ဗလာနယ်နတ်မင်းအသွင်
Vol. 103 Ch. 1438
ဤအခိုက်အတန့်တွင် ကျင်ယွင်ရှန်းသာ အံ့အားသင့်နေခြင်းမဟုတ်တော့။ သလွန်ပေါ်၌ ထိုင်နေဆဲဖြစ်သည့် ဂိုဏ်းချုပ်လည်း မန်ဟို၏ မိစ္ဆာချုပ်နှောင်မန္တန်ရှစ်ခု ပေါင်းစည်းသွားသောမြင်ကွင်းကြောင့် အံဩတုန်လှုပ်နေသည်။
ကျင်ယွင်ရှန်း၏ ကိုးခုမြောက်အနှစ်သာရက မည်မျှကြောက်စရာကောင်းသလဲ သူ ကောင်းကောင်းသိသည်။ အမှန်အတိုင်းပြောရလျှင် မန်ဟို့နေရာတွင် သူဆိုပါက ၎င်းကို တွန်းလှန်ဖို့ သူ၏ကိုးခုမြောက်အနှစ်သာရအား မဖြစ်မနေ ထုတ်သုံးရလိမ့်မည်။
သို့ထိတိုင် မထင်မှတ်ဖွယ်ကောင်းစွာနှင့် မန်ဟိုက .... ကိုးခုမြောက်အနှစ်သာရကို သုံးပင်မသုံးပေ။ ထိုအစား ချုပ်နှောင်ခြင်းနှင့် သက်ဆိုင်ဟန်တူသော မန္တန်ရှစ်ခုကို အသုံးပြုခဲ့၏။ အံ့အားသင့်နေသော ဂိုဏ်းချုပ်မှာ မန်ဟို မည်သည့်လျှို့ဝှက်ချက်များကို လျှိုထားသလဲ မတွေးမိဘဲ မနေတော့ပေ။
“အဲဒီချုပ်နှောင်မန္တန်ရှစ်ခုက သူ့ရဲ့ ပထမဆုံးအနှစ်သာရ ရှစ်ခုဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျင်ယွင်ရှန်းရဲ့ ကိုးခုမြောက်အနှစ်သာရကို ရင်ဆိုင်ဖို့ အဲဒီအနှစ်သာရရှစ်ခုပဲ လိုအပ်တယ်ဆိုတော့..... ဒီမန်ဟိုက လူမဟုတ်ဘူး” ဂိုဏ်းချုပ်မှာ အသက်ပြင်းပြင်းရှူလိုက်မည်။ သို့သော် အမှန်တရားကို သူ မသိ။ မန်ဟိုသည် ကိုးခုမြောက်အနှစ်သာရကို မသုံးလို၍မဟုတ်။ ၎င်းအား ဉာဏ်အလင်းပင် မရသေးခြင်းကြောင့် ဖြစ်၏။
ကျင်ယွင်ရှန်းလည်း ဂိုဏ်းချုပ်နည်းတူ မန်ဟို၏ချုပ်နှောင်မန္တန်ရှစ်ခုကြောင့် တုန်လှုပ်နေသည်။
မန်ဟိုကား ကိုးခုမြောက်အနှစ်သာရကို မဖန်တီးရသေးသည့်တိုင် သူတို့နှစ်ယောက်အား လုံးလုံးလျားလျား ကြက်သေသေစေခဲ့ချေပြီ။
“ဒီကောင် သူ့ရဲ့အစွမ်းအစစ်ကို ဖုံးကွယ်ထားသေးတာပဲ” အာကာပြင်ကျယ်ကျောင်းတော်၏ ကျန်ကျင့်ကြံသူများမှာ ပင့်သက်မရှိုက်မိဘဲ မနေတော့ပေ။ သူတို့၏မျက်စိရှေ့မှောက်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲက မန်ဟို မည်မျှအစွမ်းထက်ကြောင်း သူတို့အား ကောင်းစွာ သိနားလည်စေခဲ့သည်။ အမှန်တွင် မန်ဟိုသည် ကြောက်စရာကောင်းလှသဖြင့် ... အာကာပြင်ကျယ်ဂြိုဟ်တွင် ဥသျှောင်မဏ္ဍိုင်လေးတိုင်မဟုတ် ငါးတိုင်ရှိသွားပြီဟုပင် ဆိုနိုင်သည်။
“ကိုးခုမြောက်အနှစ်သာရကို မသုံးဘဲ မင်း ငါ့ကို တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး” ကျင်ယွင်ရှန်းမှာ ဣန္ဒြေမဆည်နိုင်တော့အောင် မျက်နှာပျက်နေသည်။ ယခုတွင် သူသည် မန်ဟို၏အတိုက်အခိုက်စွမ်းရည်ကို အထင်သေးခြင်းမရှိတော့ပေ။ ခြုံငုံကြည့်လျှင် မန်ဟိုက သူ့ထက် အားနည်းသော်လည်း နှစ်ယောက်၏အင်အားကွာခြားမှုက လျစ်လျူရှု၍ပင် ရသည်။
မန်ဟိုသာ ကိုးခုမြောက်အနှစ်သာရကို ထုတ်ခဲ့လျှင် သူ့အတွက် ခက်ခဲမည်ဖြစ်ကြောင်း ကျင်ယွင်ရှန်း သိသည်။ သို့သော် သူ့တွင် ရှိသမျှအစွမ်းအကုန်ဖြင့် တိုက်ခိုက်ခဲ့၍ ယခုလိုကျဉ်းထဲကြပ်ထဲ ရောက်နေသည့်အချိန်တွင် မန်ဟိုက သူ၏စွမ်းအားတချို့ကို လျှိုထားနိုင်သေးလေသည်။
ထိုအတွေးက ကျင်ယွင်ရှန်း၏ အသတ်အဖြတ်အရှိန်အဝါကို ပို၍ပင်ပြင်းထန်လာစေသည်။ သူသည် ရိပ်ခနဲ မန်ဟို့ထံ ပြေးဝင်သွားသော ရွှေရောင်အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။ မန်ဟိုကလည်း သူ့ထံ ပြေးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အုန်းခနဲ ဝင်တိုက်ကာ စတင်တိုက်ခိုက်ကြတော့၏။
မန်ဟိုက မဟူရာနှင့်မိုးပြာရောင်လက်နေသော ဧရာမသိမ်းငှက်ကြီးအသွင် ပြောင်းသည်။ ကျင်ယွင်ရှန်းက လက်ဝှေ့ယမ်းရင်း နေတစ်စင်းထံမှ ရွှေအလင်းတန်းများ ဖြာထွက်သွားစေသည်။
အသက်ရှူချိန်အနည်းငယ်အတွင်း သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်း ရာထောင်ချီဖလှယ်ပြီးလေပြီ။ မန်ဟိုက မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်ရာ တောင်တန်းများ ကျင်ယွင်ရှန်းအပေါ် ကျလာ၏။
ကျင်ယွင်ရှန်းက အေးစက်စက်နှာမှုတ်ကာ လက်ဝှေ့ယမ်းသည်။ နေသည် ဝုန်းခနဲပေါက်ကွဲပြီး တောင်များကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွင်းလိုက်သော အဖျက်အစီးအားလှိုင်းအား ထုတ်လွှတ်လိုက်၏။ တုံ့ပြန်သည့်အနေဖြင့် မန်ဟိုသည် မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း အဆုံးမဲ့နတ်မီးတောက်အနှစ်သာရအား သူတို့နှစ်ယောက်အကြားရှိ လေထုအား ဖျက်စီးလိုက်စေသည်။
တစ်လောကလုံးသာမက ကြယ်တာရာကောင်းကင်ပင် ဂယက်ရိုက်ခတ်ခံနေရသည့်တိုင်အောင် တိုက်ပွဲသည် ပြင်းထန်လှ၏။ မန်ဟိုနှင့် ကျင်ယွင်ရှန်းသည် လေလယ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြပြီး ပေါက်ကွဲမှုများက အရာအားလုံးကို ပုံပျက်ရှုံ့တွနေစေသည်။
အနီးကပ်ကြည့်လျှင် မန်ဟို့ပါးစပ်မှ သွေးများစီးကျနေသည်ကို မြင်ရမည်။ သို့သော် ကျင်ယွင်ရှန်းလည်း မျက်နှာဖြူဆုပ်နေ၏။ သူသည် မန်ဟို့ထက် အတန်ငယ်အစွမ်းထက်သည့်တိုင် မန်ဟို့ကို အနိုင်ယူ၍သတ်နိုင်သည်အထိ အင်အားမကြီးမားပေ။
“သောက်ကျိုးနည်း” အုန်းခနဲ ပဲ့တင်ထပ်သွားပြီး ကျင်ယွင်ရှန်းက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်လျက် နောက်ဆုတ်သွားသည်။ ထို့နောက် တဟားဟား အော်ရယ်၏။ ရယ်သံမှာ ပြင်းပြသောသတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကျောချမ်းစရာကောင်းသည်။ “မန်ဟို မင်းရဲ့ ကိုးခုမြောက်အနှစ်သာရကို ငါ မြင်ချင်တယ်”
သူသည် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် သူ၏လက်နှဖက်လုံးဖြင့် အောက်သို့ဖိချလိုက်၏။
“ငါ့ရဲ့ အစွမ်းထက်ဆုံးမှော်အစွမ်းကို ပြမယ်။ ဒါက ကိုးခုမြောက်အနှစ်သာရရဲ့ တာအိုထက်အောင် သာတယ်။ မင်း ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရသေးတာပေါ့ မန်ဟို” ထို့နောက် သူ၏ညာလက်က ကောင်းကင်းကို လက်ညိုးထိုးသည်။
သူ လက်ညှိုးထိုးလိုက်သောအခိုက်အတန့်တွင် အနှစ်သာရစီးကြောင်းတစ်ကြောင်းသည် အလင်းတန်းအသွင်ဖြင့် ထွက်လာ၏။ ၎င်းက အပေါ်ထိုးတက်သွားပြီး.... ကောင်းကင်နှင့်တစ်သားတည်း ဖြစ်သွားသည်။
ထို့နောက် သူသည် အောက်သို့လက်ညှိုးထိုး၏။ ဒုတိယအနှစ်သာရတစ်ခုက သူထံမှ ထွက်ကာ မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားသည်။
အနှစ်သာရနှစ်ခု ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်းဖြစ်သွားသည့်အခါ ကျင်ယွင်ရှန်းလည်း ထိုအတိုင်းလုပ်နေသယောင်ပင်။ သူ လေလယ်တွင် ပျံဝဲနေသည်ကို ပကတိမျက်စိဖြင့် မြင်ရသော်လည်း ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လျှင် သူ၏တည်ရှိမှုကို ခံစားရမည်မဟုတ်ပေ။
မန်ဟိုမှာ မျက်လုံးပြူးလျက် တုံ့ခနဲ ရပ်သွားသည်။ ယခု သူ ခံစားနေရသော အသက်ဘေးအန္တရာယ်မှာ ကျင်ယွင်ရှန်း ကိုးခုမြောက်အနှစ်သာရကို ထုတ်လွှတ်ခဲ့တုန်းက ပိုမိုပြင်းထန်လေသည်။
သလွန်ပေါ်ရှိ ဂိုဏ်းချုပ်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ “ဗလာနယ်နတ်မင်း”
သူ့ဘေးရှိ ရှကျုံတုံးလည်း မျက်လုံးများ လေးနက်စွာ တောက်ပနေလျက် တိတ်ဆိတ်စွာ ကြည့်နေသည်။
အာကာပြင်ကျယ်ကျောင်းတော်မှ ကျန်ကျင့်ကြံသူများလည်း သိသိသာသာ တုန်လှုပ်နေကြသည်။ “တကယ် ဗလာနယ်နတ်မင်းပဲ... အဲဒါ ကျင်ယွင်ရှန်းရဲ့ အစွမ်းထက်ဆုံးဝှက်ဖဲမဟုတ်လား။ သူ အဲဒါကို မသုံးတာ နှစ်တစ်သောင်းလောက်ရှိပြီ”
ဤအခိုက်အတန့်တွင် ကျင်ယွင်ရှန်းသည် အင်္ကျီလက်စခါကာ တတိယအနှစ်သာရအား စေစားလိုက်၏။ ကောင်းကင်ထက်သို့လည်းမဟုတ်၊ အောက်မြေပြင်သို့လည်း မဟုတ်။ လေထဲသို့ပင်။
ကမ္ဘာထဲရှိ လေသည် ကျင်ယွင်ရှန်း၏တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်နေသော လေဆင်နှာမောင်းတစ်လုံးတွင် ဝဲလည်တိုက်ခတ်နေ၏။
“ဗလာနယ်နတ်မင်း” ရှန့်ကွမ်းဟုန်က အော်သည်။ “အဲ့ဒါ ကျင်ယွင်ရှန်းရဲ့ ဗလာနယ်နတ်မင်းတာအိုပဲ” ကျန်ရှိသူအားလုံး ကျင်ယွင်ရှန်း၏ ဒဏ္ဍာရီလာဝှက်ဖဲကို မှတ်မိသွားကြသဖြင့် မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်သွားကြသည်။
ဗလာနတ်မင်းနှင့်ပတ်သက်သော ရာဇဝင်များအရ ၎င်းသည် ကြောက်ခမန်းလိလိအတိုင်းအတာအထိ အားပြင်းသော မှော်သိုင်းကွက်တစ်ကွက် ဖြစ်လေသည်။
မန်ဟို့ရင်ထဲရှိ အန္တရာယ်အချက်ပေးခေါင်းလောင်းသံသည် အချိန်နှင့်အမျှ ကျယ်လောင်လာနေ၏။ ဤအခိုက်အတန့်တွင် မှော်အစွမ်းကို မနှောင့်ယှက်နိုင်လျှင် ၎င်း၏စွမ်းအားက အတိုင်းထက်အလွန် ကြီးမားလာလိမ့်မည်ဟု သူ၏အလိုလိုသိစိတ်က သူ့ကို ပြောနေသည်။
သူ၏မျက်လုံးနှစ်လုံး လင်းလက်တောက်ပနေစဉ် တတိယမျက်လုံးပွင့်လာ၏။ ထိုအခိုက်၌ သူ၏အမြင်ကား ပြောင်းလဲသွားချေပြီ။
ကျင်ယွင်ရှန်းကို ဝန်းရံနေသောအရာအား မြင်လိုက်သည့်အခါ သူ့မျက်နှာသည် တင်းမာခက်ထန်သွား၏။ ကျင်ယွင်ရှန်း၏ခန္ဓာကိုယ်ကား ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်းပေါင်းစည်း၍ ဤကမ္ဘာ၏တစ်စိတ်တစ်ပိုင်းဖြစ်လျက် ပြိုကွဲနေသည်ကို သူ မြင်လိုက်ရသည်။ ကျင်ယွင်ရှန်းအနား သူ ကပ်သွားလျှင် သူလည်း ကောင်းကင်နှင့်မြေကြီးစွမ်းအား၏ စုပ်ယူမှုကြောင့် ပြိုကွဲသွားမည်ဖြစ်ကြောင်း မန်ဟို ပြောနိုင်သည်။
မန်ဟို တတိယမျက်လုံးဖြင့် ကျင်ယွင်ရှန်းကို လေ့လာနေသည့်အချိန်မှာပဲ ကျင်ယွင်ရှန်း၏အမူအရာက ရက်စက်ခက်ထန်လာပြီး သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ရုတ်တရက် သူ၏စတုတ္ထအနှစ်သာရက ဤကမ္ဘာအတွင်း၌ တည်ရှိသောဓာတ်ငါးပါးအနက်မှ မီးဓာတ်နှင့်တစ်သားတည်း ဖြစ်သွားသည်။
ချက်ချင်းပင် တစ်ကမ္ဘာလုံးရှိ မီးဓာတ်များမှာ ကျင်ယွင်ရှန်း၏လက်အောက်သို့ ကျရောက်သွားသည့်အလား သူ၏ပတ်ပတ်လည်ရှိ အပူချိန်မှာ တဟုန်ထိုး မြင့်တက်လာ၏။
သို့ထိတိုင် ဤမျှနှင့်မပြီးသေး။ သူ၏ငါးခုမြောက်အနှစ်သာရသည် ဓာတ်ငါးပါးအနက်မှ သတ္တုဓာတ်နှင့် ပေါင်းစည်းသွား၏။ သတ်ဖြတ်ချင်နေသောစိတ်ဆန္ဒတစ်ခုက တစ်ကမ္ဘာလုံးကို စိုးမိုးသွားပြီး တစ်ချိန်တည်းမှာပင် ခြောက်ခုမြောက်အနှစ်သာရ ပျံ့နှံ့လာသည်။ ခြောက်သွေ့ညှိုးနွမ်းနေသော သစ်သားနှင့်အပင်အားလုံး ရုတ်တရက် တုန်ရီလာပြီးနောက် အသက်ဓာတ်တို့ပြည့်ဝလာကြသည်။ အပင်တစ်ပင်စီတိုင်း၊ မြက်တစ်ပင်စီတိုင်းကား ကျင်ယွင်ရှန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနေချေပြီ။
ပို၍ပင် လက်မခံနိုင်စရာကောင်းသည်ကတော့ .... သူ၏ခုနစ်ခုမြောက်အနှစ်သာရက ကမ္ဘာထဲရှိ ရေအားလုံးနှင့် ပေါင်းစည်းသွားခြင်းပင်။ မြစ်များ တဝေါဝေါ အော်မြည်လာပြီး ရှိရှိသမျှ လူတိုင်း၏သွေးကြောထဲရှိ သွေးအားလုံး တုန်ရီလာသည်။
အနှစ်သာရ ခုနစ်ခု။ သတ္တု၊ သစ်သား၊ ရေ၊ မီး ၊ မြေ။ ထို့နောက် လေ။ တစ်ကမ္ဘာလုံးရှိ အရာအားလုံးကို ကျင်ယွင်ရှန်း ပိုင်ဆိုင်သွားသည့်အလားပင်။
ထို့နောက် သူ၏ရှစ်ခုမြောက်အနှစ်သာရ။ သူလက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းသည် ထွက်လာပြီး အလင်းနှင့် ပေါင်းစည်းသွား၏။
အလင်းသည် မည်သည့်နေရာတွင်မဆို တည်ရှိကာ အကန့်အသတ်မဲ့၏။ ဤအခိုက်အတန့်တွင် ကျင်ယွင်ရှန်းကား တည်ပင်မတည်ရှိတော့သကဲ့သို့ ထင်ရသည်။ ထို့နောက် သူ၏ကိုးခုမြောက်အနှစ်သာရ၊ မိုးကြိုးအနှစ်သာရသည် စတင်ဖြာထွက်လာပြီး သူ၏အပြင်အားကိုယ်အား ထိုးဖောက်မြင်လာရ၏။
အနှစ်သာရကိုးခုလုံးက ဤကမ္ဘာနှင့် တစ်သားတည်းဖြစ်သွားလေပြီ။ ဤအခိုက်အတန့်တွင် ကျင်ယွင်ရှန်း၊ သူ၏ခန္ဓာကိုယ်၊ သူ၏ကျင့်ကြံခြင်းအခြေခံ၊ သွေး ၊ ဝိညာဉ်နှင့် သူ၏အရာအားလုံးက သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးနှင့် တစ်သားတည်းပေါင်းစည်းသွားခဲ့ပြီဖြစ်၏။
သူကား ကောင်းကင်နှင့်မြေကြီးဖြင့် တစ်သားတည်းဖြစ်နေချေပြီ။
သူသည် ကောင်းကင်၊
သူသည် မြေပြင်၊
သူသည် လေ၊
သူသည် ဓာတ်ငါးပါး၊
သူသည် မိုးကြိုး၊
သူသည် .... ကမ္ဘာကြီးဖြစ်၏။
ဂျုန်းးးးးးးးးးးးးးးး
“မန်ဟို” ကျင်ယွင်ရှန်းက ဟိန်းဟောက်သည်။ စကားလုံးများက သူ့နှုတ်မှ ထွက်လာသော်လည်း နေရာတိုင်းနေရာတိုင်းမှ ပဲ့တင်ရိုက်ခတ်နေသယောင်ပင်။ မြစ်အားလုံး၊ အပင်အားလုံး၊ ဤကမ္ဘာ၏အစိတ်အပိုင်းအားလုံးတွင် သူ၏သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။
မီးသတ္တဝါများ၊ အပင်များ၊ တောင်များ၊ မိုးကြိုး။ အသတ်အဖြတ်စိတ်ဆန္ဒက အရာရာတိုင်းမှ ပေါ်ထွက်လာသည်။
ကျင်ယွင်ရှန်း၏ဟိန်းဟောက်သံမဟုတ်ဘဲ တစ်ကမ္ဘာလုံး ဟိန်းနေသည့်အလား ထင်ရ၏။
မန်ဟိုမှာ အသက်မနည်းရှူလိုက်ရပြီး ကျန်ရှိသူများမှာတော့ ထိတ်လန့်တုန်ယင်နေကြသည်။
“မန်ဟို ဒါက ငါ့ရဲ့ ... ဗလာနယ်နတ်မင်းအသွင်ပဲ” ကျင်ယွင်ရှန်းသည် ညာခြေကို မြှောက်၍ ဖနောင့်ပေါက်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည့်အခါ ကောင်းကင်တစ်ခုလုံး တုန်ခါ၍ မြေပြင်များ လှုပ်ခတ်သွားသည်။ ကမ္ဘာကြီး ယိမ်းခါနေပြီး ကြောက်ခမန်းလိလိအားလှိုင်းတစ်လှိုင်း လိမ့်ထွက်လာသည်။ ကျင်ယွင်ရှန်းသည် ဤတစ်ကမ္ဘာလုံး၏အရှင်ဘုရင်၊ ဤကမ္ဘာ၏နတ်မင်း ဖြစ်သွားခဲ့လေပြီ။ ဤကမ္ဘာသည် သူ၏ခန္ဓာကိုယ်ဖြစ်၍ သူ၏အတွေးတစ်ချက်တည်းနှင့် မည်သည့်အရာကိုမဆို လှုပ်ရှားစေနိုင်၏။
သူ၏ဖနောင့်တစ်ချက်က တစ်ကမ္ဘာလုံး ဖနောင့်ပေါက်လိုက်သကဲ့သို့ဖြစ်ရာ အရာအားလုံး ပြင်းထန်စွာ တုန်ခါလာတော့သည်။
မြေငလျင်များလှုပ်ခတ်နေစဉ် ကျင်ယွင်ရှန်းက ညာလက်ကို ဆုပ်၍ ထိုးချလိုက်သည်။
မန်ဟို့ရှုထောင့်မှကြည့်လျှင် ထိုလက်သီးချက်က တစ်ကမ္ဘာလုံး၏စွမ်းအားကို အမှတ်တစ်မှတ်တည်းတွင် စုဝေးထားသကဲ့သို့ ဖြစ်သည်။ လက်သီးတွင် မိုးကြိုး၊ ဓာတ်ငါးပါး၊ ကောင်းကင်၊ မြေကြီး၊ အရာအားလုံး ပါဝင်နေသည်မဟုတ်ပါလော။ ထို့အပြင် ၎င်းတို့အားလုံးက မန်ဟို့ထံ ပြေးဝင်လာနေသည်။
လက်သီး သူ့ကို ဝင်တိုက်သွားသောအခါ ကောင်းကင်နှင့်မြေကြီးသည် ကြေမွသွား၏။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက နောက်ဆုတ်လိုက်သည်။
“အခုထိ မင်းရဲ့ ကိုးခုမြောက်အနှစ်သာရကို .. မထုတ်သေးဘူးပေါ့လေ” ကျင်ယွင်ရှန်း၏အသတ်အဖြတ်စိတ်ဆန္ဒမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။ သူက နောက်တစ်လှမ်းလှမ်း၍ မန်ဟို့ကို ညာလက်ဝါးဖြင့် ရိုက်ချလိုက်သည်။
လက်ဝါးချက်၏စွမ်းအားကြောင့် ဖြစ်ပေါ်လာသော လေမုန်တိုင်းတစ်လုံးက မန်ဟို သူ့ကိုယ်သူပင် မထိန်းနိုင်ခင် မန်ဟို့အား ဝင်တိုက်လိုက်သည်။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ လွင့်ထွက်သွားတော့သည်။ အရိုးကျိုးသံများက သူ့ကိုယ်ထဲမှ ထွက်လာပြီး သူ့အသားမှာလည်း ရစရာမရှိအောင် စုတ်ပြတ်လန်ထွက်သွားသည်။
“မင်းက ငါ့ရဲ့ ကိုးခုမြောက်အနှစ်သာရကို ကြည့်ဖို့ အရည်အချင်းမပြည့်မှီဘူး” သူက ဟိန်းဟောက်သည်။ သူ ခေါင်းမော့လိုက်သည့်အခါ သူ၏မျက်လုံးများသည် တောက်ပနေပြီး သူ၏တတိယမျက်လုံးလည်း လင်းလက်နေ၏။ လမိုက်ည၏အမှောင်ထုထဲက မီးအိမ်ပမာ တောက်ပသောအလင်းရောင်က ဖြာထွက်လာလေသည်။ ထိုအလင်းရောင်က ... ဆင့်ခေါ်သံဖြစ်လာ၏။