← Chapters

အကြည့်တစ်ချက်ဖြင့် ဉာဏ်အလင်းရ

Vol. 1 Ch. 2

အကြည့်တစ်ချက်ဖြင့် ဉာဏ်အလင်းရ

Vol. 1 Ch. 2

သေဖို့အတွက်လား…

စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည့်တိုင် သူ့မှာ အထိတ်တလန့် ဖြစ်ရ၏။

ကျင့်ကြံဆင့်မရှိပါဘဲ မည်သူမှ တစ်နှစ်ထက် ပို၍ အသက်မရှင်နိုင်…

ဓားစံအိမ်မှာ အလွယ်တကူ ဝင်နိုင်သောနေရာ မဟုတ်မှန်း သူ သိသော်လည်း သည်မျှ အန္တရာယ်များမည်ဟု သူ မထင်ထားပါ။

တခဏမျှ တွေးလိုက်ပြီးနောက် သူက ဟွမ်လောင်လျှိုကို ကြည့်ကာ လက်နှစ်ဖက်ဆုပ်၍ ပြောသည်။

“စီနီယာ… တကယ်လို့ ကျင့်ကြံဆင့်ရှိမယ်ဆိုရင် တစ်နှစ်ထက် ပိုအသက်ရှင်နိုင်မှာလား”

“တစ်နှစ်အတွင်းမှာ ဘယ်အချိန်လောက်ကစပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမှာလဲ”

“စီနီယာ… ဓားချီက ဘယ်လိုထူးခြားတာလဲ။ ကျွန်တော် သတိထားရင် တစ်နှစ်ထက် ပိုအသက်ရှင်မှာလား”

သူ၏အဆက်မပြတ်သော မေးခွန်းများက ဟွမ်လောင်လျှိုကို မှင်တက်သွားစေသည်။

သူက ဟန်မူယဲ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ ပြောသည်။

“မင်း တကယ်ပဲ ဓားထိန်း ဖြစ်ချင်တာလား”

‘ဘယ်ဖြစ်ချင်ပါ့မလဲ…’

သို့သော် တခြားနည်းလမ်း မရှိပါချေ။

ဟန်မူယဲ့ ခေါင်းညိတ်လိုက်သည်။

ဟွမ်လောင်လျှိုက ရှေ့သွားနှစ်ချောင်း ကျိုးနေသော သွားများပေါ်အောင် ရယ်သည်။

“ငါနဲ့လိုက်ခဲ့…”

သူက ဟန်မူယဲ့အား စံအိမ်ထဲသို့ ခေါ်သည်။

ဟန်မူယဲ့ စံအိမ်ထဲကို ဝင်လိုက်သည်နှင့် သူ့အမွှေးအမျှင်များ ထောင်မတ်သွားသလို ခံစားလိုက်ရ၏။

သစ်သားစင်များတွင် မရေမတွက်နိုင်သော ဓားရှည်များ…

တချို့သော ဓားရှည်များမှာ နက်မှောင်ကာ အေးစက်သော အလင်းများပေးကာ တစ်စုံတစ်ယောက်အား ဝါးမျိုရန် စောင့်နေသည့်ဟန်ရှိသည်။

တချို့မှာ ရိုးရှင်းဟန်ရသော်လည်း အိပ်ပျော်နေသော သားရိုင်းများနှင့်တူ၏။ ၎င်းဓားများကို ဓားအိမ်မှ ထုတ်လိုက်သည်နှင့် အန္တရာယ်ပေးမည့်ဟန်ရှိသည်။

အမှောင်ကျနေသော ထောင့်တစ်နေရာတွင်ကား အလင်းတစ်ချက်နှင့်အတူ ဓားတစ်လက်မှာ ပျံသန်းသွားတော့မည့်အလား ထင်ရ၏။

အေးစက်သော လေပြင်းတစ်ချက်က သူ့ကို ဝှေ့သွားသောအခါ သူ့သွားများမှာ အလိုအလျောက် တဂတ်ဂတ် ရိုက်မိသည်။

“မဆိုးဘူး… မင်းက အထဲကို ဝင်ပြီးတာတောင် သေးမထွက်ကျဘူးပဲ”

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား လှမ်းကြည့်ကာ ရှေ့မှ မရေမတွက်နိုင်သောဓားများကို လက်ညိုးထိုးပြသည်။

“ဓားထိန်းတွေရဲ့တာဝန်က ဒီဓားတွေကို စောင့်ကြည့်ဖို့ပဲ”

သည်ဓားများမှာ စောင့်ကြည့်ရန် လိုသည်လား…။

ဟန်မူယဲ့ ကောင်းကောင်း နားမလည်ပါ။

“အသစ် သွန်းလုပ်ထားတဲ့ဓားတွေက အဆင်ပြေတယ်။ ဒါပေမဲ့ အရင်ကတည်းက သုံးထားပြီးသားဓားတွေဟာ အငြိုးအတေးတွေ၊ အစွဲတွေ မကင်းစင်သေးတာကြောင့် ညလယ်ကြီးမှာ ရုတ်တရက် သွေးဆာလာတာမျိုး ဖြစ်နိုင်တယ်။ ဒီလိုဓားတွေက စောင့်ကြည့်သင့်တယ်လို့ မင်း မထင်ဘူးလား”

ဟွမ်လောင်လျှိုက ရယ်သည်။ သူ ရယ်လိုက်လျှင် ကျိုးနေသော သွားများ ပေါ်လာရာ ကျောချမ်းစရာဓားအလင်းများနှင့်ပေါင်းလျှင် တနည်းအားဖြင့် ကြောက်စရာကောင်းလှ၏။

ဓားများက သွေးဆာသည်လား…

ဟန်မူယဲ့မှာ သည်အလုပ်အား ရွေးမိချင်းအပေါ် နောင်တရသလို ဖြစ်လာသည်။

“ဒါပေမဲ့ ဓားစံအိမ်ရဲ့ ဓားထိန်းတစ်ယောက်အနေနဲ့ မင်း အသက်မသေသေးသရွေ့ ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို လတိုင်း ရမယ်။ ဒါက တခြား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့်တွေနဲ့ တူညီတဲ့ အကျိုးခံစားခွင့်ပဲ…”

“တကယ်လို့ ဆယ်နှစ်အတွင်း အသက်မသေခဲ့ရင် အံ့ဖွယ်ကိုးပါးဂိုဏ်းရဲ့ စီမံခန့်ခွဲရေးမှူး တိုက်ရိုက် ဖြစ်လာမယ်”

“နှစ်ခြောက်ဆယ်အတွင်း မသေရင်တော့… ဟီး…ဟီး…”

ဟန်မူယဲ့ကား ဟွမ်လောင်လျှို ဆက်ပြောသော စကားများကို ဂရုမစိုက်တော့ပါ။

ဝိညာဉ်ကျောက်တုံး ၁၀တုံးသော လစာနှင့် ဂိုဏ်းတပည့်ဖြစ်ရခြင်းက သူ့အတွက် လုံလောက်၏။

သူ၏အမြင့်ဆုံး နားလည်နိုင်စွမ်းနှင့်ဆိုပါက ကျင့်ကြံခြင်း၌ အောင်မြင်မည်ဟု အခိုင်အမာယုံကြည်သည်။

“မင်း စိတ်ဝင်စားလား…”

ဟွမ်လောင်လျှိုက ဘေးနားမှ အခန်းငယ်လေးတစ်ခုအား လက်ညိုးထိုးပြသည်။

“အရင်ဓားထိန်းဟောင်းက သုံးရက်လောက်က ထွက်သွားတယ်။ မင်း သူ့အခန်းမှာ နေပါ”

အခန်းထဲကို ဝင်လာပြီးနောက်တွင် ဟန်မူယဲ့သည် သစ်သားကုတင်တစ်လုံးနှင့် စားပွဲခုံတစ်လုံးကို မြင်သည်။

သူသည် ရက်အနည်းငယ်ခန့် စိတ်ပင်ပန်းထားသဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်နှင့် မကြာခင် အိပ်ပျော်သွားတော့သည်။

သူ နိုးလာပြီး အခန်းပြင်သို့ ထွက်လာသောအခါ မိုးလင်းနေပြီ ဖြစ်သည်။

ဟွမ်လောင်လျှိုက သူ့အား ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ စံအိမ်နောက်မှ အဆောင်ငယ်လေးတစ်ခုသို့ ခေါ်ကာ ကိုယ်လက်သန့်စင်စေသည်။ ထို့နောက် သူက ကျောက်တုံးစားပွဲပေါ်မှ ပေါက်စီတချို့အား လက်ညိုးထိုးပြ၏။

“မနက်စာစားလိုက်ဦး။ ငါ မင်းအတွက် ဂိုဏ်းအမှတ်အသားနဲ့ ဝတ်စုံ သွားယူပေးမယ်”

ဟွမ်လောင်လျှို၏ကူညီပေးမှုကို ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်သည်။

“ကျေးဇူးပါ စီနီယာ…”

ဟွမ်လောင်လျှိုက ဟန်မူယဲ့၏နာမည်၊ နောက်ခံနှင့် တခြားအချက်အလက်တချို့ကို မှတ်သားကာ ထွက်သွား၏။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက ရုတ်တရက် နောက်လှည့်ကာ ပြောသည် “ငါ့ကို စီနီယာလို့ မခေါ်နဲ့… ငါက မင်းထက် သိပ်မကြီးဘူး”

ပေါက်စီများ ဝါးနေသော ဟန်မူယဲ့မှာ ထိုနေရာတွင် တောင့်တင်းသွား၏။ ဟွမ်လောင်လျှို့ ထွက်သွားပြီးသည့်တိုင် သူ့မှာ မိန်းမောနေဆဲ ဖြစ်သည်။

ဟွမ်လောင်လျှို၏ခါးမှာ ကိုင်းနေသလို ဆံပင်များလည်း ဖြူနေသည်။ သွားတချို့လည်း ကျိုးနေရာ သူသည် သေချာပေါက် အိုမင်းနေချေပြီ။

သို့သော် သူက ဟန်မူယဲ့ထက် နှစ်အနည်းငယ်သာ ကြီးသည်ဟု ဆို၏။

သူ၏ ပုံမှန်မဟုတ်သော အိုမင်းခြင်းက ဓားစံအိမ်မှ ဓားချီနှင့် သက်ဆိုင်သလော။

ထိုအချိန်တွင် ဟန်မူယဲ့သည် ပါးစပ်ထဲမှ ဝါးလက်စ ပေါက်စီများမှာ မျိုချရန် ခက်ခဲလာသလို ခံစားရ၏။

ကျင့်ကြံခြင်းလောကသို့ ရောက်လာပြီးနောက်တွင် သူသည် နတ်မိမယ်လေးတစ်ပါးကို ပိုးပန်းကာ တူနှစ်ကိုယ်ကျင့်ကြံစနစ်အား မြည်းစမ်းရန် အားခဲထား၏။

သူကား မကျင့်ကြံရသေးမီ ဟွမ်လောင်လျှိုကဲ့သို့ အိုမင်းရတော့မည်လား။ သူ မည်သို့ တတ်နိုင်ပါတော့မည်နည်း။

မနက်စာကို အမြန်စားကာ ဟန်မူယဲ့သည် ဓားများရှိရာ သစ်သားစင်များထံသို့ လျှောက်လာသည်။

ဓားတစ်ချောင်းစီတိုင်းမှာ ထူးဆန်းအံ့ဖွယ်ကောင်း၏။ ကမ္ဘာမြေတွင်ဆိုပါက သည်ဓားများမှာ သေချာပေါက် တန်ဖိုးဖြတ်မရသော ရတနာများ ဖြစ်ပေမည်။

ဟန်မူယဲ့က ဓားရှည်တစ်လက်၏ ဓားလက်ကိုင်အား ဖမ်းဆုပ်လိုက်၏။ သူက တင်းတင်းဆုပ်ကာ ဓားကို ဆွဲထုတ်လိုက်သည်။

“ဟမ်…”

မည်သူမှ အနီးတွင် မရှိသည်ကို တွေ့သောအခါ သူက မျက်နှာများ နီမြန်းလျှက် ဓားကို လွှတ်လိုက်သည်။

သူက ဓားကို မဆွဲထုတ်နိုင်သည်မှာ ရှက်စရာကောင်း၏။

လက်မလျှော့လိုသေးရာ သူက နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။ သူက ဓားတစ်လက်ကိုပင် ဆွဲမထုတ်နိုင်သည်ကို ဟန်မူယဲ့ လက်ခံရန် ခက်ခဲနေ၏။

“ကလန်…”

ဓားတချို့ကို စမ်းကာ ဆွဲကြည့်ပြီးနောက် သူသည် ပါးလျသော ဓားရှည်တစ်လက်အား ဆွဲထုတ်နိုင်လိုက်၏။

ရေပြင်ပေါ်ကျသော မိုးစက်ပမာ ကြည်လင်သော အသံတစ်ချက် ထွက်လာသည်။ ဓားသည် သွယ်လျကာ ရှည်လျားပြီး အစိမ်းရောင်ဖန့်ဖန့် သင်းနေ၏။

“ဟုတ်ပြီကွ…ဒီဓား…”

ဟန်မူယဲ့၏အကြည့်က ဓားသွားထံသို့ ရောက်လာ၏။ သူ့ခေါင်းထဲတွင် ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ပုံရိပ်များ တဖျတ်ဖျတ် လက်သွားသည်။

ပန်းပဲသမားတချို့က တူကြီးများဖြင့် တစ်ဒိန်းဒိန်း ထုနှက်နေကြ၏။ တစ်ချက်စီတိုင်းတွင် မီးပွင့်မီးစများ ဖြာထွက်နေသည်။

အကြိမ်ကြိမ်ထုနှက်ပြီးနောက် ဓားတစ်လက် ဖြစ်လာသည်။

ထို လူသန်ကြီးများမှာ သံတုံးအား အကြိမ်သန်းပေါင်းများစွာ ထုနှက်ပြီး ဓားတစ်လက် ပုံပေါ်စေကြ၏။

ပုံသွန်းခြင်း၊ သန့်စင်ခြင်း၊ မီးအပူပေးခြင်း၊ အကြိမ်ကြိမ် ထုနှက်ခြင်း စသည်ဖြင့်…

နောက်ဆုံး ဓားတစ်လက် ဖြစ်လာသည်။

“အကြိမ်ပြင်းပြင်း ၃၈၂၅၁ ချက်၊ အပေါ့ထုချက်က ၈၆၅၁၃ ချက်”

“တိုက်ချွတ်တာ အကြိမ် ၅၆၂၀၊ အအေးခံတာ ကိုးကြိမ်”

“အသွားက ၂.၇ပေ ရှည်ပြီးတော့ တစ်လက်မ အကျယ် ရှိတယ်”

“ဓားဟာ ၄.၃ ကီလိုဂရမ် လေးတယ်”

“ကိုးကြိမ်ဆင့်ကဲထုနှက်နည်းစနစ်၊ ဆတစ်ရာသွန်းလုပ်စနစ်”

မျက်လုံးများ တဖျတ်ဖျတ်လက်သွားကာ ဟန်မူယဲ့က တီးတိုးဆိုသည်။

သိပ်မသိသာသော ချီအားတစ်ခုသည် သူ့ကိုယ်ထဲကို စီးဆင်းပျောက်ကွယ်သွား၏။

ဤသည်က သူ၏အမြင့်ဆုံးနားလည်နိုင်စွမ်းကြောင့်လား…။

သူ့အကြည့်တစ်ချက်တွင် ဓားတွင် မည်သည့်လျှို့ဝှကိချက်မှ မကျန်တော့ပေ။ သူက ဓားသွန်းလုပ်စနစ်နှစ်ခုကိုပင် နားလည်လိုက်သည်။

သူ့တွင် ဤသို့ သဘာဝလွန်အစွမ်းဖြင့်ပင် မကျင့်ကြံနိုင်မည်ကို ပူပန်စရာ လိုပါဦးမည်လား။

ဟန်မူယဲ့က ဓားကို မူလနေရာ၌ ပြန်ထားပြီးနောက် တခြားတစ်လက်ကို သွားကိုင်သည်။

မည်သည့်ခွန်အားမျှ မစိုက်ထုတ်ပါဘဲနှင့်ပင် သူသည် ဓားကို ဆွဲထုတ်နိုင်သည်ဟု ခံစားရ၏။

“မင်း ဘာလုပ်နေတာလဲ… အသက်မရှင်ချင်တော့ဘူးလား”

သူက ဓားကို မဆွဲထုတ်ခင် ဟွမ်လောင်လျှို၏အသံ ရောက်လာသည်။

ဟန်မူယဲ့က ဓားကို လွှတ်လိုက်၏။

“မင်း အသက်ရှည်ရှည်နေချင်ရင် အဲဒီဓားတွေနဲ့ ဝေးဝေးနေ…”

ဟွမ်လောင်လျှိုက အဝတ်အစားတချို့နှင့် ခါးဆွဲတံဆိပ်တစ်ခုအား သူ့ကို ကမ်းပေးကာ အေးစက်စွာ ပြောသည်။

“ရှေ့က ဓားထိန်းဟောင်းဟာ အတင့်ရဲလွန်းတော့ သုံးလ မပြည့်ခင် ထွက်သွားရတယ်”

“သူ ဘယ်ကို သွားတာလဲ”

ဟန်မူယဲ့က ခါးဆွဲတံဆိပ်အား ကောက်ယူကာ စိမ်းညိုရောင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့် ဝတ်စုံကို ဖြန့်ကြည့်လိုက်သည်။

“သူ သွားတဲ့နေရာလား”

ဟွမ်လောင်လျှိုက စုတ်သပ်လိုက်သည်။

“သူ သေသွားတာ။ သူ့ အသွေးအသားနဲ့ ချီဓာတ်တွေကို ဓားရှည်တစ်လက်က စုပ်ယူသွားတာ။ သူက မငြိမ်းချမ်းတဲ့အမူအရာနဲ့ ထွက်သွားရတာ”

ထိုသို့ပြောရင်း သူက ဟန်မူယဲ့ကို ကြည့်သည်။

“သူ့အခန်းမှာ အိပ်နေရင်း မနေ့ညက ဘာသံမှ မကြားရဘူးလား”

ဟန်မူယဲ့မှာ ခါးစည်းပတ်နေရင်း သူ၏လက်များ အေးခဲသွားရသည်။

***

ဓားစံအိမ်မှ ဓားများမှာ အသစ်သွန်းလုပ်ထားသည့်ဓားများ မဟုတ်လျှင် ပိုင်ရှင်ဟောင်းများ သေဆုံးသွားသောကြောင့် ဓားစံအိမ်ကို ပြန်ရောက်လာသော ဓားများ ဖြစ်ပေသည်။

ဓားစံအိမ်၏ပထမထပ်မှ ထောင်ပေါင်းများစွာသောဓားများမှာ သာမန်ဓားများ ဖြစ်ကြသည်။

ဒုတိယထပ်တွင်ကား တစ်ထောင်နှင့်အထက်သော ဓားများရှိပြီး အဆင့်အနိမ့်ဆုံးသည်ပင် ဝိဉာဏ်အဆင့်များ ဖြစ်ကြသည်။

တတိယထပ်ကိုကား ဟွမ်လောင်လျှိုက သူ့အား မပြောပြပါ။

ဓားစံအိမ်အတွင်းသို့ မည်သည့် အပြင်လူမှ မဝင်ရပေ။ အမှန်တကယ်အားဖြင့် အသက် ၃၀ အရွယ်သာ ရှိသေးသော ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ဓားစံအိမ်နှင့်ပတ်သက်၍ သိသင့်သည်များအား သင်ကြားပေး၏။

“ဓားစံအိမ်ရဲ့ ပထမထပ်မှာ ၁၂ ပိုင်းရှိတယ်။ တစ်ပိုင်းစီမှာ ဓား ၃၀၀၀ လောက်ရှိတယ်။ ငါတို့ ဓားထိန်းတွေက တစ်လမှာ တစ်ပိုင်းစီကို သန့်ရှင်းရေး လုပ်ပေးရတယ်”

“တစ်နှစ်ကြာရင် ဓားတွေအကုန် သန့်ရှင်းရေး လုပ်ပြီးမယ်”

“ဂျွန်လ ၆ရက်နေ့တိုင်း ဓားတွေ အကုန်လုံးကို နေရောင်အောက်မှာ ပြပေးရတယ်”

“တခြားအချိန်တွေမှာတော့ မင်းက ဓားတွေနဲ့ ဝေးဝေးနေသင့်တယ်”

ညရောက်၍ စံအိမ်တံခါးကို ပိတ်ပြီးနောက်တွင် ဟွမ်လောင်လျှိုက ဟန်မူယဲ့၏ပုခုံးကို ပုတ်ကာ ပြောသည်။

“မင်းက စိတ်ဝင်စားစရာကောင်လေးပဲ။ သုံးလထက် အသက်ရှင်ဖို့ ငါမျှော်လင့်ပါတယ်”

သစ်သားကုတင်တွင် လဲလျောင်းရင်း ဟန်မူယဲ့က ဓားများသွန်းလုပ်နေသော ပုံရိပ်များနှင့် အစ်ကိုဟွမ်ပြောသော သွေးဆာသောဓားအကြောင်းများကို တွေးနေမိသည်။

အမှောင်ထုရောက်သောအခါ သူသည် တီးတိုးအသံတစ်ခုကို ကြားရ၏။

“လူကြီးမင်း… တူနှစ်ကိုယ်ကျင့်ကြံစနစ်ကို ခံစားချင်လား”

All Chapters