ထောက်ခံသောသဘောထား
Vol. 29 Ch. 402
အခန်း(၄၀၂) - ထောက်ခံသော သဘောထား
သူမပုံစံကို မြင်သောအခါ လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "မကြောက်ပါနဲ့။ စတုတ္ထဒေါ်လေးက နင့်ကို ဆူဖို့ လာတာ မဟုတ်ပါဘူး။"
သူ့တူမ၏ စရိုက်ကို သူမကောင်းကောင်း သိပါသည်။ သူမကို အခွင့်အရေးပေးလျှင်တောင် ရှုရှန့်မိန်လို လုပ်ရပ်မျိုး လုပ်မည့်လူ မဟုတ်ပါ။
ထို့ကြောင့် လင်းချင်းဟယ်ကလည်း အရမ်း စိတ်မပူပေ။ လက်ရှိအခြေအနေအကြောင်း မေးမြန်းရန်သာ လာခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အာ့နီကို သူမခေါ်လာခဲ့ခြင်း မဟုတ်ပါလား။ သူ့အမေက အနီးအနားတွင် မရှိသဖြင့် ဒေါ်လေးတစ်ယောက် အနေနှင့် မေးမြန်း နိုင်သည်။
"စတုတ္ထဒေါ်လေး စိတ်မပူပါနဲ့။ ကျိုးမိသားစုဟောင်းကို အရှက်ရအောင် သမီးဘယ်တော့မှ မလုပ်ပါဘူး။” ဟု အာ့နီက ကြိုပြောထားလိုက်သည်။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "စတုတ္ထဒေါ်လေးသိပါတယ်။ အဲ့တာကြောင့် သမီး အရမ်းစိုးရိမ်နေစရာမလိုဘူး။ ဒေါ်လေး နာရီဝက်လောက် အချိန်ရတယ်၊ ဒေါ်လေးကို အကျိုးအကြောင်း ပြောပြပါဦး။"
"သမီး ဝမ်ယွမ်နဲ့ တွဲနေတာ မဟုတ်ပါဘူး။ သမီးက သူနဲ့ မသင့်တော်ပါဘူးလို့ သူ့ကိုပြောထားပြီးပါ။" ဟု ကျိုးအာ့နီက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
တကယ်တော့ သူမ အနည်းငယ် စိတ်တိုမိပါသည်။
အခုရက်ပိုင်းထဲ ဝမ်ယွမ်က ဘာဖြစ်နေမှန်းမသိပါ။ ယခင်က တိတ်တဆိတ် လာခဲ့သော်လည်း ဒီရက်ပိုင်းထဲ အလွန်ပွင့်ပွင့်လင်းလင်းရှိနေကာ သူမကို ညနေအတန်းပြီးလျှင် လာလာ ကြိုနေသည်။
ပထမတစ်ရက် သူ့ကိုမြင်တော့ သူမ တွန့်ဆုတ်သွားသည်။ ဟူကျစ်နှင့် ကန်းကျစ်တို့ သတိထားမိမည်ကို ကြောက်မိသွားခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်စလုံးက ဘာတွေဖြစ်နေသလဲ သိပင်မသိကြပါ။
ကျိုးအာ့နီက ဝမ်ယွမ်ကို မလာဖို့ပြောသည်။ သို့သော် ဝမ်ယွမ်က နားမထောင်ဘဲ သူမကို လာကြိုမြဲ လာကြိုဆဲဖြစ်သည်။
တကယ်တော့ လင်းချင်းဟယ်က ဒီအကြောင်းကို ပြောလာသောအခါ ကျိုးအာ့နီ နောက်ဆုံးတော့ စိတ်အေးသွားမိပါသည်။
"စတုတ္ထဒေါ်လေး၊ သူ့ကို သမီး ပြတ်ပြတ်သားသား ပြောပြီးသားပါ။ သမီးတို့က လမ်းချင်း မတူညီတဲ့ လူတွေပါလို့ ဒါပေမယ့် သူကတမျိုး တွေးပြီး သမီးစကားလည်း နားထောင်တဲ့ပုံ မပေါ်ဘူး။" ကျိုးအာ့နီက အနည်းငယ် စိတ်ဆင်းရဲနေသည့်ပုံလည်း ပေါက်နေသည်။
"ဘယ်တုန်းကတည်းက စတင် ပိုးပန်းနေတာလဲ။" ဟု လင်းချင်းဟယ်က ပြုံးကာ မေးလိုက်သည်။
"သူ စာရင်းကိုင်လိုတယ်လို့ ပြောတဲ့ကိစ္စ မတိုင်ခင် ရက်နည်းနည်းလောက်ကတည်းက သူ သမီးကို ဖွင့်ပြောခဲ့တာ။" ဟု ကျိုးအာ့နီက ခေါင်းငုံ့ပြီး ဖြေလိုက်သည်။
လင်းချင်းဟယ်က အံ့အားသင့်သွားမိသည်။ ဘယ်လောက်တောင် ကြာနေပြီလဲ။
အာ့နီက အထည်စက်ရုံသို့သွားဖို့ ဘာကြောင့် တွန့်ဆုတ်နေရသလဲ လင်းချင်းဟယ် သိချင်နေမိခဲ့သည်။ ပြီးတော့ ဝမ်ယွမ်က သူမသားလတ်ကိုခေါ်ပြီး သူမ၏ ယောက္ခမများနှင့် ဘာကြောင့် သွားတွေ့ရသလဲ ဆိုတာလည်း ပါသည်။ ဒါမှမဟုတ် ဖက်ထုပ်ဆိုင်သို့ အမြဲတမ်း ဘာကြောင့် လာလာထိုင်နေရသလဲ ဆိုတာလည်း ပါသည်။
အကြောင်းအရင်းအားလုံးကို အဘိုးဝမ်ကြောင့်ဟုသာ ထင်ထားခဲ့သည်။ အကြောင်းပြချက် အစစ်က ဒီလိုဖြစ်နေမှန်း သူမ မတွေးမိခဲ့ပါ။
လင်းချင်းဟယ်က ပြန်စဥ်းစားကြည့်သည်။ ဘယ်လိုတွေးတွေး လုံးဝမသိသာခဲ့ပါ။ ဝမ်ယွမ်က အာ့နီကြောင့် လာခဲ့ခြင်းဖြစ်သည်။
"နင်တို့နှစ်ယောက်က သေသေချာချာကို ဖုံးကွယ်နိုင်ထားတာပဲ။" လင်းချင်းဟယ်က ခေါင်းခါကာ ရယ်မောလိုက်သည်။
"စတုတ္ထဒေါ်လေး" ကျိုးအာ့နီက နှုတ်ခမ်းစူကာ ပြောလိုက်သည်။
လင်းချင်းဟယ်က သူမကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဝမ်ယွမ်က နင့်ကို ဘယ်လိုတုံ့ပြန်လဲ။"
သူမ၏ တူမ ရှက်နေသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မရှက်ပါနဲ့၊ ဒေါ်လေးက ဒါမျိုးတွေ ကြုံဖူးပြီးသားပါ။"
သူ့တူမထံမှ ဒီလိုအကြောင်းများ မမေးချင်သော်လည်း ဝမ်ယွမ်က သူ့တူမကို တကယ်ပဲ ချစ်မြတ်နိုးသလား သိရဖို့ သူ့တူမကို မေးရမည်။
တကယ်တော့ ဝမ်ယွမ်က အကြံသမားလား ကျိုးအာ့နီကို တကယ်ချစ်မြတ်နိုးသလားဆိုတာကို လင်းချင်းဟယ် ပြောနိုင်နေပြီဖြစ်ပါသည်။ မဟုတ်လျှင် အဖေကျိုးနှင့် အမေကျိုးတို့ကို ဘာကြောင့် သွားတွေ့ဦးမည်နည်း။
သူမ၏ သားလတ် ပြောစကားအရ သူ့အဘိုးအဘွားများကလည်း ဝမ်ယွမ်ကို သဘောကျနေကြပြီဖြစ်သည်။
"သူတို့ဝမ်မိသားစုဟောင်းက ဇနီးမယားတွေကို နှစ်နှစ်ကာကာ တန််ဖိုးထားပြီး သူ့ကိုလက်ထပ်ရင် သေချာပေါက် နောင်တမရစေရဘူးလို့ ပြောတယ်။" ဟု ကျိုးအာ့နီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
လင်းချင်းဟယ်က မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။ "ပြီးတော့ကော"
"သမီးတို့ တစ်ယောက်နဲ့တစ်ယောက် မလိုက်ဖက်ဘူးထင်လို့၊ အဲ့တာကြောင့် သမီးမိသားစုက အရမ်းဆင်းရဲပြီး လယ်သမားတွေလို့ ပြောလိုက်တယ်။ သူက အဲ့တာတွေကို ဂရုမစိုက်ဘူးတဲ့။ သမီးကို အဲ့အကြောင်းတွေ တွေးမပူဖို့ပြောတယ်။ သမီးကို အနာဂတ်ကျရင် အိမ်မှာပဲ ကလေးတွေကို ကြည့်ပေးတဲ့။ သမီးက မကြည့်ချင်ဘူး ပြောတော့ သူကကြည့်ပေးမယ်တဲ့။" ကျိုးအာ့နီ မျက်နှာနီမြန်းလာသည်။
ဒီလူက တကယ့်လူလည်ပင်။ ဒီလိုစကားမျိုးများပင် ပြောရဲနေပြီဖြစ်သည်။ ထိုစကားများကြောင့် ဘယ်သူမဆို ရှက်သွားနိုင်သည်။
လင်းချင်းဟယ်က သူမတူမ၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ ဝမ်ယွမ်အတွက် သူမလည်း ခံစားချက်များ ရှိနေသည်မှာ ရှင်းလင်းနေပါသည်။
သူမ မအံ့သြပါ။ သူမဘက်က ကြည့်လျှင် ဝမ်ယွမ်က ငယ်ရွယ်ပြီး အလားအလာရှိသော လူတစ်ယောက်ဖြစ်သည်။ အစက သူ့ကို လူပွေလူရှုပ်ဟု ထင်ခဲ့သော်လည်း ၂နှစ်တာလောက် လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ဆံပြီးကြသောအခါ သူက သူမထင်သလို ဒုတိယမျိုးဆက် သူဌေးမျိုး မဟုတ်ကြောင်း သိလိုက်ရသည်။
အကျင့်စရိုက်ကလည်း ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
ငွေရေးကြေးရေး အရင်းမြစ်များနှင့် မိသားစု နောက်ခံအရ သူက အကောင်းဆုံးဟုပင် ပြောနိုင်သည်။ ထို့အပြင် မြို့တော်လို နေရာမျိုးတွင် ဖြစ်သည်။ သေချာပေါက် ကြွယ်ဝသော မိသားစုတစ်စုအဖြစ် သတ်မှတ်နိုင်ပါသည်။
ထိုအကြောင်းတွေ အားလုံးကို အဘိုးဝမ်ထံမှ ကြားဖူးထားခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်ဦးချင်းအတွက်တော့ သူက အဆင်ပြေသည်။ တစ်ခုတည်းသော ပြဿနာက မိသားစုနှစ်စုမှာ အလွန်အလှမ်းဝေးနေခြင်းပေ။
"သမီးနဲ့လက်တွဲချင်တဲ့ သူ့လိုလူမျိုးနဲ့တွေ့ရတာ သမီးအဆင့်အတန်းမြင့်နိုင်တဲ့ အခွင့်အရေးမှန်း သိပါတယ်။ ဒါပေမယ့် စတုတ္ထဒေါ်လေး သမီးက အဆင့်အတန်းမြင့်ဖို့ တစ်ခါမှ မတွေးဖူးဘူး။ သမီးမိသားစုက သူ့မိသားစုနဲ့အများကြီး ကွာကြောင်း ပြောတာ တစ်ခါမကတော့ဘူး။" ဟု ကျိုးအာ့နီက ပြောလိုက်သည်။
သူမ မျက်ခုံးများအကြား လေးနက်မှုတစ်ခုကို မြင်နိုင်သည်။
"မိသားစုတွေကတော့ တကယ်ကွာခြားပါတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ဒါအမှန်တရားပဲဖြစ်သည်။ ငြင်းပယ်လို့မရသည့် အမှန်တရားပင်။
"ဒါပေမယ့် နင်က မဆိုးဘူးလေ။ အဲ့တာထက် ငါတို့ကျိုးမိသားစုဟောင်းကလည်း မဆိုးပါဘူး။" လင်းချင်းဟယ်က စကားကို ပြောင်းလိုက်သည်။ ကျိုးအာ့နီကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ငါတို့ကျိုးမိသားစုမှာ ကောလိပ် ကျောင်းသားတွေ ဘယ်နှယောက်တောင် ရှိနေပြီလဲ။ ဒေါ်လေးတို့က သူတို့ထက် နည်းနည်း ဆင်းရဲပေမယ့် မိသားစုနောက်ခံက အပြစ်အနာအဆာ မရှိဘူး၊ ရိုးသားတယ် ပြီးတော့ ကိုယ့်ကိုယ်ကို အားကိုးတတ်ကြတယ်။ နင့်အဖေအမေနဲ့၊ အလားအလာရှိတဲ့ သူတို့ရဲ့ သား ကောလိပ်ကျောင်းသားလေး ယန်ယန်တို့အားလုံးက ဇွဲလုံ့လရှိပြီး အလုပ်ကြိုးစားတတ်ကြတာပဲလေ။ သူတို့ရဲ့သမီးဖြစ်တဲ့ နင့်ကို သူတို့မိသားစုကို ထောက်ပံ့ပေးဖို့ မလိုအပ်ပါဘူး။"
"သမီးအဖေနဲ့အမေက သမီးကို မွေးထားတာလေ။ အဲ့တာကြောင့် သမီးက သူတို့ကို ကျေးဇူးပြန်ဆပ်ချင်တယ်။" ဟု ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။
လင်းချင်းဟယ်က အလွန်သဘောကျသွားပပြီး သူမကို အသိအမှတ်ပြုစွာ ကြည့်လိုက်သည်။ "နင်ဒီလို တွေးတာ စတုတ္ထဒေါ်လေး အရမ်းဝမ်းသာပါတယ်၊ ဒါပေမယ့် ဒေါ်လေး နင့်ကို ရိုးရိုးသားသားပဲ ပြောချင်တယ်။"
"ဟုတ်ကဲ့၊ ပြောပါ ဒေါ်လေး။" ကျိုးအာ့နီက လိုရင်းရောက်လာပြီကို သိသဖြင့် သူမ၏စတုတ္ထဒေါ်လေးကို အနည်းငယ် စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
"နင်ဝမ်ယွမ်နဲ့ တွဲကြည့်ပြီး ဘယ်လိုအခြေအနေရှိလဲ ဆိုတာကို သေချာလေ့လာကြည့်ဖို့ ဒေါ်လေးကတော့ အကြံပေးချင်တယ်။" လင်းချင်းဟယ်က သူမ၏ တူမကို အတည်ပေါက်ကြည့်ကာ ပြောလိုက်သည်။ "ဝမ်ယွမ်က လူကောင်းလေး တစ်ယောက်ပါ။"
ပြင်ပအခြေအနေကော အကျင့်စရိုက်အခြေအနေကော ဝမ်ယွမ်က မဆိုးရွားလှပါ။
ပြီးတော့ ခုနက ပြောခဲ့သလိုပင်။ ကျိုးမိသားစုဟောင်းက အနည်းငယ် ဆင်းရဲပြီး ချို့တဲ့သော်လည်း သူမမိသားစုကို သူမထောက်ပံ့ဖို့ မလိုအပ်ပါ။
ထို့အပြင် အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့တွင်လည်း အဆင့်မြင့် ဆရာအတတ်သင်ကောလိပ်တွင် ပညာသင်ကြားနေသည့် အလားအလာကောင်းသော သားကြီးတစ်ယောက် ရှိနေပါသေးသည်။ ဘွဲ့ရပြီးပါက အလုပ်အကိုင်ကောင်း ရရှိမည်ဖြစ်သည်။ သူမမိသားစုက သူ့ကိုလည်း မှီခိုနိုင်ပါသေးသည်။
သို့သော်လည်း ကျိုးအာ့နီပြောသည့်အတိုင်း သူမ မိဘများက သူမကို ဒီအရွယ်ထိရောက်လာအောင် ပျိုးထောင်ပေးခဲ့သည်။ ညီအစ်မများကို ကျောင်းပင်ထားပေးခဲ့သည်။ သုံးနှစ်တာသာ ဖြစ်သော်လည်း ရွာထဲတွင်တော့ အလွန်ရှားပါးပါသည်။ သူမ မိဘများက သူမတို့ကို ချစ်သော်လည်း မိသားစုအခြေအနေများက အကန့်အသတ်ရှိသဖြင့် လမ်းတစ်ဝက်သို့သာ ပို့နိုင်သည်။
ပြောရမည်ဆိုလျှင် အကြီးဆုံးမရီးနှင့် တတိယမရီးတို့က သူမတို့၏ သမီးများကို အလွန်ချစ်မြတ်နိုးကြသည်။
ထို့ကြောင့် ကျေးဇူးသိတတ်ခြင်းက ဖြစ်သင့်ပါသည်။
"ဝမ်ယွမ်မိသားစုနဲ့ယှဥ်ရင် ကွာဟမှုတော့ ရှိတာပေါ့။ ဒါပေမယ့် ဝမ်ယွမ်က သူ့မိသားစုပေါ် မှီခိုတဲ့လူမဟုတ်ဘူး။ စဥ်းစားကြည့်မှ သူ့မိဘတွေကလည်း သူနဲ့အတူနေဖို့မလိုဘူး။ အဲ့တော့ နင့်မိဘတွေက နင့်အကူအညီကို မလိုအပ်သေးပါဘူး။ မကြာခဏ ငွေတွေ ပို့ပို့ပေးပြီး အခြေအနေတွေ မေးဖို့ ဖုန်းဆက်လို့လည်း ရတာပဲ။ အချိန်ရရင် သွားလည်ပေါ့။ အဲ့ဒါဆိုရင် နင်ကျေးဇူးဆပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ အနာဂတ်မှာ နင်တို့ နှစ်ယောက်က ဘဝကို အတူတူနေထိုင်ကြရမှာ။ နင်တို့တွေ အဆင်ပြေနေသေးသ၍ အခြားကိစ္စတွေက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"စတုတ္ထဒေါ်လေး သူနဲ့သမီးတို့ကြားက ကွာဟချက်က မသေးဘူးနော်။" သူမဒေါ်လေးတစ်ယောက် ဒီအကြောင်းတွေ သိသွားပါက ထောက်ခံလိမ့်မည်မှန်း ကျိုးအာ့နီတစ်ယောက် မထင်ထားခဲ့ပါဘူး။ သူမ တွန့်ဆုတ်နေမိသည်။
"နင်တို့နှစ်ယောက်အကြား ကွာဟမှုကြီးတာ ပုံမှန်ပါပဲ။ သူ့နောက်ခံက ဘယ်လိုနေလဲ၊ နင့်နောက်ခံကကော ဘယ်လိုရှိလဲ။ သူက နင့်ထက် အသက်အများကြီးကြီးတယ်။ နင်တို့ကြား ကွာဟချက်မရှိဘူးဆိုရင် ငါ နင့်ကို သူနဲ့ သဘောတူမှာ မဟုတ်ဘူး။" လင်းချင်းဟယ်က ဘာမှမထူးခြားသလို ပြောလိုက်သည်။