← Chapters

ဉာဏ်ကြီးရှင်

Vol. 1 Ch. 1

ဉာဏ်ကြီးရှင်

Vol. 1 Ch. 1

ထျန်းရွှမ်ကမ္ဘာ။

အနောက်ဘက်ကုန်းမြေ။

ကျိုးရွှမ်တောင်။

ကျိုးရွှမ်တောင်ဓားဂိုဏ်း၏ဂိတ်တံခါးအပြင်ဘက်၌…

“ကျွန်တော်က ဉာဏ်အရမ်းကောင်းပါတယ်။ စီနီယာ… ကျွန်တော့ကို အခွင့်အရေးတစ်ခါလောက်ပေးပါ”

ခရမ်းရောင်ကျောက်စိမ်းရင်ပြင်၌ ဟန်မူယဲ့သည် တာအိုဆရာတစ်ဦး၏လက်ကို ဖမ်းဆုပ်ကာ တီးတိုးပြောနေသည်။

တာအိုဆရာက သူ့စကားကိုကြားလျှင် သူ့လက်မောင်းကို ခါယမ်းကာ ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် သူက ရယ်မော၍ ပြောသည်။

“မင်းကိုယ်မင်းလည်း ကြည့်ဦး… ဒီလိုနေရာမျိုးမှာ ဘယ်သူက ဉာဏ်မကောင်းဘဲ နေမှာလဲ…”

ဟန်မူယဲ့က အနီးအနားကိုကြည့်လျှင် အေးစက်ကာ လှောင်ပြောင်သော အကြည့်များကိုသာ တွေ့ရသည်။

ကျိုးရွှမ်တောင်ဓားဂိုဏ်းသည် အနောက်ဘက်ကုန်းမြေမှ အင်အားကြီးဂိုဏ်းကိုးဂိုဏ်းထဲမှ တစ်ခုဖြစ်သည်။ ဤနေရာကိုလာကာ တပည့်ခံလိုသူများမှာ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျသူ မည်သူ ရှိသနည်း။

ဟန်မူယဲ့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

သူ၏နားလည်နိုင်စွမ်းကား အလွန်မြင့်မား၏။

ကမ္ဘာမြေမှ ပြန်ဝင်စားလာခဲ့ခြင်းက သူ့အား မြင့်မားသော နားလည်နိုင်စွမ်းကို ပေးခဲ့သည်။

သို့သော်လည်း သူ့ပါရမီကို စမ်းသပ်သောအခါ အနိမ့်ဆုံးအတန်းအစားဖြစ်သော နံပါတ် ကိုး အမျိုးအစား ဖြစ်နေသည်။

နံပါတ်ကိုး အမျိုးအစား ခန္ဓာကိုယ်တည်ဆောက်ပုံအရ သူသည် နှစ်တစ်ရာ လေ့ကျင့်လျှင်ပင် အခြေခံရင်းမြစ်အဆင့်သို့ ရောက်မည် မဟုတ်ပါ။

သူ့ နားလည်နိုင်စွမ်းက မည်မျှ မြင့်မားသည်ဖြစ်စေ၊ ထိုသို့ ဆိုးဝါးသော ခန္ဓာကိုယ်တည်ဆောင်ပုံအရ အသုံးမကျသူသာ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် သူသည် ကျိုးရွှမ်တောင်ဓားဂိုဏ်းမှ အညှာအတာကင်းမဲ့စွာ ငြင်းပယ်ခံရ၏။

သူသည် နောက်ခံ၊ ကိုယ်ကျင့်တရား၊ အသက်ရွယ်နှင့် တခြားသော စံညွှန်းများအားလုံးဖြင့် ကိုက်ညီခဲ့သော်လည်း နောက်ဆုံးအဆင့်ကျမှ ကျရှုံးခဲ့သည်။

ထျန်းရွှမ်ကမ္ဘာသည် ကျင့်ကြံခြင်းလောက ဖြစ်သည်။ မကျင့်ကြံနိုင်သော လူသားများမှာ ပုရွက်ဆိတ်များနှင့် မခြားပါ။

ပုရွက်ဆိတ်များအနေဖြင့် အစွမ်းကြီးမားသူများ၏မျက်လုံးထဲတွင် တန်ဖိုးမရှိပါ။

ထိုအခိုက်တွင် ဟန်မူယဲ့အား မည်သူမှ အလေးထားကြည့်ရှုခြင်း မရှိကြချေ။

နေမင်းသည် တဖြေးဖြေးနှင့် အနောက်ဘက်သို့ ကျဆင်းလာချေသည်။

ရင်ပြင်တွင်လည်း လူများ တဖြေးဖြေး ပိုမိုနည်းပါးလာ၏။

လုံလောက်သော ပါရမီဖြင့် လူများမှာ ဂိတ်တံခါးမှတစ်ဆင့် ဂိုဏ်းအတွင်းသို့ ပျော်ပျော်ကြီး ဝင်သွားကြလေပြီ။

နိမ့်ကျသော ပါရမီဖြင့်လူများမှာကား နေမဝင်မှီ၌ပင် စောစီးစွာ ထွက်သွားကြချေပြီ။

သူတို့၏ဘဝတွင် ကျင့်ကြံခြင်းလောကအိပ်မက်များကို လက်လျှော့ကြရပေတော့မည်။

ဟန်မူယဲ့က ဂိတ်တံခါးကို လက်သီးတင်းတင်းဆုပ်ကာ ကြည့်သည်။

သူ့အနေဖြင့် အခွင့်အရေး တစ်ကြိမ်ကိုသာ လိုအပ်သည်။

ကျင့်ကြံရန် အခွင့်အရေးတစ်ခုမျှသာ…

ဂိုဏ်းဝင်သာ ဖြစ်ခွင့်ပေးပါလျှင် သူ၏အမြင့်ဆုံးနားလည်နိုင်စွမ်းဖြင့် ကြီးမားစွာ တိုးတက်နိုင်သည်ကို သူ ယုံကြည်၏။

ကျိုးရွှမ်တောင်ဂိုဏ်းအား ဝင်ခွင့်ရရန် သူသည် အချိန်နှစ်ဝက်ခန့် စောင့်ဆိုင်းခဲ့ရ၏။

သို့သော် သူ့မျှော်လင့်ချက်များအားလုံးမှာ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

သူက တခြားဂိုဏ်းများသို့ သွားကြည့်သင့်သလော…။

ကျိုးရွှမ်တောင်ဂိုဏ်းမှ သူ့အား အဆင့်နိမ့်ပါရမီကြောင့် ငြင်းပယ်ခဲ့လျှင် တခြားဂိုဏ်းများကလည်း သူ့ကို လက်ခံမည်မဟုတ်မှန်း သူ နားလည်သည်။

ထို့အပြင် သူ အကြိုက်တွေ့မိသော ဂိုဏ်းများမှာ မိုင်ပေါင်းများစွာ ဝေးကွာသည်။ ကျင့်ကြံခြင်းစွမ်းရည်မရှိဘဲ ထိုနေရာများသို့ ခရီးသွားရန်မှာ မဖြစ်နိုင်ချေ။

ဟန်မူယဲ့သည် ရင်ပြင်အနီးအနားကို ဟိုဟိုဒီဒီ ကြည့်နေရင်း မျက်တောင်တစ်ချက် ပင့်လိုက်သည်။ သူက ရှေ့သို့ လှမ်းကာ ကြေးနီရောင်ခုံတစ်လုံးအား ကောက်ယူလိုက်၏။

ခုံကြီးမှာ အတော်ကြီးလေးလံရာ သူ့လက်များမှ နာကျင်မှုကို ခံစားရသည်။

သို့သော်လည်း သူက အတတ်နိုင်ဆုံး ခုံအား ဂိတ်တံခါးထံသို့ သယ်ဆောင်ရန် ကြိုးစား၏။

သူ့အပြင် လူတချို့မှာလည်း တပည့်လက်ခံခြင်းအခမ်းအနား၌ အသုံးပြုခဲ့သော ခုံများ၊ စားပွဲများကို တောင်ပေါ်သို့ ရွှေ့ပြောင်းနေကြ၏။

ဘန်း…

ဟန်မူယဲ့က ခုံများကို သယ်ကာ ရှေ့ကို လှမ်းလိုက်ချိန်တွင်ပင် လက်တစ်ချောင်းသည် သူသယ်ထားသော ခုံကို လာရိုက်သည်။

ဟန်မူယဲ့မှာ နောက်ကို ဖင်ထိုင်လဲကျသွားသလို ခုံမှာလည်း မြေပြင်ပေါ်သို့ ပြန်ကျသွားသည်။

“ကောင်လေး… ဒီ အဝတ်အစားမပါဘဲ မင်းက ခုံတစ်လုံးကိုတောင် သယ်ဖို့ အခွင့်အရေး မရှိတာ နားလည်လား”

အရပ်ရှစ်ပေခန့် ရှည်ကာ သန်မာသောလူကြီးတစ်ဦးသည် သူ့ကိုယ်ပေါ်မှ မီးခိုးရောင်ဝတ်စုံအား လက်ညိုးထိုးပြကာ နှာခေါင်းရှုံ့သည်။ ထို့နောက် သူက ဟန်မူယဲ့ သယ်ရန် ကြိုးစားခဲ့သော ခုံအား လှမ်းဆွဲကာ တောင်ကုန်းဂိတ်တံခါးသို့ လှမ်းသွားလိုက်သည်။

‘ဗြဲ… အလုပ်သမားအဆင့်က ဘယ်လောက် ကောင်းနေလို့လဲ…’

သို့သော်လည်း ၎င်းမှာ အမှန်တကယ် ကောင်းမွန်လှသည်။

ဟန်မူယဲ့သည် ရှေ့ကို အလျင်အမြန် ပြေးကာ ထိုခုံ၏ခြေထောက်အား လှမ်းဆွဲလိုက်သည်။

ထိုလူကြီးက နောက်လှည့်ကာ သူ့အား ရန်လိုစွာ ကြည့်သည်။

“ကောင်လေး… မင်းပြဿနာရှာရဲရင်…”

သူ့စကားမှာ ဟန်မူယဲ့၏လက်ထဲမှ အလင်းတစ်ချက်ကြောင့် ပြတ်တောက်သွား၏။

၎င်းမှာ ဝိညာဉ်ကျောက်တုံးအစတစ်ခု ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးမှာ ထျန်းရွှမ်ကမ္ဘာ၌ အများသုံးပိုက်ဆံဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း၊ ဝယ်ယူခြင်း၊ ခရီးသွားခြင်းနှင့် တိုက်ခိုက်ခြင်းများအတွက် မရှိမဖြစ်, ဖြစ်သည်။

ကျင့်ကြံခြင်းလောက၌ စည်းစိမ်ဥစ္စာ၊ အစွမ်း၊ အပေါင်းအဖော်နှင့် မြေယာတို့မှာ မရှိမဖြစ် လေးခုသော အရာ ဖြစ်သည်။ စည်းစိမ်ဥစ္စာမှာ နံပါတ်၁ နေရာ၌ ရှိသည်။

ဟန်မူယဲ့က လူကြီးအား ကြည့်သည်။

လူကြီးက အနားအနားကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းညိတ်၏။ နှစ်ဦးသား ခုံကို သယ်ကာ တောင်ကုန်းဂိတ်၏ထောင့်နားသို့ ရောက်လာကြသည်။

“အစ်ကိုကြီး… ကျုပ်က ဂိုဏ်းထဲကို ဝင်ရရန် ဖြစ်ပြီ”

သူ့တွင် ဂိုဏ်း၌ နေထိုင်ရန် အကြောင်းပြချက်တစ်ခု တွေးထားပြီး ဖြစ်သည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးအား လှမ်းပေးကာ တီးတိုးပြောသည် “ကျုပ်က လူတစ်ယောက်နဲ့ ရန်ဖြစ်မိတာ။ အခု သူ့လူတွေ တောင်အောက်မှာ စောင့်နေတယ်။ ကျုပ်သာ တောင်ပေါ်က ဆင်းသွားရန် သေပြီပဲ…”

ထျန်းရွှမ်ကမ္ဘာမှာ စည်းမျဉ်းဥပဒေဿများဖြင့် အုပ်ချုပ်သူများ ရှိသော်လည်း အနောက်ဘက်ကုန်းမြေကတော့ ကွဲပြားသည်။

အနောက်ဘက်ကုန်းမြေတွင် အင်အားကြီးသူသာ ဥပဒေ ဖြစ်သည်။

မိမိထက် အင်အားကြီးသူနှင့် ရန်ဖြစ်မိ၍ ရိုက်သတ်ခံရသူများမှာ ဤနေရာတွင် မကြာခဏ မြင်တွေ့နိုင်သည်။

လူကြီးက ခေါင်းညိတ်ကာ ဟန်မူယဲ့ကမ်းပေးသော ဝိညာဉ်ကျောက်တုံးကို လှမ်းယူသည်။

“ဟမ်…”

လူကြီးက ဝိညာဉ်ကျောက်တုံးကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ပြုံးလျှက် ခေါင်းညိတ်သည်။

“ကောင်းပါပြီ”

‘ငါက ဒီဝိညာဉ်ကျောက်တုံးကို ရဖို့ တောင်ခြေမှာ နှစ်ဝက်လောက် စျေးရောင်းခဲ့ရတာ။ ဘယ်လိုလုပ် အလွယ်တကူ ပေးနိုင်မှာလဲ’

သူ့ယခင်ဘဝ၌ သူသည် ကတိမတည်သော မိတ်ဆွေများ အများအပြား တွေ့ဖူးသည်။ ယနေ့ ဟန်မူယဲ့က ထိုအမှားများ လုပ်လိမ့်မည် မဟုတ်ပါ။

လူကြီးက ဟန်မူယဲ့၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို အတင်းမဆွဲယူပါ။ သူက ခဏမျှ တွေးလိုက်ပြီး တီးတိုးပြောသည် “မင်းက ကျိုးရွှမ်ဓားဂိုဏ်းကို ဝင်ရရန် အဆင်ပြေတယ်မလား”

ဟန်မူယဲ့က အလျင်အမြန် ခေါင်းညိတ်သည်။

ဤလူက သူ့အား အမှန်တကယ် ကူညီနိုင်မည်ဟု မမျှော်လင့်ထားပါ။

သူက တောင်ကုန်းပေါ်သို့ တက်ရလျှင် အဆင်ပြေပြီ။

သူ၏အမြင့်ဆုံး နားလည်နိုင်စွမ်းဖြင့် ဆိုပါက အခွင့်အရေးရသည်နှင့် တစ်စုံတစ်ခုကို ဖမ်းဆုပ်နိုင်ပေလိမ့်မည်။

“ကောင်းပြီ… ဓားစံအိမ်မှာ ဓားထိန်းတစ်ယောက် လိုနေတယ်။ ငါ မင်းကို ခေါ်သွားမယ်”

ဓားစံအိမ်…

‘နာမည်က အတော်လေး မိုက်တယ်…’

‘ဓားထိန်း…’

‘ဒါက ဘယ်လို အလုပ်လဲ’

လုကောဟု ခေါ်သောလူနောက်ကို ခုံတစ်ခုံးသယ်ကာ လိုက်ပါလာရင်း ဟန်မူယဲ့မှာ ကျိုးရွှမ်ဓားဂိုဏ်းအတွင်းသို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့သည်။

သက်ပြင်းတစ်ချက်ရှိုက်ရင်း ဟန်မူယဲ့သည် ချီဓာတ်များ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည့် ခံစားချက်ကို ရသည်။

“ဒါက ချီဓာတ်အနံ့ပဲ…”

“နေစမ်းပါ… ကျိုးရွှမ်တောင်ပေါ်မှာ တောင်အနောက်ဘက်က လျှို့ဝှက်နယ်မြေမှာပဲ ချီဓာတ်တွေ ရှိတာ။ မင်း ဒီမှာ အသက်ရှုတာ တောင်ခြေနဲ့ ဘာမှ မကွာဘူး”

“ပြီးတော့ မင်းရဲ့ အသုံးမကျတဲ့ ချီအမြုတေကိုထား… ပထမတန်းစား ချီအမြုတေတွေတောင်မှ ချီဓာတ်ကို ခံစားမိမှာ မဟုတ်ဘူး”

လုကော၏စကားက သူ့အတွေးရိုင်းများကို ပြတ်တောက်စေသည်။

ခုံအား စတိုခန်းထဲတွင် ထည့်ပြီးနောက် လုကောက ဟန်မူယဲ့အား ဓားစံအိမ်ထံသို့ ဦးဆောင်ခေါ်လာသည်။

ဝင်လုဆဲနေရောင်အောက်တွင် ဓားစံအိမ်မှာ ရွှေရောင်အလင်းများဖြင့် ခြုံလွှမ်းထားဟန်တူသည်။

လုကောက အတော်ဝေးဝေးတစ်နေရာတွင် ရပ်လိုက်သည်။

“ဒါက ဓားစံအိမ်ပဲ။ ဝင်ပေါက်ကို သွားပြီးတော့ ဟွမ်လောင်လျှို လို့ခေါ်တဲ့တစ်ယောက်ကို ခေါ်လိုက်။ သူက မင်းကို ဓားထိန်းဖြစ်ဖို့ ကူညီလိမ့်မယ်”

လုကောက ပြောကာ လက်ဆန့်တန်းသည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးအား ကမ်းပေးလိုက်ကာ ပြောသည် “အစ်ကိုလုရဲ့ ကျေးဇူးကြီးလှပါတယ်။ ကျုပ် အဆင်ပြေသွားရန် နောက်ရက်ပိုင်း သေရည်တိုက်ပါ့မယ်”

လုကောက ပြုံးသည်။

“သွား…သွား…”

ဟန်မူယဲ့က ဓားစံအိမ်ထံသို့ လှမ်းသွားလိုက်သည်။

သူ့နောက်တွင် လုကောက ဝိညာဉ်ကျောက်တုံးကို သွားနှင့်တစ်ချက်ကိုက်ကာ ပါးတွင်လည်း နှစ်ချက် ပွတ်လိုက်သေးသည်။

“ကျေးဇူး… ကျေးဇူးက စားလို့ရလို့လား”

“ကောင်လေး… နောက်တစ်ခေါက် မင်းသေရည်ကို သောက်တဲ့အချိန်ကျရင်း မင်းဇာပန ဖြစ်နေမှာ စိုးတယ်”

သူက ထိုသို့ရေရွက်ရင်း ဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းလိုက်ကာ ထိုနေရာမှ ထွက်သွားသည်။ သူက ဓားစံအိမ်အား တစ်ချက်မျှပင် မကြည့်ချေ။

ဟန်မူယဲ့ကား ဓားစံအိမ်အဝင်ဝတွင် ရပ်နေပြီ ဖြစ်သည်။

စံအိမ်မှာ လေးထပ်အဆောက်အဦ ဖြစ်သည်။

စံအိမ်အနီးတွင်ရပ်ရင်း ၎င်းမှ အေးစက်သော အငွေ့အသက်များကို ခံစားမိကာ သူသည် ကြက်သီးများပင် ထမိသည်။

“စံအိမ်က နေဝင်ရင် ပိတ်တယ်။ စည်းကမ်းအရ မင်းဟာ မနက်ဖြန်မှ ဓားကို လာယူရတော့မယ်”

ဟန်မူယဲ့က စံအိမ်ရှေ့မှ ကိုးဆင့်လှေကားထစ်ကို မတက်မီတွင်ပင် တင်းတင်းစေ့ထားသော တံခါးအတွင်းမှ အိုမင်းဟန်ရနေသော အသံတစ်သံကို ကြားရသည်။

သူက ဟွမ်လောင်လျှိုလား…။

ဟန်မူယဲ့သည် ဓားစံအိမ်အပြင်တွင်ရပ်ကာ လက်နှစ်ဖက်ကို အုပ်မိုး၍ ပြောသည်။

“စီနိယာ… ကျွန်တော်က ဒီမှာ ဓားထိန်းလုပ်ဖို့အတွက် အလုပ်သမားခန်းဆောင်က လွှတ်လိုက်တာပါ”

သူ့စကားဆုံးသည်နှင့် ဝင်ပေါက်တံခါး ပွင့်လာသည်။

ဆံပင်ဖြူကာ အိုမင်းရင့်ရော်နေသော မျက်နှာဖြင့် အဖိုးအိုတစ်ဦး ပေါ်လာကာ ဟန်မူယဲ့ကို ခေါင်းဆုံး ခြေဆုံး ကြည့်သည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောသည်။

“ဓားစံအိမ်မှာ ဓားအရေအတွက် တစ်သိန်းလောက်ရှိတယ်။ ဓားချီတွေက ကြမ်းတမ်းတော့ ဒီနေရာက လူတွေကို ဒဏ်ဖြစ်စေတယ်”

“ကျင့်ကြံဆင့်မရှိရင် မင်းဟာ ဒီမှာ တစ်နှစ်ပဲ အသက်ရှင်ခွင့်ရှိတယ်”

“မင်း ဒီကို သေဖို့ ရောက်လာတာလား”

All Chapters