← Chapters

အဘိုးဝမ်နှင့်အတူတူရှိခြင်း

Vol. 29 Ch. 406

အဘိုးဝမ်နှင့်အတူတူရှိခြင်း

Vol. 29 Ch. 406

အခန်း(၄၀၆) - အဘိုးဝမ်နှင့် အတူတူရှိခြင်း

မျက်စိတစ်မှိတ် အချိန်အတွင်း နှစ်အကုန်သို့ပင် ရောက်လာပြီ ဖြစ်ပါသည်။

လင်းချင်းဟယ်လည်း အားလပ်ရက် အနားယူနေသည်။ ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်လည်း မကြာခင် အားလပ်ရက်အတွင်း ဆိုင်ပိတ်တော့မည်ဖြစ်သည်။

အစကတော့ ဒီနှစ်ထဲ လင်းချင်းဟယ်က ကျိုးအာ့နီကို ဝမ်ယွမ့်အား ခေါ်ပြီး သူမမွေးရပ်မြေကို ပြန်ခိုင်းရင်ကောင်းမလားဟု စဉ်းစားနေခဲ့သည်။ ဝမ်ယွမ်၏ အထည်စက်ရုံက အားလပ်ရက်အတွက် ပိတ်ထားသည်။

သို့သော်လည်း လက်လျှော့လိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ရှုရှန့်မိန်တို့ မင်္ဂလာပွဲက ဒီနှစ်ထဲမှာပဲ ပြီးသွားခြင်းဖြစ်ပြီး ဂုဏ်သတင်းက သိပ်မမွှေးလှဟု ဆိုနိုင်သည်။ ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့က တွဲနေတုန်းဖြစ်သည်။ သိပ်မကြာခင် လက်ထပ်ဖို့ အစီအစဥ်တော့ မရှိကြသေးပါ။

ဝမ်ယွမ်၏ ပုံစံကိုကြည့်ရသလောက်တော့ သူလက်ထပ်ချင်နေပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ရာသီဥတုက အေးလာပြီ မဟုတ်ပါလား။ အတူတူ ဖက်အိပ်ဖို့ ဇနီးသည်တစ်ယောက် ရှိပါက ပြောစရာမလိုအောင် နွေးထွေးမည်ဖြစ်သည်။

သို့သော်လည်း ကျိုးအာ့နီက လက်ထပ်ဖို့ အစီအစဥ်မရှိသေးပါ။ သူမ ဝမ်ယွမ်ကို တွဲခြင်းတွင် စိတ်ကို အလွန်နှစ်ထားကြောင်း လင်းချင်းဟယ် မြင်နိုင်သည်။ သို့သော်လည်း သူမက အနာဂတ်အတွက်လည်း အစီအစဉ်ဆွဲနေပါသေးသည်။ အလောတကြီး လက်ထပ်လိုက်မည် မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲဆိုတာ ဘဝနှင့်ဆိုင်သောအရာဖြစ်သည်။ ကွာရှင်းခြင်းကိုတော့ စိတ်ကူးထဲတောင် မထည့်လိုက်ပါနှင့်။ ကွာရှင်းဖို့ အတွက် လက်ထပ်ခြင်းမဟုတ်ပါ။ ထိုရွေးချယ်မှုက အခြားဘာရွေးချယ်မှုမှ တကယ်မရှိသောအခါတွင်သာ နောက်ဆုံးပိတ် ရွေးချယ်ရခြင်းဖြစ်သည်။

ထို့နေ့တွင် ကျိုးရွှမ်းက ကြက်နှစ်ကောင် ယူလာခဲ့သည်။ အဘိုးဖြစ်သူက ကြက်များကို သတ်ကာ အမွှေးနှုတ်နေသည်။ နှစ်သစ်ကူးတွင်စားသောက်ဖို့ သူတို့ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပါသည်။

"အဖေ ဘယ်တော့ အားလပ်ရက် အနားယူမှာလဲ။" ဟု သူ့အဖေက သူ့ကိုဖက်ထုပ်များထုပ်ဖို့ ခေါ်သဖြင့် ကျိုးကွေ့လိုင်က မေးလိုက်သည်။

"ညစ်တီးညစ်ပတ် ကောင်လေး၊ နင်က အလုပ်လေး နည်းနည်းလုပ်ရတာနဲ့ စကားက များလာပြီ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

လင်းချင်းဟယ်က ခုရက်ပိုင်းထဲ အနည်းငယ် စိတ်ဖိစီးနေမိသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်သစ်ကူးအကုန်ရောက်နေပြီ ဖြစ်သော်လည်း သူ့သားအကြီးဆုံးက ဒီနှစ် တစ်နှစ်လုံး တစ်ခါမှ အိမ်သို့ ပြန်မလာသောကြောင့်ဖြစ်သည်။ နှစ်စ အိမ်မှထွက်သွားကတည်းက အိမ်ကို ဖုန်းနှစ်ခါသာ ဆက်သည်။ ဒီနှစ်ကုန် သူပြန်လာလိမ့်မည်ဟု အာမခံခြင်း မရှိပါ။

"အဲ့တာ ဒီတိုင်း စစ်တက္ကသိုလ်လေးပဲကို၊ ဘာဖြစ်လို့ အလုပ်များရမှာလဲ။" ဟု လင်းချင်းဟယ်က မနေနိုင်ဘဲ ပွစိပွစိလုပ်လိုက်သည်။

ထိုစကားကို ကျိုးချင်းပိုင်ကြားသောအခါ သူ့မိန်းမ သားကြီးအကြောင်း စဥ်းစားနေမှန်း သိသွားပြီး ပြောလိုက်သည်။ "စစ်တက္ကသိုလ်ပဲ ဆိုပေမယ့် စည်းကမ်းတင်းကြပ်တယ်လေ။ သူ နေသားကျအောင် နေပါစေဦး။"

အကြီးဆုံးသားက ၁၈ နှစ်ပြည့်ပြီးသွားပြီဖြစ်သည်။ ဒီနှစ်ကုန်လျှင် ၁၉ နှစ်ပြည့်ပြီ ဖြစ်သည်။ ကျိုးချင်းပိုင်ကတော့ စိတ်မပူပေ။

လင်းချင်းဟယ်က သက်ပြင်းထပ်ချလိုက်သည်။

ကျိုးကွေ့လိုင်က သူ့အမေကို နှစ်သိမ့်လိုက်သည်။ "အစ်ကိုကြီးက လာမယ့်နွေရာသီထဲ ဘွဲ့ရတော့မှာပဲကို၊ သူပြန်လာပြီး ခဏလောက် နေနိုင်မှာပါ။"

"သူ အကြာကြီး နေလို့မရဘူး။" လင်းချင်းဟယ်သည် ဒါကို စိတ်ထဲက ရှင်းရှင်းလင်းလင်း သိနေပါသည်။ ၇ ရက်ထက် ကျော်အောင်နေလို့ မရပါ။ သူ လေ့ကျင့်ရေး သို့မဟုတ် ဘာပဲဖြစ်ဖြစ် သူ လွတ်သွား၍ မရပါ။

လင်းချင်းဟယ်က ဒီနှစ်ထဲ စိတ်ပျက်ရဖို့ ကံပါလာပါသည်။ ကျိုးခိုင်ကလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့မတိုင်ခင်အထိ ဖုန်းမခေါ်ခဲ့ပါ။

နှစ်မကုန်ခင်က တာဝန်တစ်ခုကြောင့် ထွက်သွားခြင်းဖြစ်ပြီး အခုထိ ပြန်ရောက်မလာသေးပါ။ သို့သော်လည်း ခရီးက အလွန်တိုလွန်းသည်။ လမ်းမပေါ်တွင် ဖြုန်းဖို့ အချိန်မလောက်ပါ။ ထို့ကြောင့် သူပြန်လာမည် မဟုတ်ပေ။

"ငါပို့လိုက်တဲ့ အမဲသားခြောက်တွေ ရလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"ရပါတယ်၊ အရမ်းအရသာရှိတာပဲ။ အမေ နှစ်သစ်ကူးပြီးရင်ကော သားကို ထပ်ပို့ပေးဦးမှာလား။" ဟု ကျိုးခိုင်က ဖုန်းထဲမှ လှမ်းမေးလိုက်သည်။

လင်းချင်းဟယ်က သဘောကျစွာ ဆူလိုက်ပြီး သူမ၏ သားကြီးနှင့် ခဏလောက် စကားပြောပြီးနောက် အင်တင်တင်ဖြင့် ဖုန်းချလိုက်ရတော့သည်။

သူမပြန်လာသောအခါ ကျိုးချင်းပိုင်အား ပြောလိုက်သည်။ "ကျွန်မ အခု နည်းနည်းလောက် နားပူနားဆာ တိုက်တတ်နေပြီထင်တယ်။"

ကျိုးချင်ပိုင်က ပြောလိုက်သည်။

သူ့မိန်းမက ဘာကြောင့် နားပူနားဆာ လုပ်တတ်ရမှာလဲ။ လုံးဝ မဟုတ်ပါဘူး။

"ကျွန်မ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာတာကို ခံစားမိတယ်။ အရင်ကနဲ့ကို မယှဥ််နိုင်တော့ဘူး။" လင်းချင်းဟယ်က မှန်ကိုထုတ်ကာ သူမကိုယ်သူမ ကြည့်လိုက်သည်။ သူမက အသားအရည်ကို အသေအချာ ဂရုစိုက်သော်လည်း သူမ၏ မျက်လုံးထောင့်များတွင် အရေးအကြောင်းများ အနည်းငယ် ပေါ်လာနေပြီဖြစ်သည်။

"မင်းက နှစ်တိုင်း ပိုကြည့်ကောင်းလာတာပါ။" ကျိုးချင်းပိုင်က သူလုပ်နေသော ဖက်ထုပ်ကို ချကာ အတည်ပေါက် ပြောလိုက်သည်။

လင်းချင်းဟယ်က သဘောကျစွာဖြင့် သူ့ကို မျက်စပြစ်လိုက်သည်။ သို့သော်လည်း သူမရင်ထဲတွင် အတော်လေး ကျေနပ်မိပါသည်။ ညဘက် အိမ်ပြန်ရောက်သောအခါ ပျားရည် မျက်နှာအုပ်တစ်ခု လုပ်ကာ မျက်နှာပေါ်တွင် တင်ထားလိုက်သည်။

"အဲ့လိုလုပ်တာက ပိုလှစေလို့လား ဒေါ်လေး" ကန်းကျစ်က နားမလည်နိုင်စွာဖြင့် မျက်နှာအုပ်တစ်ခုဖြင့် ဆိုဖာပေါ်တွင် တီဗီကြည့်နေသော ဒေါ်လေးကို မေးလိုက်သည်။

သူမကြာခဏ တွေ့တွေ့နေရသော်လည်း နားမလည်နိုင်သေးပါ။

"နင် ငယ်ပါသေးတယ်။ ဒါတွေကို နင် နားလည်မှာ မဟုတ်ပါဘူး။" လင်းချင်းဟယ်က သူ့ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက အသုံးဝင်တယ်ဆိုရင် ကျွန်တော့်အမေကိုလည်း လုပ်ခိုင်းလိုက်မယ်။ ဒေါ်လေးလိုမျိုး ငယ်ရွယ်ပြီးလှပနေရင် ကောင်းတာပေါ့။" ဟု ကန်းကျစ်က ပြောလိုက်သည်။

လင်းချင်းဟယ်က သူမကို မြှောက်ပင့်နေသည်ကို သဘောကျသွားပြီး ပြန်ပြောလိုက်သည်။ "နင့်အမေက ပျားရည်နဲ့ ကြက်ဥဆို သူ့မျက်နှာပေါ်တင်ဖို့ ကပ်စေးနဲနေဦးမယ်။ သခွားသီးသာ သုံးခိုင်းလိုက်။"

ဒီနှစ်ထဲ ဟူကျစ်ကော ကန်းကျစ်ကော အိမ်သို့မပြန်ပါ။ ဖုန်းတော့ ဆက်ခဲ့ပါသည်။ ဒုတိယအစ်မ အတွက်လည်း ပြဿနာမရှိပါ။

သူတို့မပြန်ချင်လည်း မပြန်ပါစေနှင့်။ ဘဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုအငတ်ထားမည်မှ မဟုတ်ဘဲ။

လင်းချင်းဟယ်က ပြန်စဥ်းစားလိုက်ပြီး ကျိုးရွှမ်းကို မေးလိုက်သည်။ "သားလတ်၊ နင့်အစ်ကိုကြီးရဲ့ အတန်းဖော် ဝိန်ကော်လျန်ရဲ့ အိမ် ဘယ်မှာလဲ နင်မှတ်မိလား။"

"သား သိတယ်။" ကျိုးရွှမ်းက ခေါင်းငြိမ့်လိုက်သည်။ သူ့အစ်ကိုကြီးနှင့် တစ်ခေါက် ရောက်ဖူးပါသည်။ သိပ်မနီးသော်လည်း သူလမ်းမှတ်မိပါသည်။

"မနက်ဖြန် သွားလည်လိုက်။ ပျားရည်ရှောက်ခါးဆီ နှစ်ပုလင်း ယူသွားလိုက်။ နင့်အစ်ကိုကြီး ဒီနှစ် ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ ဝမ်မိသားစုကို သွားပြောလိုက်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

သူတို့၏ သမီးအကြောင်း လင်းချင်းဟယ် တွေးနေခြင်းဖြစ်သည်။ အနာဂတ်တွင် ချွေးမတော်ဖို့ ကံပါလာပါလျှင် ကောင်းမည်။

အဖေဝိန်နှင့် အမေဝိန်တို့နှင့် မဆုံရသေးသော်လည်း ဒီနှစ်တွေထဲ သူတို့၏ စိတ်ဓာတ်ကို နားလည်သယောင်ယောင် ရှိပါသည်။ သူတို့သာ ဆိုးဆိုးရွားရွားဆိုပါက သူမ၏ သားကြီးက သူတို့သားနှင့် ရင်းနှီးလာမည် မဟုတ်ပါ။

သားကြီးက ဒီနှစ် ပြန်လာမည် မဟုတ်သဖြင့် သားလတ်ကို သွားလည်ခိုင်းလိုက်သည်။

"ကျွန်တော်လည်း အစ်ကိုလတ်နဲ့ လိုက်ချင်တယ်။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"အမေ့ကို ခွင့်တောင်းလိုက်။" ဟု ကျိုးရွှမ်းက ပြောလိုက်၏။

"နင် လိုက်သွားလို့တော့ရတယ်၊ ဒါပေမယ့် ပေါက်ကရတွေတော့ မပြောနဲ့နော်။" ဟု လင်းချင်းဟယ်က သတိပေးလိုက်သည်။

"မပြောပါဘူး၊ ဒီတိုင်းပဲ သွားထိုင်မှာပါ၊ ဝိန်မိသားစုက အစ်ကိုကြီးနဲ့ ရင်းနှီးတော့ သားလည်း သွားပြီး လမ်းမှတ်တာပေါ့။" ဟု ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။

ယုံကြည်လောက်ဖွယ် ဖြစ်သဖြင့် လင်းချင်းဟယ်က ခွင့်ပြုလိုက်သည်။

နောက်တစ်နေ့ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ ပျားရည်ရှောက်ခါးအဆီပုလင်း နှစ်ပုလင်းကိုယူပြီး ဝိန်မိသားစုထံသို့ သွားလည်ကြသည်။

ကျိုးရွှမ်းက တစ်ခေါက်ရောက်ဖူးသဖြင့် အမေဝိန်က သူ့ကိုသိနေသည်။ သူတို့နှစ်ယောက် အတူတူ လာလည်ကြသည်ကို မြင်သောအခါ သူမဝမ်းသာသွားသည်။

ညီအစ်ကိုနှစ်ယောက်ကို သူမ နွေးနွေးထွေးထွေး ဧည့်ခံလိုက်သည်။ ပျားရည်ရှောက်ခါးအဆီ နှစ်ပုလင်းကိုလည်း သိမ်းဆည်းထားလိုက်သည်။ သူတို့ပြန်သွားသောအခါ သူမက လိမ္မော်သီးတစ်ထုပ်ကို အတင်းထည့်ပေးလိုက်သေးသည်။ လိမ္မော်သီးများက ကြီးမားပြီး ချိုမြိန်လှပါသည်။

"မင်းက တတ်လည်းတတ်နိုင်တယ်နော်။" ဟု အဖေဝိန်က အပြုံးဖြင့် စနောက်လိုက်သည်။ အမှန်ပင် သူမ မတတ်နိုင်တာမျိုးမှ မဟုတ်ဘဲ။

"ဘာကို ကပ်စေးနဲနေရဦးမှာလဲ။ ရှင်ကော မမြင်ဘူးလား။ ခိုင်လေးရဲ့ အမေက ကျွန်မအတွက် စဥ်းစားပေးတာလေ၊ ဒီပျားရည်ရှောက်ခါးအဆီ နှစ်ပုလင်းက ကျွန်မ အတော်ကြာကြာ သောက်ဖို့ လုံလောက်တယ်။" ဟု အမေဝိန်က ပြောလိုက်သည်။

အမှန်ပင်။ ပျားရည်ရှောက်ခါးအဆီတွေက ဒုတိယအကောင်းဆုံးသာ ဖြစ်သည်။ အရေးအကြီးဆုံးအရာကတော့ ခိုင်လေးအမေ၏ အတွေး ဖြစ်သည်။

ခိုင်လေးက ပြန်မလာနိုင်သဖြင့် သူမ၏ သားငယ်နှစ်ယောက်ကို သွားခိုင်းခဲ့သည်။ ဒီလို လုပ်ရပ်က အလွန်ကျိုးကြောင်းသင့်ပြီး ယဥ်ကျေးပါသည်။

"ဒီနှစ် ကော်တုံနဲ့ ကော်လျန်တို့လည်း ပြန်မလာဘူး။ မိန့်ကျားနဲ့အတူ သွားလိုက်ဦးမယ်။" ဟု အမေဝိန်က ပြောလိုက်သည်။

သူမ ခိုင်လေး၏ အမေကို တွေ့ချင်ပြီး လမ်းကိုလည်း မှတ်မိချင်သည်။ သူတို့သာ အဆင်ပြေမည်ဆိုလျှင် နောက်ပိုင်း သူမ အားလပ်ပါက သွားလည်နိုင်ပါသည်။

"မင်းတို့အားလုံး သွားကြမှတော့ ငါ့လည်း ခေါ်ပါဦး။" ဟု အဖေဝိန်က မနေနိုင်စွာ ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ အချိန်ကျရင် အတူတူ သွားကြမယ်။" အမေဝိန်က စိတ်ထဲမထားပါ။

အတန်းဖော်တစ်ယောက်၏ အိမ်သို့ သွားခဲ့သော ဝိန်မိန့်ကျားတစ်ယောက် ညစာစားချိန်မှ ပြန်ရောက်လာခဲ့သည်။ ထိုအခါမှ သူမ မိဘများထံမှ နှစ်သစ်ကူးတွင် ကျိုးမိသားစုဟောင်းအိမ်သို့ သွားကြမည်ဖြစ်ပြီး သူမက လမ်းပြရမည်ဖြစ်ကြောင်း သိလိုက်ရသည်။

ဝိန်မိန့်ကျားက အနည်းငယ် ရှက်ရွံ့သွားသည်။ သို့သော်လည်း သူမ မငြင်းပါ။ ဒေါ်လေးလင်းက အလွန်စကားများသည်။ သူမနှင့် ပြောစရာ စကားမရှိမည်ကိုတော့ စိတ်ပူစရာ မလိုပေ။

All Chapters