← Chapters

ကံကောင်းခြင်းများယူဆောင်လာခြင်း

Vol. 29 Ch. 404

ကံကောင်းခြင်းများယူဆောင်လာခြင်း

Vol. 29 Ch. 404

အခန်း(၄၀၄) - ကံကောင်းခြင်းများ ယူဆောင်လာခြင်း

အမေကျိုးကလည်း သူ့မြေးမ မဆိုးမှန်း ခံစားမိပါသည်။ အနည်းဆုံးတော့ သူမ၏ ငပျင်း မြေးမ (ရှန့်မိန်) လောက်မဆိုးနိုင်ပါချေ။

ကျိုးအာ့နီက မဆိုးဘူးဟု ဆိုသော်လည်း အမေကျိုး သတိတော့ ရှိနေပါသေးသည်။

"နင့်အဖေနဲ့ အမေတို့ အဲ့ဒီကောင်လေးကို တွေ့ပြီးပါပြီ။ ပထမကြည့်လိုက်တော့ သူက သူဌေးမိသားစုကပဲ။ ပြီးတော့ အဲ့လိုအရှိန်အဝါမျိုးနဲ့ နင့်အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ရဲ့ အခြေအနေကိုလည်း နင်သိပါတယ်။" ဟု အမေကျိုးက တွန့်ဆုတ်စွာ ပြောလိုက်သည်။

ဝမ်ယွမ်က ကျိုးရွှမ်းနှင့်အတူ အဘိုးအဘွားနှစ်ယောက်ထံသို့ လာဖူးသည်။ အဖေကျိုးကော အမေကျိုးကော သူ့ကိုသဘောကျပါသည်။

သူက ငယ်ရွယ်ပြီး အလားအလာရှိသည်ကို ခဏထားဦး။ ဘဝင်လည်း မမြင့်တတ်ပါ။ လူတွေကို အထင်မသေးတတ်ပါ။ သူ့စကားလုံးများက ကျိုးမိသားစုဟောင်း ဘယ်လောက် ပညာတတ်ကြောင်း ချီးမွမ်းစကားများဖြင့် ပြည့်နှက်လို့နေသည်။ ထိုစကားများက အဖေကျိုးနှင့် အမေကျိုးတို့အား အသေအချာပင် ကျေနပ်သွားစေပါသည်။

ကျိုးမိသားစုဟောင်း၏ မျိုးဆက် ဘယ်လောက်ထိ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရသလဲ။ သူတို့မိသားစုတွင် ပညာတတ်ဟူ၍ တစ်ယောက်မှ မရှိခဲ့ပါ။ ယခုတော့ ကောလိပ်ကျောင်းသားတွေ ဘယ်လောက်တောင် ရှိနေပြီလဲ ကြည့်ပါဦး။

ဒါက အခြေခံလူတန်းစားများ သူတို့၏ ဘဝမှ လွတ်မြောက်ခြင်း မဟုတ်ပါလား။

လူတွေကို နှာခေါင်းရှုံ့ကြည့်တတ်သော သူတို့ မြေးသားမက် ကျောက်ကျွင့်နှင့် ယှဥ်လျှင် ဝမ်ယွမ်က အလွန်တော်ပါသည်။

ရှုရှန့်မိန်သာ ဝမ်ယွမ်လို လူတစ်ယောက်နှင့် လက်ထပ်ပါက သူမ လက်ခံနိုင်သေးသည်ဟုပင် တွေးမိပါသည်။

သို့သော်လည်း ဒါက သူမရဲ့ အတွေးသက်သက်သာ ဖြစ်သည်။ သူ့ကိုယ်ရေးအချက်အလက်က ဘာတဲ့လဲ။ မိသားစုမှ လူမှုပတ်ဝန်းကျင်သို့ တစ်ယောက်တည်း ထွက်လာပြီး အသက်အရွယ် ငယ်ငယ်ကလေးနှင့် အထည်စက်ရုံပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ သူ့အမြော်အမြင်များက ကြီးမားလောက်ပါသည်။

ထို့ကြောင့် သူမ ထိုအပိုင်းတွင် ဘယ်တော့မှ မစဥ်းစားခဲ့ပါ။

သူမ၏အငယ်ဆုံး ချွေးမက ဒီအကြောင်း လာပြောလိမ့်မည်ဟု ထင်မထားပေ။

"အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ မိသားစုက တကယ်ပဲ နည်းနည်းတော့ ဆင်းရဲပါတယ်။ ဒါပေမယ့် အဲ့လောက်ကြီး ချွတ်ခြုံကျနေတာမဟုတ်ပါဘူး။ သမီးတို့က အဲ့လိုနေထိုင်မှုပုံစံနဲ့ အသားကျပြီး ချွေချွေတာတာ နေတတ်ကြတာပါ။ သမီးတို့က အဆင့်အတန်းတွေကို အများကြီး ခေါင်းထဲမထည့်ဘူး။ ဒါ့အပြင် အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ကလည်း ဒီနှစ်ထဲ အိမ်အသစ်တစ်လုံး ဆောက်ကြတော့မှာလေ။ အဲ့ဒီတော့ သူတို့သားမက်ရဲ့မိသားစုကို မှီခိုပြီး စားသောက်ရတာမျိုး မဖြစ်နိုင်ပါဘူး။" ဟု လင်းချင်းဟယ်က အာမခံလိုက်သည်။

"ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့်လည်း မိသားစုနှစ်စုက အရမ်းကွာခြားလွန်းနေတုန်းပဲ။ သူဌေးမိသားစုက ယောက္ခမတွေက ဆက်ဆံဖို့ ခက်ခဲတယ်လို့ ကြားဖူးတယ်နော်။" ဟု အမေကျိုးက ပြောလိုက်သည်။

အမေကျိုးကိုယ်တိုင်ကလည်း ယောက္ခမတစ်ယောက်ဖြစ်ပြီး သူမလက်အောက်က ချွေးမများကို မနှိပ်စက်ခဲ့ဖူးပါဘူးဟု ယုံကြည်ပါသည်။ ထိုအချက်ကိုတော့ ဘယ်သွားသွား အာမခံနိုင်သည်။

ဥပမာအားဖြင့် ရွာကအဘွားအိုတစ်ချို့က သူတို့ငယ်စဥ်က သူများလက်မှာ ချွေးမများအဖြစ် ခံစားခဲ့ရသည်ကို လက်စားချေရန် ချွေးမများ ရလာသောအခါ နှိပ်စက်တတ််ကြသည်။

ထိုကဲ့သို့ အိမ်များတွင် ငြိမ်းချမ်းမှုဆိုသည်မှာ မရှိပါ။

သို့သော်လည်း သူမ၏ ကျိုးမိသားစုဟောင်းကတော့ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါချေ။ အလွန်ကြာပြီဖြစ်သော အချိန်ကာလတစ်ခုက ဇွဲရှိသော စတုတ္ထသား၏ မိန်းမမှာ မိသားစုကို ခွဲခွာဖို့ စိတ်အားထက်သန်နေပြီးနောက် ခွဲထွက်သွားကြသည်။ သူတို့ ပြောင်းရွှေ့သွားကြပြီး ပိုမို အေးချမ်းသွားပါသည်။

အခြားသုံးယောက်ကတော့ ကိုယ့်အတွေးနှင့်ကိုယ် ရှိကြသော်လည်း သူမ ရှိနေသောအခါ အေးအေးဆေးဆေးပဲ နေထိုင်ကြပါသည်။

အကြီးအကျယ် ပြဿနာဟူ၍ မရှိပါ။

သို့သော် အခြားယောက္ခမများကတော့ သူမလို မဟုတ်နိုင်ပါ။ အထူးသဖြင့် သူမ၏ အကြီးဆုံးသား မိသားစုက အလွန်ဆင်းရဲပြီး ဝမ်ယွမ်၏ မိသားစုက အလွန်ချမ်းသာနေသော အချိန်မျိုးတွင် စိတ်မသက်မသာ ဖြစ်မိပါသည်။

အမေကျိုး အနည်းငယ် ဒေါသထွက်မိ၏။

"အာ့နီကို အလုပ်သေသေချာချာလုပ်ပြီး နင့်ကိုကူညီဖို့၊ ရှေ့လျှောက် အိမ်ပြန်ရောက်တဲ့အခါမှ လက်တွဲဖော်ရှာဖို့ ငါပြောထားတာကို ဘာပဲဖြစ်ဖြစ် လူကောင်းနဲ့တွေ့မှာပါ ဒါပေမယ့် ငါ့စကားကိုနားမထောင်ဘူး။” ဟု အမေကျိုးက ပွစိပွစိ ပြောလိုက်သည်။

"လူကုံထံမိသားစုရဲ့ ယောက္မတွေအားလုံးကတော့ မဆိုးပါဘူး အမေရဲ့။ လူအပေါ်မှာပဲ မူတည်ပါတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ "အဲ့တာထက် အာ့နီကလည်း ရည်းစားလိုက်ရှာနေတာ မဟုတ်ဘူး၊ ဝမ်ယွမ်ကသာ သူ့ကို ချစ်မိသွားတာပါ။ အာ့နီက သူ့ကိုအကြိမ်ကြိမ် ငြင်းပြီးသား၊ သူက အာ့နီကို လက်ထပ်ချင်လွန်းလို့ ခေါင်းမာမာနဲ့ ဆက်ကြိုးစားနေတာ၊ ညဘက် အတန်းပြီးရင်တောင် သူ့ကို သွားကြိုတတ်နေပြီ။"

အမေကျိုးက ကြက်သေသေသွားသည်။ "ညကျောင်းအတန်းပြီးရင်တောင် သွားကြိုတယ် ဟုတ်လား။"

"ဟုတ်တယ် ဟူကျစ်နဲ့ ကန်းကျစ်တို့ ပြန်လာမှ သမီးလည်း သိရတာပါ။ အဲ့ဒီအရူးကောင်လေး နှစ်ကောင်က ဝမ်ယွမ် ဒီတိုင်းပဲ လမ်းကြုံလို့ ရောက်လာတယ်ဆိုတာကို ယုံနေကြတာလေ။ ရက်နည်းနည်းလောက်ကြာမှ တစ်ခုခု မူမမှန်တာ သိသွားကြပြီး သမီးကို လာပြောတာ အဲ့ကျမှ သမီးလည်း သိရတယ်။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်သည်။

အမေကျိုးက ဆူငေါက်လိုက်၏။ "ဒီကောင်လေး နှစ်ကောင်ကတော့ အစ်မ ရောင်းစား ခံရရင်တောင် ငွေကူတွက်ပေးမယ့်ဟာတွေ။”

"စိတ်မပူပါနဲ့။ အာ့နီအရွယ်ရောက်လာအောင် သမီးကြည့်ရှုစောင့်ရှောက်ပြီး သူ့ကို သမီး သေချာသင်ပြပေးထားပါတယ်။ သူက ဘယ်လို စရိုက်မျိုးလဲ သမီးသိပြီးသားပါ။ သူက သေချာပေါက် သမီးတို့ ကျိုးမိသားစုဟောင်းကို အရှက်ရစေမှာ မဟုတ်ပါဘူး။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"အဲ့ကောင်မလေး ရှန့်မိန်အတိုင်းသာလုပ်ရင် သူ့ခြေထောက် ငါချိုးပြစ်မယ်။” ဟု အမေကျိုးက သွေးအေးစွာ ပြောလိုက်သည်။

လင်းချင်းဟယ်က သူတို့အိမ်တွင် ခဏလောက် ထိုင်ခဲ့သည်။ အဘိုးအဘွားတို့ လင်မယားနှစ်ယောက်ကို ရုတ်တရက် ကြောက်လန့်မသွားအောင် ကြိုတင်ပြင်ဆင်ထားပေးသည်ဟု ဆိုနိုင်သည်။ ကျန်တာကိုတော့ သူမ ဂရုစိုက်စရာမလိုပါ။

သူမ ပြန်သွားသည်နှင့်တစ်ပြိုင်နက် အဖေကျိုးက ပါးစပ်ဟလာသည်။ "ကောင်လေးက တော်တော်လေး ကောင်းတယ်။"

အမေကျိုးက သူ့ကို မျက်စပြစ်လိုက်သည်။ "ဒါကို ကျွန်မ မသိဘူးလို့များ ထင်လို့လား။"

သို့သော်လည်း ဝမ်ယွမ်က တော်လွန်းပါသည်။ ထို့ကြောင့် အမေကျိုး အနည်းငယ်

စိတ်ရှုပ်ထွေးမိသည်။ တစ်နည်းအားဖြင့် ထိုစကားလုံးများကြောင့်ဖြစ်သည်။ အာ့နီသာ စတုတ္ထချွေးမအတိုင်း နေမည်ဆိုလျှင် ပြဿနာမရှိနိုင်ပါချေ။ သေချာပေါက် ထိုက်တန်လိမ့်မည်။

သို့သော် သူမ၏ တူမဖြစ်နေရင်တောင် မိသားစုချင်းက မတူပါ။ အာ့နီ၏ အိမ်ဟောင်းအခြေအနေက အများကြီး ပိုဆိုးရွားသည်။ သူတို့သည် ဒီလိုနေရာနှင့်လည်း မသင့်တော်လှပါ။

"သူ အာ့နီကို တန်ဖိုးထားတာနဲ့တင် မလုံလောက်သေးဘူးလားကွာ။" ဟု အဖေကျိုးက ပြောလိုက်၏။

သူကတော့ ဘာမှမှားယွင်းနေသည်ဟု မထင်မိပါ။ သူ့တခြားမြေးမလုပ်ခဲ့သလိုမျိုး လူးလွန့်နေသည်က သူ့မြေးမမဟုတ်ပါ။ ထိုကဲ့သို့ ပြုမူခြင်းက ကိုယ့်တန်ဖိုးကို ကျစေသည်။

အခြားတစ်ဖက်ကသာ သူတို့မြေးမလေးကို လာရောက်စွဲလမ်းနေခြင်းဖြစ်သည်။ သူ့မြေးမက လှပပြီး ကျက်သရေရှိသည်။ ယခု သူမ မြို့တော်သို့ ရောက်လာပြီး လေ့ကျင့်ကာ သူ့မစတုတ္ထဒေါ်လေးက ညကျောင်းလည်း ပို့ပေးသဖြင့် သူမ၏ ပညာရေးကလည်း တိုးတက်လာပြီဖြစ်သည်။

သူမ ရွာသို့ပြန်သွားပါက မူလတန်းပြ ဆရာမပင် လုပ်နိုင်ပြီဖြစ်သည်။

ဒါက ဘယ်လိုလုပ်ပြီး ဆိုးနိုင်မည်နည်း။

သူ့မြေးမကို စွဲလမ်းသောသူက မျက်လုံးကောင်းကောင်း ရှိခြင်းကြောင့်သာ ဖြစ်သည်ဟု အဖေကျိုးတစ်ယောက် ခံစားမိသည်။ အာ့နီက အလွန်ဆိုးရွားမည့် မိန်းကလေးမဟုတ်ပါ။

သူမက စတုတ္ထဒေါ်လေးနှင့် အနည်းငယ် ဆင်တူသည်။ ၁၀ ပုံတွင် ၉ ပုံလောက် သေချာပေါက် မိသားစုထံသို့ ကံကောင်းခြင်းများ ယူဆောင်လာပေးမည်ဖြစ််သည်။

အမေကျိုးက အဆင်မပြေလောက်ဘူးဟု ခံစားရသော်လည်း ဆက်လက် မကန့်ကွက်တော့ပါ။ သို့သော် မြေးမကိုတော့ လှမ်းခေါ်လိုက်ပါသေးသည်။

သူမကိုယ်တိုင် ထိုအကြောင်းကို မေးကြည့်လိုက်သည်။

"အဘွား သမီးသူ့ကို အဆင်ပြေနိုင်မပြေနိုင် သိချင်လို့ တွဲကြည့်တာပါ။ တ...တကယ်လို့များ အဆင်မပြေခဲ့ရင် လမ်းခွဲမှာပါ။" ဟု ကျိုးအာ့နီက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။

"ဘာတွေပြောနေတာလဲ။ နင်သိက္ခာကျချင်လို့လား၊ နင်တို့ တွဲနေပြီဆိုမှတော့ အတူတူနေကြတော့ပေါ့။” အမေကျိုးက ထိုစကားကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

'လမ်းခွဲမည်' ဟူသော စကားလုံးကို သူမ နားမထောင်နိုင်ပါ။ အစကတည်းက မတွဲရင်မတွဲနှင့်၊ တွဲရင်တော့ အဆုံးထိ တွဲဖို့သာ ရှိသည်။ ဤသည်က သူမ၏ အတွေးဖြစ်သည်။

သတင်းသာ ပျံ့နှံ့သွားလျှင် ဘယ်လောက် ဆိုးလိုက်မည့်ဖြစ်ခြင်းလဲ။ ဘာညာမိသားစုက ကောင်မလေးက ဘာညာနဲ့ တွဲနေပြီး အဆင်မပြေတော့ နောက်ထပ်ဘာညာနဲ့ လက်ထပ်လိုက်တယ်ပေါ့။ ထိုစကားများက ဂုဏ်သိက္ခာ ကျဆင်းစေသော ပြဿနာများ ဖြစ်ပါသည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အဖေကျိုးနှင့် အမေကျိုးတို့က ဝမ်ယွမ်ကို ညစာလာစားခွင့် ပေးလိုက်ပါသည်။

စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့လည်း အိမ်တွင် ရှိနေကြပါသည်။ အရင်တစ်ခေါက်က ညစာစားပြီး သူပြန်ခဲ့သော်လည်း ဒီတစ်ခေါက်တော့ ညစာအတူတူစားပြီး လူတွေနဲ့ ရင်းနှီးအောင် လုပ်ဖို့လည်း ပါပါသည်။

သို့သော် ဝမ်ယွမ်က မျက်နှာအတော်ပြောင်သည်။ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကို "စတုတ္ထဦးလေး" နှင့် "စတုတ္ထဒေါ်လေး" ဟု ပြောင်းခေါ်ခဲ့သည်။

ဒီကိုလာပြန်တော့လည်း အဖေကျိုးကို "အဘိုး" အမေကျိုးကို "အဘွား" ဟု ခေါ်ပြန်သည်။ စုတာ့လင်းနှင့် ကျိုးရှောင်မိန်ကိုတော့ ကျိုးအာ့နီခေါ်သည့်အတိုင်း လိုက်ခေါ်လိုက်သည်။

သူကတော့ ခေါ်ရဲသဖြင့် ခေါ်သော်လည်း အဖေကျိုးနှင့် အမေကျိုးတို့က ပြန်ဖြေရမှာ ရှက်နေကြသည်။

ပြောရမည်ဆိုလျှင် ညစာစားပွဲဝိုင်းလေး အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါသည်။ အခြားကိစ္စများကို ဘေးဖယ်ပြီး အတိုချုံးပြောရရင် ဝမ်ယွမ်က သူ့စရိုက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြခဲ့ပါသည်။

ဝမ်ယွမ်သည် သူက အခြားသူတစ်ယောက်၏ မြေးမကို အမှန်တကယ် လက်ထပ်ချင်သဖြင့် အခြားသူတစ်ယောက်၏ မြေးတစ်ယောက်လို ပြုမူနေထိုင်ခဲ့ပြီး ရေနွေးကြမ်းနှင့် ဝိုင်များငှဲ့ပေးခဲ့သည်။

ပြောစရာမလိုအောင် အဖေကျိုးနှင့် အမေကျိုးတို့ ကျေနပ်သွားခဲ့ကြပါသည်။

ဝမ်ယွမ်ကို ကြည့်ပြီး လူတွေကိုနှာခေါင်းရှုံ့ဆက်ဆံတတ်သော ကျောက်ကျွင့်ကို ကြည့်လိုက်ပါက ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။

ညစာ စားပွဲဝိုင်းတွင် ဝိုင်တချို့ သောက်ပြီးကြပြီးနောက် အမေကျိုးက သူ့မြေးမနှင့် နှစ်ဦးတည်း စကားအချို့ပြောချင်သဖြင့် ခါးနာတယ်ဟု ဆင်ခြေပေးခဲ့ပါသည်။

All Chapters