← Chapters

ဝမ်ယွမ်၏အတွေးများ

Vol. 29 Ch. 398

ဝမ်ယွမ်၏အတွေးများ

Vol. 29 Ch. 398

အခန်း(၃၉၈) - ဝမ်ယွမ်၏ အတွေးများ

နောက်ပိုင်း သူတို့ထံမှ အကူအညီ ရလိုရငြားဟူသော မျှော်လင့်ချက်ဖြင့်သာ ကျောက်ကျွင့်က အမေကျိုးတို့အိမ်ကို ပြန်ရောက်လာခဲ့သည်။

သူပြန်လာသည်ကို မြင်သောအခါ ရှုရှန့်မိန်က ဝမ်းသာအားရနဲ့ ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ လှမ်းကြည့်လိုက်သည်။ ကျောက်ကျွင့်က သူ တစ်ထစ်တော့ လျှော့ပေးရမည်ဟု ခံစားမိကာ အဖေကျိုးနှင့်အမေကျိုးတို့နှင့်အတူ ခေတ္တနေလိုက်ပြီးနောက် လင်မယားနှစ်ယောက်သား ပြန်သွားကြသည်။

"သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ မသိဘူး။ ငါတို့က သူ့ကို လာစေချင်တယ်လို့များ ထင်နေလား မသိပါဘူး။" ဟု အမေကျိုးသည် မနေနိုင်ဘဲ ပွစိပွစိ ပြောလိုက်သည်။

ဒီလိုကိစ္စများတွင် တစ်ခါမှ ဝင်မပါဖူးသော အဖေကျိုးပင် မျက်မှောင် အနည်းငယ် ကြုတ်နေသည်။ သူလည်း ဒီမြေးသားမက်ကို သဘောမကျလှပါ။

အမြင်ကောင်းသူတိုင်း သူ့မြေးမက သားမက်ဖြစ်သူကို မျက်နှာလိုမျက်နှာရ ဖားနေသည်ဖြစ်ကြောင်း မြင်နိုင်သည်။ သူမ၏ အဘိုးတစ်ယောက်အနေဖြင့် ဒီလိုမြင်နေရတာ နေလို့ထိုင်လို့ ကောင်းပါဦးမလား။

သို့သော်လည်း ယခုအချိန်မှတော့ ဘာလုပ်နိုင်တော့မည်နည်း။ ယခု မင်္ဂလာပင်ဆောင်ပြီးသွားပြီဖြစ်သည်။ အားလုံးက ကိုယ့်ကံကြမ္မာနှင့် ကိုယ်ပင်။

လင်းချင်းဟယ်သည် ကျောက်ကျွင့်နှင့် ရှုရှန့်မိန်တို့ လာလည်သွားသည့်အကြောင်းကို သိသည်။ ကျိုးရွှမ်းထံမှ ကြားခဲ့ခြင်းဖြစ်သည်။

"သူတို့ နောက်ပိုင်းကျ ပိုက်ဆံတွေ ဘာတွေ ချေးလာရင် စဥ်းစားနေစရာမလိုဘူး။ ပြောစရာရှိတာ အပြတ်သာပြောလိုက် နားလည်လား။" ဟု လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။

"ကျောက်မိသားစုက ချမ်းသာပါတယ်။" ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။

ကျောက်မိသားစုက တကယ်ပဲ ချမ်းသာပါသည်။ အဖေကျောက်သည် စက်ရုံမန်နေဂျာတစ်ဦး ဖြစ်သည်။ သူ့လစာက ယွမ် ၁၀၀ ကျော်ရှိသည်ဟု ဆိုနိုင်သည်။ အမေကျောက်သည် ထိုနေရာတွင် ဒါရိုက်တာတစ်ယောက် ဖြစ်ပြီး သူမ၏ လစာကလည်း အလွန်များပြားပါသည်။ အားလုံးက အလုပ်ကိုယ်စီ ရှိကြသည်။ ကျောက်မိသားစု၏ အခြေအနေက တကယ်ပဲ ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။

ရှုရှန့်မိန်သည် အဆင့်အတန်းမြင့်မြင့်နေရာက လူတစ်ယောက်နှင့် တကယ် လက်ထပ်နိုင်ခဲ့ပါသည်။

သို့သော် လင်းချင်းဟယ်သည် အခြားနည်းလမ်းများဖြင့် တွေးကြည့်လိုက်သည်။ "ကျောက်မိသားစု အခြေအနေက ကောင်းတယ်။ ဒါပေမယ့် အဲ့တာနဲ့ပဲ ကျောက်ကျွင့် အခြေအနေက ကောင်းတယ်လို့ မဆိုလိုဘူး။ ဘာပဲဖြစ်ဖြစ်ပါ သူပိုက်ဆံလာချေးရင် တစ်ပြားတောင် မပေးလိုက်နဲ့။"

လင်းချင်းဟယ်သည် သူ့ကို သူမတို့မိသားစု ဆက်ဆံသည့်ပုံစံက သိသာနေပြီဟု သူမ ယုံကြည်သည်။ ဒါတောင် သူတို့ လာလည်ရဲကြသေးသဖြင့် ဒါဟာ အကူအညီတောင်းဖို့ အချက်ပြနေခြင်း မဟုတ်ပေဘူးလား။

"အင်းပါ။" ကျိုးချင်းပိုင်က သူမကို သဘောတူလိုက်သည်။

ဒီစိတ်ရှုပ်စရာ လူနှစ်ယောက်ကိစ္စ ပြီးဆုံးသွားပြီ၊ ကျန်တာအားလုံး အဆင်ပြေပါသည်။

အဲဒီနေ့မှာ လင်းချင်းဟယ်သည် ကျိုးအာ့နီကို ဝမ်ယွမ်တို့ အထည်စက်ရုံဆီသွားခိုင်းပြီး အထည်မှာခိုင်းလိုက်သည်။

အမျိုးသားနေ့ ပြီးဆုံးသွားပြီး ရာသီဥတုကလည်း အေးစပြုလာတော့မည် ဖြစ်သဖြင့် ပြောစရာမလိုဘဲ ဒီတစ်ခေါက် ဆောင်းဦးရာသီ အဝတ်အထည်များနှင့် ဝါဂွမ်းအထည်များကို စတင်မှာယူရတော့မည်။

သို့သော်လည်း အမြဲတမ်းလိုလို သွက်လက်နေကျ အလုပ်သမားဖြစ်သည့် ကျိုးအာ့နီက တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး၊ ဦးလေးချန်းမင်ကို သွားခိုင်းလိုက်ပါလားဟင်။"

"ဘာဖြစ်လို့လဲ။" လင်းချင်းဟယ်က သင်ခန်းစာများအတွက် ပြင်ဆင်နေပြီး ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။ သူမ၏ တူမ ထူးထူးဆန်းဆန်း ပြုမူနေမှန်း သတိမထားမိပါ။

"သမီး နေလို့ သိပ်မကောင်းဘူး။ အဲ့တာကြောင့် မနက်ဖြန် မသွားနိုင်လောက်ဘူးထင်တယ်။" ဟု ကျိုးအာ့နီက မပြတ်မသား ပြောလိုက်သည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပါပြီ၊ အဲ့တာဆို နားလိုက်ဦး။ မနက်ဖြန်ကျ နင် နေလို့မကောင်းသေးရင် ချန်းမင်ကို သွားခိုင်းလိုက်မယ်။”

ကျိုးအာ့နီက စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး ခေါင်းငြိမ့်ကာဖြင့် အလုပ်ပြန်လုပ်နေလိုက်သည်။

နောက်တစ်နေ့ အထည်များ သွားမှာယူသည်မှာ မာချန်းမင်ဖြစ်သည်။

"ဘာဖြစ်လို့ ခင်ဗျားလာတာလဲ။ ကျိုးဟုန်ယင် လာမယ်လို့ ကျွန်‌တော် ထင်ထားတာ။" ဟု အထည်စက်ရုံ၏ ပိုင်ရှင် ဝမ်ယွမ်က ထွက်လာပြီး မာချန်းမင်ဖြစ်နေမှန်း မြင်လိုက်ရသောအခါ ထိုသို့ မေးလိုက်သည်။

ကျိုးဟုန်ယင်ဆိုသည် ကျိုးအာ့နီ၏ နာမည်အရင်းဖြစ်ပါသည်။

"သူ နေမကောင်းလို့ ငါလာခဲ့တာပါ။" မာချန်းမင်က အများကြီး သိပ်မစဥ်းစားဘဲ အော်ဒါကို ဝမ်ယွမ်ထံသို့ လွှဲပေးလိုက်သည်။

ဆောင်းဦးရာသီအထည်များ ထောင်ချီရှိပြီး ဝါဂွမ်းအထည်တွေလည်း ပါတယ်၊ အရေအတွက်က အရမ်းများသည်။

ဝမ်ယွမ်က ဒီအော်ဒါကို လက်လွှဲယူလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ကျိုးဟုန်ယင်ရဲ့ ဝမ်းကွဲညီမ လက်ထပ်လိုက်ပြီလို့ ကျွန်တော်ကြားတယ်။ မြို့တော်က လူနဲ့ပဲ မဟုတ်လား။"

"အင်း" မာချန်းမင်က ခေါင်းငြိမ့်လိုက်သည်။ ဒါက လျှို့ဝှက်ချက် မဟုတ်ပါ။ ရပ်ကွက်တစ်ခုလုံး သိပြီးသားဖြစ်ပါသည်။ အတွင်းသတင်းကိုပါ သူ သိထားသည်။ သို့သော်လည်း အခြားသူများက ရှုရှန့်မိန် လက်မထပ်ရသေးခင်ကတည်းက ဗိုက်ကြီးနေမှန်းတော့ မသိကြပေ။ ဒါက ပြောကောင်းသော ကိစ္စ မဟုတ်သဖြင့် ဖုံးကွယ်ထားကြခြင်း ဖြစ်ပါသည်။

"မဆိုးပါဘူး။ မြို့တော်က လူနဲ့ပဲ လက်ထပ်လိုက်တာ၊ ဒီမှာဆို နောက်ပိုင်း ပိုပိုကောင်းလာဖို့ပဲ ရှိပါတယ်။" ဟု ဝမ်ယွမ်က မှတ်ချက်ပေးလိုက်သည်။

မာချန်းမင်သည် အခုတလော အလုပ်အရမ်းများနေသည်။ ယခုရာသီကလည်း ကူးပြောင်းတော့မည် ဖြစ်သဖြင့် သူကိုင်တွယ်ရမည့် အလုပ်များစွာက စောင့်ကြိုနေခဲ့သည်။ ထို့ကြောင့် ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "စည်းမျဥ်းမူဝါဒတွေက ပိုပိုပြီးကောင်းလာပြီ။ မြို့တော်ကလည်း သေချာပေါက် ပိုပိုပြီး တိုးတက်လာပါပြီ။ မြို့တော်မှာ လက်ထပ်တာက ရွေးချယ်မှုကောင်းပါပဲ။"

ထို့နောက် ဝမ်ယွမ်ကို သူ တောင်းဆိုလိုက်သည်။ "ဘော့စ်ဝမ် စာချုပ်ကို အရင် လက်မှတ်ထိုးပေးပါလား။ ကျွန်တော် ဖျော်ရည်ဆိုင်သွားပြီး ပစ္စည်းစစ်စရာ ရှိသေးလို့ပါ။"

ဝမ်ယွမ်က ခေါင်းငြိမ့်ပြီး စာချုပ်ကို လက်မှတ်ထိုးပေးလိုက်သည်။

မာချန်းမင်က အကြာကြီး ဆက်မနေဘဲ ပြန်သွားခဲ့သည်။

ဝမ်ယွမ်သည် ဘောပင်လှည့်ရင်း ကိုယ့်ကိုယ်ကို ပြောလိုက်မိသည်။ "ဒီကောင်မလေး ငါ့ကို ရှောင်နေတယ်လို့ ဘာဖြစ်လို့များ ခံစားနေရပါလိမ့်။"

ထိုအချိန်မှာပင် သူ့မန်နေဂျာက ဝင်လာပြီး ထိုအကြောင်းကို ကြားကာ ချက်ချင်းဆိုသလို နားလည်သွားပြီး ပြောလိုက်သည်။ "မင်း ကျိုးဟုန်ယင်ကို ပြောနေတာလား၊ မေ့လိုက်စမ်းပါကွာ။ မင်းက သူ့ထက် အများကြီး အသက်ကြီးတယ်၊ အတင့်ရဲလိုက်တာ။"

သူ့မန်နေဂျာက သူ့ငယ်သူငယ်ချင်းဖြစ်ပြီး ငယ်စဥ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့သည်။ သူ့အသက်အရွယ်နှင့် ဒီအလုပ်ကို ဗြုန်းစားကြီး လက်ခံရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဝမ်ယွမ်က ခွန်းတုံ့ပြန်လိုက်သည်။ "ငါက ဘာဖြစ်လို့ အများကြီး အသက်ကြီးရမှာလဲကွ၊ ငါတို့က အသက် ၆ နှစ်လောက်ပဲ ကွာတာကို။"

သူ့ငယ်သူငယ်ချင်းက ရယ်မောကာ မေးလိုက်သည်။ "မင်း သူ့ကို အရင်တစ်ခေါက်က ဘယ်လိုများ စကားပြောလိုက်တာလဲ။ မင်း သူ့ကို လန့်အောင် လုပ်လိုက်တယ်လို့ ငါထင်တယ်။ ဒီတစ်ခေါက် ဟိုက မင်းကို ရှောင်တောင်ရှောင်နေပြီနော်။"

ထို့နောက် အတည်ပေါက် လေသံဖြင့် "သူက မိန်းမကောင်းလေးနော်။ မင်း သူ့ကို အတည်တကျ လက်မထပ်ချင်ဘူးဆိုရင် သူ့ခံစားချက်တွေကို သွားမကစားနဲ့။" ဟု ပြောလိုက်သည်။

ဝမ်ယွမ်က ဒေါသထွက်လာ၏။ "ငါက ဘာဖြစ်လို့ သူ့ခံစားချက်တွေကို ကစားရမှာလဲ။ ငါ့ကို ဘာကောင်လို့ မင်းထင်နေတာလဲကွ။" ထို့နောက် ဝမ်ယွမ်က ဆက်ပြောသည်။ "ဆရာမလင်းတို့ လင်မယားက ဦးလေးဝမ်နဲ့ ဆက်ဆံရေးကောင်းတယ်။"

ရုတ်တရက် ထွက်လာသော ထိုစကားများက သူ့ငယ်သူငယ်ချင်းကို ကြက်သေ သေသွားစေသည်။ "ဦးလေးဝမ်နဲ့ ဆက်ဆံရေးကောင်းတယ် ဟုတ်လား။"

သူ နားလည်သွားသည်။ "ငါပြောချင်တာက ကျိုးဟုန်ယင်နဲ့ မင်း ဘာဖြစ်လို့ ဒိတ်ချင်တာလဲ။ ဦးလေးဝမ်နဲ့ သူတို့ဆက်ဆံရေးအရဆိုရင် ဆရာမလင်းရဲ့တူမ ဖြစ်နေရင်တောင် မင်းမိသားစုကလည်း အရမ်းကြီး ကန့်ကွက်မှာ မဟုတ်ပါဘူး။"

သူ့ငယ်သူငယ်ချင်း ဝမ်ယွမ်၏ မိသားစုက တကယ်ပဲ ချမ်းသာသော မိသားစု ဖြစ်ပါသည်။

"ကျိုးဟုန်ယင်က ငါ့ကိုစိတ်ဝင်စားတဲ့ပုံ မပေါ်ဘူးကွ။" ဝမ်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

သူ တကယ်ပဲ ကျိုးဟုန်ယင်ကို တန်ဖိုးထားပါသည်။ သူမ လာတိုင်း စက်ရုံတစ်လျှောက် လိုက်ပြလေ့ရှိသည်။ အရင်တစ်ခေါက်က အရမ်းသိသာသွား၍လားမသိ။ ထို့ကြောင့် သူမကို ကြောက်ရွံ့သွားအောင် လုပ်မိခဲ့ပါသည်။

ဒီတစ်ခေါက်တော့ သူမ လာပင်မလာတော့ချေ။

"သူက မင်းကို မှီခိုပြီး မနေချင်တာထင်တယ်။" ဝမ်ယွမ်၏ သူငယ်ချင်းက ခေါင်းငြိမ့်လိုက်ပြီး အမှန်တရားကို ပြောလိုက်သည်။

ကောင်မလေးက အထည်စက်ရုံ၏ စက်ပစ္စည်းကိရိယာများနှင့် လုပ်ငန်းဆောင်တာများကို လေ့လာချင်သော်လည်း အခြားစိတ်တော့ လုံးဝမရှိပါ။

"သူ့ဝမ်းကွဲကတော့ မြို့တော်ကလူနဲ့ လက်ထပ်ခဲ့တယ် မဟုတ်ဘူးလား။ သူက သူ့ဝမ်းကွဲရဲ့လူထက် ပိုဆိုးတဲ့လူမျိုးနဲ့ လက်ထပ်ချင်လို့လား။" ဟု ဝမ်ယွမ်က ပြောလိုက်သည်။

သူ့ငယ်သူငယ်ချင်းက ပြုံးသာ ပြုံးလိုက်ပြီး ဘာမှမပြောတော့ပေ။ အော်ဒါကို ထုတ်လိုက်ပြီး ရေရွတ်လိုက်သည်။ "ဒီအော်ဒါက မနည်းဘူးပဲ။"

"အဲ့တာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်လိုက်ပါ။ သူတို့ဘက်အတွက် အရမ်းအရေးကြီးတယ်။" ဝမ်ယွမ်က လက်ခါပြလိုက်သည်။

သူ့ငယ်သူငယ်ချင်းကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် အထည်ဒီဇိုင်းများ၊ လိုအပ်ချက်များနှင့် အော်ဒါပမာဏများကိုပါ ယူကာထွက်သွားသည်။

ဝမ်ယွမ်ကတော့ မောပန်းစွာ မျက်ခုံးနှစ်ခုကြား လက်ဖြင့် ဖိကိုင်လိုက်မိသည်။ မကြာသေးခင်က သူ့အိမ်တွင် ပြဿနာများစွာ တက်နေခဲ့သည်။ အထူးသဖြင့် သူ့အဘွား၊ သူ့အဘွားက သူ့ကို မြန်မြန်လက်ထပ်ဖို့ နားပူနားဆာ လုပ်နေခဲ့သည်။ သူ့အဘွားသည် မြေးချီချင်နေလှပြီဖြစ်သည်။

ကြည့်ရသလောက်တော့ ကျိုးဟုန်ယင်သည် သူ့အတွက် ထိုကဲ့သို့သော အတွေးမျိုး မရှိခဲ့ပုံရသည်။

ဝမ်ယွမ်သည် ပစ္စည်းတွေကို ရှင်းလင်းလိုက်ပြီး ပန်းသီး တစ်ထုပ်နှင့် အုန်းသကြားလုံးထုပ် တချို့ကို ဝယ်ယူလိုက်သည်။ ထိုအစားအစာများသည် ဟိုင်နန်မှ တင်သွင်းထားခြင်းဖြစ်ပြီး တကယ့်ကို အရသာရှိလှပါသည်။

ဒီလိုနှင့် သူ လင်းချင်းဟယ်တို့ထံ အလည်သွားခဲ့သည်။

သူသည် အဘိုးဝမ်ကို ဆင်ခြေအဖြစ် အသုံးချပြီး ရောက်လာခြင်းဖြစ်သည်။

သူမ၏ စီးပွားဖက် အိမ်လာလည်သည်ကို လင်းချင်းဟယ်ကတော့ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။ သူ့အဘိုးနှင့် အဘိုးဝမ်တို့က ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြောင်း သိလိုက်ရသောအခါ အံ့အားသင့်သွားရသည်။

"ကျွန်တော်လည်း သိပ်မကြာသေးခင်ကမှ သိခဲ့တာ။ အရင်က မသိခဲ့ပါဘူးဗျာ။" ဝမ်ယွမ်က ပြုံးကာ ပြောလိုက်သည်။ သူစကားပြောလျှင် မျက်လုံးများက ကျိုးအာ့နီကိုသာ ကြည့်နေမိသည်။ "ဟုန်ယင် နေမကောင်းဘူးလို့ ကျွန်တော်ကြားတယ်။"

"အများကြီး သက်သာသွားပါပြီ။" ကျိုးအာ့နီက ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် အော်ဒါတင်ဖို့ကိစ္စ မရှိတော့သဖြင့် လတ်တလောတော့ သူမ သူ့အထည်စက်ရုံကို သွားဖို့ မလိုတော့ပေ။

"ကောင်းတာပေါ့။ ကျွန်တော်တို့ဘက်မှာ ကုန်စာရင်းတွေ စစ်ဆေးဖို့ စာရင်းကိုင်တစ်ယောက်လောက် လိုနေတာဗျ။ ဟုန်ယင်လည်း ဒီနယ်ပယ်မှာ လေ့လာနေတာ မဟုတ်လား။ ကျွန်တော့်ကို လာကူညီပေးပါဦး။ တစ်ရက်ကို နှစ်ယွမ် ပေးပါ့မယ်။ ဒီရက်ပိုင်းလောက်ပါပဲ။" ဟု ဝမ်ယွမ်က ပြုံးကာ အားတက်သရော ပြောလိုက်သည်။

All Chapters