မိသားစုအတွင်းသို့ဝင်ရောက်ခြင်း
Vol. 29 Ch. 400
အခန်း(၄၀၀) - မိသားစုအတွင်းသို့ဝင်ရောက်ခြင်း
ကျိုးအာ့နီက ဆန့်ကျင်ချင်သော်လည်း နောက်ဆုံးတော့ အထည်စက်ရုံထဲသွားဖို့ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
အထည်စက်ရုံက အမှန်တကယ်ပဲ အလုပ်များကြောင်း သူမ သိလိုက်ရသည်။ ပစ္စည်းစစ်ဆေးမှု အကြီးအကျယ် လိုအပ်နေပြီး သူမလည်း လုပ်စရာအများကြီးရှိနေသည်။
သူမက ဝမ်ယွမ်နှင့် ရုံးခန်းတစ်ခန်းတည်း နေရသော်လည်း ဝမ်ယွမ်က စကားပြောသည်မှအပ တခြား လွန်လွန်ကဲကဲ ဘာမှမလုပ်ပေ။ ထို့ကြောင့် သူမ စိတ်အေးစွာ သက်ပြင်းချမိသည်။
"ကိုယ်မင်းကို တကယ်ပိုင်ဆိုင်ချင်တာပါ။ ကိုယ် စနောက်တာမဟုတ်ဘူး၊ ပေါက်ကရ ပြောနေတာလည်း မဟုတ်ဘူး။ မင်းရဲ့စတုတ္ထဒေါ်လေးက မင်း ဒီနှစ် ၁၉နှစ် ပြည့်ပြီလို့ ပြောတယ်နော်။ မင်းလက်ထပ်လို့ရတဲ့ အရွယ်ရောက်နေပါပြီ။ ကိုယ့်ကို လက်ထပ်လိုက်ရင် အခြားတစ်ယောက်ယောက်ကို လက်ထပ်တာထက် အများကြီးပိုပျော်ရမှာ၊ မင်း သေချာစဥ်းစားပေးနော်။"
သူမ ပစ္စည်းစာရင်းများ ပေါင်းပြီးနောက် ဝမ်ယွမ်က သူမထံ လျှောက်လာပြီး ပြောလိုက်ခြင်း ဖြစ်သည်။
ကျိုးအာ့နီမသိသည်က သူ့ရင်ထဲတွင် စကားတစ်ခွန်းတော့သိမ်းထားသည်။ ငြင်းလည်း အသုံးမဝင်ပါဘူး၊ ကိုယ်မင်းနောက်ကို လိုက်နေဦးမှာပဲ။
သို့သော်လည်း သူမက ငယ်ရွယ်သော မိန်းကလေးတစ်ဦး ဖြစ်သဖြင့် သူမကို အမြဲတမ်း အချိန်နှင့် နေရာတစ်ခု ပေးထားသင့်သည်။ အလွန် တင်းတင်းကြပ်ကြပ်လိုက်ပါက သူမကို အလွယ်တကူ ကြောက်ရွံ့သွားစေလိမ့်မည်။ သူမ အလွယ်တကူ နာကျည်းသွားစေလိမ့်မည်။
ကျိုးအာ့နီက နှုတ်ခမ်းစူလိုက်ပြီး ရှက်သွားသည်။ ပထမဆုံးအကြိမ်အဖြစ် လူပျိုလှည့်ခံရသဖြင့် ဘယ်လိုလုပ် ခံစားချက်မရှိဘဲ နေနိုင်မလဲ။
ဒီတစ်ခေါက် သူမ ထပ်ပြီး မရှောင်တော့ပါ။ သူမ ဝမ်ယွမ်ကို တိုက်ရိုက်ကြည့်လိုက်ပြီး တဲ့တိုးပြောလိုက်သည်။ "ဘော့စ်ဝမ်၊ ကျွန်မမှာ ဘယ််လိုအိမ်ထောင်စု စာရင်းရှိနေလဲ သိမှာပါ။ ကျွန်မတို့ မသင့်တော်တာလည်း သိမှာပေါ့။"
"မင်းမှာ ကျေးရွာအိမ်ထောင်စုစာရင်း ရှိတာ ကိုယ် သိပါတယ်၊ ဒါပေမယ့် ဒီမှာ လက်ထပ်ပြီးရင် အလွယ်တကူ အိမ်ထောင်စုစာရင်း ပြောင်းလို့ရတာပဲ မခက်ခဲပါဘူး။" ဟု ဝမ်ယွမ်က သူမကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ကျိုးအာ့နီ မြို့တော်သို့ ရောက်လာကတည်းက သူမ အရပ်ပိုရှည်လာသည်။ အရပ်ပိုရှည်လာရုံတင်မကဘဲ အသားအရည်ကလည်း သင့်တင့်လာသည်။ ပညာလည်း တတ်လာသဖြင့် စိတ်ဓာတ်က နူးညံ့လာ၏။
သူမက ရှုရှန့်မိန်လောက်တော့ ရင်သပ်ရှုမောလောက်အောင် မလှပါ။ ဒါ အမှန်တရား ဖြစ်သည်။ သို့သော်လည်း ကြည့်ပျော်ရှုပျော်တော့ ရှိပါသေးသည်။ လူတွေကို သဘောကျစေလောက်သော ပုံစံရှိသည့် မိန်းကလေးမျိုး ဖြစ်သည်။
"ကျွန်မမိသားစုက ကျေးရွာမှာနေတာပါ။ သူတို့အားလုံးလည်း ကျေးရွာသားတွေပဲ။ ကျွန်မ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့က မြို့တော်မှာ လာနေတာကြောင့်သာ ကျွန်မ ဒီမှာ လာနေပြီး ကူညီနိုင်တာ မဟုတ်ရင် ဒီလိုမြို့ကြီးပြကြီးကို တစ်ခါမှ ရောက်မှာမဟုတ်ဘူး။ ဘော့စ်ဝမ်လို လူမျိုးနဲ့ဆုံဖို့ဆို ပိုဝေးပါသေးတယ်။" ဟု ကျိုးအာ့နီက ခေါင်းခါလိုက်သည်။
သူမက ကျိုးနွံသောစိတ်ဓာတ်မရှိဘဲ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးတတ်သော်လည်း သူမနှင့်ဝမ်ယွမ်တို့အကြား အများကြီး ကွာခြားနေသည်ကိုတော့ သတိထားမိပါသည်။ သူမကိုယ်သူမ မဆိုးရွားဘူးဟု ထင်သော်လည်း မိသားစုနှစ်စုက ကွာခြားလွန်းနေပါသည်။
သူမအဘိုးအဘွားတို့အိမ်ကို သွားခဲ့ပြီး ရှုရှန့်မိန်တို့ကိစ္စကို ကြားခဲ့သည်။
သူမ၏ ယောက်ျားက သူမတို့မိသားစုကို အထင်သေးသည်။ သူမ၏ ဒေါ်လေး(ပထမအစ်မ)နှင့် ဦးလေးကတော့ သူတို့၏ သားမက်ရှေ့တွင် အောက်ကျို့ခဲ့ရသည်။ ယုတ္တိမရှိပေ။
ရှုရှန့်မိန်ကလည်း အဆင်ပြေသည်။ အဲ့တာက ရှုရှန့်မိန်ကိစ္စဖြစ်ပြီး သူမကတော့ သူမအဖေနှင့် အမေတို့အား သားမက်ရှေ့တွင် အောက်ကျို့ခွင့်ပြုမည်မဟုတ်ပါ။
"ကျွန်မထက် ပိုကောင်းတဲ့လူတွေအများကြီး ရှိပါတယ်။ ဘော့စ်ဝမ် ဒါမျိုးတွေ ကျွန်မကို ပြောတာ တော်သင့်ပြီ၊ ဒါပေမယ့် ရှေ့လျှောက် အကူအညီလိုတယ် ဆိုရင်တော့ ကျွန်မ လာကူညီနိုင်ပါတယ်။" ဟု ကျိုးအာ့နီက ပြောလိုက်သည်။
အလုပ်သဘောက အလုပ်သဘောသာဖြစ်သည်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။
"ကိုယ့်လိုလူမျိုးကို လက်မထပ်ချင်ဘူးဆိုရင် မင်း ဘယ်လိုလူမျိုးကို လက်ထပ်ချင်တာလဲ။" ဟု ဝမ်ယွမ်က တဲ့တိုးမေးလိုက်၏။
ကျိုးအာ့နီက မျက်မှောင်ကြုတ်သွားသည်။ သူမ ဒီကိစ္စကို တကယ်တမ်း မစဥ်းစားရသေးပါ။ သူမ၏ အကြီးမားဆုံးဆန္ဒက စတုတ္ထဒေါ်လေးထံမှ သင်ယူနိုင်ရန်ဖြစ်ပြီး သူမ စတုတ္ထဒေါ်လေး၏ ခြေလှမ်းအတိုင်း လှမ်းနိုင်ရန်ဖြစ်သည်။ သူမ ပြန်ဖြေလိုက်သည်။ "အခုလောလောဆယ် လက်ထပ်ဖို့ စိတ်ကူးမရှိသေးပါဘူး။"
ဝမ်ယွမ်က ပြုံးလိုက်၏။ "ကောင်းတာပေါ့၊ ကိုယ်လည်း အစောကြီး လက်မထပ်ချင်သေးဘူး။ ကိုယ်တို့ အချိန်ယူကြတာပေါ့။ မင်း သင့်တော်တဲ့ အချိန်ရောက်ပြီလို့ထင်ပြီး လက်ထပ်ချင်ပြီ ဆိုတာနဲ့ ကိုယ်တို့လက်ထပ်ကြမယ်။"
သူ့ထံမှ ပရောပရည်လုပ်ခံရသည်မှာ များလာပြီဖြစ်သဖြင့် ကျိုးအာ့နီတစ်ယောက် ဒေါသတကြီး ရှက်ရွံ့သွားပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ "စကားကို ကောင်းကောင်းပြောပါ။”
"ကိုယ် အတည်ပြောနေတာပဲလေ။ ဟုန်ယင်၊ မင်းအပေါ် ထားတဲ့ ကိုယ့်ရည်ရွယ်ချက်ကိုလည်း မင်း ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ။ ကိုယ်က အခြားသူတွေထက်တော့ ပိုတော်မယ်လို့ထင်တယ်။ ကိုယ့်ရဲ့ ဝမ်မိသားစုဟောင်းက ဇနီးသည်တွေကို အရမ်းချစ်တတ်တဲ့ ဓလေ့ရှိတယ်။ ကိုယ့်ကိုယ်သာ လက်ထပ်လိုက်ပါ၊ မင်းကို အလိုလိုက်ပါ့မယ်၊ အလုပ်လုပ်စရာလည်း မလိုဘူး။ အိမ်မှာ ကလေးတွေကိုပဲ ကြည့်ပေးပေါ့။" ဝမ်ယွမ်က ပြောလိုက်သည်။
"ရှင့်အိမ်က ကလေးတွေကို ရှင့်ဖာသာ ကြည့်ပါလား။" ကျိုးအာ့နီက သည်းခံစိတ် ဘယ်လောက်ပဲ ကောင်းကောင်း သူမဒေါသထွက်သွားသည်။ သူ့ကို စူးရှသော အကြည့်ဖြင့် ကြည့်ကာ လှည့်ထွက်သွားတော့သည်။
အိမ်မှာ ကလေးတွေကိုပဲ ကြည့်ရမယ်တဲ့လား။ သူမက အိမ်မှာ ကလေးတွေကို ကြည့်ဖို့ စိတ်ကူးမရှိပါ။ အလုပ်လုပ်ပြီး ငွေရှာချင်သည်။
ပြောရမည်ဆိုလျှင် ကျိုးအာ့နီက သူမ စတုတ္ထဒေါ်လေး၏ လွှမ်းမိုးမှုကို အများကြီးခံခဲ့ရသည်။ လင်းချင်းဟယ်က သူမကို မမှီခိုတတ်ဘဲ ကိုယ့်ကိုယ်ကို အားကိုးတတ်အောင် သင်ပေးခဲ့သည်။
ဝမ်ယွမ်က ဒေါသတကြီး ထွက်သွားသော သူမ၏ နောက်ကျောကို ကြည့်ရင်း ရယ်ကာ အော်ပြောလိုက်သည်။ "အိမ်က ကလေးတွေ ကိုယ်ကြည့်ရလည်း ပြဿနာမရှိဘူးနော်။ မင်းသာ မွေးပေးမယ်ဆိုရင် ဘယ်လောက်များများ ကြည့်ပေးမယ်။”
ကျိုးအာ့နီက သူ့ကိုလျစ်လျူရှုပြီး ခပ်မြန်မြန် လမ်းလျှောက်သွားသည်။
ဝမ်ယွမ်က အလွန်အမင်း သဘောကျနေသည်။ ဒီကောင်မလေးက တကယ် စိတ်ဝင်စားဖို့ ကောင်းပါသည်။
ထိုနေ့ကစပြီး ဝမ်ယွမ်က မကြာခဏဆိုသလို သစ်သီးဝလံများ ယူလာပေးတတ်သည်။ အဖေကျိုးနှင့် အမေကျိုးတို့ထံသို့ပင် သွားလည်တတ်သည်။
သူက အထည်စက်ရုံ၏ ဘော့စ်ဖြစ်ပြီး သူတို့ ချွေးမ၏ လုပ်ငန်းဖော်ဖြစ်သဖြင့် အဖေကျိုးနှင့် အမေကျိုးတို့က ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့ပါသည်။
သူက ကျိုးရွှမ်းနှင့် လိုက်လာခြင်းဖြစ်သည်။
လင်းချင်းဟယ် မသိခဲ့ပါ။ ထိုအကြောင်းကြားသောအခါ သူမအနည်းငယ် ကြောင်စီစီ ဖြစ်သွားမိသည်။ "ဝမ်ယွမ်က နင်တို့အဘိုးတွေဆီ သွားတယ် ဟုတ်လား။"
"ဟုတ်၊ သူတို့ တော်တော်လည်း အဆင်ပြေကြတယ်။" ဟု ကျိုးရွှမ်းက ပြန်ပြောလိုက်သည်။
"ဦးလေးဝမ်နဲ့ သူ့အဘိုးတို့က အတူတူ ကြီးပြင်းလာကြတာပဲလေ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။
လင်းချင်းဟယ်က သူတို့ကို လုပ်ဖော်ကိုင်ဖက်များဟုသာထင်ထားပြီး ငယ်သူငယ်ချင်းများဟု ထင်မထားခဲ့ပါ။ ထို့ကြောင့်လည်း ဝမ်ယွမ်က သူ့မိသားစုနှင့် နီးစပ်လာခြင်း ဖြစ်နိုင်သည်။ သူ့မိသားစုအမိန့်အောက်တွင် လှုပ်ရှားနေရခြင်း ဖြစ်လောက်သည်။
ထို့ကြောင့် လင်းချင်းဟယ်က ထိုအကြောင်း ဘာမှမပြောခဲ့ပါ။ သူမ ပြောလိုက်သည်က "သူ့တစ်ယောက်တည်း အမြဲလာလို့ မကောင်းဘူး။ ဒီရက်ပိုင်း နည်းနည်းလည်း အေးတယ်၊ အိမ်မှာ သိုးသားစွပ်ပြုတ် သောက်ရအောင် ဖိတ်လိုက်ပါလား သားလတ်"
"အစ်ကိုလတ်၊ ဦးလေးဝမ်ကို အုန်းသကြားလုံးတွေ ယူလာခိုင်းလိုက်ဦးနော် အရသာအရမ်းရှိတယ်။” ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"မူတောင် မမူနိုင်တော့ဘူးလား။" ဟု လင်းချင်းဟယ်က ဆူလိုက်သည်။
"ဦးလေးဝမ်ယွမ်က သူ့ကိုယဥ်ယဥ်ကျေးကျေး ဆက်ဆံစရာမလိုဘူးလို့ ကျွန်တော့်ကိုပြောတယ်။ သူ့ကို မိသားစုလိုပဲဆက်ဆံတဲ့။" ကျိုးကွေ့လိုင်က သူမစကားကို နားမထောင်ပါ။
လင်းချင်းဟယ်က သဘောကျစွာ သူ့ကိုကြည့်လိုက်သည်။ ဒီကောင်စုတ်လေးက အရွယ်ရောက်လာသည်နှင့် လူလည်ကျတတ်လာပြီဖြစ်သည်။
အောက်တိုဘာလ အကုန်ပိုင်းတွင် ရာသီဥတုက အနည်းငယ်ပင် အေးနေပြီဖြစ်သည်။ ရက်ပေါင်းများစွာ နှင်းကျနေခဲ့သဖြင့် သိုးသားစားဖို့ အချိန်ကောင်းဖြစ်ပါသည်။
ဝမ်ယွမ်က ရောက်လာခဲ့၏။ သူအပျော်လွန်နေခဲ့သည်။
ကျိုးမိသားစုဟောင်းက တကယ်ကောင်းမွန်သည်ဟု သူခံစားမိသည်။ ကောလိပ်ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော မိသားစုဆိုသည့်အတိုင်း သူတို့မိသားစုက ရည်မွန်မှုရှိပြီး ဧည့်ဝတ်ကျေပွန်မှုက နွေးထွေးသည်။
သိုးသားစွပ်ပြုတ်ကို သိုးသားကင်များဖြင့် စားကြခြင်းဖြစ်သည်။ ဟင်းလျာများကို စားသောက်ပြီးနောက် စားကြသော သစ်သီးများကလည်း အရသာရှိလှပါသည်။
ညစာ စားပွဲဝိုင်းတွင် ဝမ်ယွမ်က လင်းချင်းဟယ်၊ ကျိုးကွေ့လိုင်တို့နှင့် စကားကောင်းကောင်း ပြောခဲ့ရသည်။ လင်းချင်းဟယ်နှင့် ကျိုးကွေ့လိုင်တို့က အတော်တူသည်။ လူတစ်ယောက်ကို သဘောကျသည်နှင့် အလွန်စကားများတတ်သည်။
သူတို့ ဟိုင်းနန် ပြဿနာအကြောင်း စကားစမြည် ပြောခဲ့သည်။ သူ့အဘိုး အခုချိန်ထိ မလာရသေးသည့် အကြောင်းအရင်းက ဟိုင်းနန်တွင် နေထိုင်သောကြောင့် ဖြစ်သည်။
"အဲ့ဒီမှာက တစ်နှစ်လုံးနွေးထွေးတယ်၊ ပူလည်း မပူဘူး၊ အေးလည်း မအေးဘူး၊ ကျွန်တော်လည်း အဲ့ဒီကို သွားချင်တာ၊ ဒါပေမယ့် ဒီဘက်နဲ့ အရမ်းဝေးလွန်းတယ်။" ဟု ဝမ်ယွမ်က ပြောလိုက်သည်။
"ဘာပြဿနာရှိလို့လဲ။ အဲ့ဒီကိုသွားပြီး အိမ်တစ်လုံးဝယ်ပြီး သိမ်းထားလိုက်ပေါ့။ အဲ့ဒီကို သွားချင်လာတဲ့အချိန်ကျရင် အဲ့ဒီအိမ်မှာ သွားနေလို့ရတာပဲလေ။ ဒီက ဆောင်းရာသီကတော့ တကယ်အေးတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"အိမ်ဝယ်ရမယ်ဟုတ်လား။ အဲ့လိုအစီအစဥ်တော့ မရှိသေးပါဘူး။ အဲ့အချိန်ကျမှ အတူတူ ဝယ်ကြရအောင်လေ။ ကျွန်တော်တို့ အားလပ်ရက် ခရီးသွားရင် အိမ်နီးချင်းတွေ လုပ်လို့ရတာပဲ။ ကျွန်တော် ညစာလည်း အတူတူစားချင်သေးတယ်။" ဟု ဝမ်ယွမ်က ပြန်ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး။" လင်းချင်းဟယ်က ပြုံးလိုက်သည်။
"အဲ့ဒီက အိမ်တွေက စျေးကြီးလား။ စျေးမကြီးရင် ခြံပါတဲ့ အိမ်အကြီးကြီးတစ်လုံး ဝယ်လိုက်ပါလား။ ကျွန်တော်တို့ဖာသာ ရေကူးကန်ကြီး တစ်လုံးဆောက်မယ်။ ကျွန်တော်တို့ ရေကူးချင်တဲ့ အချိန်တိုင်း ကူးလို့ရပြီလေ။” ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"မင်းက ပျော်ပျော်နေတတ်တာပဲ။" ဝမ်ယွမ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဒါပေါ့" ကျိုးကွေ့လိုင်က ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။