန်းဖြေဖို့ ထွက်လာခဲ့သည်။ ထို့ကြောင့် သူမလည်း စိတ်ပေါ့ပါးလို့ နေပါသည်။
ကောင်စုတ်လေး ကျိုးကွေ့လိုင်ကတော့ ခရီးတစ်ခုလုံး ဘာမှ အထွန့်မတက်ဘဲ သူမတို့ သုံးယောက်နှင့် ပေါ့ပေါ့ပါးပါး လိုက်လာခဲ့သည်။ အားလုံး အတူတူ ဓာတ်ပုံများစွာ ရိုက်ပေးခဲ့သည်။
ထို့ကြောင့် သူ့အဘွားဖြစ်သူ အမေကျိုးကလည်း ပီတိဖြာနေ၏။
ဒီနေ့ ပျော်ရွှင်နေသော အမေကျိုးမှာ အိမ်ပြန်ရောက်တော့ စိတ်အခြေအနေ သိပ်မကောင်းခဲ့ပေ။ ရှုရှန့်မိန်သည် ကျောက်ကျွင့်ကို ခေါ်ပြီး အလည်ရောက်လာသောကြောင့်ဖြစ်သည်။
"ရောက်လာကြသားပဲ။" သို့သော်လည်း နောက်ဆုံးတော့ မပြန်ခင် တောင်းပန်သွားသော အကြီးဆုံးသမီး၏ မျက်နှာကြောင့် နှင်တော့မထုတ်ခဲ့ပါ။ သို့သော်လည်း သူမ ဆက်ဆံသည့်ပုံစံကတော့ စိတ်မပါလက်မပါ ဖြစ်နေခဲ့သည်။
"အဘွား၊ သမီး ဒီရက်ပိုင်း နေလို့သိပ်မကောင်းလို့ မဟုတ်ရင် ဒီကို စောစောလာခဲ့ပါတယ်။ သမီးတို့ ဦးလေးတို့အိမ်ကိုလည်း ရောက်ပြီးပြီ။" ရှုရှန့်မိန်က အဘွားဖြစ်သူ၏ မျက်နှာထားကို မမြင်ချင်ယောင်ဆောင်ကာ ပြုံးပြီး ပြောလိုက်သည်။
ကျောက်ကျွင့်သည် ကျိုးချင်းပိုင်ဆီ သွားတုန်းကလည်း စိတ်ပါလက်ပါ ကြိုဆိုမှုကို မခံခဲ့ရပါ။ အခု ဒီကို လာပြန်တော့လည်း အဖေကျိုးက ဂရုမစိုက်စွာဖြင့် တီဗီကြည့်နေသည်။ ဒီနေ့ တစ်နေကုန် သွေးအေးစွာ ဆက်ဆံခံနေရသည်ဟု ဆိုနိုင်သည်။ အခုလည်း အမေကျိုးက အတူတူပဲဖြစ်သည်။ ဒါက သူ သည်းခံနိုင်သည့် အတိုင်းအတာ ကုန်လွန်နေပြီဖြစ်၏။
"နင့်အဘွားနဲ့ အခြားသူတွေနဲ့ ထိုင်နေလိုက်ဦး။ ငါ့အဖွားကို သွားတွေ့လိုက်ဦးမယ်။" ဟု ကျောက်ကျွင့်က ပြောလိုက်ပြီး မတ်တပ်ရပ်ကာ ဟိုဘက်အိမ်ရှိ အဘွားဟူကို သွားရှာသည်။
အစကတည်းက အမေကျိုး၏ မျက်နှာက မကောင်းတာ အခုဆို ပိုဆိုးသွားပြီဖြစ်သည်။ သူမသည် ရှုရှန့်မိန်ကို ကြည့်လိုက်သည်။ သို့သော် မျက်နှာသာ မပေးဘဲ ပြောလိုက်၏။ "အဲ့ဒါ ဘယ်လိုအချိုးမျိုးလဲ။ ဒီကောင့်ကို အရင် အချိုးတွေ ပြောင်းအောင် လုပ်ပေးရမယ်။"
ရှုရှန့်မိန်လည်း တကယ်တမ်း ကျောက်ကျွင့်ကို အော်ပြစ်လိုက်ချင်သည်။ ဘာဖြစ်လို့ နည်းနည်းလေးတောင် သည်းမခံနိုင်တာလဲ။ ဒါက ပြဿနာ ကြီးကြီးမားမားမှ မဟုတ်တာပဲ။ သည်းခံလိုက်ပါက ဒီဆွေမျိုးများဖြင့် ပတ်သက်နိုင်ဦးမည်ဖြစ်သည်။ ရှေ့လျှောက် ပြဿနာ တစ်ခုခု ရှိပါက သူတို့ထံမှ အကူအညီတောင်းနိုင်မည် ဖြစ်သည်။ သူ့ကို ဒီလောက်ထိ သည်းခံစိတ် နည်းပါးလိမ့်မည်ဟု မထင်ထားပါ။
"အဘွား၊ ကျောက်ကျွင့်က အဲ့လိုသဘောမဟုတ်ပါဘူး။ သူက ခုနလေးတင် ဦးလေးနဲ့ တွေ့လာတာ။ ဦးလေးက သမီးတို့ကို သိပ်ဂရုမစိုက်လို့ပါ။" ဟု ရှုရှန့်မိန်က ရှင်းပြလိုက်သည်။
"နင့်ဦးလေးက သူ့အလုပ်နဲ့သူရှုပ်နေတာ။ အဲ့တာကြောင့် နင်တို့ကို စကားပြောဖို့ အချိန်မရှိတာ ပုံမှန်ပဲ။ ငါနင့်ကို မပြောထားဘူးလား။ နင် လက်ထပ်စရာရှိတာ လက်ထပ်ပြီးရင် ကိုယ့်ဘဝနဲ့ကိုယ်နေပါလို့။" ဟု အမေကျိုးသည် စိတ်မကြည်သော လေသံဖြင့် ပြောလိုက်သည်။
"အဘွား၊ သမီး မှားခဲ့တာ သမီး သိပါတယ်၊ သမီး ဆိုးခဲ့ပါတယ်။ ဒါပေမယ့် အခု သမီး လက်ထပ်ပြီးသွားပြီဆိုတော့ ဒီပြဿနာလည်း ပြီးသွားပြီလို့ သတ်မှတ်လို့ရပြီလေ။ သမီးကို စိတ်မဆိုးပါနဲ့တော့။" ဟု ရှုရှန့်မိန်က မျက်လုံးနီနီများဖြင့် တောင်းပန်လိုက်သည်။
"အဲ့ဒီမျက်ရည်တွေကို မြန်မြန် သုတ်ပြစ်လိုက်စမ်း။ ငါ့အမြင်မှာတော့ သူက မကောင်းတဲ့ကောင်ပဲ။" အမေကျိုးက ကျောက်ကျွင့်ကို သဘောမကျပါ။ အထူးသဖြင့် ဒီလို စရိုက် ရှိနေခြင်းကြောင့်ဖြစ်သည်။
ကျောက်ကျွင့်ကို ပြစ်တင်ဝေဖန်သည်မှာ အမေကျိုးတစ်ယောက်တည်းမဟုတ်ပါ။ ဟိုဘက်အိမ်က အဘွားဟူလည်းပါသည်။
"ဘာဖြစ်လို့ ဒီလာတာလဲ။ ရှန့်မိန်ရဲ့အဘွား ခုနကမှ ပြန်ရောက်လာတာ မြင်လိုက်တယ်။" ဟု အဘွားဟူက ပြောလိုက်သည်။
"သူတို့က ကျွန်တော့်ကိုမှ မကြိုဆိုကြတာ။ အဲ့တော့ ကျွန်တော်က ဘာလုပ်ရမှာလဲ။ ဒီလောက် အဝေးကြီးထိ လာခဲ့ရတာကိုတောင် ရေတစ်ခွက်ထည့်ပေးပြီး ဒီအတိုင်း ထိုင်ခိုင်းထားကြတယ်။" ဟု ကျောက်ကျွင့်က ဒေါသတကြီး မျက်လုံးပြူးပြီး ပြောလိုက်လေသည်။
ကျောက်ကျွင့်သည် သူ့အရှုံးကို တကယ် နောင်တရနေပြီဖြစ်သည်။ သူ ရှုရှန့်မိန်ကို လက်ထပ်ခဲ့ရသည်။ သူမက ငယ်ရွယ်ပြီး ကျိုးနွံသော်လည်း ဘာအသုံးဝင်လို့လဲ။
သူမသည် ဆင်းရဲသော ကျေးရွာမှ လာခဲ့သူဖြစ်ပြီး မိသားစုကလည်း သဘောထား သေးသိမ်သည်။
ဦးလေးဖြစ်သူကတော့ ခြားနားလိမ့်မည်ဟု ထင်ခဲ့မိ၏။ သူသည် ဆိုင်တချို့ကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလည်း အလွန်အဆင်ပြေသည်ဟု ကြားထားသည်။ သူမ၏ ဒေါ်လေးကလည်း ပေကျင်းတက္ကသိုလ်တွင် နိုင်ငံခြားဘာသာ ဆရာမတစ်ယောက်ဖြစ်ပြီး နိုင်ငံခြားသားများဖြင့် အထစ်အငေါ့မရှိ ဆက်ဆံနိုင်သူ ဖြစ်သည်။
ထို့ကြောင့် သူသည် ဒီကိစ္စကို စိတ်ထဲမထားတော့ဘဲ သွားခဲ့မိသည်။ အတိုင်းအတာတစ်ခုအထိ ဖော်ဖော်ရွေရွေ ဆက်ဆံခံရလိမ့်မည်ဟု တွေးထားသော်လည်း နောက်ဆုံးအချိန်ထိ သူစိမ်းဆန်ဆန် အေးတိအေးစက် အဆက်ဆံခံရမည်ဟု ဘယ်သူက ထင်မည်နည်း။
"အဲ့လိုအဆက်ဆံခံရမယ်ဆိုရင်တောင် နင် အဆုံးထိ ထိုင်နေရမှာပေါ့ဟယ်။" အဘွားဟူက ပြောလိုက်သည်။ သူမ၏ တူမြေးကို ကြည့်ကာ ထပ်ပြောလိုက်သည်။ “ပြီးတော့ ဒီနေ့ ဘာဖြစ်လို့ မဟုတ်တဲ့အချိန်ကို လာခဲ့တာလဲ။ သူတို့ မဟာတံတိုင်းကြီးကနေ ခုနကမှ ပြန်ရောက်လာကြတာ။"
"ကျွန်တော်မြင်သလောက်တော့ သူတို့က ကျွန်တော့်ကို ဆွေမျိုးအဖြစ် မသတ်မှတ်ချင်ကြဘူး ထင်တယ်။" ကျောက်ကျွင့်က မကျေနပ်စွာ ပြောလိုက်သည်။ ဒါဟာ အမှန်တရားနီးပါးပါပဲ။
ကျိုးမိသားစုဟောင်းက သူ့ကို အမှန်တကယ် မလိုချင်ကြပါ။
"ဘာကို မသတ်မှတ်တာလဲ။ အခု နင်တို့က လက်တောင် လက်ထပ်ပြီးသွားပြီ။ နင် အသိဉာဏ်ရှိစမ်းပါ။ သူ့ဦးလေး(ချင်းပိုင်)တို့ တစ်မိသားစုလုံး အရည်အချင်းရှိတယ်။ သူ့ဒေါ်လေး(ရှောင်မိန်)ရဲ့ မိသားစုကလည်း သိပ်မဆိုးဘူး။ နောက်ပိုင်း နင်လုပ်ချင်တဲ့ ဘယ်လိုလုပ်ငန်းမဆို သူတို့ ကူညီပေးနိုင်မှာပါ။" ဟု အဘွားဟူက သူ့ကို အရောက်တွန်းပို့ကာ ပြောလိုက်သည်။