စတုတ္ထလင်မယား၏ပြဿနာ
Vol. 29 Ch. 407
အခန်း(၄၀၇) - စတုတ္ထလင်မယား၏ ပြဿနာ
ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ အိမ်သို့ လိမ္မော်သီးထုပ်ဖြင့် ပြန်လာကြသည်။
လင်းချင်းဟယ်က ထိုလိမ္မော်သီးများကို ကြည့်ကာ ပြောလိုက်သည်။ "နင်တို့တွေ ဝိန်မိသားစုရဲ့ လိမ္မော်သီးတွေ အကုန်လုံးများ ယူလာကြတာလား။"
"ဒါ ဒေါ်လေးဝိန် သားတို့ကို ပေးလိုက်တာဗျ၊ အရမ်းချိုတယ်လို့လည်း ပြောတယ်၊ သားတို့လည်း ငြင်းလို့ မရလို့ ယူလာလိုက်တာပါ။" ဟု ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။
"အိမ်မှာ ဘယ်သူတွေ ရှိကြလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"ဦးလေးဝိန်နဲ့ ဒေါ်လေးဝိန်တို့ပဲ ရှိတယ်။" ဟု ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။
"အစ်ကို ကော်လျန်နဲ့ သူ့ညီတို့လည်း ဒီနှစ် ပြန်မလာကြဘူးတဲ့။ အစ်မ မိန့်ကျားက သူ့အတန်းဖော် အိမ်ကို သွားနေတယ်။ ဒီနေ့တော့ အိမ်မှာ မရှိဘူး၊ ဒါပေမယ့် နှစ်သစ်ကူး ဒုတိယနေ့ကျရင် ဒီကိုလာလိမ့်မယ်။ ဦးလေးဝိန်နဲ့ အခြားသူတွေလည်း ပါလာနိုင်တယ်။" ဟု ကျိုးရွှမ်းက ပြောလိုက်သည်။
လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်သည်။ "ဟုတ်ပါပြီ၊ ဒါဆိုလည်း နှစ်သစ်ကူးမှာ ဟော့ပေါ့လုပ်ဖို့ သိမ်းထားတာပေါ့။"
ကျိုးချင်းပိုင်က လိမ္မော်သီးတစ်လုံး ယူလိုက်ပြီး သူမအတွက် အခွံနွှာပေးလိုက်သည်။ သူလည်း တစ်လုံးစား၏။ "ဒီလိမ္မော်သီးက ကောင်းလိုက်တာ"
"မဆိုးပါဘူး။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ အတော်လေးကြီးပြီး ချိုလည်း ချိုပါသည်။
အချိန်က စောနေသေးသဖြင့် ကျိုးချင်းပိုင်က အကြံပြုလိုက်သည်။ "လမ်းသွားလျှောက်ကြရအောင်လေ။"
"နင်တို့ အဘိုးတို့အိမ်မှာ ညစာသွားစားကြ၊ ဟူကျစ်နဲ့ ကန်းကျစ်တို့ သွားကြပြီ။" ဟု လင်းချင်းဟယ်က သားနှစ်ယောက်ကို ပြောလိုက်သည်။
သားနှစ်ယောက်ကို ညွှန်ကြားပြီးသွားသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က နှင်းထဲတွင် လမ်းထွက်လျှောက်ကြပါသည်။
"ဝိန်မိသားစုနဲ့ ကျွန်မ အမျိုးတော်ချင်မိတယ်။ ရှင်ကော ဘယ်လိုသဘောရလဲ။" ဟု လင်းချင်းဟယ်က ပြုံးရယ်ကာ ပြောလိုက်သည်။
"သူတို့လာမယ့်အချိန်ထိ စောင့်ကြည့်ပါဦး။" ဟု ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
ထိုကိစ္စများကို သူ သိပ်ပြီး အာရုံမထားသော်လည်း မိသားစုတစ်စု၏ အကြီးဆုံး ချွေးမဆိုသည်မှာ အလွန်အရေးကြီးလှပါသည်။ ထို့ကြောင့် တစ်ဖက် မိသားစုအခြေအနေ ဘယ်လိုရှိသလဲ သူတို့ အမှန်တကယ် စစ်ဆေးကြည့်ဖို့ လိုသေးသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး စကားအကြောင်းအရာကို အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၏ အိမ်အသစ်ဘက်သို့လှည့်လိုက်သည်။
ဒီနှစ်ထဲ အပြီးအပြတ် ဆောက်လုပ်ပြီးသွားကြပြီဖြစ်သည်။ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့မှာ သူတို့ထင်ထားသည်ထက် ပိုမို ချမ်းသာနေကြသည်။ အလွန်တောက်ပသော အုတ်နီအိမ်တစ်လုံးကို သူတို့ ဆောက်လုပ်ခဲ့ကြသည်။
အကြီးဆုံးမရီး၏ ပြောပုံအရဆိုရင်တော့ ရှေ့လျှောက်နေနိုင်ဖို့အတွက် သူမတို့ဘက်တွင် အခန်းတစ်ခန်း ပြုလုပ်ထားသည်။ အခန်းကောင်း အပိုတချို့လည်း ရှိသည့်ပုံပင်။ အိမ်ပရိဘောဂများ တပ်ဆင်ပြီးသွားသောအခါ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၏ စုငွေများ လုံးဝ ကုန်စင်သွားတော့သည်။
ဝက်မွေးခြင်း၊ ကြက်နှင့်ဘဲရောင်းချခြင်း၊ ဒီနှစ်ထဲ အစားအစာများ ရောင်းချခြင်းတို့မှ ငွေကျန်များအားလုံးနီးပါး သုံးလိုက်ရသည်။
သို့သော်လည်း ထိုကဲ့သို့ အိမ်ကြီးကြီး တစ်လုံးသို့ ပြောင်းရွှေ့လိုက်ရသောအခါ အကြီးဆုံးမရီး စကားကို နားထောင်ခြင်းဖြင့် သူမ ဘယ်လောက် ပြောနေမှန်း သိနိုင်ပါသည်။
ကျိုးချင်းပိုင်က ပြုံးကာ ပြောလိုက်သည်။ "ကိုယ်လည်း တစ်အိမ်လောက် လိုချင်လိုက်တာ။"
သူတို့ပိုင်ဆိုင်ထားသောအိမ်က ကလေးများအားလုံး အရွယ်ရောက်လာသောအခါ သေချာပေါက် လုံလောက်မည်မဟုတ်ပါ။ တစ်ခါတစ်ရံ သူတို့အိမ်ပြန်လာလည်ကြဦးမည်။ ဘာပဲဖြစ်ဖြစ် ပိုမို ကျယ်ပြန့်ဖို့ လိုအပ်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "နောက်မှပေါ့၊ စောင့်ပါဦး။"
အိမ်ထောင်စုစာရင်းအား ပြောင်းလဲပြီးပြီဖြစ်သော်လည်း သူတို့က ကျေးရွာသူကျေးရွာသားများ ဖြစ်နေဆဲ ဖြစ်ပါသည်။ ကျေးရွာက ထွက်လာသော်လည်း အဆက်အသွယ်များကို ဖြတ်လို့မဖြစ်ပါ။
အရေးအကြီးဆုံးကတော့ သူတို့မွေးရပ်မြေက ပတ်ဝန်းကျင် အခြေအနေမှာ ကောင်းမွန်လှပါသေးသည်။ အနာဂတ်တွင် အိမ်ပြန်လာပြီး ခဏလောက် လာနေပါကလည်း မဆိုးဝါးလှပါ။
အုတ်နီအိမ်မျိုးကိုတော့ မေ့လိုက်ပါတော့။ အချိန်ကျလာလျှင် ထိုဘက်တွင် မြေကွက် တစ်ကွက်ဝယ်ပြီး အဆောက်အဦးတစ်ခု ဆောက်လုပ်မည်ဖြစ်သည်။ ထိုကဲ့သို့ တစ်ထပ်အိမ်မျိုး မဟုတ်ပါ။
"ဒီအသက်အရွယ်နဲ့ ကိုယ်တို့ မွေးရပ်မြေမှာ ပြန်နေကြမလား။" ဟု ကျိုးချင်းပိုင်က သူ့မိန်းမကိုကြည့်ရင်း ပြောလိုက်သည်။
လင်းချင်းဟယ်က ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြောလိုက်သည်။ "ရှင်က အခု အသက် ဘယ်လောက်ရှိသေးလို့လဲ။ ရှင်က ပင်စင်ယူဖို့တောင် စဥ်းစားနေပြီပေါ့။"
"ကြိုတွေးထားတာ ပိုကောင်းတာပေါ့။" ကျိုးချင်ပိုင်က ဘေးဘီဘင် လှည့်ပတ်ကြည့်လိုက်ပြီး သူမလက်ကို ကိုင်လိုက်သည်။
လင်းချင်းဟယ်က သဘောကျစွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။ ဒီအဘိုးကြီးကတော့။ သူမလည်း ကျိုးချင်းပိုင်လက်ကို ဆုပ်ကိုင်လိုက်ပါသည်။
သူ့ယောက်ျားက အလွန်စိတ်ကူးယဥ်ဆန်သည်။ မြို့တော်တွင် နေထိုင်လို့ ကောင်းမွန်သော်လည်း အနာဂတ်တွင် သူအသက်ကြီးလာသောအခါ မွေးရပ်မြေတွင်သာ ပြန်အခြေချချင်မိပါသည်။
"နောက်ပိုင်းကျမှ စဥ်းစားကြည့်ကြတာပေါ့။ ကျွန်မတို့ မွေးရပ်မြေက ပိုကောင်းရင် ပြန်သွားဖို့က ပြဿနာမရှိပါဘူး။" ဟု လင်းချင်းဟယ်က သူ့ကို ချော့ပြောလိုက်သည်။
အနာဂတ်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့မယ်ဆိုတာ ယခုအချိန်မှာ သူ နားလည်သဘောပေါက်ဦးမှာ မဟုတ်ပေ။ အနာဂတ်တွင် မြို့ကြီးပြကြီးများက အသက်အရွယ်ကြီးရင့်သူများအတွက် အငြိမ်းစားယူပြီး နေထိုင်ဖို့ အသင့်တော်ဆုံး ဖြစ်ကြောင်း သူသိလာပါလိမ့်မည်။
ကျန်းမာရေးပဲဖြစ်ဖြစ်၊ လူထုဘေးကင်းရေးပဲဖြစ်ဖြစ်၊ အခြားဘယ်ကိစ္စပဲဖြစ်ဖြစ် ထိပ်တန်းအဆင့်များသာဖြစ်ကြသည်။
အမှန်ပင်။ သူတို့နှစ်ယောက်သား ပိုက်ဆံရှိဖို့တော့ လိုတာပေါ့။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်ကာ မိန်းမဖြစ်သူနှင့် လက်ချင်းတွဲလျက် လမ်းလျှောက်ခဲ့သည်။ ဒီအချိန်က ၁၉၈၂ ခုနှစ်ဖြစ်ပြီး နောက်နှစ်ဆိုလျှင် ၁၉၈၃ ခုနှစ် ရောက်ပြီဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်တာအတွင်း ယဥ်ကျေးမှုရိုးရာများလည်း အလွန်ပြောင်းလဲလာသည်။
ဥပမာအားဖြင့် တီဗီပေါ်တွင် အကြင်နာပေးသော ဇာတ်ဝင်ခန်းများစွာ ပါဝင်လာသည်။ ပြီးတော့ ဂီတဘက်တွင်လည်း ချိုချိုမြိန်မြိန် အချစ်သီချင်းများက လမ်းမတစ်လျှောက် လွှမ်းမိုးလို့နေပါသည်။
ထို့ကြောင့် သူတို့နှစ်ယောက် လက်ချင်းတွဲကာ လမ်းလျှောက်ခြင်းက အထွေအထူး မဟုတ်တော့ပါ။
"မင်း ကလေး မမွေးတော့နဲ့နော်။" လမ်းတစ်ဝက်လောက်အရောက်တွင် ကျိုးချင်းပိုင်က ရုတ်တရက်ကြီး ထပြောလိုက်သည်။
လင်းချင်းဟယ်က သူဘာကိုဆိုလိုမှန်း ချက်ချင်းနားလည်သွားသည်။ သူမဘေးက ယောက်ျားဖြစ်သူကို လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "ကလေး မမွေးရတော့ဘူး ဟုတ်လား။"
တကယ်တော့ သူမကိုယ်ဝန်ဆောင်နိုင်ဦးမည်ဟု လင်းချင်းဟယ် မထင်ပါ။ နောက်ထပ် နှစ်သစ် ရောက်လျှင် သူမ ၃၇ နှစ်ပြည့်ပြီဖြစ်သည်။ သားကြောဖြတ်ပြီးနောက် ကိုယ်ဝန်လွယ်ရနိုင်ချေက ၀.၀၁ ရာခိုင်နှုန်းသာရှိသည်။ သူမသည် ထိုကဲ့သို့ ကံကောင်းလောက်မည်တော့ မထင်မိပါ။
ကျိုးချင်းပိုင်ကိုက လက်မလျှော့နိုင် ဖြစ်နေခြင်း ဖြစ်ပါသည်။
သူက တကယ်ပဲ လေးယောက်မြောက် ကလေး လိုချင်နေသည်။
"ဟုတ်တယ်။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
မနေ့က အဘိုးဝမ် နေမကောင်းသဖြင့် ကျိုးချင်းပိုင် ဆေးရုံသို့ လိုက်ပို့ပေးသောအခါ အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးကို ဆေးရုံသို့ အလျင်အမြန် ခေါ်လာကြသည်ကို မြင်လိုက်ရသည်။
ပြီးတော့ အရေးပေါ်လည်း ဖြစ်သည်။
မကြာခင် ကလေးအမေဖြစ်တော့မည့် ထိုအမျိုးသမီးက မိသားစုဦးရေ ကန့်သတ်မှုကို ရှောင်လွှဲကာ ကလေးမွေးဖွားဖို့ကိုပဲ ခေါင်းမာစွာ တောင့်ခံထားသည်။ လက်ရှိတွင် မိသားစုဦးရေ ကန့်သတ်မှုကို ကြေညာထားပြီး နိုင်ငံတစ်နိုင်ငံလုံးကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြသည်။
သူနာပြုတစ်ယောက်၏ ပြောပုံအရ အရွယ်လွန် ကိုယ်ဝန်ဆောင်ခြင်းဖြစ်ပြီး အသက်အရွယ်ကြီးရင့်ချိန်တွင် မီးဖွားခြင်းက ကလေးမွေးဖို့ မလွယ်ကူဘဲ အန္တရာယ်များလှသည်။
ကျိုးချင်းပိုင်က သူ့မိန်းမအကြောင်း တွေးကြည့်လိုက်သည်။ သူ့မိန်းမက ငယ်ရွယ်ပြီး လှပသည့်ပုံပေါ်သော်လည်း အသက်က ၃၇ နှစ်နီးပါး ရှိနေပြီဖြစ်သည်။ သူမက အလွန်ချစ်ဖို့ကောင်းပြီး နုပျိုသောကြောင့် အနည်းငယ် စိတ်ပူမိပါသည်။
ဟုတ်သည်။ ကျိုးချင်းပိုင်၏ အမြင်တွင်တော့ သူ့မိန်းမက ပညာတတ်အသိုင်းအဝိုင်းများကြားတွင် ရှိနေသော်လည်း နုနယ်သော မိန်းကလေးတစ်ဦး ဖြစ်ပါသည်။
အလိုလိုက်ပြီး ချော့မော့ရသော မိန်းကလေးမျိုးဖြစ်သည်။ ကျိုးချင်းပိုင်သည် ထိုအရွယ်လွန် ကိုယ်ဝန်ဆောင်သည်၏ အော်သံကို ကြားမိရုံနှင့်ပင် ကြက်သီးများ ထနေမိသည်။
အခုအခြေအနေများက အဆင်ပြေနေသည်ဟု သူတွေးမိသည်။ လေးယောက်မြောက် ကလေးမရနိုင်လည်း ရှိပါစေတော့။
ကျိုးချင်းပိုင်တစ်ယောက် ဒီလောက် လေးလေးနက်နက် စဥ်းစားထားမှန်း လင်းချင်းဟယ် မသိခဲ့ပါ။ သို့သော်လည်း သူမ အနည်းငယ် စိတ်အေးသွားခဲ့ပါသည်။ သူမ ကလေးမွေးပေးစရာ မလိုတော့သောကြောင့် စိတ်အေးသွားခြင်း မဟုတ်ဘဲ ကျိုးချင်းပိုင်တစ်ယောက် စိတ်လျှော့လိုက်နိုင်သဖြင့် စိတ်အေးခြင်းဖြစ်ပါသည်။ သူမ ကလေးမွေးမပေးနိုင်ပါက သူ အရမ်းစိတ်ပျက်မိမည် မဟုတ်တော့ပါ။
တကယ်တော့ အမှန်တိုင်းပြောရလျှင် လင်းချင်းဟယ်က ဒီယောက်ျားကို အမှန်တကယ် ချစ်မိသွားခဲ့ပါသည်။ သူ့အတွက် ကလေးမွေးပေးချင်မိသည်။ ထို့အပြင် ထိုကလေးက သူမ(ကူးပြောင်းလာပြီးနောက်)နှင့် ကျိုးချင်းပိုင်တို့၏ ကလေးဟု သတ်မှတ်နိုင်သည်။ သို့သော် လောင်တနှင့် သူ့ညီများကိုလည်း လင်းချင်းဟယ် ခွဲခွဲခြားခြား မဆက်ဆံပါ။
သူတို့အားလုံးကို သူမ မွေးဖွားပေးခဲ့သည်။
မတတ်နိုင်ပါ။ မူလခန္ဓာကိုယ်ပိုင်ရှင်က တကယ်ပဲ ရက်စက်လှပါသည်။ သားသုံးယောက်ကို မွေးဖွားပြီးနောက် သူမ၏ အခြေအနေက တည်ငြိမ်သွားမှန်း သိသဖြင့် တစ်ခါတည်း သားကြောဖြတ်လိုက်သည်။ နောက်မှ ရောက်လာသည့် သူမက ဘာလုပ်နိုင်တော့မည်နည်း။
ကျိုးချင်းပိုင်နှင့် သူမ အတူတူစနေကတည်းက သူ့ရင်ထဲတွင် လေးယောက်မြောက် ကလေးကို တမ်းတနေခဲ့သည်။
အထူးသဖြင့် သမီးမိန်းကလေးကို လိုချင်နေခဲ့တာ ဖြစ်သည်။ သို့သော် ကိုယ်ဝန်ရလာပါက သားဖြစ်နေလည်း ချစ်မည် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာသောအခါ နှလုံးရောဂါလိုပင် ဖြစ်လာသည်။ လင်းချင်းဟယ်က သူ့ကို စိတ်မပျက်စေချင်ပါ။ ကျိုးချင်းပိုင်သည် ဘဝတွင် သူမထံမှ တောင်းဆိုဖူးသည့် အရာဆိုလို့ လေးယောက်မြောက် ကလေးမွေးပေးဖို့သာဖြစ်သည်။
သူမ ယောက်ျားက အခြား ဘာမှ မတောင်းဆိုဖူးပါ။
"နောက်ပိုင်းကျရင် သားကြီးနဲ့ သားလတ်တို့က သားသမီးတွေ အများကြီးရှိမှာမဟုတ်ဘူး။ သားငယ်ကလည်း သူ့အလုပ်သူလုပ်ဖို့ ထွက်သွားလိမ့်မယ်။ အချိန်ကျလာရင် သူ့ကို ကလေးတွေ ပိုယူခိုင်းလိုက်ပေါ့။ မြေးမလေး တစ်ယောက်တော့ ရလာမှာပါ။" ဟု လင်းချင်းဟယ်က နှစ်သိမ့်ပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ ပုံမှန်အတိုင်းပဲ ချစ်ကြမှာပဲလေ။"
ကျိုးချင်းပိုင်က ဘာမှမပြောတော့ပါ။ စဥ်းစားကြည့်မှ သမီး မချီနိုင်တော့သဖြင့် မြေးမလေးကို ချီရလည်း မဆိုးရွားလှပါ။
"ဆိုင်တစ်ဆိုင်ပေးမယ်။ ကျွန်မတို့ကို မြေးမလေး မွေးပေးတဲ့လူကို ဆိုင်တစ်ဆိုင် ဆုချမယ်။" ဟု လင်းချင်းဟယ်က ဆက်ပြောလိုက်သည်။
ကျိုးချင်းပိုင်က ရယ်မောလိုက်သည်။ ကောင်းလိုက်တဲ့ အကြံပါလား။