လှပပြီးကျက်သရေရှိတယ်
Vol. 29 Ch. 403
အခန်း(၄၀၃) - လှပပြီး ကျက်သရေရှိတယ်
ကျိုးအာ့နီက အနည်းငယ် ပြုံးလိုက်မိသည်။
"တကယ်တော့ အပြင်သူတွေရဲ့အမြင်မှာတော့ နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ အကြားမှာလည်း ကွာဟချက်တွေ ရှိခဲ့တာပဲလေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ဒါ အမှန်တရားဖြစ်သည်။ သူမက ပေကျင်းတက္ကသိုလ်က နိုင်ငံခြားဘာသာကို သင်ကြားပေးနေသော ဆရာမတစ်ယောက်ဖြစ်သည်။ သူမ ထိုအကြောင်းကို ပြောပါက ဘယ်သူက အထင်မကြီးဘဲ နေနိုင်မည်နည်း။ ပေကျင်းတက္ကသိုလ်လို တက္ကသိုလ်ကြီးရဲ့ နိုင်ငံခြားဘာသာ ဆရာမတစ်ယောက်။ အလွန်ကောင်းမွန်သော လက္ခဏာဟု ဆိုလျှင် အပိုပြောရာကျဦးမည်။
ကျိုးချင်းပိုင်ကတော့ ငွေရှာနိုင်သော်လည်း ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဖြစ်သည်။ အမြတ်အစွန်းရသော်လည်း သူမ၏ ရေရေရာရာ အလုပ်အကိုင်လောက်တော့ မကောင်းမွန်ပါ။
ထို့ကြောင့် ကွာဟမှု ရှိခဲ့သည် မဟုတ်ပါလား။
ကျိုးအာ့နီက ဘာမှမပြောပါ။
"ကွာဟတာက ကွာဟတာပဲ။ လူနှစ်ယောက် အဆင်ပြေနိုင် မပြေနိုင်တာက ပြင်ပ အခြေအနေတွေအပေါ်မှာ မမူတည်ဘူး။ အဓိကအချက်က ခြားနားမှုတွေ ရှိပါလျက်နဲ့ နှစ်ယောက်သား အဲ့တာတွေကို ကျော်ဖြတ်ပြီး အတူတူပူးတွဲနေထိုင်နိုင်မလား ဆိုတာပဲ။ နင့်ရဲ့စတုတ္ထဦးလေးနဲ့ ဒေါ်လေးရဲ့ ပြင်ပ စည်းစိမ်ဥစ္စာတွေကလည်း မလိုက်ဖက်ပါဘူး။ ဒါပေမယ့် ဒေါ်လေးက နင့်ရဲ့ဦးလေးကို ချစ်တယ်။ ဒါပေါ့၊ နင့်ဦးလေးကလည်း ဒေါ်လေးကို ချစ်တယ်လေ။" ဟု လင်းချင်းဟယ်က မရှက်ရွံ့ဘဲ ပြောလိုက်သည်။
ကျိုးအာ့နီက အနည်းငယ် ရှက်သွား၏။
"ဒီနေ့ည သူ့ကို ညစာဖိတ်လိုက်။ သူက တရားဝင် ညစာ လာစားရမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးအာ့နီက တွန့်ဆုတ်သွားပြီး ပြောလိုက််သည်။ "စတုတ္ထဒေါ်လေး... ဒါ... မမြန်လွန်းဘူးလား။"
"ဘာကိုမြန်တာလဲ။ သူ့ကို ဒီတိုင်း ကြိုးရှည်ရှည် လှန်ထားချင်နေသေးတာလား။ နှစ်လတောင် ကျော်နေပြီလေ။ သူ့ကို အိမ်မှာ ညစာစားဖို့ ဖိတ်တာ ဘာမှမဖြစ်ပါဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ "ငါတို့ဘက်မှာ စားပြီးသွားရင် နင့်အဘိုးအဘွားတွေဘက်မှာလည်း ညစာအတူတူစားဖို့ ခေါ်သွားလိုက်ချေ။"
"မြန်...မြန်လွန်းပါတယ်" ကျိုးအာ့နီ ရှက်နေသည်။
"ညစာစားတာပဲကို၊ နင်တို့ စေ့စပ်နေကြတာမှ မဟုတ်တာ မိသားစုထဲက လူကြီးသူမတွေနဲ့ တွေ့ရတာလို့ပဲ သဘောထားလိုက် တွဲတဲ့အခါကျရင် ဖုံးကွယ်နေစရာမလိုတော့ဘူးပေါ့။ လက်ကိုင်တာဘာညာရပေမယ့် ကျန်တာ ဘာမှမလုပ်ရဘူး။ သူစည်းကျော်လာရင် နင်ယဥ်ကျေးနေစရာမလိုဘူး။" ဟု လင်းချင်းဟယ်က သတိပေးလိုက်သည်။
"ဒေါ်လေး သမီးလက်ကိုတောင် မကိုင်ခိုင်းသေးပါဘူး။" ဟု ကျိုးအာ့နီက ရှက်ရွံ့စွာ ပြောလိုက်သည်။
"လက်ကိုင်တာက ဘာမှမဖြစ်ပါဘူး ဒါပေမယ့် အဲ့ထက်ပိုလာရင် နင်ယဥ်ကျေးစရာ မလိုဘူး။ မျက်နှာကို ခပ်ပြင်းပြင်းသာ ရိုက်ချလိုက်။” ဟု လင်းချင်းဟယ်က သင်ပေးလိုက်သည်။
ကျိုးအာ့နီတစ်ယောက် သူမမျက်နှာပေါ်မှာ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "မျက်စိတစ်မှိတ် အချိန်အတွင်းမှာ နင်တောင် ၁၉ နှစ်ရှိသွားပြီပဲ။"
သူမ ထောက်ခံရသည့် အကြောင်းအရင်းက ကျိုးအာ့နီ အရွယ်ရောက်လာပြီ ဖြစ်သောကြောင့်ပင်။ သူမက ဒီနှစ် ၁၉ နှစ်ဖြစ်ပြီး နောက်နှစ် ၂၀ ပြည့်ပြီဖြစ်သည်။ သူမက အထက်တန်းကျောင်းတွင် ပညာသင်နေပါက ငြင်းဆန်ဖို့ အဆင်ပြေသော်လည်း။ ပညာသင်ယူနေခြင်း မရှိပါက ဒီအသက်အရွယ်တွင် ရည်းစားထားလို့ ဘာမှမဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် သူမ အရွယ်ရောက်နေပြီ မဟုတ်ပါလား။
အရင်ဆုံး တွဲကြည့်လိုက်ပါ။ ၂နှစ် ၃နှစ်လောက် အတူတူရှိပြီးသွားပါက လက်ထပ်နိုင်ပြီဖြစ်သည်။ ထိုနည်းလမ်းက အသင့်တော်ဆုံးဖြစ်ပါသည်။
ဝမ်ယွမ်ကလည်း ကျိုးအာ့နီကို အရေးပေးသည်။ ထို့ကြောင့် ကြိုးစားကြည့်သင့်ပါသည်။ အဆင်မပြေလို့ လမ်းခွဲလိုက်လည်း ဘာမှမဖြစ်ပါ။ အနည်းဆုံးတော့ နောင်တမရမည် မဟုတ်ပါလား။
သူ့တူမနှင့် ထိုအကြောင်းပြောပြီးနောက် စိတ်အခြေအနေကောင်းစွာဖြင့် အောက်ထပ်သို့ သိုးသားဖက်ထုပ် စားရန် ဆင်းလာခဲ့သည်။
"မနက်ပိုင်းမှာ ဒါတွေ စားလို့ မကောင်းဘူး။" လင်းချင်းဟယ်က ပြောလိုက်သည်။ သူမ မုန်ညှင်းဖက်ထုပ် စားချင်နေသလို ဖြစ်နေသည်။
"ဗိုက်ပြည့်နေရင်တော့ ဗိုက်ဆာဖို့ မလွယ်ဘူးလေ။" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ "မင်းအတွက် ကြက်သားဟင်း ချက်ထားတယ်။ နေ့လည် စောစော ပြန်လာခဲ့။"
"ကောင်းပြီ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး အတန်းသွားခဲ့သည်။
ကျိုးအာ့နီက ဆင်းလာသည်။ သူမ အနည်းငယ် ရှက်ရွံ့နေသည်။ ကျိုးချင်းပိုင်က မေးလိုက်၏။ "နင် ဘာစားမလဲ။"
ကျိုးအာ့နီက ဝက်သားနှင့်ဂေါ်ဖီဖက်ထုပ် တစ်ပန်းကန် တောင်းလိုက်သည်။ သူမ၏ စတုတ္ထဦးလေးက ဘာမှမပြောသည်ကိုတွေ့တော့ အနည်းငယ် စိတ်အေးမိပါသည်။
ချန်းရှန်ရှန်ကို နေ့လည်ခင်း ဆိုင်ကြည့်ခိုင်းထားလိုက်ပြီး သူမကတော့ ဝမ်ယွမ်နှင့်တွေ့ရန် အထည်စက်ရုံသို့ လာခဲ့သည်။ သူမ၏ ဒေါ်လေးက သူ့ကို ညစာဖိတ်ကြောင်း သိလိုက်ရသောအခါ ဝမ်ယွမ်က တစ်စုံတစ်ခုကို အာရုံရမိပါသည်။
"စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့က ကိုယ်တို့အကြောင်း သိတယ်လား။" ဝမ်ယွမ်က ချက်ချင်း အကြောင်းအရာကို ပြောင်းလဲကာ ကျိုးအာ့နီကို မေးလိုက်သည်။
"ဘာကို စတုတ္ထဦးလေးနဲ့ ဒေါ်လေးလဲ။ အတွေးလွန်မနေနဲ့၊ ရှင့်ကို ညစာစားဖို့ပဲ ဖိတ်တာ။" ဟု ကျိုးအာ့နီက တုံ့ပြန်လိုက်သည်။ သို့သော် သူမမျက်နှာပေါ်တွက် ရှက်ရွံ့မှုတချို့ ပေါ်လွင်နေသည်။
ဝမ်ယွမ်တစ်ယောက် ဘယ်လောက် အပျော်လွန်သွားကြောင်း ပြောစရာပင် လိုမည်မထင်ပါ။ ဒီအတောအတွင်း သူ့ကြိုးစားအားထုတ်မှုများက အလကား မဟုတ်ခဲ့သည့်ပုံပင်။
နောက်ဆုံးတော့ သူတို့၏ တူသားမက် တစ်ယောက်အဖြစ် ညစာအတူတူစားနိုင်တော့မည်။
"ကိုယ့်ကို ခဏစောင့်ဦး။ ကိုယ့်လက်ထဲကဟာတွေ စာရင်းရှင်းပြီးတာနဲ့ ကိုယ် မင်းနဲ့လိုက်ခဲ့မယ်။" ဟု ဝမ်ယွမ်က ပြောလိုက်သည်။
"မစောင့်ပါဘူး၊ ရှင့်ဖာသာရှင်သွားချေ၊ ကျွန်မ ဆိုင်ပြန်စောင့်ရဦးမယ်။" ဟု ကျိုးအာ့နီက အပြတ်ပြောပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကုန်ပစ္စည်းတချို့ ဝယ်ခိုင်းလိုက်သည်။ သူတို့မိသားစု ည ၇နာရီမှ ညစာစားကြရသည်။
"ဦးလေးနဲ့ ဒေါ်လေး ကျွန်တော်တို့ ခွက်ချင်းတိုက်ရအောင်" ညစာစားပွဲတွင် ဝမ်ယွမ်က ကျိုးချင်းပိုင်၊ လင်းချင်းဟယ်တို့နှင့် ခွက်ချင်းတိုက်ကာ မင်္ဂလာပြုလိုက်သည်။
"ဘာဦးလေးနဲ့ ဒေါ်လေးလဲ" ကျိုးကွေ့လိုင် မနေ့ညက အိပ်ယာစောစော ဝင်ခဲ့သဖြင့် အခြေအနေကို သူ မသိပါ။ ကျိုးကွေ့လိုင်က ထိုစကားကို ကြားသောအခါ ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်သည်။ "ကျွန်တော်က ဦးလေးဝမ်ယွမ်လို့ ခေါ်နေတာကို ဒီမျိုးဆက် အခေါ်အဝေါ်ကတော့ ရှုပ်ကုန်ပါပြီ။"
ကျိုးအာ့နီ မျက်နှာ နီရဲနေပြီဖြစ်သည်။
ညစာစားပွဲဝိုင်းတွင် ဟူကျစ်နှင့် ကန်းကျစ်တို့က စပ်ဖြီးဖြီးလုပ်နေကြသည်။
"စားစရာရှိတာစားစမ်းပါ၊ စကားများလိုက်တာ။" ကျိုးရွှမ်းက သူ့အတွက် ကြက်သားတစ်ဖဲ့ဖဲ့ပေးရင်း ပြောလိုက်သည်။
"ဘာကို စကားများတာလဲ။ အကုန်ရှုပ်ထွေးနေလို့ ပြောနေတာလေ။" ဟု ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။
"မရှုပ်ထွေးပါဘူး၊ ငါက မင်းတို့အစ်မနဲ့ တွဲနေကြတာလေ။ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးလို့ ခေါ်လို့ရပါတယ်။" ဟု ဝမ်ယွမ်က ပြောလိုက်သည်။ သူ့မျက်နှာပြောင်မှုကို ကျိုးအာ့နီတစ်ယောက် လုံးဝ မတတ်နိုင်ပေ။
ချက်ချင်းဆိုသလို ကျိုးကွေ့လိုင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ကိုကြည့်လိုက်ပြီးနောက် သူ့အစ်မ အာ့နီကို ကြည့်လိုက်သည်။ ထို့နောက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ဘယ်တုန်းက နှစ်ယောက်သား အဆင်ပြေသွားကြတာလဲ။"
"ညစ်တီးညစ်ပတ်ကောင်လေး နင်မစားနိုင်သေးဘူးလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
ဘာကို အဆင်ပြေတာလဲ။ ထိုစကားလုံးမျိုးကို သုံးလေ့ရှိကြသော်လည်း အနည်းငယ် မသင့်တော်ပေ။
ကျိုးအာ့နီ၏ မျက်နှာတွင် ရှက်သွေးဖြာမှုများစွာ ပေါ်လွင်လာသည်။ ကျိုးကွေ့လိုင်က အလွန် သိချင်စိတ်များနေသည်။ "ဘယ်တုန်းက ဒါတွေ ဖြစ်သွားတာလဲ။ ကျွန်တော်က ဘာဖြစ်လို့ မသိရတာလဲ။"
ဝမ်ယွမ်က ပြောလိုက်၏။ "မင်းအစ်မနဲ့ ငါ တွဲနေတာကြာပြီ။ မင်းသတိမထားမိတာပါ။"
"ကျွန်တော် တကယ် သတိမထားမိဘူး။ ဒါပေမယ့် ကျွန်တော်ပြောထားမယ်။ ကျွန်တော်တို့ ယောက်ဖဖြစ်ဖို့ဆိုတာ မလွယ်ဘူးနော်။" ဟု ကျိုးကွေ့လိုင်က ခေါင်းမော့ကာ ပြောလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အခြေအနေများက ပြောင်းလဲသွားသဖြင့် သူထိန်းချုပ်ထားစရာ မလိုတော့ပါ။
"မြန်မြန်စားစရာရှိတာ စားစမ်းပါ။" ဟု ကျိုးအာ့နီက အလွန်ရှက်လာပြီး စကားဖြတ်ကာ ပြောလိုက်သည်။
"ဒီလိုလုပ်လို့မရဘူးလေ။ အခုမှတွဲတာကို အစ်မက ဘက်တောင်လိုက်တတ်နေပြီ။” ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
အခြားသူများနှင့် လင်းချင်းဟယ်၊ ကျိုးချင်းပိုင်တို့နှစ်ယောက်စလုံး ပြုံံးဖြီးဖြီး ဖြစ်နေကြပါသည်။
ကျိုးကွေ့လိုင်ကြောင့် သူတို့ညစာ စားပွဲဝိုင်းလေးမှာ သက်ဝင်လှုပ်ရှားလာရသည်။
ညစာစားပြီးနောက် ကျိုးချင်းပိုင်က ဝမ်ယွမ်ကို ပြောလိုက်သည်။ "နောက်နေ့ကျရင် အာ့နီရဲ့ အဘိုးအဘွားတွေနဲ့ ညစာတစ်ရက် စားလိုက်ဦး။"
"ဟုတ်ကဲ့ ကျွန်တော် စတုတ္ထဦးလေးပြောတာ နားထောင်ပါ့မယ်။” ဝမ်ယွမ်က တကယ်ပဲ အောင်မြင်သော စီးပွားရေးသမား ဖြစ်ပါသည်။ သူ့မျက်နှာပြောင်တင်းမှုအတွက် ပြောစရာ စကားပင် မရှိတော့ပါ။
ပါးစပ်ဟလိုက်ပိတ်လိုက်တိုင်း "ဦးလေး" "ဒေါ်လေး" ဆိုပြီး ရဲရဲတင်းတင်း ခေါ်နေခဲ့သည်။ ရှက်ရွံ့မှုလည်းမရှိ တွန့်ဆုတ်မှုလည်မရှိပေ။ ကျိုးအာ့နီက သူ့ကို ခဏခဏ တိတ်တဆိတ် စိုက်ကြည့်မိတော့သည်။
အဖေကျိုးနှင့် အမေကျိုးတို့ ထိတ်လန့်မသွားစေဖို့အတွက် လင်းချင်းဟယ်က ကြိုပြောထားပေးလိုက်ပါသည်။
ထင်ထားသည့်အတိုင်း အဖေကျိုးကော အမေကျိုးကော အံ့အားသင့်သွားကြသည်။
အမေကျိုးက အလျင်အမြန် ပြောလိုက်သည်။ "ဟေ... လောင်အာ့နဲ့ အရင်တစ်ခေါက်က လိုက်လာတဲ့လူလား။ သူက အထည်စက်ရုံက သူဌေးကြီးမဟုတ်ဘူးလား။ သူက အာ့နီနဲ့ တွဲနေတယ် ဟုတ်လား။"
"သူက အထည်စက်ရုံသူဌေးပါ။ သမီးအထည်ဆိုင်ကို အထည်တွေ ထောက်ပံ့ပေးတဲ့ စက်ရုံလေ။ ဒါပေမယ့် ဒါက အာ့နီရဲ့ လက်တွဲဖော်ဖြစ်တာနဲ့ ဘာမှမဆိုင်ပါဘူး။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲဟယ်" ဟု အမေကျိုးက စကားထစ်ငေါ့စွာ မေးလိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အာ့နီက အရမ်းတော်တာကိုး၊ အရမ်းလည်း ထက်မြက်တယ်။ လှပပြီး ကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ အသက်ကလည်း ၁၉ နှစ်ပဲရှိသေးတယ်။ ငယ်ရွယ်ပြီး ပညာလည်းတတ်တယ်။ စကားပြော ကျွမ်းကျင်ပြီး ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာလည်း သေသေသပ်သပ်ရှိတယ်။ သူမ အပြင်ထွက်ရင် သူ့ကို ခိုးမကြည့်တဲ့ ယောက်ျားလေး ရှိလို့လား။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။