ဧကရာဇ်၏ခေါ်သံ
Vol. 103 Ch. 1439
ခေါ်သံသည် မန်ဟို့ထံမှ လာခြင်းမဟုတ်။ သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်မှ လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက တတိယမျက်လုံးကို ဖွင့်လိုက်ရာ တောက်ပသောအရောင်အဝါသည် တစ်ကမ္ဘာလုံးအပြည့် ဖြာထွက်လာ၏။
အလင်းနှင့်ခေါ်သံ ပျံနှံ့လာစဉ် မိုးနှင့်မြေသည် တုန်ရီစပြုလာပြီး ကျင်ယွင်ရှန်းမှာ မတားနိုင်ပေ။
ကျင်ယွင်ရှန်း၏မျက်နှာ ချက်ချင်း ပျက်သွားသည်။
မန်ဟိုသည် တတိယမျက်လုံးများမှ ခမ်းနားကြီးကျယ်သောအရောင်အဝါကို ဖြန့်ကျက်လျက် နတ်မင်းကြီးတစ်ပါးသဖွယ် လေလယ်တွင် ပျံဝဲနေ၏။ တတိယမျက်လုံးက သူ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကြိတ်ကြိတ်တိုးနေသော တစ္ဆေများကို သူ မြင်လိုက်ရသည်။ တစ္ဆေတို့သည် အသက်ရှိစဉ်တုန်းက လောကနတ်မင်း၏လက်ချောင်းကြောင့် ပျက်စီးသွားခဲ့သည့် စည်ကားသိုက်မြိုက်သောကမ္ဘာတစ်ကမ္ဘာတွင် နေထိုင်ခဲ့ကြရလေသည်။
သို့ဖြစ်၍ ဤသင်္ချိုင်း၏ ပိုင်ရှင်အစစ်များမှာ ဤသရဲများ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
မန်ဟို တတိယမျက်လုံးကို ဖွင့်၍ နတ်ဘုရားအာရုံကို အလင်းရောင်အသွင်ဖြင့် ဖြန့်ကျက်လိုက်သောအခါ သူ၏နတ်ဘုရားအာရုံသည် ကြေးမီးအိမ်မှ ခေါ်သံနှင့်အတူ တိတ်ဆိတ်စွာ ပျံ့နှံ့သွား၏။ ထိုအခိုက်အတန့်တွင် မန်ဟို့ကို သစ္စာခံခဲ့သော တစ္ဆေအားလုံး ရုတ်တရက် တုန်ရီလာကြပြီး တွေဝေနေသောအမူအရာများဖြင့် ခေါင်းမော့လိုက်ကြသည်။
“ဘယ်သူလဲ.... ငါတို့ကို ခေါ်နေတာ ဘယ်သူလဲ”
“အဲ့ဒါ ဧကရာဇ်ရဲ့ အရှိန်အဝါ။ ဧကရာဇ်ရဲ့အငွေ့အသက်တွေပဲ....”
“ဧကရာဇ် ... ငါတို့ကို ခေါ်နေတာ”
အသံကို သက်ရှိများမကြားနိုင်သလို၊ တစ္ဆေများကိုလည်း သူတို့မမြင်ရပေ။ သို့သော် သက်ရှိများသည် တစ္ဆေများကြောင့် ထွက်ပေါ်လာသော အငွေ့အသက်များကိုတော့ ခံစားရ၏။
ဧရာမအသံလှိုင်းကြီးတစ်လှိုင်းလို ကျယ်သထက် ကျယ်လောင်လာသော ၎င်းတို့၏အသံများကို တစ္ဆေများသာလျှင် ကြားရနိုင်သည်။
မြေထုပေါ်တွင် မရှိသော တစ္ဆေများပင်လျှင် တုန်ရီလာကြပြီး ၎င်းတို့၏မျက်လုံးများ၌ စိတ်လှုပ်ရှားနေမှုများကို မြင်ရနိုင်သည်။
သူတို့၏ကြွေးကြော်သံများက မြေထုတစ်ခုလုံး၏ ချောက်ကြိုချောင်ကြားပါမကျန် အေးစက်သောအငွေ့များပြည့်နှက်လာစေသည်။ တစ္ဆေများသည် မည်သည့်အရာကိုမဆို အေးခဲသွားသော အအေးဓာတ်ကို ထုတ်လွှတ်ရင်း ပျံသန်းလာကြ၏။ သူတို့ကား သူတို့ဧကရာဇ်ထံမှ ခံစားနေရသည့် ခေါ်သံကြောင့် သွေးရူးသွေးတန်း ဖြစ်နေကြချေပြီ။
“ဧကရာဇ်... အဲဒါ ဧကရာဇ်ရဲ့ အရှိန်အဝါပဲ။ သူ ငါတို့ကို ခေါ်နေတယ်”
မြေထုကြီး၏အပြင်ရှိ အတော်မသပ်နိုင်အောင် များပြားသော တစ္ဆေများကြောင့် ရေခဲလွှာများသည် ပတ်ဝန်းကျင်ရှိ အပျက်စီးများကိုပင် လွှမ်းခြုံလာသဖြင့် အက်ကွဲသံများကြားလာရ၏။ တစ္ဆေအုပ်ကြီးက ပထမမြေထုဆီ ဦးတည်နေသော တံတားကို ရိုက်ခတ်သွားသော လှိုင်းလုံးကြီးအား တဟုန်ထိုး ထွက်သွားကြသည်။
ဟိန်းဟောက်ကြိမ်းဝါးသံများစွာ ပေါ်ထွက်လာ၏။ “ဧကရာဇ်ကို ဂါဝရပြုဖို့ သွားနေတဲ့ ငါတို့လမ်းကို ပိတ်နေတဲ့ ဘယ်အရာမဆို ဖျက်စီးခံရမယ်သာမှတ်”
တံတားကို ဝန်းရံထားသော မြူုများမှာ ကြောက်စရာကောင်းသော စူးစူးဝါးဝါးအော်သံကြီး ထွက်လာသည်။ မြူထုမပြိုကွဲနိုင်ခင် အအေးဓာတ်နှင့် တစ္ဆေအုပ်ကြီးက ၎င်းတို့ကို နင်းသွား၏။
တံတားတစ်စင်းလုံး တဒုန်းဒုန်း တုန်ခါနေသည်။ တံတားကို ဖွဲ့စည်းထားသော အသားများ၊ လက်များအားလုံး အေးခဲသွားပြီး အသက်ရှူချိန်အနည်းငယ်အတွင်း တံတားသည် ရေခဲဖြစ်လျက် ကျန်ခဲ့၏။ တစ္ဆေအုပ်ကြီးက မြေထုအပေါ် အလောတကြီး ဆက်လက်ထွက်သွားကြသည်။
ထိုသို့ဖြစ်ပျက်နေသည့်အချိန်မှာပင် မြေထု၏မျက်နှာအပေါ်ရှိ အပျက်အစီးများအတွင်းမှ တစ္ဆေများစွာ ထပ်ထွက်လာသည်။ စစချင်း သူတို့မှာ ငေးကြောင်နေသော်လည်း မန်ဟို့ထံမှ ခေါ်သံကို ခံစားလိုက်ရသောအခါ စိတ်လှုပ်ရှားလာကြ၏။ မကြာခင် အပျက်အစီးအားလုံးထဲမှ တစ္ဆေများ ထွက်လာကြပြီး အော်ဟစ်ကြတော့သည်။
“ဧကရာဇ်ပဲ”
“ဧကရာဇ်ရဲ့အရှိန်အဝါ.... ဧကရာဇ်မသေသေးဘူး။ ပြန်ရောက်လာပြီ”
“ဧကရာဇ် ငါတို့ကို ခေါ်နေတယ်....”
ဒုန်းးးးးးးးးးးးးးးး
မြေထု၏အပေါ်နှင့်အပြင်မှ တစ္ဆေအားလုံးသည် မန်ဟိုရှိသော ဗဟိုဒေသတို့ ဦးတည်နေကြ၏။
တစ်ခုသောဘုရားကျောင်း၏ အပျက်အစီးအတွင်းမှ အံ့မခန်းလိလိအရှိန်အဝါတစ်ခုနှင့် ဝါးဝါးတားတားအရိပ်တစ်ခု ပေါ်လာသည်။ သူသည် ကျန်တစ္ဆေများနှင့် ကွဲပြားပြီး ပိုမိုရှေးကျဟန်ရှိ၏။ သူ အဝေးကို လှမ်းကြည့်နေစဉ် အင်အားကြီးမားသောစွမ်းအင်က သူ့ထံမှ ဖြာထွက်လာသည်။
“ဧကရာဇ် ... ပြန်လာပြီ” သူက ရေရွတ်သည်။ သူသည် ညာလက်ဖြင့် ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ သူ့လက်ထဲတွင် ဝိညာဉ်ဆူးတစ်ဆူး ပေါ်လာ၏။ ထို့နောက် သူကား အဝေးသို့ တရှိန်ထိုးထွက်သွားသော အအေးငွေ့တန်းတစ်တန်း ဖြစ်သွားတော့သည်။
နောက်တစ်နေရာတွင် မြစ်တစ်စင်းရှိ၏။ ၎င်းသည် တဖွေးဖွေးလှုပ်လာပြီး အထဲမှ ရုန့်ရင်းကြမ်းကြုတ်သော မျက်နှာတစ်ခု ပေါ်လာသည်။ ၎င်း၏မျက်လုံးများ ပွင့်လာသောအခါ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ကြည့်ပြီးနောက် စိတ်လှုပ်ရှားနေသောအရိပ်အယောင် ဖြစ်ပေါ်လာ၏။
“ဧကရာဇ်... ဧကရာဇ်ပဲ.... “ သူက တုန်တုန်ယင်ယင်ဖြင့် ရေထဲမှ ထွက်လာသည်။ ဤတစ္ဆေသည် မီတာသုံးသောင်းတိတိရှည်လျားရာ သူ မန်ဟိုရှိရာသို့ ပျံသန်းနေစဉ် အရာအားလုံး တဝုန်းဝုန်း တုန်ခါနေတော့သည်။
ပို၍ဝေးလံသော တစ်နေရာတွင်တော့ တောင်တစ်လုံးရှိသည်။ တောင်ပေါ်၌ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူရိပ်တစ်ခု ရပ်နေ၏။ ထိုလူသည် တစ္ဆေဖြစ်သည့်တိုင် ကိုယ်ပိုင်စိတ်နှင့်ကိုယ်ပိုင်ဆန္ဒ ရှိလေသည်။ သူက ခိုက်ခနဲ တုန်သွားပြီး မယုံနိုင်သောအမူအရာဖြင့် အဝေးသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ တဟားဟားရယ်သည်။
“သူက ဧကရာဇ်မဟုတ်ပေမယ့် ဧကရာဇ်ကို ကိုယ်စားပြုနေတယ်... “ သူလည်း အအေးဓာတ်ကို ထုတ်လွှတ်ကာ တဟုန်ထိုး ပျံထွက်သွားသည်။
ယခုလိုမြင်ကွင်းများသည် ပထမမြေထု၏နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေ၏။ တစ္ဆေများ ပျံသန်းနေစဉ် တဒုန်းဒုန်းမြည်သံများက တစ်ကမ္ဘာလုံးကို တုန်ခါနေစေလေသည်။
သင်္ချိုင်းဗိမာန်၏ ပထမမြေထုအတွင်း၌ အအေးဓာတ်များ သိပ်သည်းလာသည်။ အမှန်တွင် အမြင့်တစ်နေရာမှကြည့်ပါက မြေထုတစ်ခုလုံး ရေခဲလာနေသည်ကို မြင်ရလိမ့်မည်။
ရေခဲများက အပျက်အစီးများကို ဖုံးနေသည်။ တောင်များလည်း အေးခဲကုန်သည်။ မြစ်တွေလည်း ရေခဲကုန်သည်။ မရေမတွက်နိုင်သောအပင်များနှင့် လေထုပင်လျှင် အေးစက်တောင့်တင်းစပြုလာ၏။
တစ်ကမ္ဘာလုံး တုန်ခါနေစဉ် သလွန်အပြင်၌ ရပ်နေသော လူများလည်း စိမ့်နေသောအအေးဓာတ်ကို ခံစားလိုက်ရ၍ အံ့ဩတုန်လှုပ်သွားကြသည်။
“ဘာတွေဖြစ်နေတာလဲ”
“တစ်ခုခုတော့ မမူမှန်ဘူး။ အတော်များများ အေးခဲကုန်ပါလား”
သူတို့သည် တအံ့တဩဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ နှင်းကျနေသည်ကို မြင်လိုက်ရ၏။ သို့သော် နှင်းသည် အဖြူရောင်မဟုတ်၊ အမည်းရောင်ပင်။ မှန်သည် မန်ဟို မြင်နေရသည်ကိုတော့ နှင်းများမဟုတ်၊ မရေမတွက်နိုင်သော တစ္ဆေများဖြစ်သည်။
ယခင်က သူသည် သင်္ချိုင်းထဲရှိ တစ္ဆေများကို သူ၏ဆန္ဒအလျောက် မဆင့်ခေါ်ခဲ့ဖူးပေ။ သူ လက်နှစ်ဖက်လုံးကို ဘေးသို့ဖြန့်ကားလျက် လေတွင် ပျံဝဲနေစဉ် အလွန်တရာအေးစိမ့်သော အအေးဓာတ်က ပျံနှံ့လာ၏။ မရေမတွက်နိုင်သောတစ္ဆေများကို သူ့ကို ဝန်းရံလှည့်ပတ်နေသဖြင့် ရေခဲအက်သံကဲ့သို့ အသံများကို ကြားရနိုင်သည်။
သက်ရှိများအနေဖြင့် တစ္ဆေများကို မမြင်ရသော်လည်း မဖြစ်ပျက်နေသောအရာကို ခံစား၍ရလေသည်။ မန်ဟို့ပတ်ပတ်လည်တွင် ကြောက်ခမန်းလိလိအရှိန်အဝါများ စုဝေးလာနေပြီး မမြင်ရသောအရိပ်များက သူ့ကို ဝန်းရံနေကြောင်း သူတို့ ပြောနိုင်၏။
သို့သော် .... ကျင်ယွင်ရှန်းကတော့ မတူ။ ဗလာနယ်နတ်မင်းအခြေအနေကြောင့် သူသည် ကမ္ဘာနှင့်တစ်သားတည်း ဖြစ်နေ၏။ သူက ဤကမ္ဘာဖြစ်သလို၊ ဤကမ္ဘာကလည်း သူ ဖြစ်သည်။ ထို့ကြောင့် မန်ဟိုနှင့်သူကို ဝန်းရံလျက် ပျံသန်းနေသော တစ္ဆေပေါင်းများစွာအား သူ မြင်နေရလေသည်။
သူ တအံ့တဩကြည့်နေစဉ်မှာပင် တစ္ဆေများက လေးစားမှုနှင့်စိတ်လှုပ်ရှားမှုတို့ တဟုန်းဟုန်းတောက်လောင်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ဒူးထောက်ဂါဝရပြုကြသည်။
“ဂါဝရပြုပါတယ် ဧကရာဇ်”
“ဂါဝရပြုပါတယ် ဧကရာဇ်”
“ဂါဝရပြုပါတယ် ဧကရာဇ်”
မရေမတွက်နိုင်သောအသံများက လှိုင်းလုံးကြီးသဖွယ် ကြယ်တာရာကောင်းကင်ကို ရိုက်ခတ်လျက် တုန်ရီသွားစေသည်။
“မဖြစ်နိုင်ဘူး” ကျင်ယွင်ရှန်းမှာ အလွန်မှင်သက်နေပြီး ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ လက်ရှိဖြစ်ပျက်နေသောအရာကား လုံးလုံးလျားလျား မယုံနိုင်စရာကောင်း၏။
တစ္ဆေများ တဖွဲဖွဲရောက်လာကြပြီး အရူးအမူးလေးစားကြည်ညိုနေသည့်ဟန်ပန်များဖြင့် မန်ဟို့အား ဒူးထောက်ရှိခိုးနေကြသည်။
၎င်းတို့အထဲတွင် ကျင်ယွင်ရှန်းကို ခြောက်လှန့်နိုင်သော ဖြစ်တည်မှုတချို့ပင်ပါ၏။ ကျင်ယွင်ရှန်းမှာ အလွန်တုန်လှုပ်နေသဖြင့် နဖူးမှ ချွေးများပင် ကျလာသည်။
မန်ဟိုသည် တစ္ဆေအပေါင်း၏ ဧကရာဇ်မင်းအလား တစ္ဆေအုပ်ကြီး၏ ဒူးထောက်ရှိခိုးခြင်းခံနေရ၏။ မန်ဟိုက အေးစက်သောမျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး သူနှင့်အကြည့်ချင်းဆုံသွားသူတိုင်း စိတ်နှလုံးတုန်လှုပ်သွားရသည်။ သူတို့မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
ဂိုဏ်းချုပ်က တအံ့တဩ ထရပ်လိုက်ပြီး ဘေးရှိ ရှကျုံတုံးမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
သူတို့နှစ်ယောက်လုံးသည် အနှစ်သာရ ၉ ခု၏အထွတ်အထိပ်အဆင့်တွင် ဖြစ်ပြီး ဗလာနယ်နတ်မင်းအသွင်မဟုတ်၍ တစ္ဆေများကို မမြင်ရသော်လည်း မန်ဟို မြေထု၏အတွင်းအပြင်မှ ဆင့်ခေါ်ခဲ့သော တစ္ဆေများကို ခံစားနေရလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် တစ္ဆေများ ပြွတ်သိပ်တိုးဝှေ့နေကြသည်။
ထို့နောက် အအေးငွေ့များက သူတို့ကို အသက်ပြင်းပြင်းရှူလိုက်မိစေသည်။ သူတို့နှစ်ယောက်သာ ဤသို့ဖြစ်နေလျှင် ရှန့်ကွမ်းဟုန်၊ ကျန်အနှစ်သာရ ၉ ခု ပညာရှင်များနှင့် အနှစ်သာရ ၈ ခုပညာရှင်များ မည်သည့်တုံ့ပြန်မည်လဲ တွေးနေစရာပင် မလိုတော့ပေ။ သူတို့အားလုံး ချာချာလည်နေကြ၏။
မန်ဟိုနှင့် ကျင်ယွင်ရှန်း၏တိုက်ပွဲကား လုံးဝထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့လေပြီ။
ကျင်ယွင်ရှန်းမှာ ခေါင်းနပန်းကြီးနေသည်။ သူ၏ဗလာနယ်နတ်မင်းအသွင်ကပင်လျှင် မန်ဟို့ကို ကိုးခုမြောက်အနှစ်သာရထုတ်သုံးအောင် ဖိအားမပေးနိုင်ခဲ့ဘဲ .... တစ္ဆေစစ်တပ်ကြီးကို ဆင့်ခေါ်နိုင်အောင် လှုံ့ဆော်ပေးနိုင်ခဲ့ကြောင်း ယုံကြည်ပေးဖို့ နည်းလမ်းအား သူ ရှာမတွေ့တော့ပေ။
“မင်းက ဘယ်သူလဲ” သူက စူးစူးဝါးဝါး အော်သည်။ သူ့အသံ ပဲ့တင်ထပ်နေစဉ် မန်ဟိုက ညာလက်ကို ဆန့်တန်းလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ဤမြေပြင်၏ဧကရာဇ်အစစ် မဟုတ်သော်လည်း ဤတစ္ဆေစစ်တပ်ကြီးကို ခြယ်လှယ်ထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်ရ၏။
ဤကမ္ဘာသည် သူ့အပိုင်မဟုတ်ပေ။ သို့သ်ော ကိစ္စမရှိ။ သိမ်းပိုက်လိုက်မည်။
သူက အင်္ကျီလက်စခါကာ သူ၏စိတ်ဆန္ဒကို မရေမတွက်နိုင်သောတစ္ဆေများထံ ပို့လွှတ်လိုက်၏။ ထို့နောက် တစ္ဆေများက ကျင်ယွင်ရှန်းကို မော့ကြည့်ရင်း စူးစူးဝါးဝါးအော်ကာ သူ့ထံ ပြေးဝင်သွားကြတော့သည်။
ကျင်ယွင်ရှန်းမှာ တုန်လှုပ်သွားပြီး အန္တရာယ်၏အထိအတွေ့က သူ့အား ကျောချမ်းလာစေသည်။ ဘာလုပ်ရမလဲ စဉ်းစားနေရန် အချိန်မရှိသည့်အတွက် သူသည် အံသာကြိတ်၍ ဗလာနယ်နတ်မင်းစွမ်းအားအလုံးစုံကို ထုတ်လွှတ်ကာ တစ္ဆေများအား ပြန်တိုက်ခိုက်၏။
သို့သော် သူ မစဉ်းစားမိခဲ့သည့်အရာတစ်ခု ရှိသည်။ ဤကမ္ဘာနှင့်တစ်သားတည်းဖြစ်လာဖို့ ဗလာနယ်နတ်မင်းစွမ်းအားကို သူ သုံးခဲ့သော်လည်း ဤကမ္ဘာသည် ကပ်မဆိုက်ခင်နှင့် ကပ်ဆိုက်ပြီးနောက်တွင်ပင် .... ဤတစ္ဆေစစ်တပ်၏အပိုင်သာ အမြဲဖြစ်ခဲ့သည်မဟုတ်ပါလော။
အတိတ်တုန်းသည် သူတို့သည် ကျင့်ကြံသူများဖြစ်ခဲ့သော်လည်း ယခုမူ မကျွတ်လွတ်သော တစ္ဆေများ ဖြစ်နေကြလေပြီ။