သားမက်ရှေ့မျက်နှာငယ်ခြင်း
Vol. 29 Ch. 399
အခန်း(၃၉၉) - သားမက်ရှေ့ မျက်နှာငယ်ခြင်း
ဝမ်ယွမ့်ထံမှ စကားများထွက်လာသည်နှင့် ကျိုးအာ့နီမှာ ခေတ္တတွန့်ဆုတ်သွားသည်။ ထို့နောက် သူ့ကို ရှက်သလိုလို ဒေါသထွက်သလိုလို စိုက်ကြည့်လိုက်သည်။
ဝမ်ယွမ်က သူမကိုကြည့်နေတာ ရပ်လိုက်ပြီး လင်းချင်းဟယ်ထံသို့လှည့်ကာ "ဆရာမလင်၊ ကျွန်တော့်ကို ဒီကိစ္စ ကူညီပါဦးဗျာ။"
လင်းချင်းဟယ်က သူမ၏တူမအပေါ် ဝမ်ယွမ်၏ လှုပ်ရှားမှုများကို မရိပ်မိသေးဘဲ ပြန်ပြောလိုက်သည်။ "မင်းရဲ့ အထည်စက်ရုံက အကြီးကြီး ဖြစ်နေတာတောင် စာရင်းကိုင် လိုတယ်ပေါ့။"
"ဟုတ်တယ်၊ ကျွန်တော်တို့ စက်ရုံမှာ စာရင်းကိုင်ပညာလို အရေးကြီးတဲ့ နယ်ပယ်မှာ လူတွေလိုအပ်နေတာဗျ။ အထူးသဖြင့် ဟုန်ယင်လုပ်ထားတဲ့ စာရင်းကို မြင်ပြီးကတည်းက တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ နားလည်သွားတယ်လို့ ပြောရင် ကျွန်တော်က အပိုပြောတယ်လို့ ထင်နေပါဦးမယ်။" ဟု ဝမ်ယွမ်က ခေါင်းငြိမ့်လိုက်သည်။
လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်သည်။ အာ့နီကို သူမ သင်ပေးထားခြင်းဖြစ်သည်။ ဟူကျစ်လည်း နားလည်ပါသည်။ ထို့ကြောင့် သူမ ပြန်ပြောလိုက်သည်။ "အာ့နီတစ်ယောက်တည်း လုံလောက်ရဲ့လား။ ဟူကျစ်ကိုပါ ထည့်ပေးလိုက်ရမလား။"
"တစ်ယောက်ဆို လုံလောက်ပါပြီ။" ဟု ဝမ်ယွမ်က ပြောလိုက်သည်။
လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ သူမဘက်တွင် လူအင်အားအများကြီး မရှိသော်လည်း ချန်းရှန်ရှန် ရှိနေပြီဖြစ်သည်။ ထို့နောက် ချန်းယွဲ့ကို ကျိုးအာ့နီနှင့် လူလဲပြီး ကျိုးအာ့နီက အခြားအလုပ်တစ်ခုခု လုပ်နိုင်မည်ဖြစ်သည်။
ဖျော်ရည်ဆိုင်ကတော့ ဟူကျစ် သို့မဟုတ် ကန်းကျစ် ကြည့်နိုင်ပါသည်။ ပြဿနာကြီးကြီးမားမား မရှိပါ။
"သွားကူပေးလို့ ရပါတယ်။ နင် အပိုဝင်ငွေရှာတယ်လို့ပဲ သဘောထားလိုက်ပေါ့။" ဝမ်ယွမ်ပြန်သွားပြီးနောက် အကျိုးအကြောင်း မသိသည့် လင်းချင်းဟယ်က သူ့တူမကို ပြောလိုက်သည်။
သူမက ဝမ်ယွမ်ကို တကယ်သဘောကျပါသည်။ သူက သောက်စားပျော်ပါးပြီး သေမည့်အချိန်ကို ထိုင်စောင့်နေတတ်သည့် ဒုတိယမျိုးဆက်မျိုး မဟုတ်ပါ။ ဒီဒုတိယမျိုးဆက်ကောင်လေးက ကိုယ့်အားကိုယ်ကိုးတတ်သည်။ ထို့အပြင် သူမတို့ အလုပ်အတူတူ တွဲလုပ်နေသည်မှာလည်း ကြာပြီဖြစ်သည်။ ဒီလူငယ်လေးက ကလေကချေ လူငယ် မဟုတ်ပါ။
ယခု အဘိုးဝမ်နှင့် သူ့အဘိုးတို့က မိတ်ဆွေဟောင်းများ ဖြစ်ကြောင်းပါ သိလိုက်ရပြီဖြစ်သဖြင့် ဘာမှပြောနေစရာမလိုတော့ပါ။
"စတုတ္ထဒေါ်လေး၊ သမီးတို့ ဒီမှာ အလုပ်တွေ များတုန်းပဲလေ။ လူအင်အားကလည်း မလုံလောက်ဘူး။ ချန်းရှန်ရှန်ကလည်း အလုပ်ကို မလိုက်နိုင်သေးဘူး" ကျိုးအာ့နီ မသွားချင်ပါ။
ထိုလူက အကြံကြီးသည်။ သူမကိုတော့ ဘာမှမလုပ်တာ သေချာပါသည်။ သူမ၏ လက်တွဲဖော် ဖြစ်လာချင်ရုံသာ ဖြစ်သည်။ သူမ လက်ခံသလား မေးခဲ့သည်။ သူမ လက်မခံကြောင်းပြောသောအခါ သူမလက်ကို ဆွဲသည်။ သူမလက်ကို လွှတ်ပေးဖို့အတွက် သူနှင့်အပြင်မှာ ချိန်းတွေ့ဖို့ သဘောတူခဲ့ရသည်။
လူလည်ကျလွန်းပါသည်။
ထိုနေ့အိမ်ပြန်လာကတည်းက ထိုနေရာသို့ ထပ်မသွားချင်တော့ပါ။ သူမတတ်နိုင်သမျှ ငြင်းမည်။ မငြင်းနိုင်ပါက ပြန်စဥ်းစားမည်ဖြစ်သည်။ အိမ်အထိ လိုက်လာလိမ့်မည်ဟု သူမမျှော်လင့်မထားပါ။
ထို့အပြင် သူ့အထည်စက်ရုံသို့ သူမကို လာကူညီအောင် သူမဒေါ်လေးကိုလည်း တောင်းဆိုခဲ့သေးသည်။ ထိုစက်ရုံတွင် ကူညီစရာ ကိစ္စရှိလိမ့်မည်ဟု သူမ မယုံကြည်ပါ။
"ရှန်ရှန်က အတတ်မြန်ပါတယ်။ နင် စိတ်မပူနဲ့၊ နင် သွားသာ သွားလိုက်ပါ။ အဲ့တာထက် စက်ရုံကြီးတွေရဲ့ စာရင်းတွေက ပိုရှုပ်ထွေးတယ်။ နင့်အတွက် အလေ့အကျင့်ကောင်း ဖြစ်တာပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
စာရင်းကိုင်ပညာအား ပိုမိုအတွေ့အကြုံရပြီး ပိုမို လေ့လာပါက သေချာပေါက် အကျိုးကျေးဇူးရှိမည် ဖြစ်သည်။ ထို့ကြောင့် ပြဿနာကြီးကြီးမားမား မဟုတ်ပါ။
ကျိုးအာ့နီတစ်ယောက် ဘာပြောနိုင်ပါဦးမည်နည်း။ မျက်နှာစူပုတ်ပုတ်ဖြင့် လက်သာခံနိုင်တော့သည်။
သူမ အနည်းငယ်သာ စိတ်ပူမိသည်။ သူမ၏ စတုတ္ထဒေါ်လေးသာ သိသွားပါက ဘယ်လိုလုပ်မည်နည်း။
အရင်တစ်ခေါက် ရှုရှန့်မိန်ကိစ္စကတည်းက သူ့ဒေါ်လေး ဘယ်လောက် ဒေါသထွက်ခဲ့မှန်း သူမ သိသည်။ အခု ရှုရှန့်မိန်ကို စာရင်းထဲကပင် ထုတ်ပြစ်လိုက်ပြီဖြစ်သည်။
သူမနှင့်မဆိုင်သော်လည်း သူ့ဒေါ်လေးကို စိတ်ညစ်အောင် လုပ်မိမည်ကို ကျိုးအာ့နီ အနည်းငယ် စိတ်ပူမိပါသည်။
ဝမ်ယွမ် စာရင်းကိုင်တကယ် လိုအပ်နေခြင်းသာ ဖြစ်ပါစေဟု သူမမျှော်လင့်မိသည်။ ဘာမှ မဟုတ်သည်ကို ဇာတ်လမ်းထွင်ခြင်း မဟုတ်ပါစေနဲ့။ သူမက ကျေးရွာသူတစ်ယောက်ဖြစ်သည်။ မြို့တော်က သူ့လိုလူတစ်ယောက်နှင့် လက်ထပ်ဖို့ တစ်ခါမှ စိတ်ကူးမယဥ်ဖူးပါ။ အထူးသဖြင့် သူ့မိသားစုက အလွန်ချမ်းသာနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တစ်ကြိမ်ကြည့်လိုက်ရုံနှင့် အလံနီပြသွားပြီဖြစ်သည်။
ကျိုးအာ့နီက သူ့အဘိုးအဘွားများအိမ်သို့ လာရောက်ခဲ့သည်။ သူမအဘိုးအဘွားများအတွက် အဝတ်အစားများ အိပ်ယာခင်းများ လာလျှော်ပေးခြင်း ဖြစ်သည်။
အမေကျိုးက ရယ်မောကာ ပြောလိုက်သည်။ "မလိုပါဘူး။ နင့်စတုတ္ထဒေါ်လေးက အဘွားတို့ကို အဝတ်လျှော်စက် ဝယ်ပေးထားတယ်။ ဘာလျှော်လျှော် အဆင်ပြေနေတယ်၊ ရေလောင်းထည့်လိုက်ရုံပဲ။"
ထိုခေတ်က အဝတ်လျှော်စက်များက ရေကို ကိုယ်တိုင်ထည့်ရသည်။ နောက်ပိုင်းမျိုးဆက်များလို အလိုလျောက်စနစ်မပါပေ။
ကျိုးအာ့နီက ဆန်းသစ်သည်ဟု ထင်မိကာ ပြောလိုက်သည်။ "အဲ့ဒီအဝတ်လျှော်စက်က စျေးပေးရတယ်နော်။ သမီးဒေါ်လေးနဲ့ ကုန်တိုက်ကို သွားတုန်းက ယွမ်ရာကျော်ကုန်တယ်။"
"စျေးကြီးလိုက်တာ" ဟု အမေကျိုးက ခေါင်းငြိမ့်သည်။ စျေးကြီးလျှင်တောင် သူ့ချွေးမက သူမအတွက် ဝယ်ပေးချင်စိတ် ရှိပါသည်။
ဟိုဘက်အိမ်က ဘွားလေးနှစ်ယောက်လို မဟုတ်ပါ။ သူတို့က ခပ်ဆိုးဆိုးများ ဖြစ်သဖြင့် သူမတို့၏ ချွေးမများက သူမတို့ကို သိပ်ပြီး မိသားစုလို မဆက်ဆံတာ မဆန်းပါ။
သူမ အဘွားကျူးကိုတော့ သဘောမကျပါ။ သူမ၏ မြေးမကို နတ်သက်ကြွေသော နတ်သမီးသယောင်ယောင် ပြောပြီး သူ့မြေးနှင့် အောင်သွယ်လုပ်ပေးချင်နေခဲ့သည်။ သို့သော် နောက်ဆုံးတော့လည်း ဖြစ်မလာခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အမေကျိုးကတော့ သူမကို မကျေနပ်သေးပါ။
အစကတော့ အဘွားဟူက အဆင်ပြေခဲ့သော်လည်း သူမနောက်ကွယ်တွင် သူမ မြေးမနှင့် သူ့တူမြေးတို့ကို တွေ့ပေးခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပါ။
ထို့အပြင် သူတို့ဖာသာသူတို့ ချိန်းတွေ့ခွင့်ပင် တိုးတိုးတိတ်တိတ် ပေးခဲ့သေးသည်။ ထိုအကြောင်းအရင်းကြောင့်ပဲ သူမ၏ မြေးမ ဗိုက်ပူလာခြင်းဖြစ်သည်။
အမေကျိုးတစ်ယောက် ပြန်စဥ်းစားကြည့်လျှင် စိတ်တိုရပါသည်။ ထို့ကြောင့် ထိုအိမ်နီးချင်း နှစ်ယောက်နှင့် အဆက်အဆံမလုပ်တော့ပါ။
အဘွားဟူကလည်း ပါးနပ်သည်။ သူမအား သဘောမကျမှန်းသိသဖြင့် အဘွားကျိုးအိမ်တွင် အဝတ်လျှော်စက်တစ်လုံး ရောက်နေမှန်း သိတာတောင် ဘာမှမပြောရဲတော့ပါ။
ထိုအဘွားကျူး ဆိုသူကတော့ မျက်နှာပြောင်တိုက်တတ်လွန်းသည်။ တကယ်ကြီး သူမ၏ အဝတ်အစားများကို ယူလာပြီး လာလျှော်ချင်နေသည်။
ရေက ပိုက်ဆံမပေးရသော်လည်း မီတာခကတော့ ပေးရသည်။ ထို့ကြောင့် အမေကျိုးက အဝတ်လျှော်စက် ပျက်နေသောကြောင့် သုံးမရဘူးဟု တဲ့တိုးပြောလိုက်သည်။
သူမ၏ ချွေးမက သူမအတွက် ပေးထားခြင်းဖြစ်သည်။ ဘာကြောင့် ထိုအဘွားကြီးကို အကျိုးခံစားခွင့် ပေးရဦးမည်နည်း။ စိတ်ကူးထဲတောင် မထည့်ပါနဲ့။
"အာ့နီ၊ အဘွားတို့က ရွာသူရွာသားတွေပါ။ ဒါပေမယ့် အရာရာတော့ လိုချင်စိတ် မရှိနဲ့ပေါ့။ ရိုးသားခြင်းဆိုတာ အရေးပါတဲ့အရာတစ်ခုပဲ။ မြို့တော်က ကောင်းပါတယ်၊ ဒါပေမယ့် ဒီကလူတွေက အဘွားတို့လို ရွာသားတွေကို အထင်သေးကြတယ်။ ဒီမှာ လက်ထပ်လိုက်လို့ ကောင်းတဲ့ဘဝတစ်ခု ရနိုင်ဖို့က မသေချာပါဘူး။" ဟု အမေကျိုးက မြေးမကို သတိပေးလိုက်သည်။
ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။ "သမီးသိပါတယ် အဘွား။"
"နင်သိတာ ကောင်းပါတယ်။ ရှန့်မိန်သာ နင့်လို အသိရှိရင် ဒီလိုဘဝဆိုးမျိုးနဲ့ နေရမှာ မဟုတ်ဘူး။ နင် မသိပါဘူး၊ ဘိုးဘေးတစ်ယောက်ကို ပိုးမွေးသလို မွေးနေသလိုပဲ။ ယောက်ျားတစ်ယောက်ဖြစ်ပြီး ဒီလိုပိုးမွေးသလို မွေးထားရင် နတ်ပြည်တောင် ရောက်တော့မှာ မဟုတ်ဘူးလား။ နောက်ပိုင်း ပိုဆိုးမလာနိုင်ဘူးလား။ အစကတည်းက သူက လူကောင်းကို မဟုတ်တာ။" ဟု အမေကျိုးက ပြောလိုက်သည်။
ထို့နောက် သူ့မြေးမကို တီးတိုးပြောလိုက်သည်။ "နင့်ဒေါ်လေး(ပထမအစ်မ)က သူ့အဖိုးတန်သားမက်လေးက သူတို့အိမ်ကို အထင်သေးသွားတယ်တဲ့။ သူတို့အိမ်ကို ရောက်သွားတော့ တန်ဖိုးမရှိသလိုမျိုး စက်ဆုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ရှန့်မိန် ဗိုက်ကြောင့်သာ မဟုတ်ရင် သူ ဒီလောက်ထိ ကျိုးနွံနေစရာလိုပါ့မလား။"
သူမတွင် သားမက်သုံးယောက်ရှိသည်။ သူမရှေ့တွင် ဘယ်သားမက်က သူမအိမ်အကြောင်း မကောင်းလာပြောရဲသလဲ။ သူမ တုတ်ဖြင့် ရိုက်ပြစ်လိုက်မည်။
သူမ၏ အကြီးဆုံးသမီးက သားမက်တစ်ယောက်ကြောင့် ဒီလို ပုံစံဖြစ်သွားရသည်။ ဘာကြောင့်လဲ။ နောက်ဆုံးတော့လည်း သူ့သမီးက ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်သောကြောင့် မဟုတ်ပါလား။
စျေးဝယ်သူများ၏ စျေးကွက်လိုဖြစ်လာသည်။ အခြားတစ်ဖက်က ကိုင်ကြည့်ပြီး ရွေးချယ်သည်။ သူမက ဘာမှမပြောရဲပါ။ မဟုတ်လျှင် သူတို့ပြန်ချပြီး မလိုချင်တော့ဘူးဟု ပြောလိမ့်မည်။ ထိုအခါမှ ငိုစရာ နေရာမရှိ ဖြစ်သွားလိမ့်မည်။
တကယ့်ကို ကံဆိုးလှပါသည်။
ကျိုးအာ့နီက ခေါင်းငြိမ့်ကာ အာမခံလိုက်သည်။ "စိတ်မပူပါနဲ့ အဘွား။ သမီးတို့ ကျိုးမိသားစုဟောင်းကို သမီးအရှက်မခွဲပါဘူး။"
"အဘွားက နင့်ကို ယုံပါတယ်။ နင့်ဒေါ်လေးဆီကလည်း နင်းကောင်းကောင်း တိုးတက်လာတယ်လို့ ကြားရတယ်။ နင်က အနာဂတ်မှာ သေချာပေါက် အလားအလာ ရှိလိမ့်မယ်။" ဟု အမေကျိုးက ပြုံးကာ ပြောလိုက်သည်။
"သမီးဒေါ်လေး သမီးကိုသင်ပြပေးချင်တဲ့စိတ်ကြောင့်ပါ။" ကျိုးအာ့နီက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။
"တစ်ခါတစ်လေကျရင် နင့်စတုတ္ထဒေါ်လေးက နည်းနည်း စိတ်ဆတ်တယ်။ သူဒေါသပေါက်ကွဲရင် ဆူငေါက်တတ်တယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ သူက ဂရုစိုက်ရင် ဆုံးမပေးလိမ့်မယ်။ ဂရုမစိုက်ဘူးဆိုရင်တော့ နောက်တစ်ခါကို ပြန်လှည့်မကြည့်တော့ဘူး။" ဟု သူမ၏ အငယ်ဆုံး ချွေးမအကြောင်း ပြောပြလိုက်သည်။
ဒါက ရိုးရိုးသားသား အမှန်တရားဖြစ်သည်။
ဥပမာအားဖြင့် သူမ၏အငယ်ဆုံးချွေးမက ရှုရှန့်မိန်ကို ကြည့်ပင်မကြည့်တော့ပေ။
"သမီး သိပါတယ်" ကျိုးအာ့နီက ပြုံးလိုက်သည်။ သူမ၏ စတုတ္ထဒေါ်လေးက လူတွေကို ဆူငေါက်ကောင်း ဆူငေါက်နိုင်သည်။ သို့သော်လည်း အလွန်ရှားပါသည်။ ထင်သလောက်လည်း မရက်စက်ပါ။
သို့သော်လည်း သူ့စတုတ္ထဒေါ်လေးက အများကြီး နားလည်မှုရှိသည်။ ညနေကျောင်းက သူမ၏ဆရာမကပင် စတုတ္ထဒေါ်လေးကို မယှဥ်နိုင်လောက်ဟု ခံစားမိသည်။
"နင်ပြန်ရင် ကြက်ဥတစ်ခြင်း ယူသွားလိုက်။ အဘွားရဲ့ကြက်မတွေကိုယ်တိုင် ဥထားတာ၊ အဲ့တာတွေကို နင့်စတုတ္ထဒေါ်လေးနဲ့ လောင်အာ့တို့ အာဟာရဖြစ်အောင် ကျွေးလိုက်။ စာသင်ရတာက ဦးနှောက်ကို ပင်ပန်းစေတယ်။" အမေကျိုးက ကြက်ဥများ သွားယူလာပြီး ညွှန်ကြားလိုက်သည်။